"ကျေးဇူးပြုပြီး သူ့ကို မသတ်ပါနဲ့... သူ့ကို ဒီအတိုင်း လွှတ်ထားပေးကြပါ..."
အမျိုးသမီးတစ်ဦးသည် နက်မှောင်လှသော အပြာရောင်မျက်ဝန်းအစုံကို ပင့်ဖွင့်လိုက်ရင်း သူမ၏ လည်ချောင်းဝမှ အားကုန်ညှစ်၍ အော်ဟစ်လိုက်တော့သည်။
သူမသည် ထိုစကားလုံးများကို အော်ဟစ်ရေရွတ်ရင်း မျက်လုံးများ ပွင့်လာခဲ့သည့်ခဏ၌ သူမ၏ နဖူးထက်တွင် ချွေးစေးများ ပျံတက်နေခဲ့ရ၏။ သို့သော် ရုတ်ချည်းဆိုသလိုပင် မိမိ၏ လက်ထက်သို့ နွေးထွေးသော လက်တစ်စုံ လာရောက်ဆုပ်ကိုင်လိုက်သည်ကို ခံစားလိုက်ရသဖြင့် လှမ်း၍ အကဲခတ်ကြည့်ရှုလိုက်ရာ... သူမ၏အရှေ့တွင် မတ်တတ်ရပ်နေသော အလီနာကို မြင်တွေ့လိုက်ရတော့သည်။
"နောက်ဆုံးတော့လည်း မင်း မျက်လုံးပွင့်လာခဲ့ပြီပဲ...ငါတော့ မင်းကို ဆုံးရှုံးရပြီလို့ ထင်နေတာ ဒီယာရယ်..." အလီနာသည် မျက်ရည်ဝဲနေသော မျက်ဝန်းများဖြင့် ဒီယာကို စိုက်ကြည့်ရင်း ဆိုလိုက်သည်။ အာန၏ မျက်ဝန်းများတွင်လည်း မျက်ရည်များ စိုစွတ်လာခဲ့ရပြီး... မိမိတို့နှစ်ယောက်ကို ဇဝေဇဝါမျက်နှာအမူအရာဖြင့် စိုက်ကြည့်နေသော ဒီယာကို လှမ်း၍ ကြည့်ရှုလိုက်ကြမိသည်။
ဒီယာသည် အခန်းတွင်းရှိ ဟိုဟိုဒီဒီ အရပ်မျက်နှာအားလုံးဆီသို့ အကြည့်များကို ပို့လွှတ်လိုက်မိသော်လည်း သူမ၏ဘေးနားတွင် ယိုဟန်၏ ရုပ်သွင်ကို လုံးဝ မတွေ့ရှိရပါချေ။ ထို့ကြောင့် ဒီယာ၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် မည်းမှောင်သွားခဲ့ရပြီး အလီနာကို လှမ်း၍ ကြည့်ရှုလိုက်တော့သည်။
"အမေ... ယိုဟန် ဘယ်မှာလဲဟင်၊ အဲဒီလူတွေက သူ့ကို သတ်ပစ်ချင်နေကြတာ... သူ အဆင်ပြေရဲ့လား၊ သူက ဘာဖြစ်လို့ အမေတို့နဲ့အတူ ဒီနေရာမှာ ရှိမနေရတာလဲ..." ဒီယာသည် အလီနာကို စိုက်ကြည့်ရင်း ထိုစကားလုံးများကို မေးမြန်းလိုက်သည်။ ဒီယာ၏ မျက်နှာအမူအရာမှာ တည်ငြိမ်မှုမရှိတော့ဘဲ သူမ၏ မျက်ဝန်းများတွင် မျက်ရည်များ ဝဲတက်လာခဲ့ရ၏။ သူမသည် အတိတ်က အဖြစ်အပျက်များကြောင့် တုန်လှုပ်ခြောက်ခြားနေဆဲဖြစ်ပြီး... ထိုလုပ်ကြံသတ်ဖြတ်သူများထဲမှ တစ်ယောက်က မိမိကို သတ်ဖြတ်ပြီးနောက် ယိုဟန်၏ အနောက်သို့ ဆက်လက်လိုက်လံဖမ်းဆီးသတ်ဖြတ်မည်ဟု ပြောဆိုခဲ့သည်ကို ကောင်းစွာ မှတ်မိနေခဲ့ဆဲ ဖြစ်ပေသည်။
အလီနာသည် သူမ၏ ဘေးနားသို့ ချဉ်းကပ်သွားခဲ့ပြီးနောက် သူမ၏ နဖူးလေးကို နူးညံ့စွာ နမ်းရှိုက်လိုက်ရင်း— "အဆင်ပြေသွားပါပြီ... ယိုဟန်လည်း အဆင်ပြေပါတယ်၊ သူ မကြာခင်မှာ ဒီနေရာကို ရောက်လာလိမ့်မယ်... စိတ်အေးအေးထားပါဦး၊ မင်းရဲ့ ခန္ဓာကိုယ်က အပြည့်အဝ ပြန်လည်ကောင်းမွန်လာခြင်း မရှိသေးဘူး... မင်းရဲ့ အခြေအနေက အားနည်းနေသေးတယ်..." ဟု ဒီယာကို စိုက်ကြည့်ရင်း ဆိုလိုက်သည်။
"ဟုတ်ပါတယ်... သခင်မလေး အလီနာ ပြောတာ မှန်ပါတယ်၊ သခင်မလေး ဒီယာ အနေနဲ့ ကောင်းကောင်း အနားယူဖို့ လိုအပ်ပါတယ်... ကျေးဇူးပြုပြီး စိတ်ဖိစီးမှုတွေ အများကြီး မခံစားပါနဲ့ဦး..." အာနာကလည်း ဒီယာကို စိုက်ကြည့်ရင်း ထိုစကားလုံးများကို ကူညီ၍ ပြောဆိုပေးလိုက်သည်။
အလီနာနှင့် အာနာနှစ်ဦးစလုံးသည် သူမကို ကြည့်ရှုရင်း ထိုစကားလုံးများကို ဆိုလိုက်ကြခြင်း ဖြစ်သည်။ ၎င်းတို့နှစ်ဦးစလုံး၏ မျက်နှာထက်တွင် သူမအတွက် အလွန်အမင်း စိုးရိမ်ပူပန်နေကြသော အရိပ်အယောင်များကို အထင်အရှား မြင်တွေ့နေရ၏။
ထိုစကားလုံးများကို ကြားလိုက်ရသည့်အခါမှသာ ဒီယာသည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်မိရင်း "အို... ဘုရားသခင်ကို ကျေးဇူးတင်လိုက်တာ၊ သူ အဆင်ပြေတယ်ဆိုရင်ပဲ တော်ပါပြီ... ဒါနဲ့ အဲဒီလုပ်ကြံသတ်ဖြတ်သူတွေကော ဘာဖြစ်သွားကြပြီလဲဟင်..." ဟု အလီနာကို ထပ်မံမေးမြန်းလိုက်သည်။
"ဒါတွေအတွက် မစိုးရိမ်ပါနဲ့... မင်းရဲ့အဖေက ကိစ္စအားလုံးကို အဆင်ပြေအောင် စီမံခန့်ခွဲပေးလိုက်ပြီ၊ အဲဒီလုပ်ကြံသတ်ဖြတ်သူတွေ အားလုံး သေဆုံးသွားကြပြီလေ... ပြီးတော့ ယိုဟန်လည်း ဘာမှမဖြစ်ဘဲ အဆင်ပြေနေတာမို့၊ မင်းက မင်းရဲ့ ခန္ဓာကိုယ်ကိုပဲ အဓိက ဂရုစိုက်ဖို့ လိုအပ်ပါတယ်..." အလီနာက ဒီယာကို ပြန်လည်ဖြေကြားပေးလိုက်၏။
ဒီယာက ဦးခေါင်းညိတ်ပြလိုက်မိရင်း— "အမေ... ဒါဆိုရင် အမေ့ရဲ့ မွေးနေ့ပွဲအခမ်းအနားနဲ့ ဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေကော ဘာဖြစ်ကုန်ကြပြီလဲဟင်..." ဟု အလီနာကို လှမ်း၍ မေးမြန်းလိုက်ပြန်သည်။
ဒီယာ၏ ပါးစပ်ဖျားမှ ထိုစကားလုံးများကို ကြားလိုက်ရသည့်အခါ အလီနာ၏ မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်ထွက်လာခဲ့ရပြီး... သူမသည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်မိကာ ဦးခေါင်းညိတ်ပြလိုက်၏။
"ဧည့်ခံပွဲကို ဖျက်သိမ်းလိုက်ပြီလေ... အားလုံးလည်း သူတို့ရဲ့ အိမ်အသီးသီးဆီကို ပြန်သွားကြပြီ..." အလီနာက ပြန်လည်ဖြေကြားလိုက်သည်။
ထိုစကားလုံးများကို ကြားလိုက်ရသည့်အခါ ဒီယာသည် တကယ့်ကို ဝမ်းနည်းစိတ်မကောင်း ဖြစ်သွားခဲ့ရ၏။
"သမီးကြောင့် ကိစ္စအားလုံး ထပ်ပြီး ပျက်စီးသွားရပြန်ပြီ... အမေက အမေ့ရဲ့ မွေးနေ့ပွဲအတွက် တကယ့်ကို ပျော်ရွှင်နေခဲ့တာကို... အခုတော့ အရာအားလုံးက ပျက်စီးသွားခဲ့ရပြီ..." ဒီယာက အလီနာကို လှမ်းကြည့်လိုက်မိရင်း... သူမ၏ မျက်နှာထက်တွင် ဝမ်းနည်းပူဆွေးမှုများ အထိုင်းအမှိုင်း ထွက်ပေါ်လာခဲ့ရတော့သည်။
"မင်းတို့နှစ်ယောက်စလုံး ဘာမှမဖြစ်ဘဲ အဆင်ပြေပြေ ရှိနေတာကိုပဲ အမေ တကယ့်ကို ဝမ်းသာလှပါပြီ... အဲဒီမွေးနေ့ပွဲ အခမ်းအနားကို အမေ လုံးဝ ဂရုမစိုက်ပါဘူး၊ ပြီးတော့ မင်းကော အခု ဘယ်အချိန်ရှိနေပြီလဲဆိုတာကို သိရဲ့လား..." အလီနာက ဒီယာကို စိုက်ကြည့်ရင်း သဘောကျစွာ တခစ်ခစ် ရယ်မောလိုက်တော့သည်။
ထိုစကားလုံးများကို ကြားလိုက်ရသည့်အခါ ဒီယာမှာ ဇဝေဇဝါ ဖြစ်သွားခဲ့ရသဖြင့်၊ အလီနာက သူမ၏ ဦးခေါင်းလေးကို နူးညံ့စွာ ပွတ်သပ်ပေးလိုက်မိရင်း—
"အခုက သန်းခေါင်ယံအချိန် ရောက်နေပြီလေ... အမေ့ရဲ့ မွေးနေ့ကလည်း ပြီးဆုံးသွားခဲ့ပြီ၊ မင်းက တစ်နေ့လုံး လုံးဝ သတိလစ်မေ့မြောနေခဲ့တာ..." ဟု ဆိုလိုက်၏။ဒီယာသည် သူမ၏ လည်ပင်းဆီမှ နာကျင်မှုကို ခံစားလိုက်ရသည့်ခဏ၌ သူမ၏ မျက်နှာအမူအရာမှာ တစ်ဖန် မည်းမှောင်သွားခဲ့ရပြန်သည်။
"အဆင်ပြေပါတယ်... စိတ်ဖိစီးမှုတွေ အများကြီး မခံစားပါနဲ့ဦး၊ မကြာခင်မှာ အရာအားလုံး ပြန်ပြီး ကောင်းမွန်လာပါလိမ့်မယ်..." အလီနာက ဒီယာကို ကြည့်၍ ပြုံးပြလိုက်ရင်း ပြန်လည်ဖြေကြားလိုက်ပြီး... နောက်တစ်ခဏ၌ သူမ၏အကြည့်များသည် အာနာထံသို့ ရောက်ရှိသွားခဲ့သည်။
"အာနာ... သူမအတွက် သောက်ဖို့ စွပ်ပြုတ်တစ်ခွက် အမြန်ဆုံး ယူဆောင်လာပေးဖို့ တစ်ယောက်ယောက်ကို လှမ်းပြီး ခိုင်းလိုက်စမ်းပါဦး... သူမကို ကြည့်ရတာ တကယ့်ကို ဖြူဖျော့နေတာပဲ၊ ငါ့ရဲ့ လှပလွန်းလှတဲ့ သမီးလေးကို အရင်လို ပုံစံမျိုးအတိုင်း ပြန်ပြီး တွေ့ချင်နေပြီ..." အလီနာက အာနာကို လှမ်း၍ ပြောဆိုလိုက်သည်။
အာနာက ပြုံးလိုက်မိရင်း ဦးခေါင်းညိတ်ပြလိုက်၏။ "ဟုတ်ကဲ့ပါ သခင်မလေး... ကျွန်မ အခုချက်ချင်း သွားပြီး စီစဉ်ပေးပါ့မယ်..." ဟု အလီနာကို ပြန်လည်ဖြေကြားလိုက်ပြီးနောက် အခန်းတွင်းမှနေ၍ ထွက်ခွာသွားခဲ့တော့သည်။
ထိုအတောအတွင်း....
မြေပြင်ပေါ်တွင် လဲလျောင်းနေခဲ့သော အမျိုးသားတစ်ဦးသည် သူ၏ သတိတရားများ တစ်ဖန် ပြန်လည်ပွင့်လန်းလာခဲ့ပြီ ဖြစ်သည်။
"ငါ ဘယ်နေရာကို ရောက်နေတာလဲ..." ယိုဟန်သည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်မိရင်း တီးတိုးရေရွတ်လိုက်ကာ... သစ်ပင်ကြီး၏ ဘေးနားတွင် အနိုင်နိုင် ဝင်ထိုင်လိုက်မိသည်။
ပတ်ဝန်းကျင်တစ်ခုလုံးတွင် မီးတောက်မီးလျှံများက ပြင်းထန်စွာ လောင်ကျွမ်းနေဆဲဖြစ်သဖြင့် ယခုအချိန်အထိ ညအချိန်ဖြစ်ကြောင်း ကောင်းစွာ သိရှိနိုင်ပြီး... မြေပြင်ပေါ်တွင်မူ မိမိကို အမဲလိုက် သတ်ဖြတ်ရန် ကြိုးပမ်းခဲ့ကြသော ထိုမိစ္ဆာသတ္တဝါအချို့၏ ရုပ်အလောင်းများ ပြန့်ကျဲလဲလျောင်းနေခဲ့ကြမိသည်။
ယိုဟန်သည် မိမိ၏ တစ်ခန္ဓာကိုယ်လုံးဆီမှ ပြင်းထန်လှသော နာကျင်ကိုက်ခဲမှုများကို ခံစားနေရသဖြင့် ထိုရုပ်အလောင်းများကို လုံးဝ ဂရုမစိုက်နိုင်အားပါချေ။ သူ၏ ခန္ဓာကိုယ်အထက်ပိုင်းတွင် မည်သည့်အဝတ်အစားမျှ ရှိမနေခဲ့ဘဲ တစ်ကိုယ်လုံးတွင် ဒဏ်ရာဒဏ်ချက်များနှင့် ညိုမည်းစုတ်ပြဲမှုများဖြင့် ဗရပွ ဖြစ်နေခဲ့ရရှာသည်။
ယိုဟန်သည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်မိရင်း... မိမိ လဲလျောင်းနေရာမှ ထရပ်ရန် ကြိုးပမ်းလိုက်သော်လည်း၊ သူ၏ ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်သည့်ခဏ၌ပင် တစ်ကိုယ်လုံးရှိ အကြောအဆစ်များမှာ ပြင်းထန်လှသော နာကျင်မှုများဖြင့် အော်ဟစ်အုန်းခွံလာခဲ့ကြရသည်။
"တောက်... ဒီလို ခန္ဓာကိုယ်အခြေအနေမျိုးနဲ့ ငါ ဘယ်လိုမှ လှုပ်ရှားလို့ မရနိုင်တော့ဘူး..." ယိုဟန်က ဟိုဟိုဒီဒီ လျှောက်၍ အကဲခတ်ကြည့်ရှုလိုက်မိရင်း ထိုစကားလုံးများကို ဆိုလိုက်မိသည်။ ပတ်ဝန်းကျင်တစ်ခုလုံးမှာ သေခြင်းတရားကဲ့သို့ ဆိတ်ငြိမ်အေးစက်နေခဲ့ပြီး... သူ၏ ဘေးပတ်ပတ်လည်တွင် နက်မှောင်လှသော မီးခိုးငွေ့များနှင့် မြူခိုးမြူငွေ့များသာ ဖုံးလွှမ်းလျက် ရှိနေခဲ့၏။
သူက သက်ပြင်းအရှည်ကြီးတစ်ချက် ချလိုက်မိရင်း— "ငါ နောက်ထပ် ဘာဆက်လုပ်ရမလဲ... အီဗလင်းကတော့ ဟင်းလင်းပြင်ဝင်ပေါက် က နာရီ ၂၄ နာရီ ပြည့်ပြီးတဲ့နောက်မှ ပြန်ပြီး ပေါ်လာလိမ့်မယ်လို့ ပြောခဲ့တာဆိုတော့... ကိစ္စက ငါ့အနေနဲ့ ဒီနေရာမှာ ဆက်ပြီး စောင့်ဆိုင်းနေရုံပဲ ရှိတာပေါ့..." ဟု ဆိုလိုက်ရင်း သူ၏ လက်သီးကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်မိသည်။
သို့သော် ရုတ်ချည်းဆိုသလိုပင်... သူ၏အကြည့်များက ကောင်းကင်ယံထက်ဆီသို့ ရောက်ရှိသွားခဲ့ရသည့်ခဏ၌ သူသည် ရင်းနှီးကျွမ်းဝင်နေခဲ့သော မြင်ကွင်းဆန်းတစ်ခုကို ထပ်မံ၍ မြင်တွေ့လိုက်ရပြန်သည်။
"ဘာကြီးလဲဟ... ဒီလိုကိစ္စမျိုးက နောက်တစ်ကြိမ် ထပ်ပြီး ဖြစ်ပျက်နေပြန်ပြီ၊ ဒီနေရာက တကယ့်ကို ဘာဖြစ်နေတာလဲ..." ယိုဟန်သည် တုန်လှုပ်ခြောက်ခြားစွာဖြင့် တံတွေးကို မျိုချလိုက်မိရင်း ကောင်းကင်ယံထက်ဆီသို့ လှမ်း၍ စိုက်ကြည့်လိုက်မိရာ... မြေပြင်ပေါ်သို့ အရှိန်အဟုန်ပြင်းစွာ ဦးတည်ကျရောက်လာနေကြသော သန်းပေါင်းများစွာသော မီးတောက်ဝတ်ဆံလုံး ကြီးများကို မြင်တွေ့လိုက်ရတော့သည်။
ယိုဟန်သည် ကောင်းကင်ယံထက်ဆီသို့ မော့ကြည့်လိုက်မိရင်း သူ၏ နှလုံးသားတစ်ခုလုံး လျှောကျသွားခဲ့ရသဖြင့်... သူ၏ ခြေထောက်နှစ်ဖက်ဆီသို့ မိမိ၏ လက်ကျန်စွမ်းအင်အားလုံးကို အတင်းအဓမ္မ စုစည်းပစ်လိုက်တော့သည်။
"တောက်..." ယိုဟန်သည် မိမိ၏ နှုတ်ခမ်းကို တင်းကျပ်စွာ ကိုက်လိုက်မိရင်း... မိမိ ရှိရာနေရာမှ ထရပ်လိုက်ကာ၊ နောက်တစ်စက္ကန့်၌ တိကျသော အရပ်မျက်နှာတစ်ခုဆီသို့ အသက်လု၍ စတင်ပြေးလွှားရတော့သည်။
သူ၏ အတွင်းဒဏ်ရာများမှာ ယခုအချိန်အထိ ပြန်လည်ကုသခြင်း မရှိသေးသဖြင့်... သူ၏ ပါးစပ်တွင်းမှ သွေးများ အဆက်မပြတ် စီးကျလာခဲ့ရရှာသည်။
သူသည် မိမိ၏ ခန္ဓာကိုယ်အတွင်းမှ မတွေးဝံ့စရာကောင်းလောက်အောင် ပြင်းထန်လှသော နာကျင်မှုများကို အလူးအလဲ ခံစားနေရသော်လည်း... ဤနေရာမှ အမြန်ဆုံး လွတ်မြောက်နိုင်ရန်အတွက် မိမိကိုယ်မိမိ အားတင်းကာ အစွမ်းကုန် ကြိုးစားပြေးလွှားနေခဲ့မိ၏။
အတန်ကြာပြီးနောက်... သူသည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်မိရင်း မိမိ၏ အနောက်ဘက်ဆီသို့ လှမ်း၍ ပြန်လည်အကဲခတ်ကြည့်ရှုလိုက်သည်။
"အရာအားလုံး ပျက်စီးသွားခဲ့ပြီပဲ... လွန်ခဲ့တဲ့ နာရီအနည်းငယ်လောက်ကတင် ဒီနေရာမှာ ကျယ်ပြောလှတဲ့ တောအုပ်ကြီးတစ်ခု ရှိနေခဲ့တာကို... အခုတော့ အရာအားလုံးက ပြာအတိ ဖြစ်သွားခဲ့ရပြီ၊ ဒါက တကယ့်ကို ဘယ်လိုမျိုး နေရာကြီးလဲ..."
ယိုဟန်သည် ယခုအခါ၌ လုံးဝ တည်ရှိခြင်းမရှိတော့သော ထိုတောအုပ်ကြီးအတွင်းမှ နောက်ဆုံးတွင် အောင်မြင်စွာ ထွက်ခွာနိုင်ခဲ့ပြီ ဖြစ်သဖြင့် မိမိကိုယ်မိမိ တီးတိုးရေရွတ်လိုက်မိသည်။ သူသည် ဘေးကင်းသွားခဲ့ပြီဖြစ်၍ ဝမ်းသာပီတိ ဖြစ်သွားခဲ့ရသော်လည်း... ရုတ်ချည်းဆိုသလိုပင် တစ်စုံတစ်ခုသော အရာက သူ၏ လည်ပင်းဆီသို့ ပြင်းထန်စွာ လာရောက်ထိမှန်သွားခဲ့ရသည်။
"ဒါက ဘာကြီးလဲ..." ယိုဟန်က တီးတိုးရေရွတ်လိုက်မိရင်း သူ၏လက်ကို လည်ပင်းဆီသို့ ပို့လွှတ်လိုက်ရာ... သေးငယ်လှသော မြှားတို လေးတစ်ခုကို ဆွဲထုတ်လိုက်မိသည်။
တုံ
[သတိပေးချက် - အရှင်၏ ခန္ဓာကိုယ်အတွင်းသို့ ပြင်ပမှ မလိုလားအပ်သော အဆိပ်အတောက် ပစ္စည်းတစ်ခု စိမ့်ဝင်သွားခဲ့ပါပြီ။]
ယိုဟန်သည် သူ၏ ဦးခေါင်းတစ်ခုလုံး မူးဝေနောက်ကျိလာသည်ကို ခံစားလိုက်ရသဖြင့် သူ၏ မျက်နှာအမူအရာမှာ တစ်ဖန် မည်းမှောင်သွားခဲ့ရပြီး... နောက်တစ်စက္ကန့်၌ သူသည် မြေပြင်ပေါ်သို့ ဆလန့်တိုက်လဲကျသွားခဲ့ရတော့သည်။ သူ၏ မျက်စိအစုံအရှေ့ရှိ အရာအားလုံးမှာ တဖြည်းဖြည်း မှောင်အတိ ကျဆင်းသွားခဲ့ရမိရင်း... သူသည် ထပ်မံ၍ သတိလစ်မေ့မြောသွားခဲ့ရတော့၏။