သက်ကြီးရွယ်အို အမျိုးသားတစ်ဦး၏ ရှေ့မှောက်တွင် တောင့်တင်းခက်ထန်သော မျက်နှာအမူအရာဖြင့် မတ်တတ်ရပ်နေသော အမျိုးသားတစ်ဦးကို မြင်တွေ့ရသည်။
"မင်း အခု ဘာပြောလိုက်တယ်... သူက အဲဒီဟင်းလင်းပြင်အက်ကြောင်း ထဲကို ဝင်သွားတယ်ဟုတ်လား..." လင်မျိုးနွယ်စုမှ အဖိုးအိုလင်းသည် အာဂျွန်ကို စိုက်ကြည့်ရင်း ထိုစကားလုံးများကို ဆိုလိုက်သည်။
အာဂျွန်က ဦးခေါင်းညိတ်ပြလိုက်မိရင်း— "ဟုတ်ပါတယ် သခင်ကြီး... ကျွန်တော် သူ့ကို တားဆီးဖို့ ကြိုးစားခဲ့ပေမဲ့ သူက အတင်းအဓမ္မ ဇွတ်တရွတ် လုပ်သွားခဲ့တာပါ၊ စိတ်မကောင်းပါဘူး သခင်ကြီးလင်ရယ်... ကျွန်တော် တာဝန်မကျေခဲ့ပါဘူး..." ဟု အဖိုးအိုလင်းကို ပြန်လည်ဖြေကြားလိုက်သည်။
ထိုစကားလုံးများကို ကြားလိုက်ရသည့်အခါ အဖိုးအိုသည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်မိရင်း မျက်စိအစုံကို မှိတ်လိုက်ပြီး... အတန်ကြာမှ ပြန်လည်ပွင့်လန်းလာခဲ့သည်။
"ဒါဆို ဒါက ဒီယာ့အသက်အတွက် သူပေးဆပ်လိုက်ရတဲ့ တန်ဖိုးပေါ့... ဒါပေမဲ့ သခင်မအီဗလင်းက ဘာဖြစ်လို့ သူ့ကို အဲဒီဟင်းလင်းပြင်အက်ကြောင်းထဲ ဝင်ခိုင်းရတာလဲ၊ သူမအနေနဲ့ ဘာကိုပဲဖြစ်ဖြစ် တောင်းဆိုလို့ ရနေတာပဲကို... တကယ်လို့ သူမသာ အလိုရှိမယ်ဆိုရင် ယိုဟန်က ဒီယာ့ကို ကယ်တင်ဖို့အတွက် ဘယ်လိုအရာမျိုးကိုမဆို သေချာပေါက် လက်ခံလိမ့်မယ်ဆိုတာ ငါအသေအချာ ယုံကြည်တယ်..." အဖိုးအိုသည် ယိုဟန်၏ လက်ရှိအခြေအနေကို တွေးတောရင်း မိမိကိုယ်မိမိ တီးတိုးရေရွတ်လိုက်မိသည်။
"အဲဒီ ကျိန်စာသင့်တဲ့နေရာ... သူ အဲဒီနေရာကနေ လွတ်မြောက်မယ့် လမ်းစကို ရှာဖွေတွေ့ရှိနိုင်ပါစေလို့ပဲ ငါ မျှော်လင့်ရတော့မှာပဲ..." အဖိုးအိုလင်သည် ထိုစကားလုံးများကို ဆိုလိုက်ရင်း သူ၏ လက်သီးကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်မိ၏။
ပြီးနောက် သူ၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် လေးနက်တည်ကြည်သွားခဲ့ပြီး— "ငါတို့ ယိုဟန်အကြောင်း တွေးတောနေဖို့ အချိန်တွေအများကြီး ဖြုန်းတီးလို့မဖြစ်ဘူး၊ သူက ဒီလမ်းကို သူ့ဘာသာသူ ရွေးချယ်ခဲ့တာဆိုတော့ အဲဒီဟင်းလင်းပြင်အက်ကြောင်းထဲကနေ ရုန်းထွက်နိုင်မယ့် နည်းလမ်းကို သူကိုယ်တိုင်ပဲ ရှာဖွေရလိမ့်မယ်..." ဟု အဖိုးအိုက အာဂျွန်ကို ကြည့်ရင်း အော်ဟစ်ဆိုလိုက်သည်။
အာဂျွန်က ဦးခေါင်းညိတ်ပြလိုက်မိရင်း— "သခင်ကြီး... ကျွန်တော် သူ့အပေါ်မှာ အပြည့်အဝ ယုံကြည်ပါတယ်၊ သူ အဲဒီနေရာကနေ သေချာပေါက် ပြန်လည်လွတ်မြောက်လာပါလိမ့်မယ်... ကျွန်တော် သခင်လေး ယိုဟန်ကို အဲဒီလိုမျိုး ပုံစံနဲ့ မြင်တွေ့ခဲ့ရတာပါ၊ သူ အဲဒီဟင်းလင်းပြင်ဝင်ပေါက်ထဲကို ဝင်သွားတဲ့အချိန်တုန်းက သူ့ရဲ့ မျက်နှာအမူအရာက အလွန်တရာ တည်ငြိမ်အေးဆေးနေခဲ့တာ... သူ အဲဒီအက်ကြောင်းထဲကို လှမ်းဝင်သွားတဲ့အချိန်မှာ ရှိနေခဲ့တဲ့ မျက်ဝန်းတွေက စစ်သည်တော်တစ်ယောက်ရဲ့ မျက်ဝန်းမျိုးတွေပါ..." ဟု အဖိုးအိုလင်ကို လှမ်း၍ ကြည့်ရှုရင်း ဆိုလိုက်သည်။
အဖိုးအိုလင်သည် မိမိ နေရာမှ ထရပ်လိုက်ပြီးနောက် ဓားတစ်လက်ကို လက်တွင် ဆုပ်ကိုင်လိုက်၏။ သူသည် လင်မျိုးနွယ်စုကို ကိုယ်စားပြုသည့် နဂါးပုံစံ ရေးထွင်းထားသော လေးလံလှသည့် ချပ်ဝတ်တန်ဆာကြီးကို ဝတ်ဆင်ထားခဲ့ပြီ ဖြစ်သည်။
"ငါတို့ လူတွေကို စုစည်းရမယ့်အချိန် ရောက်ပြီ... ငါတို့ နီကိုးလ်မျိုးနွယ်စု ကို သွားပြီး တိုက်ခိုက်ကြမယ်၊ သူတို့ ငါတို့ကို အကွက်မချရသေးခင် ငါတို့ဘက်က ဦးအောင် စတင်ပြီး ထိုးနှက်ရမယ်..." အဖိုးအိုက ထိုစကားလုံးများကို တီးတိုးရေရွတ်လိုက်သည်။
"ဟုတ်ကဲ့ပါ သခင်ကြီး... အရာအားလုံး အဆင်သင့်ဖြစ်နေပါပြီ၊ အားလုံးက သခင်ကြီးရဲ့ အမိန့်ကိုပဲ စောင့်ဆိုင်းနေကြတာပါ..." အာဂျွန်က အဖိုးအိုကို ပြန်လည်ဖြေကြားလိုက်ပြီးနောက်... နောက်တစ်ခဏ၌ ၎င်းတို့နှစ်ဦးစလုံးသည် အဖိုးအို၏ အခန်းတွင်းမှနေ၍ ထွက်ခွာသွားခဲ့ကြတော့သည်။
ထိုအတောအတွင်း.....
မြေပြင်ပေါ်တွင် လဲလျောင်းနေခဲ့သော လူငယ်တစ်ဦးသည် ရုတ်ချည်းဆိုသလိုပင် သူ၏ မျက်စိအစုံကို ပင့်ဖွင့်လိုက်မိသည်။
"ငါ ဘယ်နေရာကို ရောက်နေတာလဲ..." ယိုဟန်က တီးတိုးရေရွတ်လိုက်မိ၏။ သူသည် မြေပြင်ပေါ်မှ ထရပ်ရန် ကြိုးပမ်းလိုက်သည့်ခဏ၌ တစ်ကိုယ်လုံး လေးလံထိုင်းမှိုင်းနေသည်ကို ခံစားလိုက်ရပြီး... သူ၏ ခန္ဓာကိုယ်မှာ လက်တစ်လုံးမျှပင် လှုပ်ရှား၍ မရနိုင်ခဲ့ပါချေ။
"တောက်... အခု ဘာထပ်ဖြစ်ပြန်ပြီလဲ၊ ငါ အဲဒီတောအုပ်ထဲကနေ ထွက်လာပြီးတဲ့နောက်မှာ ဘာဖြစ်သွားခဲ့သလဲဆိုတာကို လုံးဝ မမှတ်မိတော့ဘူး..." ယိုဟန်သည် မိမိ၏ ဘေးပတ်ပတ်လည်ရှိ ပတ်ဝန်းကျင်အားလုံးဆီသို့ အကြည့်များကို ဟိုဟိုဒီဒီ ပို့လွှတ်လိုက်မိသော်လည်း... သူ၏ မမျှော်လင့်ထားသော အံ့ဩစရာ မြင်ကွင်းမှာမူ သူသည် ကတ္တရာစေးကဲ့သို့ နက်မှောင်လှသော နေရာတစ်ခု၏ အတွင်းထဲသို့ ရောက်ရှိနေခြင်း ဖြစ်ပေသည်။
ပြီးနောက် တစ်စုံတစ်ယောက်၏ ရယ်မောသံကို ကြားလိုက်ရသည့်ခဏ၌ သူ၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် မည်းမှောင်သွားခဲ့ရ၏။
"မင်းက ဘယ်သူလဲ... တောက်၊ မင်းကိုယ်မင်း အလင်းထဲကို ထုတ်ပြစမ်း... မင်း ဘာဖြစ်လို့ ငါ့ကို ဒီနေရာကို ခေါ်ဆောင်လာရတာလဲ၊ ငါ့ကို အခုချက်ချင်း လွှတ်ပေးစမ်း..." ယိုဟန်သည် တခစ်ခစ်နှင့် သရော်ရယ်မောသံများကို ကြားလိုက်ရသဖြင့် အော်ဟစ်လိုက်တော့သည်။
နောက်တစ်စက္ကန့်၌... သူ၏အရှေ့ဆီသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းလာနေသော လူရိပ်တစ်ခုကို သူ မြင်တွေ့လိုက်ရ၏။
"အဘိုးကြီး... မင်းက ဘယ်သူလဲ..." ယိုဟန်သည် မိမိကို ကြည့်၍ မျက်နှာထက်တွင် အပြုံးတစ်ခု ဖြစ်ပေါ်နေသော အဖိုးအိုတစ်ဦးကို မြင်တွေ့လိုက်ရသဖြင့် တီးတိုးမေးမြန်းလိုက်သည်။
"ငါ ဘယ်သူလဲဆိုတာ ဘယ်သူက သိမှာလဲ... ဒါပေမဲ့ ငါ ကောင်းကောင်းသိတာ တစ်ခုကတော့ ငါတို့နှစ်ယောက်စလုံးဟာ ဒီနေရာမှာ အကျဉ်းသားတွေ ဖြစ်နေကြတယ်ဆိုတာပဲ..." ထိုအဖိုးအိုသည် မိမိ၏အရှေ့ မြေပြင်ပေါ်တွင် အားနည်းစွာ လဲလျောင်းနေသော ယိုဟန်ကို စိုက်ကြည့်ရင်း မြေပြင်ပေါ်၌ ဝင်ထိုင်လိုက်ကာ ဆိုလိုက်သည်။
"အကျဉ်းသားတွေ ဟုတ်လား... အဘိုးကြီး... မင်း ဘာတွေ လျှောက်ပြောနေတာလဲ၊ ငါ့ကို အမှန်အတိုင်း သေသေချာချာ ပြောစမ်းပါ..." ယိုဟန်က ထိုစကားလုံးများကို ဆိုလိုက်ရင်း ပြန်လည်တုံ့ပြန်လိုက်သည်။
"ဟင်း... ဒီခေတ်က ကလေးတွေဟာ တကယ့်ကိုပဲ... လူကြီးသူမတွေအပေါ်မှာ ဘယ်လိုမျိုး ယဉ်ယဉ်ကျေးကျေး ဆက်ဆံရမလဲဆိုတာကို လုံးဝ မသိကြတော့ဘူးပဲ..." ထိုအဖိုးအိုက ဆိုလိုက်မိရင်း... နောက်တစ်စက္ကန့်၌ သူ၏ လက်ညှိုးကို တိကျသော အရပ်မျက်နှာတစ်ခုဆီသို့ ညွှန်ပြလိုက်တော့သည်။
"ဟိုဘက်ကို လှမ်းကြည့်လိုက်စမ်း... ဒါဆိုရင် မင်း ကောင်းကောင်း နားလည်သွားလိမ့်မယ်..." ထိုအဖိုးအိုက တိကျသော အရပ်မျက်နှာတစ်ခုဆီသို့ လက်ညှိုးညွှန်ပြရင်း ဆိုလိုက်၏။
ယိုဟန်သည် တုန်လှုပ်ခြောက်ခြားစွာဖြင့် တံတွေးကို မျိုချလိုက်မိရင်း... သူ ညွှန်ပြရာ အရပ်မျက်နှာဆီသို့ အကြည့်ကို ပို့လွှတ်လိုက်မိသည်။
"ဘာကြီးလဲဟ... ငါတို့က အကျဉ်းထောင်ထဲ ရောက်နေတာပဲ..." ယိုဟန်သည် မိမိတို့နှစ်ဦးစလုံး သံတိုင်များ၏ အနောက်ကွယ်သို့ ရောက်ရှိနေသည်ကို မြင်တွေ့လိုက်ရသဖြင့် တီးတိုးရေရွတ်လိုက်မိသည်။ သူသည် မှောင်အတိကျနေသော အကျဉ်းခန်းတစ်ခု၏ အတွင်းထဲတွင် လဲလျောင်းနေခဲ့ရခြင်း ဖြစ်ပေသည်။
နောက်တစ်ခဏ၌ သူ၏အကြည့်များသည် မိမိကို ကြည့်၍ ပြုံးနေသော အဖိုးအိုထံသို့ ရောက်ရှိသွားခဲ့၏။
"အခုတော့ မင်း နားလည်သွားပြီမလား ကောင်လေး... ငါတို့က အကျဉ်းထောင်ထဲ ရောက်နေတာ၊ မကြာခင်မှာ ငါတို့ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက် ငါတို့နှစ်ယောက်စလုံး သေဒဏ်ပေးခံရတော့မှာ..." ဟု သူက ထိုစကားလုံးများကို ဆိုလိုက်ရင်း အော်ဟစ်ရယ်မောလိုက်တော့သည်။
ယိုဟန်သည် မိမိ၏ နားဖြင့် ကြားလိုက်ရသော စကားများနှင့် မိမိ၏ မျက်စိအစုံဖြင့် မြင်တွေ့လိုက်ရသော အရာများကို လုံးဝ မယုံကြည်နိုင်ဘဲ ဖြစ်နေခဲ့ရ၏။
သူသည် ဟင်းလင်းပြင်အက်ကြောင်းအတွင်းရှိ မည်သည့်အရာမှန်းမသိသော အကျဉ်းထောင်တစ်ခုထဲသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ သူသည် တုန်လှုပ်ခြောက်ခြားစွာ တံတွေးကို မျိုချလိုက်မိရင်း ခန္ဓာကိုယ်ကို လှုပ်ရှားရန် ကြိုးပမ်းလိုက်သော်လည်း... သူ၏ ခန္ဓာကိုယ်ကမူ မည်သည့်တုံ့ပြန်မှုမျှ ရှိမလာခဲ့ဘဲ တစ်ကိုယ်လုံးမှာ ထုံကျင်အေးစက်နေခဲ့ဆဲ ဖြစ်ပေသည်။
"မစိုးရိမ်ပါနဲ့... မင်းရဲ့ ခန္ဓာကိုယ်က နာရီအနည်းငယ်အတွင်းမှာ ပြန်ပြီး ကောင်းမွန်လာပါလိမ့်မယ်၊ အခုအချိန်မှာတော့ ခန္ဓာကိုယ်ကို အတင်းမလှုပ်ရှားပါနဲ့ဦး... ဒါက အဲဒီမြှားတိုရဲ့ အာနိသင်ပဲလေ၊ အဲဒီမြှားတိုထဲမှာ ပါဝင်တဲ့ အရည်တွေက မင်းရဲ့ ခန္ဓာကိုယ်ထဲကို စိမ့်ဝင်သွားခဲ့တဲ့ခဏမှာပဲ... မင်းရဲ့တစ်ကိုယ်လုံးကို လွှတ်ခနဲ လေဖြတ်သွားသလိုမျိုး ထုံကျင်သွားအောင် လုပ်ဆောင်ပစ်လိုက်တာ..." အဖိုးအိုက ယိုဟန်ကို ကြည့်ရင်း အကျိုးအကြောင်း ရှင်းပြလိုက်သည်။
ယိုဟန်သည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်မိရင်း သူ့ကို စိုက်ကြည့်လိုက်ကာ— "အကျဉ်းထောင်ဆိုတာ ဘာကို ဆိုလိုတာလဲ... ငါတို့ ရောက်နေတာ ဘယ်လိုမျိုး နေရာလဲ၊ ပြီးတော့ မင်း ဘာတွေ လျှောက်ပြီး ပေါက်ကရတွေ ပြောနေတာလဲ... ငါ ဘာပြစ်မှုမှ မကျူးလွန်ခဲ့ဘူး..." ဟု ထိုအဖိုးအိုကို မေးမြန်းလိုက်တော့သည်။
ထိုစကားလုံးများကို ကြားလိုက်ရသည့်အခါ အဖိုးအိုသည် ယိုဟန်၏ ပါးစပ်ဖျားမှ ကမ္ဘာ့အပြောင်မြောက်ဆုံး ပြက်လုံးတစ်ခုကို ကြားလိုက်ရသလိုမျိုး အရူးတစ်ယောက်ကဲ့သို့ တဟားဟား ဒေါသတကြီး အော်ဟစ်ရယ်မောလိုက်တော့သည်။
အတန်ကြာအောင် ရယ်မောပြီးနောက်မှ သူက ယိုဟန်ကို စိုက်ကြည့်လိုက်ကာ...
"တောက်... ကောင်လေး၊ မင်းက တကယ့်ကို ရယ်စရာကောင်းတဲ့လူပဲ... မင်းက ဘာအပြစ်မှမရှိဘဲ ဒီနေရာကို ရောက်လာတာလို့ ပြောနေတာလား၊ ဒီဟင်းလင်းပြင်အက်ကြောင်းတစ်ခုလုံးက 'ထာဝရအကျဉ်းထောင်' ကွ... အင်ပါယာနိုင်ငံတော်ရဲ့ အဆိုးရွားဆုံးနဲ့ အယုတ်မာဆုံး ရာဇဝတ်ကောင်တွေကိုပဲ ဤနေရာမှာ လာပြီး ပိတ်လှောင်ထားတတ်ကြတာ..." ထိုအဖိုးအိုက ယိုဟန်ကို စိုက်ကြည့်ရင်း ဆိုလိုက်သည်။
"မင်း ဘာတွေ လျှောက်ပြောနေတာလဲ အဘိုးကြီး... လွန်ခဲ့တဲ့ နာရီအနည်းငယ်လောက်ကတင် ငါက ဘာမှန်းမသိတဲ့ တောအုပ်တစ်ခုထဲမှာ ရှိနေခဲ့တာကို... အခုကျတော့ မင်းက ဒီနေရာတစ်ခုလုံးက အင်ပါယာနိုင်ငံတော်ရဲ့ အန္တရာယ်အရှိဆုံး ရာဇဝတ်ကောင်တွေကို ပိတ်လှောင်ထားတဲ့ အကျဉ်းထောင်ကြီးတစ်ခု ဟုတ်လား..." ယိုဟန်သည် ထိုစကားလုံးများကို ဆိုလိုက်ရင်း သူ၏ မျက်စိအစုံမှာ အံ့ဩတုန်လှုပ်စွာဖြင့် ပြူးကျယ်သွားခဲ့ရတော့သည်။
"မင်း ပြောနေတာ 'မျက်လှည့်မြူခိုးတောအုပ် ' အကြောင်းလား... အင်း... အဲဒီနေရာကတော့ တကယ့်ကို အန္တရာယ်ကြီးပြီး ခန့်မှန်းရခက်တဲ့ နေရာတစ်ခုပဲ၊ အဲဒီတောအုပ်က အဲဒီသတ္တဝါတွေရဲ့ ကစားကွင်းကွ... အဲဒီနေရာက နာရီ ၂၄ နာရီ ပြည့်တိုင်းမှာ အလိုအလျောက် ပြာအတိဖြစ်အောင် ဖျက်ဆီးပစ်လေ့ရှိပြီး... ပြီးရင် အရာအားလုံးက မူလအတိုင်း ပြန်ပြီး စတင် ဖြစ်လာတတ်ကြတာ၊ ပြီးတော့ အဲဒီနေရာကို ပျော်ရွှင်မှုအတွက် အမဲလိုက်လေ့ရှိကြတဲ့ မိစ္ဆာအစောင့်အရှောက် ၄ ကောင်က စိုးမိုးအုပ်ချုပ်ထားတာလေ..." ထိုအဖိုးအိုက ထိုစကားလုံးများကို ဆိုလိုက်ရင်း ယိုဟန်ကို လေးနက်လှသော မျက်နှာအမူအရာဖြင့် စိုက်ကြည့်လိုက်မိသည်။
"နေဦး... မင်းက တကယ်ပဲ အဲဒီနေရာရဲ့ အတွင်းထဲမှာ ရှိနေခဲ့တာဆိုရင် မင်းက ဘယ်လိုမျိုး အသက်ရှင်ကျန်ရစ်ခဲ့တာလဲ... အဲဒီအစောင့်အရှောက်တွေက အဲဒီနေရာထဲမှာ မင်းကို လိုက်ပြီး အမဲမလိုက်ခဲ့ကြဘူးလား..." ထိုအဖိုးအိုသည် ယိုဟန် အမှန်အတိုင်း ပြောနေခြင်း ဖြစ်သည်ကို လုံးဝ မယုံကြည်နိုင်လောက်အောင် ဖြစ်နေခဲ့ရသဖြင့်... သူ့ကို လေးနက်လှသော မျက်နှာအမူအရာဖြင့် စိုက်ကြည့်ရင်း မေးမြန်းလိုက်တော့သည်။
"ငါ အဲဒီတောအုပ်ထဲမှာ ရှိနေတဲ့ မိစ္ဆာသတ္တဝါ ၄ ကောင်စလုံးကို သတ်ပစ်ခဲ့တာ... ပြီးတော့ တစ်နည်းနည်းနဲ့ ဒီနေရာကို ရောက်လာခဲ့တာပဲ..." ယိုဟန်က အဖိုးအိုကို ပြန်လည်ဖြေကြားလိုက်၏။
ထိုစကားလုံးများကို ကြားလိုက်ရသည့်ခဏ၌ အဖိုးအိုသည် အလွန်အမင်း တုန်လှုပ်ခြောက်ခြားသွားခဲ့ရသဖြင့် သူ၏ ပါးစပ်ကြီး အံ့ဩတုန်လှုပ်စွာဖြင့် ပွင့်အာသွားခဲ့ရတော့သည်။
"မင်း... မင်း ဘာလုပ်လိုက်တယ် ဟုတ်လား..." သူက မျက်လုံးများ အပြူးသားဖြင့် ထပ်မံ၍ မေးမြန်းလိုက်မိတော့သည်။