"သူ့လက်ထဲက အရာက ဘာကြီးလဲ။ အဲဒီဓားက ဘယ်ကနေ ဘယ်လို ရုတ်တရက် ပေါ်လာတာလဲ။ သူ ဒါကို ဘယ်လိုလုပ်လိုက်တာလဲ။ သူက ရုပ်ဖျက်ထားတဲ့ မှော်ဆရာ များလား၊ ဒါမှမဟုတ် အဆင့်မြင့်မိစ္ဆာတစ်ကောင်လား။"
ယိုဟန်၏လက်ထဲရှိ 'အသူရာ' ဓားကို ကြည့်ရင်း ထိုမိစ္ဆာသတ္တဝါသုံးကောင်သည် ရုတ်တရက် ခြေလှမ်းများ တောင့်တင်းသွားကြသည်။
"သူ တစ်ခုခု လှည့်စားနေတာပဲ။ မင်းတို့တွေ သူ့အကွက်ထဲ မဝင်စေနဲ့၊ သတိနဲ့နေကြ။ အဲဒီလိုမျိုး လုပ်နိုင်တာ အဆင့်မြင့်မိစ္ဆာတွေပဲ ရှိတာ။ သူက သာမန်လူသားတစ်ယောက်ပဲ၊ သူ့ဆီကနေ မိစ္ဆာစွမ်းအင်မျိုး ငါ လုံးဝ အာရုံမခံမိဘူး။"
မိစ္ဆာကောက်ရိတ်သမားတစ်ကောင်က ကျန်နှစ်ကောင်ကို လှည့်ပြောလိုက်ပြီးနောက် သူတို့ကို ဒေါသတကြီး စိုက်ကြည့်နေသော ယိုဟန်ထံသို့ အကြည့်များ ပို့လွှတ်လိုက်သည်။
ပြီးနောက် နောက်တစ်ခဏ၌ မိစ္ဆာကောက်ရိတ်သမားများအနက် တစ်ကောင်က ယိုဟန်ကို စတင်တိုက်ခိုက်ရန် ဦးဆောင်ပြေးဝင်လာခဲ့တော့သည်။
ဂလင်... ဂလင်... ဂလင်
သူသည် မည်သည့်နေရာမှ ရောက်ရှိလာသည်မသိဘဲ ယိုဟန်၏အရှေ့တည့်တည့်တွင် ရုတ်တရက် ပေါ်လာပြီး သူ၏လက်နက်ဖြစ်သော လှံဖြင့် ယိုဟန်၏နှလုံးသားကို ဖောက်ထွင်းရန် ကြိုးပမ်းလိုက်သည်။
ယိုဟန်မှာ အံ့ဩသွားသော်လည်း နေဗိမာန်ဟင်းလင်းပြင် အတွင်းရှိ လေ့ကျင့်မှုများကြောင့် သူ၏အာရုံခံစားမှုများက အလွန် ထက်မြက်နေခဲ့ပြီဖြစ်သည်။ ထိုကောင်သည် မိမိ၏နှလုံးသားကို ဦးတည်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သတိပြုမိလိုက်သဖြင့် ယိုဟန်သည် လှံ၏တိုက်ကွက်ကို 'အသူရာ' ဓားဖြင့် အလျင်အမြန် ခုခံကာကွယ်လိုက်သည်။
ယိုဟန်သည် ၎င်း၏တိုက်ကွက်များကို လျှပ်စီးကဲ့သို့ မြန်ဆန်သော အရှိန်နှုန်းဖြင့် ပယ်ဖျက်နိုင်လိမ့်မည်ဟု မထင်မှတ်ထားခဲ့သဖြင့် ကျန်ရှိသော မိစ္ဆာနှစ်ကောင်မှာ ဆွံ့အသွားခဲ့ကြရသည်။ ထိုအခြင်းအရာကို မြင်လိုက်ရသည့်အခါ ပြေးဝင်တိုက်ခိုက်သော မိစ္ဆာသည် ဒေါသအလိပ်လိပ် ထွက်လာပြီး သွားကို ကြိတ်ကာ ယိုဟန်ကို ကန်ပစ်လိုက်တော့သည်။
"တောက်..."
ယိုဟန်သည် ထိုအကန်ကို ခုခံလိုက်သော်လည်း ၎င်း၏နောက်ကွယ်မှ အင်အားမှာ သူတွေးထင်ထားသည်ထက် များစွာ ပိုမိုပြင်းထန်နေခဲ့သည်။ သူသည် ကြီးမားလှသော သစ်ပင်ကြီးဆီသို့ လွင့်စင်သွားခဲ့ပြီးနောက် မြေပြင်ပေါ်သို့ ဒူးထောက်လျက် သွေးတစ်လုပ် အန်ချလိုက်ရတော့သည်။
"ဒီကောင်တွေက ပိုပြီး အားကောင်းနေပါလား။ ငါ ဒီကောင်တွေကို အနိုင်ယူဖို့ နည်းလမ်းတစ်ခုခု ရှာမှဖြစ်မယ်၊ ငါ သူတို့ကို ဆက်ပြီး တောင့်မခံနိုင်တော့ဘူး။ ဒါက ငါ့ရဲ့ စွမ်းဆောင်ရည် အကန့်အသတ်ထက် ကျော်လွန်နေပြီ။" ယိုဟန်က တီးတိုးရေရွတ်လိုက်သည်။
ထိုမိစ္ဆာသည် ယိုဟန်၏ ပါးစပ်ဖျားမှ စကားလုံးများကို ကြားလိုက်ရသည့်အခါ သဘောကျစွာ ပြုံးလိုက်ပြီး ရက်စက်ယုတ်မာစွာ ရယ်မောရင်း ယိုဟန်ထံသို့ ချဉ်းကပ်လာခဲ့သည်။ သို့သော် ရုတ်ချည်းဆိုသလိုပင် သူ၏ရင်ဘတ်ဆီမှ အေးစိမ့်လှသော နာကျင်မှုကို ခံစားလိုက်ရသဖြင့် သူ၏မျက်နှာမှာ ပျက်ယွင်းသွားခဲ့ရတော့သည်။
နောက်တစ်စက္ကန့်၌ သူ၏အကြည့်များသည် မိမိ၏အရှေ့တွင် မတ်တတ်ရပ်လျက် ပြုံးနေသော ယိုဟန်ထံသို့ ရောက်ရှိသွားခဲ့သည်။
"ငါက နောက်လိုက်တာပါကွာ... မင်းက တကယ့်ကို အူတူတူနဲ့ ငတုံးပဲ။ ဟက်... မင်း ငါ့အကွက်ထဲ ဝင်သွားပြီ။" ယိုဟန်က တီးတိုးရေရွတ်လိုက်ရင်း သူ၏ဓားကို မိစ္ဆာ၏နှလုံးသားတည့်တည့်သို့ အဆုံးထိ ဖောက်ထွင်းပစ်လိုက်သည်။
မိစ္ဆာသည် မိမိကိုယ်တိုင် မည်သို့ဖြစ်ပျက်သွားသည်ကို နားမလည်နိုင်ဘဲ ယိုဟန်ကို လေးနက်လှသော အကြည့်များဖြင့် စိုက်ကြည့်နေခဲ့သည်။ သူသည် ယိုဟန်၏အရှေ့တွင် ဒူးထောက်လျက် လဲကျသွားပြီး သူ့ကို စိုက်ကြည့်နေခဲ့မိ၏။
"မင်း ငါ့နှလုံးသားကို ဒီဓားနဲ့ မထိုးခင်ကတည်းက... မင်း ငါ့ကို လှည့်စားခဲ့တာပေါ့။" သူက ယိုဟန်၏ မျက်ဝန်းများကို စိုက်ကြည့်ရင်း မယုံကြည်နိုင်စွာဖြင့် ပြောလိုက်သည်။ သူ အခုလိုမျိုး သေဆုံးရတော့မည်ကို လုံးဝ လက်မခံနိုင်ဖြစ်နေခဲ့ရ၏။
လွန်ခဲ့သော ခဏလေးကတင် သူသည် ယိုဟန်ကို လှောင်ပြောင် သရော်နေခဲ့ပြီး သူ့ကို ကန်ပစ်နိုင်ခဲ့သဖြင့် ပျော်ရွှင်နေခဲ့ကာ ဤလူသားကို သတ်ဖြတ်တော့မည် ဖြစ်သည်။ သို့သော် ဝမ်းနည်းစရာကောင်းလှသည်မှာ ကိစ္စရပ်အားလုံးက သူ လုံးဝ မမျှော်လင့်ထားသော အခြေအနေမျိုးဖြင့် တစ်ခဏအတွင်းမှာတင် ပြောင်းလဲသွားခဲ့ခြင်း ဖြစ်ပေသည်။
ယိုဟန်သည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်မိရင်း ထိုမြင်ကွင်းကို ကြည့်ကာ တစ်ကိုယ်လုံး တောင့်တင်းနေကြဆဲဖြစ်သော ကျန်ရှိသည့် မိစ္ဆာနှစ်ကောင်ထံသို့ အကြည့်များကို ပို့လွှတ်လိုက်သည်။
ယိုဟန်သည် မိမိ၏အရှေ့တွင် ဒူးထောက်နေသော မိစ္ဆာထံသို့ ချဉ်းကပ်သွားရင်း ၎င်းတို့နှစ်ကောင်ကို လှမ်း၍ ပြုံးပြလိုက်သည်။ သူ၏မိစ္ဆာကျိန်စာသင့်ဓား 'အသူရာ' မှာမူ ထိုမိစ္ဆာ၏ ခန္ဓာကိုယ်အတွင်းသို့ နက်မှောင်လှသော အရှိန်အဝါများကို စိမ့်ဝင်စေလျက် ရှိနေခဲ့၏။
"မင်း ငါ့ဓားရဲ့ ဖောက်ထွင်းမှုကို ခံလိုက်ရတဲ့ အချိန်မှာ... ဒါကို သိပိုင်ခွင့် ရှိပါတယ်။ ကိစ္စကတော့ မင်း ငါ့ကို ကန်လိုက်တဲ့ အချိန်မှာတင် ငါက အဲဒီအခွင့်အရေးကို အသုံးချပြီး မင်းကို ပြန်ပြီး တိုက်ခိုက်လိုက်တာပဲ။ အခုတော့ ငရဲကိုသာ သွားပေတော့။"
ယိုဟန်က တီးတိုးရေရွတ်လိုက်ရင်း ထိုမိစ္ဆာ၏ လည်ပင်းကို လက်ဖြင့် လှမ်းကိုင်ကာ တစ်ချက်တည်းဖြင့် ချိုးပစ်လိုက်တော့သည်။ သူသည် ၎င်း၏လည်ပင်းကို လိမ်ချိုးဖျက်ဆီးပစ်လိုက်သည့်အခါ သူ၏မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်ထွက်လာခဲ့ပြီးနောက် ကျန်ရှိသော နှစ်ကောင်ကို လှမ်း၍ စိုက်ကြည့်လိုက်သည်။
တုံ
[ဂုဏ်ယူပါသည်။ အရှင်သည် အဆင့် (၂) မိစ္ဆာကောက်ရိတ်သမားကို အောင်မြင်စွာ သတ်ဖြတ်နိုင်ခဲ့သဖြင့် ဝိညာဉ်အမြုတေ တစ်ခုကို ရရှိခဲ့ပါသည်။]
ဤမိစ္ဆာသတ္တဝါကို သတ်ဖြတ်ပြီးနောက် ယိုဟန်၏စိတ်ထဲတွင် ထိုသတိပေးချက်စနစ်သံကို ထပ်မံ၍ ကြားလိုက်ရပြန်သည်။
"တောက်... တကယ့်ကို နာကျင်လွန်းတာပဲ။" ယိုဟန်သည် မိမိ၏စိတ်ထဲမှနေ၍ ထိုမိစ္ဆာကောက်ရိတ်သမားကို ဝပြောစွာ ကျိန်ဆဲလိုက်မိသည်။ သူသည် ပြင်းထန်လှသော အတွင်းဒဏ်ရာအချို့ကို ရရှိခဲ့သဖြင့် သူ၏တစ်ကိုယ်လုံးမှာ နာကျင်ကိုက်ခဲမှုများဖြင့် အော်ဟစ်နေခဲ့ရ၏။
စနစ်သည် သူ့ကို ကုသပေးရန်အတွက် ၎င်း၏လုပ်ငန်းစဉ်များကို လုပ်ဆောင်နေသော်လည်း ကုသမှုနှုန်းမှာ တကယ့်ကို နှေးကွေးလွန်းလှသည်။ ယိုဟန်သည် မိမိကို တည်ငြိမ်သော မျက်နှာအမူအရာများဖြင့် စိုက်ကြည့်နေကြသော ကျန်ရှိသည့် မိစ္ဆာသတ္တဝါနှစ်ကောင်ကို ကြည့်ရင်း သက်ပြင်းအရှည်ကြီးတစ်ချက် ချလိုက်မိသည်။
ယိုဟန်သည် မိမိ၏ အားနည်းချက်ကို ၎င်းတို့အား မပြသလိုသဖြင့် မိမိကိုယ်မိမိ သတ္တိများ စုစည်းလိုက်မိရင်း ၎င်းတို့နှစ်ကောင်ကို စိုက်ကြည့်ကာ ပြုံးပြလိုက်သည်။
"ဘယ်ခွေးမသားက နောက်ထပ် အလှည့်ကျ သေချင်သေးလဲ။ ငါ နောက်ဆုံးတစ်ကြိမ် ထပ်ပြီး သတိပေးမယ်... ငါ့ကို သွားခွင့်ပြုစမ်း၊ ဒါဆိုရင် ဒီနေရာမှာ ဘယ်သူတစ်ဦးတစ်ယောက်မျှ သေဆုံးစရာ လိုမှာမဟုတ်ဘူး။" ယိုဟန်က တီးတိုးရေရွတ်လိုက်သည်။
ယိုဟန်သည် ထိုမိစ္ဆာရုပ်သွင်နှစ်ခုကို စိုက်ကြည့်လိုက်မိရင်း... သေဆုံးသွားသော မိစ္ဆာ၏ ခန္ဓာကိုယ်အတွင်းမှ သူ၏ဓားကို ပြန်လည် ဆွဲထုတ်လိုက်ကာ ပြင်းထန်လှသော သတ်ဖြတ်ခြင်းအငွေ့အသက်များနှင့်အတူ ၎င်းတို့ထံသို့ ဓားဖြင့် ချိန်ရွယ်လိုက်တော့သည်။
ဟင်းလင်းပြင်ဝင်ပေါက်၌!
"မင်း ဒီနေရာမှာပဲ နေခဲ့ပြီး ဟင်းလင်းပြင်ဝင်ပေါက် ပြန်ပြီး ပေါ်လာမယ့်အချိန်ကို တကယ်ပဲ စောင့်ဆိုင်းနေချင်တာ သေချာလို့လား။" ကာနက အာဂျွန်ကို လှမ်းကြည့်ရင်း ထိုစကားလုံးများကို မေးမြန်းလိုက်သည်။
အာဂျွန်မှာမူ တိကျသော အရပ်မျက်နှာတစ်ခုဆီသို့ စိုက်ကြည့်နေခဲ့မိရင်း ယိုဟန်၏ အခြေအနေအတွက် တကယ့်ကို စိုးရိမ်ပူပန်နေခဲ့မိ၏။ ကာနသည်လည်း သခင်မလေး အီဗလင်း၏ အမိန့်အရ ပတ်ဝန်းကျင်တစ်ခုလုံးကို သေသေချာချာ အကဲခတ်ကြည့်ရှုနေခဲ့သည်။
အာဂျွန်က အသက်ကို ပြင်းပြင်းရှူသွင်းလိုက်မိရင်း ကာနာကို လှမ်းကြည့်ကာ ဦးခေါင်းညိတ်ပြလိုက်သည်။ "သခင်မလေး... ကျွန်တော် အဆင်ပြေပါတယ်။ ကျွန်တော်က သူ့အတွက်ပဲ စိုးရိမ်နေမိတာပါ၊ တကယ်လို့ အဲဒီနေရာရဲ့ အတွင်းထဲမှာ သူ့အတွက် တစ်စုံတစ်ခု ဖြစ်ပျက်သွားခဲ့မယ်ဆိုရင်... ကျွန်တော့်အနေနဲ့ သခင်ကြီးလင်ကို ဘယ်လိုမျိုး မျက်နှာချင်းဆိုင်ရတော့မှာလဲ။" သူက ကာနကို လှမ်းကြည့်ရင်း ပြန်လည် ဖြေကြားလိုက်၏။
ကာနာက သက်ပြင်းတစ်ချက် ချလိုက်မိရင်း— "အဲဒီအဖိုးကြီးက နားလည်ပေးမှာပါ၊ အဲဒီကလေးက ထိုနေရာက ဘယ်လောက်အထိ အန္တရာယ်ကြီးမားလှတယ်ဆိုတာကို သိလျက်နဲ့ကို ဟင်းလင်းပြင်ဝင်ပေါက်ရဲ့ အတွင်းထဲကို အတင်းအဓမ္မ ဝင်ရောက်သွားခဲ့တာလေ။ မင်းလည်း သခင်မအီဗလင်းရဲ့ စိတ်နေသဘောထားကို ကောင်းစွာ သိရှိနေတာပဲမလား၊ ပြီးတော့ အဲဒီကလေးက သူမရဲ့ ဒေါသကို လာပြီး ဆွပေးခဲ့တာ... တစ်ခါတရံမှာ ငါတောင်မှ သူ့ရဲ့ ဘေးနားမှာရှိနေရင် စိတ်အနှောင့်အယှက် ဖြစ်မိတယ်..." ဟု အာဂျွန်ကို လှမ်းကြည့်လျက် ဆိုလိုက်သည်။
ပြီးနောက် နောက်တစ်စက္ကန့်၌ သူမက ဆက်လက်၍ ဆိုလိုက်၏။
"ဒါက မင်းရဲ့ ရွေးချယ်မှုပါပဲ... တကယ်လို့ မင်း ဒီနေရာမှာပဲ ဆက်ပြီး နေထိုင်ချင်တယ်ဆိုရင်လည်း နေနိုင်ပါတယ်။ ဘယ်သူတစ်ဦးတစ်ယောက်မျှ မင်းကို လာပြီး အနှောင့်အယှက် ပေးကြမှာ မဟုတ်ဘူး... ဒါပေမဲ့ မကြာခင်မှာ စစ်ပွဲတစ်ခုကတော့ ပေါက်ကွဲထွက်လာတော့မှာ။
ငါ့ရဲ့ အကြံဉာဏ်ကို နားထောင်ပြီး မင်းရဲ့ မျိုးနွယ်စုဝင်းဆီကိုသာ ပြန်သွားပါဦး၊ ငါ ဒီနေရာကို သေသေချာချာ စောင့်ကြပ်ကြည့်ရှုပေးထားမှာမို့ မင်း ဘာကိုမျှ စိုးရိမ်ပူပန်နေစရာ မလိုပါဘူး။" ကာနာက ထိုစကားလုံးများကို ဆိုလိုက်ပြီးနောက် ဟင်းလင်းပြင်အတွင်း၌ ရုတ်ချည်း ပျောက်ကွယ်သွားခဲ့တော့သည်။
အာဂျွန်က အသက်ကို ပြင်းပြင်းရှူသွင်းလိုက်မိရင်း— "စိတ်မကောင်းပါဘူး သခင်လေး ယိုဟန်..." ဟု တီးတိုးရေရွတ်လိုက်မိကာ... နောက်တစ်စက္ကန့်၌ ထိုနေရာမှနေ၍ ရုတ်ချည်း ပျောက်ကွယ်သွားခဲ့တော့၏။