"ဟုတ်တယ်... ကျွန်တော် ပြောခဲ့တဲ့အတိုင်းပဲ၊ ကျွန်တော့်ကို အမဲလိုက်ချင်နေကြတဲ့ အဲဒီမိစ္ဆာသတ္တဝါတွေကို ကျွန်တော်ကိုယ်တိုင် သတ်ပစ်ခဲ့တာ..."
ယိုဟန်သည် မြေပြင်ပေါ်မှ ထရပ်ရန် ကြိုးပမ်းရင်း ထိုအဖိုးအိုကို လှမ်း၍ ကြည့်ရှုလိုက်သည်။
နောက်ဆုံးတွင် သူသည် မိမိ၏ ခန္ဓာကိုယ်ကို ပြန်လည်ခံစားလာရပြီဖြစ်သော်လည်း... သူ၏ ခြေလက်များကို လှုပ်ရှားရန် ကြိုးပမ်းလိုက်သည့်အခါ၌မူ အနည်းငယ် ထုံကျင်နေခဲ့ရဆဲ ဖြစ်ပေသည်။ သူသည် သက်ပြင်းအရှည်ကြီးတစ်ချက် ချလိုက်မိရင်း ထိုအကျဉ်းခန်း၏ နံရံဘေးနားတွင် ဝင်ထိုင်လိုက်ကာ... မိမိကို လေးနက်တည်ကြည်သော မျက်နှာအမူအရာဖြင့် စိုက်ကြည့်နေသည့် ထိုလျှို့ဝှက်ဆန်းကြယ်သော အဖိုးအိုထံသို့ အကြည့်ကို ပို့လွှတ်လိုက်မိသည်။
ထိုအဖိုးအိုသည် ယိုဟန်က ထိုမျှအစွမ်းထက်သော သတ္တဝါများကို တစ်ကိုယ်တော် သတ်ဖြတ်နိုင်ခဲ့သည်ဟူသော စကားကို ကြားလိုက်ရပြီးနောက် မှင်တက်အံ့ဩသွားခဲ့ရရှာသည်။ သူသည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်မိရင်း ယိုဟန်ကို စိုက်ကြည့်လိုက်ကာ—
"ငါ့ကို အမှန်အတိုင်း ပြောစမ်းပါ ကောင်လေး... မင်း ဒီနေရာကို ရောက်လာရအောင် ဘယ်လိုမျိုး ပြစ်မှုတွေကို ကျူးလွန်ခဲ့တာလဲ၊ ငါ့ကို ဖုံးကွယ်ဖို့ မကြိုးစားနဲ့..." ဟု ထိုလျှို့ဝှက်ဆန်းကြယ်သော အဖိုးအိုက ဆိုလိုက်သည်။
ယိုဟန်သည် ယခင်က သေချာသတိမထားမိခဲ့သော ထိုအဖိုးအိုကို လေးနက်သောအကြည့်ဖြင့် လှမ်း၍ စိုက်ကြည့်လိုက်မိ၏။ ဤအဖိုးအိုသည် အသက် ၈၀ ဝန်းကျင်ခန့် ရှိနေပုံရပြီး... သူ၏ အသားအရေမှာ ဖြူဖျော့လျက် ရှိနေခဲ့သည်။ သူ၏ ခန္ဓာကိုယ်အောက်ပိုင်းအထိ ရှည်လျားစွာ ကျဆင်းနေသော အဖြူရောင်မုတ်ဆိတ်မွေးကြီးကိုလည်း ပိုင်ဆိုင်ထားခဲ့၏။
ယိုဟန်သည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်မိရင်း— "အဘိုးကြီး... ကျွန်တော် မလိမ်ပါဘူး၊ အမှန်အတိုင်း ပြောနေတာပါ... ကျွန်တော် ဘာပြစ်မှုမှ မကျူးလွန်ခဲ့ဘူး၊ ပြီးတော့ ကျွန်တော်က သူတို့ ဒီနေရာကို ပို့လိုက်ရအောင်လည်း ဘယ်လိုမျိုး သွေးအေးလူသတ်သမားမှ မဟုတ်ပါဘူးဗျာ... ကျွန်တော့်မှာ ဒီနေရာကို လာခဲ့ရတဲ့ ကိုယ်ပိုင်အကြောင်းပြချက်တွေ ရှိလို့ပါ..." ဟု တည်ငြိမ်အေးဆေးစွာဖြင့် ပြန်လည်ဖြေကြားလိုက်သည်။
ထိုစကားလုံးများကို ကြားလိုက်ရသည့်အခါ လျှို့ဝှက်ဆန်းကြယ်သောအဖိုးအိုသည် ယိုဟန်ကို စူးစမ်းလိုစိတ်ပြင်းပြစွာဖြင့် လှမ်း၍ ကြည့်ရှုလိုက်မိ၏။
"မင်းရဲ့ ညာဘက်လက်ကို ငါ့ကို ပြစမ်း... မင်း တကယ်ပဲ အမှန်အတိုင်း ပြောနေတာလား၊ ဒါမှမဟုတ် အဲဒီမိစ္ဆာသတ္တဝါတွေကို သတ်ပစ်ခဲ့တယ်ဆိုပြီး လေလုံးထွားနေတာလားဆိုတာ ငါ ချက်ချင်း သိရတာပေါ့..." ထိုအဖိုးအိုသည် ယိုဟန်၏ ညာဘက်လက်ကို လှမ်း၍ ဆွဲယူလိုက်ပြီးနောက်... သူ၏ လက်တစ်ပြင်လုံးကို သေချာစွာ စစ်ဆေးကြည့်ရှုလိုက်တော့သည်။
ယိုဟန်သည် ထိုမိစ္ဆာကောင်များနှင့် တိုက်ခိုက်နေစဉ်အတွင်း သူ၏ အဝတ်အစားများ ပျက်စီးဆုံးရှုံးခဲ့ရသဖြင့် ယခုအခါ၌ ခန္ဓာကိုယ်အထက်ပိုင်း ဗလာကျင်းလျက် ရှိနေခဲ့ပြီ ဖြစ်သည်။
ထိုအဖိုးအိုသည် သူ၏လက်ပေါ်တွင် မည်သည့်အရာကိုမျှ ရှာမတွေ့ခဲ့ရသဖြင့် သူ၏ မျက်နှာအမူအရာမှာ တစ်ဖန် တောင့်တင်းခက်ထန်သွားခဲ့ရပြန်၏။
"တောက်... ကောင်လေး၊ မင်းက ဒီနေရာနဲ့ သက်ဆိုင်တဲ့လူ မဟုတ်ဘူးပဲ..." ထိုအဖိုးအိုက ထိုစကားလုံးများကို အော်ဟစ်ရေရွတ်လိုက်ရင်း... နောက်တစ်စက္ကန့်၌ သူ၏လက်ကို ယိုဟန်အား လှမ်း၍ ပြသလိုက်တော့သည်။
ယိုဟန်၏ အကြည့်များသည် အဖိုးအို၏ လက်ဖမိုးထက်ဆီသို့ ရောက်ရှိသွားခဲ့ရာ... ထိုနေရာတွင် သေးငယ်လှသော အနက်ရောင်ကြယ်ပွင့် ငါးပွင့်ကို ထင်ရှားစွာ မြင်တွေ့လိုက်ရ၏။
"ဒါက ဘာလဲဟင်..." ယိုဟန်က သူ့ကို မေးမြန်းလိုက်သည်။
ထိုစကားလုံးများကို ကြားလိုက်ရသည့်ခဏ၌ လျှို့ဝှက်ဆန်းကြယ်သော အဖိုးအိုသည် သူ့ကို ကြည့်၍ ခါးသီးစွာ ပြုံးလိုက်မိရင်း—
"ဒီအမှတ်အသားတွေက 'သေဒဏ်' ကို ကိုယ်စားပြုတာကွ... ဒီနေရာမှာ အကျဉ်းချခံထားရတဲ့ လူတိုင်းရဲ့ လက်ပေါ်မှာ 'ထာဝရအကျဉ်းသား' ရဲ့ ပြယုဂ်အနေနဲ့ ဒီလိုမျိုး အမှတ်အသားတွေ ရှိကြတယ်၊ ပြီးတော့ ဒီနေရာကို ရောက်လာတဲ့လူမှန်သမျှဟာ ဘယ်တော့မှ ပြန်ပြီး အပြင်ကို ထွက်ခွာခွင့် မရတော့ဘူး... ငါ ဒီနေရာကို ရောက်လာခဲ့တာ ဘယ်လောက်တောင် နှစ်တွေ ကြာမြင့်သွားခဲ့ပြီလဲဆိုတာ တောင် မသိတော့ပါဘူး..." ထိုအဖိုးအိုသည် ယိုဟန်၏ ဘေးနားတွင် ဝင်ထိုင်လိုက်ရင်း ထိုစကားလုံးများကို တီးတိုးဆိုလိုက်ရှာသည်။
"ကျွန်တော်ကတော့ ဒီနေရာကနေ သေချာပေါက် ထွက်ခွာသွားမှာပါ၊ ကျွန်တော်က ဒီနေရာနဲ့ သက်ဆိုင်တဲ့လူမှ မဟုတ်တာ..." ယိုဟန်က မိမိကိုယ်မိမိ ယုံကြည်ချက်ရှိစွာဖြင့် ရေရွတ်လိုက်၏။
ထိုအဖိုးအိုက ပြုံးလိုက်မိရင်း ဦးခေါင်းညိတ်ပြလိုက်ကာ— "မှန်တာပေါ့... မင်းက ဒီနေရာနဲ့ မသက်ဆိုင်တဲ့အတွက်ကြောင့်မို့လို့ ဒီနေရာက နာရီ ၂၄ နာရီ ပြည့်သွားတဲ့အခါ မင်းကို အလိုအလျောက် ပြန်ပြီး မောင်းထုတ်လိမ့်မယ်၊ ဒါပေမဲ့ မင်း ဘယ်လိုမျိုး နည်းလမ်းနဲ့ ဒီနေရာကို ရောက်လာခဲ့တာလဲဆိုတာကိုတော့ ငါ တကယ့်ကို သိချင်မိတယ်... ဒီဟင်းလင်းပြင်အက်ကြောင်းရဲ့ အတွင်းထဲကို ဘယ်သူမှ လွယ်လွယ်နဲ့ ဝင်လို့မရဘူးလေ၊ ဘာဖြစ်လို့လဲဆိုတော့ 'စစ်သေနာပတိ' တစ်ယောက်က အမြဲတမ်း အဲဒီဟင်းလင်းပြင်ဝင်ပေါက်ကို စောင့်ကြပ်ကြည့်ရှုနေတာမို့... ဧကရာဇ်မင်းမြတ် ဒါမှမဟုတ် စစ်သေနာပတိရဲ့ ခွင့်ပြုချက်မရှိဘဲ ဘယ်သူမှ အထဲကို မဝင်ရဲကြဘူး..." ထိုအဖိုးအိုက ယိုဟန်ကို စိုက်ကြည့်ရင်း ရှင်းပြလိုက်သည်။
ယိုဟန်သည် ထိုစကားလုံးများကို ကြားလိုက်ရပြီးနောက် ခါးသီးစွာ ပြုံးလိုက်မိရင်း... သူ၏ မျက်စိအစုံအရှေ့တွင် အီဗလင်း၏ မျက်နှာက ရုတ်ချည်း ထွက်ပေါ်လာခဲ့ရသည်။
ယိုဟန်၏ မျက်နှာထက်မှ ထိုကဲ့သို့သော အမူအရာကို မြင်တွေ့လိုက်ရသည့်အခါ အဖိုးအိုက သူ့ကို စူးစမ်းလိုစိတ်ဖြင့် စိုက်ကြည့်လိုက်ကာ— "မင်း တော်ဝင်မိသားစုကို ပြစ်မှားစော်ကားမိခဲ့လို့လား... ဒါမှမဟုတ် ပျော်ရွှင်မှုအတွက် ဒီနေရာကို တိတ်တဆိတ် ခိုးဝင်လာခဲ့တာလား၊ ငါကတော့ ဧကရာဇ်မင်းမြတ်နဲ့ တရင်းတနှီး ရှိကြတဲ့ ချမ်းသာကြွယ်ဝတဲ့ မိသားစုတွေက သခင်လေး အများအပြားကို မြင်တွေ့ဖူးတယ်... သူတို့တွေက များသောအားဖြင့် မိမိတို့ရဲ့ စွမ်းအားတွေကို စမ်းသပ်ဖို့အတွက် ဒီနေရာကို လာတတ်ကြတာလေ..." ထိုလျှို့ဝှက်ဆန်းကြယ်သော အဖိုးအိုသည် ယိုဟန်ကို စိုက်ကြည့်ရင်း ထာဝရအကျဉ်းထောင်အကြောင်းကို ဆက်လက်၍ ရှင်းလင်းပြောပြနေခဲ့သည်။
ယိုဟန်သည်လည်း အဖိုးအို၏ စကားများကို နားထောင်ရင်း စူးစမ်းလိုစိတ်များ ပြင်းပြလာခဲ့ရ၏။ ထိုအဖိုးအို၏ ပြောပြချက်အရ 'ဖီးနစ်နိုင်ငံတော် ' အတွင်း၌ ထာဝရအကျဉ်းထောင် ခြောက်ခု ရှိနေခဲ့ပြီး... ထိုအကျဉ်းထောင်များကို စစ်သေနာပတိ ခြောက်ဦးက အသီးသီး စောင့်ကြပ်အုပ်ချုပ်နေကြခြင်း ဖြစ်ပေသည်။
"ဒါဆိုရင် နိုင်ငံတော်အနှံ့မှာ ဟင်းလင်းပြင်ဝင်ပေါက် ခြောက်ခု ရှိနေပြီး... ဝင်ပေါက်တိုင်းကိုလည်း စစ်သေနာပတိတွေက အုပ်ချုပ်နေတာပေါ့၊ ပြီးတော့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ထာဝရအကျဉ်းထောင် ခြောက်ခု တည်ရှိနေတာပေါ့... ဟုတ်ပါသလား..." ယိုဟန်က အဖိုးအိုကို လှမ်း၍ မေးမြန်းလိုက်သည်။
"အတိအကျပဲ ကောင်လေး... ဒါပေမဲ့ ထာဝရအကျဉ်းထောင် တစ်ခုချင်းစီကို တကယ့်ကို ထူးခြားဆန်းပြားအောင် ပြုလုပ်ထားတဲ့ အချက်တစ်ချက် ရှိသေးတယ်..." ထိုအဖိုးအိုက ယိုဟန်ကို ကြည့်၍ ပြုံးပြလိုက်ရင်း ဆိုလိုက်၏။
ယိုဟန်သည် အဖိုးအို၏ ပါးစပ်ဖျားမှ ထိုစကားလုံးများကို ကြားလိုက်ရသည့်အခါ တကယ့်ကို စိတ်လှုပ်ရှားသွားခဲ့ရသည်။
"ဒါက ဘာကို ဆိုလိုတာလဲဟင်..." ယိုဟန်က သူ့ကို စိုက်ကြည့်ရင်း မေးမြန်းလိုက်တော့သည်။
ထိုလျှို့ဝှက်ဆန်းကြယ်သော အဖိုးအိုသည် သူ၏လက်ကို ထပ်မံပြသလိုက်ရင်း— "ဒီအကျဉ်းထောင်က နိုင်ငံတော်ရဲ့ အန္တရာယ်အရှိဆုံး ရာဇဝတ်ကောင်တွေကို ပိတ်လှောင်ထားတာကွ... ဒါက တစ်နိုင်ငံလုံးမှာ ဒုတိယမြောက် အန္တရာယ်အရှိဆုံး အကျဉ်းထောင်ပဲ၊ ပြီးတော့ ဒီကြယ်ပွင့် ငါးပွင့်က ဒီနေရာရဲ့ ပြယုဂ်သင်္ကေတပေါ့..." ဟု ယိုဟန်ကို စိုက်ကြည့်ရင်း ပြောဆိုလိုက်သည်။
"ဒုတိယမြောက် အန္တရာယ်အရှိဆုံးနေရာ ဟုတ်လား..." ယိုဟန်သည် မိမိ၏ ခန္ဓာကိုယ်အတွင်းပိုင်း ဒဏ်ရာများ တဖြည်းဖြည်း ပြန်လည်သက်သာ ကောင်းမွန်လာသည်ကို ခံစားလိုက်ရသဖြင့် စိတ်သက်သာရာရစွာဖြင့် တီးတိုးရေရွတ်လိုက်မိသည်။
"ဟေး... ကောင်လေး၊ မင်း ငါ့ရဲ့မေးခွန်းကို ပြန်မဖြေရသေးဘူးနော်... မင်း တကယ်ပဲ တော်ဝင်မိသားစုကို ပြစ်မှားစော်ကားခဲ့တာလား..." အဖိုးအိုက သူ့ကို ထပ်မံ၍ မေးမြန်းလိုက်ပြန်သည်။
"မဟုတ်ပါဘူး... ကျွန်တော် ဘယ်သူ့ကိုမှ ပြစ်မှားမစော်ကားခဲ့ပါဘူး၊ ကျွန်တော် ချစ်မြတ်နိုးရပြီး မဖြစ်မနေ ကယ်တင်ချင်နေတဲ့ လူတစ်ယောက်ကို ကယ်တင်ဖို့အတွက် ဒီနေရာကို ရောက်လာခဲ့တာပါ..." ယိုဟန်က သူ့ကို ကြည့်၍ ပြုံးပြလိုက်ရင်း ပြန်လည်ဖြေကြားလိုက်၏။
ထိုအဖိုးအိုသည် ယိုဟန်၏ ပါးစပ်ဖျားမှ ထိုစကားလုံးများကို ကြားလိုက်ရသည့်အခါ တကယ့်ကို ဇဝေဇဝါ ဖြစ်သွားခဲ့ရရှာသည်။ အဖိုးအို၏ မျက်နှာထက်မှ ထိုကဲ့သို့သော အမူအရာကို မြင်တွေ့လိုက်ရသည့်အခါ ယိုဟန်က တခစ်ခစ် သဘောကျစွာ ရယ်မောလိုက်မိရင်း—
"ကျွန်တော့်မှာ ကိုယ်ပိုင်အကြောင်းပြချက် ရှိလို့သာ... မင်းတို့ ခေါ်ဆိုကြတဲ့ ထာဝရအကျဉ်းထောင် ဆိုတဲ့ နေရာရဲ့ အတွင်းထဲကို ရောက်လာခဲ့ရတာပါ..." ဟု အဖိုးအိုကို ပြန်လည်ဖြေကြားပေးလိုက်သည်။
"တကယ်လို့ မင်းသာ အဲဒီစစ်သေနာပတိရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရရင် ဘာဖြစ်သွားမလဲဆိုတာကို မင်း သိရဲ့လား... အဲဒီအမျိုးသမီးတွေက တကယ့်ကို ရူးသွန်းပြီး သွေးအေးရက်စက်ကြတာကွ၊ မင်း ဒီအကျဉ်းထောင်ထဲကို ခိုးဝင်လာတာကို သူမသာ သိသွားခဲ့ရင်... မင်းကို ကမ္ဘာမြေကြီးရဲ့ အဆုံးအစအထိ မရပ်မနား လိုက်လံဖမ်းဆီး သတ်ဖြတ်လိမ့်မယ်..." ထိုအဖိုးအိုက ယိုဟန်ကို လေးနက်လှသောအကြည့်ဖြင့် စိုက်ကြည့်ရင်း သတိပေးလိုက်တော့သည်။
ထိုစကားလုံးများကို ကြားလိုက်ရသည့်ခဏ၌ ယိုဟန်၏ မျက်နှာထက်တွင် ခါးသီးလှသော အပြုံးတစ်ခု ပေါ်ထွက်လာခဲ့ရ၏။
"သူမကိုယ်တိုင်ပဲ ကျွန်တော့်ကို ဒီနေရာကို ပို့လိုက်တာလေ..." ယိုဟန်က အဖိုးအိုကို စိုက်ကြည့်ရင်း ပြန်လည်ဖြေကြားလိုက်သည်။
"မင်း အခု ဘာပြောလိုက်တယ်... စစ်သေနာပတိကိုယ်တိုင်က မင်းကို ဒီနေရာကို ပို့လိုက်တာ ဟုတ်လား၊ မင်း ငါ့ကို နောက်ပြောင်နေတာလား... သူမက ဘာဖြစ်လို့ အဲဒီလိုမျိုး ကိစ္စကို လုပ်ဆောင်ရမှာလဲ၊ နေဦး... မင်းက သခင်မ အီဗလင်းကို တကယ်ပဲ သိနေတာလား..." အဖိုးအိုက သူ့ကို စူးစမ်းလိုစိတ်ပြင်းပြစွာဖြင့် လှမ်း၍ ကြည့်ရှုလိုက်တော့သည်။
"ဟုတ်ပါတယ်... မင်း ကြားလိုက်တာ အမှန်ပါပဲ၊ ဒါပေမဲ့ အကြောင်းပြချက်တော့ ရှိတာပေါ့... ကျွန်တော်က ကျွန်တော့်ရဲ့ ကိုယ်ပိုင်ဆန္ဒအရ ဒီနေရာကို လာခဲ့တာပါ၊ သူမက ကျွန်တော့်ရဲ့ လက်ရှိအခြေအနေအတွက် တာဝန်ရှိတဲ့လူ မဟုတ်ပါဘူး..." ယိုဟန်က ပြန်လည်ဖြေကြားလိုက်၏။
ထိုအဖိုးအိုသည် ထိုစကားလုံးများကို ကြားလိုက်ရပြီးနောက် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်မိသည်။
"ငါ နားလည်ပါပြီ... ဒီနေ့တော့ ငါ တကယ့်ကို ပျော်ရွှင်မိပါတယ်၊ နောက်ဆုံးတော့လည်း ငါ့အနေနဲ့ နှစ်ပေါင်းများစွာအတွင်းမှာ စကားပြောဖော်တစ်ယောက်ကို ရရှိခဲ့ပြီပဲ... ငါ ဒီနေရာမှာ အကျဉ်းချခံထားရတာ ဘယ်လောက်တောင် နှစ်တွေ ကြာမြင့်သွားခဲ့ပြီလဲဆိုတာကို တကယ်ပဲ မတွေးဝံ့တော့ဘူး..." ထိုအဖိုးအိုက သက်ပြင်းအရှည်ကြီးတစ်ချက်ကို ချလိုက်မိရှာသည်။
ယိုဟန်သည် သူ့ကို စူးစမ်းလိုစိတ်ဖြင့် စိုက်ကြည့်လိုက်ရင်း— "မင်းရဲ့ နာမည်က ဘယ်သူလဲ... ပြီးတော့ မင်းက ဘယ်လိုမျိုး ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့တာလဲဟင်..."
"ငါ့နာမည်က 'လီတောင်း' လို့ ခေါ်တယ်... ပြီးတော့ ငါက အဲဒီတော်ဝင်မိသားစုရဲ့ ထက်ဝက်ကျော်လောက်ကို ကမ္ဘာမြေပြင်ပေါ်ကနေ အပြီးတိုင် မျိုးတုန်းအောင် သတ်ဖြတ်ပစ်ခဲ့တာလေ..." သူက ယိုဟန်ကို စိုက်ကြည့်ရင်း ရက်စက်ယုတ်မာလှသော အပြုံးတစ်ခုဖြင့် ထိုစကားလုံးများကို ဆိုလိုက်တော့သည်။
ထိုစကားလုံးများကို ကြားလိုက်ရသည့်ခဏ၌ ယိုဟန်၏ နှလုံးခုန်သံမှာ ရပ်တန့်လုနီးပါး ဖြစ်သွားခဲ့ရပြီး... သူသည် တုန်လှုပ်ခြောက်ခြားစွာဖြင့် ထိုအဖိုးအိုကို လှမ်း၍ စိုက်ကြည့်နေမိတော့သည်။