"သခင်မအီဗလင်း အဆင်ပြေရဲ့လား..." ကာနာသည် မိမိ၏အရှေ့တွင် မတ်တတ်ရပ်နေသော အာနားကို ကြည့်ရင်း အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ကာ မေးမြန်းလိုက်သည်။
အာနားက ကာနာကို ကြည့်၍ ဦးခေါင်းညိတ်ပြလိုက်၏။
"သခင်မ အီဗလင်း အခုတော့ အခြေအနေ ကောင်းသွားပါပြီ၊ သူမ ပင်ပန်းနေပေမဲ့ အချိန်အနည်းငယ်လောက်ပဲ လိုအပ်တော့မှာပါ... သူမရဲ့ ခန္ဓာကိုယ်က အလိုအလျောက် ပြန်လည်ကုသနေပြီမို့ နောက်ဆုံးမှာတော့ ပြန်ပြီး ကောင်းမွန်လာပါလိမ့်မယ်၊ မင်း ဘာကိုမျှ စိုးရိမ်ပူပန်နေစရာ မလိုပါဘူး..." အာနားက ကာနာကို ပြန်လည်ဖြေကြားလိုက်သည်။
ပြီးနောက် သူမက လေးနက်လှသော မျက်နှာအမူအရာဖြင့် စိုက်ကြည့်လိုက်ကာ...
"ပတ်ဝန်းကျင်တစ်ခုလုံးမှာ ထူးခြားဆန်းပြားတဲ့ လက္ခဏာမျိုးကိုများ သတိပြုမိသေးလား..." အာနားက စိုးရိမ်ပူပန်နေသော မျက်နှာအမူအရာဖြင့် မေးမြန်းလိုက်၏။
"မရှိပါဘူး... အားလုံး အဆင်ပြေပါတယ်၊ ဟင်းလင်းပြင်ဝင်ပေါက် ပေါ်လာမယ့် အရိပ်အယောင်မျိုး လုံးဝမရှိသေးဘူး၊ မင်း ဘာမှမစိုးရိမ်နဲ့... သခင်မလေး အီဗလင်းကိုသာ သေသေချာချာ ပြုစုစောင့်ရှောက်ပေးထားပါ၊ ကျန်တဲ့ကိစ္စအားလုံးကို ငါ့အပေါ်မှာပဲ ပုံအပ်ထားလိုက်စမ်း... တကယ်လို့ ဟင်းလင်းပြင်ဝင်ပေါက် ပေါက်ကွဲထွက်လာခဲ့ရင်တောင် ငါ့ဘာသာငါ အဆင်ပြေအောင် စီမံခန့်ခွဲနိုင်ပါတယ်..." ကာနာက ထိုစကားလုံးများကို ဆိုလိုက်ရင်း အာနားကို ပြန်လည်ဖြေကြားလိုက်သည်။
"အစ်မကြီးကိုပဲ အားကိုးရတော့မှာပဲ..." အာနားက ကာနာကို ကြည့်၍ ပြုံးပြလိုက်ရင်း ထိုစကားလုံးများကို ဆိုလိုက်ပြီးနောက် ရုတ်ချည်း ပျောက်ကွယ်သွားခဲ့တော့သည်။
ကာနာသည် အာနား၏ ပါးစပ်ဖျားမှ ထိုစကားလုံးများကို ကြားလိုက်ရသည့်အခါ ပြုံးလိုက်မိပြီး... နောက်တစ်စက္ကန့်၌ သူမသည်လည်း ဟင်းလင်းပြင်အတွင်း၌ ရုတ်ချည်း ပျောက်ကွယ်သွားခဲ့တော့၏။
ဟင်းလင်းပြင်အတွင်း၌!
"တောက်... ခွေးမသား၊ မင်းက ငါ့လူနှစ်ယောက်ကိုတောင် သတ်ဖြတ်ပစ်ရဲတယ်ပေါ့... ဒီနေရာကနေ မင်း ခန္ဓာကိုယ်အစိတ်အပိုင်း စုံစုံလင်လင်နဲ့ အသက်ရှင်လျက် ထွက်သွားနိုင်ဖို့ လုံးဝ မမျှော်လင့်နဲ့တော့..." မိစ္ဆာသတ္တဝါများထဲမှ တစ်ကောင်က ပြင်းထန်လှသော သတ်ဖြတ်ခြင်းအငွေ့အသက်များနှင့်အတူ ယိုဟန်ကို စိုက်ကြည့်ရင်း ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။
၎င်းတို့၏ မျက်နှာထက်ရှိ သတ်ဖြတ်ခြင်းအငွေ့အသက်များကို မြင်တွေ့လိုက်ရသည့်ခဏ၌ ယိုဟန်သည် ထိတ်လန့်တုန်လှုပ်စွာဖြင့် တံတွေးကို အနိုင်နိုင် မျိုချလိုက်မိရပြီး... သူ၏ မျက်နှာအမူအရာတစ်ခုလုံး မည်းမှောင်သွားခဲ့ရ၏။ သူသည် အခုလိုမျိုး အခြေအနေမျိုးကို လုံးဝ မမျှော်လင့်ထားခဲ့ပါချေ။
သူက မိမိအနေဖြင့် ၎င်းတို့၏ လူနှစ်ယောက်ကို သတ်ဖြတ်ပြလိုက်ပါက ၎င်းတို့ဘက်မှ မိမိ၏ အင်အားကို အသိအမှတ်ပြုကာ နောက်ဆုတ်သွားလိမ့်မည်ဟု တွေးထင်ထားခဲ့သော်လည်း... အခြေအနေများမှာမူ သူ့အတွက် လုံးဝ အဆင်မပြေဖြစ်နေခဲ့ပြီဖြစ်သည်။ သူသည် မည်သည့်တိုက်ပွဲမျှ ထပ်မံမဆင်နွှဲရဘဲ ဤနေရာမှ ထွက်ခွာနိုင်မည့် လမ်းကြောင်းကို ရှာဖွေရန်အတွက် ဟိုဟိုဒီဒီ လျှောက်၍ အကဲခတ်ကြည့်ရှုလိုက်မိသည်။
သူသည် ထိုနေရာတွင် မတ်တတ်ရပ်နိုင်ရန်အတွက်ပင် အနိုင်နိုင် ကြိုးစားနေရခြင်းဖြစ်ပြီး၊ သစ်ပင်ကြီးဆီသို့ လွင့်စင်သွားခဲ့ရသည့် ဒဏ်ကြောင့် သူ၏တစ်ကိုယ်လုံးမှာ အလွန်အမင်း ထိခိုက်ပျက်စီးနေခဲ့ပြီဖြစ်သည်။
"တောက်..." ယိုဟန်သည် မိမိ၏ ကံကြမ္မာကိုသာ ကျိန်ဆဲလိုက်မိရင်း ထိုမိစ္ဆာနှစ်ကောင်ကို စိုက်ကြည့်လိုက်မိသည်။
နောက်တစ်စက္ကန့်၌... မိစ္ဆာသတ္တဝါများထဲမှ တစ်ကောင်မှာ သူ၏အရှေ့တွင် ရုတ်ချည်း ပေါ်လာခဲ့ပြီးနောက် သူ၏ မျက်နှာတည့်တည့်သို့ လက်သီးဖြင့် အရှိန်အဟုန်ပြင်းစွာ ထိုးနှက်ပစ်လိုက်သဖြင့်၊ ယိုဟန်သည် ကုန်တင်ကားကြီးတစ်စီးဖြင့် အတိုက်ခံလိုက်ရသလိုမျိုး ပြင်းထန်လှသော အင်အားကို ခံစားလိုက်ရတော့သည်။
ယိုဟန်သည် ဤအခြင်းအရာကို လုံးဝ မမျှော်လင့်ထားခဲ့ပါချေ။ သို့သော် ပို၍ ဆိုးရွားသည်မှာ... နောက်တစ်စက္ကန့်၌ ကျန်ရှိနေသော အခြားတစ်ကောင်ကပါ ထပ်မံပူးပေါင်းလာခဲ့ပြီး သူ၏ ဝမ်းဗိုက်တည့်တည့်သို့ လက်သီးဖြင့် ပြင်းထန်စွာ ထပ်မံထိုးနှက်ပစ်လိုက်ခြင်း ဖြစ်ပေသည်။
ထိုလက်သီးချက်သည် သူ၏ ဝမ်းဗိုက်တည့်တည့်သို့ ကျရောက်သွားခဲ့ရသည့်ခဏ၌... သူသည် မီတာရာဂဏန်းအကွာအဝေးဆီသို့ လွင့်စင်သွားခဲ့ရပြီးနောက် ကျောက်ဆောင်ကုန်းကလပ်ကြီးဆီသို့ အရှိန်အဟုန်ပြင်းစွာ ဝင်ဆောင့်မိသွားခဲ့တော့၏။
"တောက်..." သူ၏ ပါးစပ်နှင့် နှာခေါင်းထဲမှ သွေးများ အရှိန်အဟုန်ပြင်းစွာ စီးကျလာခဲ့မိရင်း သူက နာကျင်စွာ ညည်းတွားလိုက်မိသည်။
သူ၏ ခန္ဓာကိုယ်က ကျောက်ဆောင်ကုန်းကလပ်ကြီးနှင့် ပြင်းထန်စွာ ဝင်ဆောင့်မိသွားခဲ့ရသည့်ခဏ၌... ထိုကြီးမားလှသော ကျောက်ဆောင်ကုန်းကလပ်ကြီးထက်တွင် အက်ကြောင်းများ ရုတ်ချည်း ထွက်ပေါ်လာခဲ့ရပြီး၊ နောက်တစ်စက္ကန့်၌ ကျောက်ဆောင်တစ်ခုလုံးမှာ အပိုင်းပိုင်းအစစ ကြေမွလျက် ပြိုကျပျက်စီးသွားခဲ့ရတော့သည်။
"ဒီခွေးမသားတွေက အုပ်စုဖွဲ့ပြီး ပူးပေါင်းတိုက်ခိုက်နေကြတာပဲ... ငါ ဒီကောင်တွေရဲ့ လက်ချက်နဲ့ အသက်မသေဘဲ ဤနေရာကနေ အမြန်ဆုံး ထွက်ခွာနိုင်မည့်နည်းလမ်းကို ရှာမှဖြစ်မယ်..." သူက ထိုစကားလုံးများကို တီးတိုးရေရွတ်လိုက်မိသည့်ခဏ၌... ဒီယာ၏ လှပလွန်းလှသော မျက်နှာလေးမှာ သူ၏အမြင်အာရုံထဲတွင် ရုတ်ချည်း ပေါ်ထွက်လာခဲ့ရသည်။
"ဟုတ်တယ်... ငါ သူမကို နောက်တစ်ကြိမ် ပြန်ပြီး တွေ့ဆုံရဦးမယ်၊ ငါ အခုလိုမျိုး နေရာမျိုးမှာ အလဟဿ အသက်အသေခံလို့ လုံးဝမဖြစ်ဘူး..." ယိုဟန်သည် မိမိကိုယ်မိမိ ပြတ်သားစွာ တွေးတောလိုက်မိသည်။
သူသည် မိမိကိုယ်မိမိ သတ္တိများ ပြန်လည်စုစည်းလိုက်မိရင်း 'အသူရာ' ဓားကြီးကို ထောက်ကာ မြေပြင်ပေါ်မှနေ၍ အနိုင်နိုင် ပြန်လည်ထတ်ရပ်လိုက်၏။ ပြီးနောက် သူ၏အကြည့်များသည် တိကျသော အရပ်မျက်နှာတစ်ခုဆီသို့ ရောက်ရှိသွားခဲ့ရရာ... ထိုမိစ္ဆာနှစ်ကောင်မှာ လက်ထဲတွင် လှံများကို တင်းကျပ်စွာ ဆုပ်ကိုင်ထားခဲ့ကြမိရင်း လျှပ်စီးကဲ့သို့ မြန်ဆန်သော အရှိန်နှုန်းဖြင့် မိမိရှိရာဆီသို့ အရှိန်အဟုန်ပြင်းစွာ ပြေးဝင်လာနေကြပြီ ဖြစ်သည်။
[ခြေလှမ်းတစ်ထောင် ဓားသိုင်းနည်းစနစ်၊ ပထမပုံစံ - အသူရာ]
ရုတ်ချည်းဆိုသလိုပင်... ယိုဟန်သည် မိစ္ဆာကောက်ရိတ်သမား၏ အရှေ့တည့်တည့်တွင် လျှပ်တပြက် ပေါ်လာခဲ့သည်။ သူသည် လျှပ်စီးကဲ့သို့ မြန်ဆန်သော အရှိန်နှုန်းဖြင့် မိမိ၏ ဓားကို စည်းချက်ကျကျ ဝှေ့ယမ်းလိုက်မိရင်း... တစ်ချက်တည်းဖြင့် ပြင်းထန်လှသော ဓားချက်ပေါင်း ၃၀ ကျော်ကို အရှိန်အဟုန်ပြင်းစွာ ဆက်တိုက်ဆင့်ကဲ ပစ်လွှတ်လိုက်ကာ ထိုမိစ္ဆာကောက်ရိတ်သမားတစ်ကောင်၏ ခန္ဓာကိုယ်ကို အပိုင်းပိုင်းအစစဖြစ်အောင် ကောင်းစွာ ခုတ်ဖြတ်ပစ်လိုက်တော့သည်။
တုံ
[ဂုဏ်ယူပါသည်။ အရှင်သည် အဆင့် (၂) မိစ္ဆာကောက်ရိတ်သမားကို အောင်မြင်စွာ သတ်ဖြတ်နိုင်ခဲ့သဖြင့် ဝိညာဉ်အမြုတေ တစ်ခုကို ရရှိခဲ့ပါသည်။]
သူသည် ထိုမိစ္ဆာသတ္တဝါကို သတ်ဖြတ်ပြီးနောက် သူ၏စိတ်ထဲတွင် ထိုသတိပေးချက်စနစ်သံကို ထပ်မံ၍ ကြားလိုက်ရပြန်ပြီး... သူသည် မြေပြင်ပေါ်သို့ ဒူးထောက်လျက် သွေးတစ်လုပ် ပြင်းထန်စွာ အန်ချလိုက်မိရတော့သည်။
"တောက်... ဒါက တကယ့်ကို အန္တရာယ်ကြီးလွန်းတာပဲ၊ ငါ့ရဲ့ လက်ရှိ ခန္ဓာကိုယ်အခြေအနေနဲ့ အခုလိုမျိုး တိုက်ကွက်ကို ထုတ်သုံးဖို့ဆိုတာ တကယ့်ကို မိုက်ရူးရဲဆန်လွန်းတယ်..."
ယိုဟန်သည် ထိုမိစ္ဆာသတ္တဝါကို သတ်ဖြတ်ပြီးနောက် သူ၏ ဦးခေါင်းတစ်ခုလုံး မူးဝေလာခဲ့ရသဖြင့် ထိုစကားလုံးများကို တီးတိုးရေရွတ်လိုက်မိသည်။ ပြီးနောက် သူ၏အကြည့်များသည် နောက်ဆုံးကျန်ရှိနေသော မိစ္ဆာသတ္တဝါကြီး ရှိရာဆီသို့ ရောက်ရှိသွားခဲ့ရာ... ထိုကောင်သည် မိမိ၏ နောက်ဆုံးလူမှာ အစိပ်စိပ်အမွှာမွှာ ခုတ်ဖြတ်သတ်ဖြတ်ခြင်း ခံလိုက်ရသည်ကို မြင်တွေ့လိုက်ရသဖြင့် ဇဝေဇဝါ ဖြစ်နေသော မျက်နှာအမူအရာဖြင့် သူ့ကို စိုက်ကြည့်နေခဲ့မိ၏။
ပတ်ဝန်းကျင်တစ်ခုလုံးမှာ ခြောက်ခြားဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်အေးစက်သွားခဲ့ရပြီး ၎င်းတို့နှစ်ဦးစလုံး အကြည့်ချင်း ဖလှယ်လိုက်ကြမိသည်။ ယိုဟန်သည် သူ၏ လက်ရှိ ခန္ဓာကိုယ်အခြေအနေကြောင့် သိသာထင်ရှားစွာပင် အားနည်းချက် ရှိနေခဲ့ရပြီ ဖြစ်သည်။
သူသည် ထိုမိစ္ဆာကောက်ရိတ်သမားများနှင့် ပြင်းထန်လှသော တိုက်ပွဲကို ဆင်နွှဲခဲ့ရပြီးနောက် ပင်ပန်းနွမ်းနယ်လွန်းလှသဖြင့် သူ၏မျက်လုံးများကို ဖွင့်ထားနိုင်ရန်အတွက်ပင် အနိုင်နိုင် ကြိုးစားနေရရှာသည်။
၎င်းတို့သည် မိမိကို ဘာဖြစ်လို့ အခုလိုမျိုး အမဲလိုက် သတ်ဖြတ်နေကြသလဲဆိုသည်ကိုပင် သူ ကောင်းစွာ မသိရှိနိုင်သေးချေ။ သို့သော် ၎င်းတို့အား မိမိကို ဘာဖြစ်လို့ သတ်ချင်နေရတာလဲဟူ၍ မေးမြန်းနေခြင်းမှာလည်း တကယ့်ကို မိုက်မဲလွန်းလှသည့်အပြင်၊ မိမိ လက်ရှိ ရောက်ရှိနေသော နေရာမှာ မည်သို့သော နေရာမျိုးဖြစ်သည်ကိုလည်း သူ ကောင်းစွာ မသိရှိနိုင်သေးပါချေ။
ယိုဟန်၏ စိတ်ထဲတွင် ကိစ္စရပ်ပေါင်းများစွာ ရှုပ်ထွေးစွာ ဖြစ်ပေါ်နေခဲ့သော်လည်း... သူ၏ အဓိက ဦးစားပေး ရည်မှန်းချက်မှာမူ ဤနေရာမှနေ၍ အသက်ရှင်လျက် ထွက်ခွာနိုင်ရန်အတွက်သာ ဖြစ်ပေသည်။
သူသည် နောက်ဆုံးကျန်ရှိနေသော မိစ္ဆာကို သတ်ဖြတ်ရန်အတွက် သူ၏ ရည်မှန်းချက်ပန်းတိုင်နှင့် လက်တစ်ကမ်းအကွာအဝေးဆီသို့ ရောက်ရှိနေခဲ့ပြီဖြစ်သော်လည်း... ဝမ်းနည်းစရာကောင်းလှသည်မှာ သူ၏ ခန္ဓာကိုယ်မှာ အကန့်အသတ်သို့ လုံးဝ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ သူသည် သူ၏ စနစ်အခြေအနေပြမျက်နှာပြင် ကို လှမ်း၍ အကဲခတ်ကြည့်ရှုလိုက်မိသည်။
[သွေးပမာဏ : ၈၀ / ၁၆၀၀]
[မှော်စွမ်းအင် : ၅၀၀ / ၁၅၀၀]
"ငါ့မှာ သွေးပမာဏနဲ့ မှော်စွမ်းအင်တွေ ကုန်ဆုံးလုနီးပါး ဖြစ်နေပြီပဲ... တကယ်လို့ ငါ 'ဟင်းလင်းပြင်လှည့်ပတ်ခြင်း ' ကို ထုတ်သုံးမယ်ဆိုရင် တစ်စက္ကန့်ကို မှော်စွမ်းအင် ၁၀၀ စီ ကုန်ဆုံးသွားမှာဖြစ်လို့... ငါ့မှာ သူ့ကို အပြီးသတ်ဖို့အတွက် အချိန် ၅ စက္ကန့်ပဲ ရှိတော့တာပေါ့၊ တကယ်လို့ ငါ့ကို သူက နောက်ထပ်တစ်ချက်လောက် ထပ်ပြီး ထိမှန်အောင် တိုက်ခိုက်နိုင်ခဲ့မယ်ဆိုရင်... ငါ တကယ့်ကို သေလူဖြစ်သွားရတော့မှာ..."
ယိုဟန်သည် မြေပြင်ပေါ်မှနေ၍ ပြန်လည်မတ်တတ်ရပ်နိုင်ရန် ကြိုးစားရင်း မိမိကိုယ်မိမိ တီးတိုးရေရွတ်လိုက်မိသော်လည်း... သူ၏ ခြေလှမ်းများမှာမူ ချော်လဲသွားခဲ့ရပြီး မြေပြင်ပေါ်သို့ ပြိုလဲကျသွားခဲ့ရပြန်သည်။ သူသည် ထိုမိစ္ဆာသတ္တဝါကြီး အူတူတူဖြင့် မတ်တတ်ရပ်နေသော အရပ်မျက်နှာဆီသို့ လှမ်း၍ စိုက်ကြည့်လိုက်မိ၏။ ထိုမိစ္ဆာသည်လည်း သတိပြန်လည်လာခဲ့ပြီးနောက်... မိမိကို မျက်လုံးများ တစ်ဝက်မျှသာ ဖွင့်လျက် အားနည်းစွာ စိုက်ကြည့်နေသော ယိုဟန်ကို ပြန်လည် ကြည့်ရှုလိုက်သည်။
"တောက်... ယုတ်ညံ့တဲ့ လူသား၊ မင်းက ဘယ်လိုမျိုး သတ္တိနဲ့ ငါ့လူတွေကို အခုလိုမျိုး လုပ်ရဲတာလဲ..."
ယိုဟန်က မိမိ၏ အဖော်ဖြစ်သူကို ခန္ဓာကိုယ်တစ်ခုလုံး အစိပ်စိပ်အမွှာမွှာဖြစ်အောင် အပိုင်းပိုင်းအစစ ခုတ်ဖြတ်သတ်ဖြတ်ပစ်ခဲ့သဖြင့် မြေပြင်ပေါ်တွင် ပြန့်ကျဲလဲလျောင်းနေခဲ့ကြသော ၎င်းတို့၏ ရုပ်အလောင်းများကို ကြည့်ရင်း ထိုမိစ္ဆာသတ္တဝါကြီးမှာ ဒေါသတကြီး ဟိန်းဟူးအော်ဟစ်လိုက်တော့သည်။
"မင်းလို မိစ္ဆာမျိုးဆက်က... ငါတို့ကို သတ်ဖြတ်ပြီးတဲ့နောက်မှာ ဒီနေရာကနေ အေးအေးဆေးဆေး ထွက်ခွာခွင့်ရလိမ့်မယ်လို့ ထင်နေတာလား၊ မင်းကို သတ်ဖို့အတွက် စောင့်ဆိုင်းနေကြတဲ့သူတွေ ဒီထက်မက ပိုပြီး ရှိသေးတယ်... မင်း ငါတို့ကို သတ်ပစ်လိုက်ရင်တောင်မှ ဒီအမဲလိုက်ခြင်းက လုံးဝ ရပ်တန့်သွားမှာ မဟုတ်ဘူး..." ထိုမိစ္ဆာကြီးက ထိုစကားလုံးများကို လှောင်ပြောင်စွာ အော်ဟစ်၍ ဆိုလိုက်၏။
[ဟင်းလင်းပြင်လှည့်ပတ်ခြင်း ]
ယိုဟန်သည် မိမိ လဲလျောင်းနေခဲ့သော နေရာမှနေ၍ ရုတ်ချည်း ပျောက်ကွယ်သွားခဲ့ပြီးနောက်... ထိုမိစ္ဆာကောက်ရိတ်သမားများ၏ ခေါင်းဆောင်ဖြစ်သူ၏ အနောက်တည့်တည့်တွင် လျှပ်တပြက် ပေါ်လာခဲ့ကာ၊ သူ၏ ဓားဖြင့် အနောက်ဘက်မှနေ၍ ၎င်း၏ လည်ပင်းကို အဆုံးထိ ဖောက်ထွင်းပစ်လိုက်တော့သည်။
"မင်းတို့လို မိစ္ဆာမျိုးကောင်တွေ ဘာပြောပြော ငါ လုံးဝ ဂရုမစိုက်ဘူး... ငါ့အတွက် ခန္ဓာကိုယ် ပြန်လည်ကုသဖို့ အချိန်အနည်းငယ်ပဲ လိုအပ်တာ..." ယိုဟန်က တီးတိုးရေရွတ်လိုက်ရင်း ထိုကောင်၏ ဦးခေါင်းကို သူ၏ ခန္ဓာကိုယ်ပေါ်မှနေ၍ ပြတ်တောက်သွားအောင် တစ်ချက်တည်းဖြင့် ကောင်းစွာ ဖြတ်တောက်လိုက်တော့သည်။
တုံ
[ဂုဏ်ယူပါသည်။ အရှင်သည် ပေးအပ်ထားသော တာဝန်အား အောင်မြင်စွာ ထမ်းဆောင်ပြီးဆုံးသွားခဲ့ပြီဖြစ်သဖြင့် ဝိညာဉ်အမြုတေ ကို ရရှိခဲ့ပါသည်။]
တုံ
နာမည် - လင်ယိုဟန်
ကျင့်စဉ်အဆင့် - ခန္ဓာကိုယ်သန်မာခြင်းအဆင့်၊ အဋ္ဌမအဆင့်
ကျင့်စဉ်အမျိုးအစား - သံဝါသကျင့်စဉ် / အသက်ရှူရွှံ့ရှာကျင့်စဉ်
အမွေအနှစ် - မရှိပါ။
သွေးမျိုးဆက် - မရှိပါ။
သွေးပမာဏ - ၁၆၀၀
မှော်စွမ်းအင် - ၁၅၀၀
ဆွဲဆောင်မှုစွမ်းရည် - ၂၈၀
အရှိန်နှုန်း - ၉၈၀
ကာယဗလခွန်အား - ၁၆၀၀
စွမ်းရည် - ခြေလှမ်းတစ်ထောင် ဓားသိုင်းနည်းစနစ် / ဟင်းလင်းပြင်လှည့်ပတ်ခြင်း
ဝိညာဉ်လက်နက် - အသူရာ [ကောင်းကင်ဘုံကျိန်စာသင့်ဓား]
ဝိညာဉ်အမြုတေ - ၄ ခု [အချက်အလက်များကို ပိတ်ဆို့ထားပါသည်]