"တကယ်လို့ ယိုဟန်သာ ငါတို့နဲ့အတူ ဒီမှာရှိနေရင် ဒီယာကိုကြည့်ပြီး သူတကယ့်ကို ပျော်နေရှာမှာပဲ... သူ တကယ့်ကို ဒုက္ခတွေအများကြီး ခံစားခဲ့ရတာ..." အလီနာက ဒီယာ၏ ပါးပြင်ကို အသာအယာ ထိတွေ့လိုက်မိရင်း စိတ်မကောင်းစွာဖြင့် ရေရွတ်လိုက်မိသည်။
အဖိုးအိုလင်သည် အလီနာ၏ ပါးစပ်ဖျားမှ ထိုစကားလုံးများကို ကြားလိုက်ရသည့်အခါ အသက်ကို ပြင်းပြင်းရှူသွင်းလိုက်မိ၏။ အဘယ်ကြောင့်ဆိုသော် အလီနာ ဘာကို ဆိုလိုနေသည်ကို သူ ကောင်းစွာ နားလည်နေသောကြောင့် ဖြစ်သည်။
စုလင်သည်လည်း အသက်ကို ပြင်းပြင်းရှူလိုက်မိရင်း မိမိ၏ အဖေဖြစ်သူကို မျှော်လင့်ချက်အပြည့်နှင့် စိုက်ကြည့်လိုက်မိသည်။
"မင်းတို့နှစ်ယောက်စလုံး သူမရဲ့ဘေးမှာပဲ နေခဲ့ကြစမ်း... ငါ ယိုဟန်ကို သွားရှာလိုက်ဦးမယ်..." အဖိုးအိုက တီးတိုးရေရွတ်လိုက်ပြီးနောက် အနောက်သို့ လှည့်မကြည့်ဘဲ အခန်းတွင်းမှ ထွက်ခွာသွားခဲ့တော့သည်။
ဤအခြင်းအရာကို မြင်တွေ့လိုက်ရသည့်အခါ အလီနာနှင့် စူးလင်တို့သည် အကြည့်ချင်း ဖလှယ်လိုက်ကြမိ၏။
"အဖေ့ကိုကြည့်ရတာ တကယ့်ကို စိုးရိမ်ပူပန်နေတဲ့ပုံပဲ... တစ်စုံတစ်ခုက သူ့ကို စိတ်အနှောင့်အယှက် ပေးနေတာ ဖြစ်ရမယ်..." အလီနာက စုလင်ကို လှမ်းကြည့်ရင်း မေးမြန်းလိုက်သည်။
"သူ တစ်ခုခုကို ဖုံးကွယ်ထားတယ်ဆိုတာ ငါသိတာပေါ့... ဒါပေမဲ့ မင်းသိတဲ့အတိုင်းပဲ ငါ့မှာ သူ့ကို လိုက်ပြီး မေးမြန်းဝံ့တဲ့ သတ္တိမျိုး ဘယ်မှာရှိပါ့မလဲ၊ သူက ငါ့အပေါ်မှာ အစကတည်းက ဒေါသထွက်နေတာလေ..." စုလင်က သက်ပြင်းအရှည်ကြီးတစ်ချက် ချလိုက်မိရင်း တီးတိုးရေရွတ်လိုက်ကာ အလီနာ့အနီးသို့ ချဉ်းကပ်သွားခဲ့သည်။
ထို့နောက် ၎င်းတို့နှစ်ဦးစလုံးသည် ကုတင်ထက်တွင် အေးချမ်းစွာ အိပ်ပျော်နေသော ဒီယာ့ကို စိုက်ကြည့်လိုက်ကြမိရင်း တူညီသော အပြုံးတစ်ချက် ပေါ်ထွက်လာခဲ့ကြရ၏။
"သူမက တကယ့်ကို သနားစရာကောင်းတဲ့ ကလေးဘဝကို ဖြတ်သန်းခဲ့ရတာ... တစ်ခါတရံမှာ ငါ တကယ့်ကို တွေးတောမိတယ်၊ သူမက သာမန်မိသားစုတစ်ခုကနေ တကယ်ပဲ ဆင်းသက်လာတာ ဟုတ်ပါ့မလားလို့ပေါ့... သူမရဲ့ ခန္ဓာကိုယ်ပတ်ပတ်လည်က အရှိန်အဝါတွေက တကယ့်ကို နက်ရှိုင်းဆန်းပြားလွန်းလှတယ်..." အလီနာက စုလင်ကို လှမ်းကြည့်ရင်း ထိုစကားလုံးများကို ဆိုလိုက်၏။
"မင်းပြောတာ တကယ့်ကို မှန်ကန်ပါတယ်..." စုလင်က အလီနာအား ပြန်လည် ထောက်ခံလိုက်သည်။
ထိုအတောအတွင်း—
"တောက်..." အဖိုးအိုလင်သည် တံခါးကို ဝုန်းခနဲ ဆောင့်ပိတ်လိုက်မိရင်း မိမိ၏ အခန်းအတွင်းသို့ ဝင်ရောက်လာခဲ့ကာ ဆိုဖာထက်တွင် ထိုင်လိုက်ပြီး သက်ပြင်းအရှည်ကြီးတစ်ချက် ချလိုက်မိတော့သည်။
ယိုဟန်သည် အီဗလင်းနှင့်အတူ လင်မျိုးနွယ်စုဝင်းအတွင်းသို့ ပြန်လည်ရောက်ရှိမလာခဲ့သောကြောင့် သူ တကယ့်ကို စိုးရိမ်ပူပန်နေခဲ့မိခြင်း ဖြစ်၏။
"သူက သခင်မ အီဗလင်းနဲ့ ဘယ်လိုမျိုး သဘောတူညီချက်တွေ လုပ်ဆောင်ခဲ့တာလဲဆိုတာ ငါ တကယ့်ကို စဉ်းစားလို့မရနိုင်တော့ဘူး... အာဂျွန်တောင်မှ ဒီကို ပြန်မလာသေးဘူးဆိုတော့ သူက ယိုဟန်နဲ့အတူ ရှိနေသေးတာ ဖြစ်ရမယ်..." အဖိုးအိုလင်က ယိုဟန်၏အကြောင်းကို တွေးတောလိုက်မိရင်း အသက်ကို ပြင်းပြင်းရှူသွင်းလိုက်မိသည်။
သို့သော် ရုတ်ချည်းဆိုသလိုပင် သူ၏ အနောက်ဘက်တွင် လူရိပ်တစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့၏။
"ဘာတွေ ဖြစ်ပျက်ခဲ့လို့လဲ... အားလုံး အဆင်ပြေရဲ့လား..." အဖိုးအိုလင်သည် အနောက်သို့ လှည့်ကြည့်ရန်ပင် စိတ်မဝင်စားဘဲ ထိုစကားလုံးများကို မေးမြန်းလိုက်သည်။
"သခင်ကြီး... မတူညီတဲ့ မျိုးနွယ်စုအသီးသီးက လူတွေက ပန်မြို့တော် ရဲ့ ပတ်ပတ်လည်မှာ စတင်ပြီး စုရုံးနေကြပါပြီခင်ဗျာ၊ သူတို့တွေက မကြာခင်မှာ လှုပ်ရှားမှုတွေ စတင်ပြုလုပ်ကြတော့မှာပါ... ပြီးတော့ အရေးကြီးဆုံးအချက်ကတော့... 'အဆိပ်တစ်ရာတောင်ကြားဂိုဏ်း' ရဲ့ သခင်လေးကိုယ်တိုင်က အဲဒီလူတွေရဲ့ တစ်ဝက်ကျော်လောက်ကို ဦးဆောင်လာတာ ဖြစ်ပါတယ်..." ထိုလူရိပ်က သတင်းကို အလောတကြီး လျှောက်တင်လိုက်၏။
"ဝက်အုပ်တွေအားလုံး တစ်နေရာတည်းမှာ လာပြီး စုမိကြတာပေါ့... ဒါက တကယ့်ကို ကောင်းတဲ့ ကိစ္စရပ်တစ်ခုပဲ၊ ဘာပဲဖြစ်ဖြစ် အားလုံးကို တစ်ပြိုင်နက်တည်း အပြတ်အသတ် သုတ်သင်ပစ်ဖို့ ပိုပြီးတော့တောင် လွယ်ကူသွားသေးတယ်... ပြီးတော့ အဆိပ်တစ်ရာတောင်ကြားဂိုဏ်းကတော့ သူတို့ရဲ့ စည်းကို လုံးဝ ကျော်လွန်သွားခဲ့ပြီ၊ သူတို့တွေကတော့ သေလူတွေ ဖြစ်သွားကြရတော့မှာပဲ..." အဖိုးအိုက ထိုလူရိပ်အား ပြန်လည် တုံ့ပြန်လိုက်သည်။
"သခင်ကြီး... ကျွန်တော့်အနေနဲ့ နောက်ထပ် သတင်းတစ်ခုကိုလည်း လျှောက်တင်စရာ ရှိပါသေးတယ်..." ထိုလူရိပ်က ဆက်လက်၍ ဆိုလိုက်၏။
"အဲဒါက ဘာလဲ..." အဖိုးအိုက ဦးခေါင်းကို အနောက်သို့ အသာအယာ လှည့်ကြည့်လိုက်ရင်း မေးမြန်းလိုက်သည်။
"လူအချို့က မြစ်ကမ်းနားမြို့လေး ကို အပေါ်စီးကနေ စောင့်ကြည့်နေကြပါတယ်ခင်ဗျာ... သူတို့က အခုထိတော့ ဘာလှုပ်ရှားမှုမျှ မပြုလုပ်ကြသေးပေမဲ့... ကျွန်တော်တို့ မြို့အတွင်းမှာ ဖြစ်ပျက်နေတဲ့ ကိစ္စရပ်တွေကို သေသေချာချာ အကဲခတ်နေကြတာပါ..." ထိုလူက အဖိုးအိုကို စိုက်ကြည့်ရင်း လျှောက်တင်လိုက်၏။
"သူတို့က ဒီပတ်ဝန်းကျင်က မျိုးနွယ်စုတွေထဲကပဲလား..." အဖိုးအိုက မေးမြန်းလိုက်သည်။
"မဟုတ်ပါဘူး သခင်ကြီး... သူတို့က ဘယ်မျိုးနွယ်စုနဲ့မျှ မသက်ဆိုင်ပါဘူး၊ သူတို့က ဒီနေရာမှာ တစ်စုံတစ်ယောက်ကို လိုက်လံရှာဖွေနေကြတဲ့ ပုံစံမျိုးပါပဲ..." ထိုလူက ပြန်လည် ဖြေကြားလိုက်၏။
အဖိုးအိုလင်က အသက်ကို ပြင်းပြင်းရှူသွင်းလိုက်မိရင်း "လူအနည်းငယ်ကို လွှတ်ပြီး သူတို့ရဲ့ လှုပ်ရှားမှုတွေကို သေသေချာချာ စောင့်ကြည့်ခိုင်းလိုက်စမ်း... သူတို့တွေက မြို့အတွင်းကို အတင်းအဓမ္မ ဝင်ရောက်ဖို့ ကြိုးစားလာတာမျိုး၊ ဒါမှမဟုတ် ငါတို့ မျိုးနွယ်စုအပေါ် ထိခိုက်နစ်နာအောင် လုပ်ဆောင်လာတာမျိုး မရှိမချင်း ဘာလှုပ်ရှားမှုမျှ စပြီး မလုပ်ပါနဲ့ဦး..." ဟု သူက ညွှန်ကြားချက် ပေးလိုက်တော့သည်။
"အမိန့်အတိုင်းပါ သခင်ကြီး..." ထိုလူရိပ်က ပြန်လည် ခြေပလိုက်ပြီးနောက်... နောက်တစ်စက္ကန့်၌ ထိုအခန်းအတွင်းမှနေ၍ ရုတ်ချည်း ပျောက်ကွယ်သွားခဲ့တော့၏။
အဖိုးအိုလင်သည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်မိရင်း အခန်း၏ သီးသန့်အရပ်မျက်နှာတစ်ခုဆီသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းသွားခဲ့သည်။
"နောက်ဆုံးတော့... အချိန်တန်ပြီပေါ့ ဟုတ်လား..." အဖိုးအိုလင်က တီးတိုးရေရွတ်လိုက်မိရင်း... သူ၏ အဝတ်ဘီရိုအရှေ့တွင် ခြေလှမ်းများကို ရပ်တန့်လိုက်တော့၏။
အဖိုးအိုလင်၏ မျက်ဝန်းအစုံသည် ရွှေရောင်တောက်ပနေသော သံချပ်ကာအင်္ကျီနှင့် ကြီးမားလှသော ဓားကြီးတစ်စင်းထံသို့ ရောက်ရှိသွားခဲ့သည့်ခဏ၌ အလင်းတန်းများ ဖြာထွက်သွားခဲ့ရသည်။ သူသည် မိမိ၏ သံချပ်ကာအင်္ကျီကို လက်ဖြင့် အသာအယာ တို့ထိလိုက်မိရင်း... နောက်တစ်စက္ကန့်၌ သူ၏ အကြည့်များကို ဓားကြီးထံသို့ ပို့လွှတ်လိုက်၏။
"တကယ့်ကို ကြာခဲ့ပြီပဲ... ငါတို့တွေ ငါတို့ရဲ့ တကယ့် အစစ်အမှန် နေရာဖြစ်တဲ့ စစ်မြေပြင်ဆီကို ပြန်လည် သွားရမယ့် အချိန်အခါ ရောက်ရှိလာခဲ့ပြီ၊ ငါကတော့ ဒီအချိန်ကစပြီး သာမန်လူတစ်ယောက်လိုပဲ အေးအေးချမ်းချမ်း နေထိုင်သွားတော့မယ်လို့ တွေးထားခဲ့တာ... ဒါပေမဲ့ တောက်... အဲဒီခွေးမသားတွေက ငါ့ရဲ့ စိတ်ကို လာပြီး ဆွပေးနေကြတာပဲ။
ငါ အဆိပ်တစ်ရာတောင်ကြားဂိုဏ်းနဲ့ ရန်သူတွေ ဖြစ်လာလိမ့်မယ်လို့ တစ်ခါမှ မတွေးခဲ့ဖူးဘူး... အဖေကြီးရေ... စိတ်မကောင်းပါဘူးဗျာ၊ အဖေ့ရဲ့ သားက တကယ့်ကို အသုံးမကျတဲ့ ခေါင်းမာတဲ့ ကောင် ဖြစ်နေခဲ့တယ်၊ ကျွန်တော့်မှာ တခြားရွေးချယ်စရာ မရှိတော့တာမို့ ကျွန်တော့်ကို ခွင့်လွှတ်ပေးပါဦး..." အဖိုးအိုလင်က တီးတိုးရေရွတ်လိုက်မိရင်း... လက်ထဲရှိ ဓားကြီးကို ဖြည်းညှင်းစွာ ထုတ်ယူလိုက်တော့သည်။
သူသည် ထိုကြီးမားလှသော ဓားကြီးကို အိမ်မြှောင်အတွင်းမှ ဆွဲထုတ်လိုက်သည့်ခဏ၌... အခန်းတစ်ခုလုံးသည် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကြီးတစ်ခုဖြင့် ရုတ်ချည်း ဖုံးလွှမ်းသွားခဲ့ရတော့၏။
ထိုအတောအတွင်း......
မြေပြင်ထက်ရှိ အရာအားလုံးကို ရက်ရက်စက်စက် ဖျက်ဆီးပစ်နေသော မီးလုံးကြီးများ၏ ရန်မှနေ၍ မိမိ၏ အသက်ကို လုကာ တိကျသော အရပ်မျက်နှာတစ်ခုဆီသို့ အရှိန်အဟုန်ပြင်းစွာ ထွက်ပြေးနေရသော လူငယ်တစ်ဦးကို မြင်တွေ့ရပေလိမ့်မည်။
ပတ်ဝန်းကျင်တစ်ခုလုံးရှိ တောနက်ကြီးမှာမူ ပြာအတိ ဖြစ်သွားခဲ့ရပြီဖြစ်ရာ... ယိုဟန်က အနောက်ဘက်သို့ လှည့်ကြည့်လိုက်မိသည့်ခဏ၌ သူ၏ မျက်နှာတစ်ခုလုံး ပိုမို တင်းမာခက်ထန်သွားခဲ့ရပြီး၊ သူ လျှောက်လှမ်းခဲ့ရာ လမ်းကြောင်းပေါ်ရှိ အရာအားလုံးကို ရက်ရက်စက်စက် ဝါးမြိုဖျက်ဆီးပစ်နေသော မည်းမှောင်လှသည့် မီးခိုးလုံးကြီးများနှင့် ကြောက်မက်ဖွယ်ကောင်းသော မီးတောက်မီးလျှံကြီးများကိုသာ မြင်တွေ့နေရတော့သည်။
"တောက်... ဒါက ဘယ်လိုမျိုး အမှိုက်နေရာကြီးလဲဗျာ၊ အီဗလင်တစ်ယောက် ဘာတွေ ကြံစည်နေလဲဆိုတာ ငါ တကယ့်ကို စဉ်းစားလို့မရတော့ဘူး... အဲဒီအမျိုးသမီးက ငါ့ကို တကယ်ပဲ အသေသတ်ဖို့ ကြိုးစားနေတာပဲ၊ သူမက ငါ့ကို 'နတ်သမီးပွင့်လန်းခြင်းဂိုဏ်း ' ထဲ ဝင်ဖို့အတွက် လာပြီး ဖိတ်ခေါ်လိမ့်မယ်လို့ ထင်နေခဲ့တာ... ဒါပေမဲ့ ဘယ်သူက သိမှာလဲ၊ သူမက ငါ့ကို အခုလိုမျိုး သေတွင်းထဲကို တမင်သက်သက် ပို့လွှတ်ပြီး အသေသတ်လိမ့်မယ်လို့..." ယိုဟန်က ခြေလှမ်းများကို ပိုမို အရှိန်မြှင့်လိုက်မိရင်း စိတ်ထဲမှနေ၍ တတွတ်တွတ် ကျိန်ဆဲလိုက်မိတော့သည်။
သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း ချွေးစက်များဖြင့် စိုရွှဲနေခဲ့ရပြီး... သူ၏ ထွားကျိုင်းလှသော ကြွက်သားအစုံမှာ အပေါ်ပိုင်းတွင် အဝတ်ဗလာကျင်းနေခဲ့သဖြင့် ဤမည်းမှောင်လှသော ညဉ့်နက်သန်းခေါင်ယံအတွင်း၌ပင် တောက်ပစွာ လင်းလက်နေခဲ့ရ၏။
"တောက်... ငါ ဒီနေရာကနေ အမြန်ဆုံး ထွက်သွားနိုင်မယ့် လမ်းကို ရှာရမယ်၊ ပြီးတော့ ဒီနေရာမှာ ၂၄ နာရီပြည့်အောင် အသက်ရှင်သန်နိုင်မယ့် နည်းလမ်းကို ရှာဖွေရမယ်... ငါ ဒီနေရာကို ရောက်လာတာ ဘာပဲဖြစ်ဖြစ် အခုဆိုရင် နာရီအနည်းငယ်လောက်တော့ ရှိသွားခဲ့ပြီ..." ယိုဟန်က မိမိ၏ ရှိသမျှ အင်အားအားလုံးကို အစွမ်းကုန် စိုက်ထုတ်လိုက်မိရင်း ရှေ့တည့်တည့်သို့ တဟုန်ထိုး ပြေးဝင်သွားခဲ့တော့သည်။
တုံ
[အလွန်ပြင်းထန်လှသော သတ်ဖြတ်ခြင်းဆန္ဒများကို အာရုံခံမိပါသည်။ အရှင်၏ အသက်အန္တရာယ်သည် တကယ့်ကို စိုးရိမ်ရသော အခြေအနေသို့ ရောက်ရှိနေပါသည်... လျှို့ဝှက်မစ်ရှင် - 'အမဲလိုက်ခြင်း' ကိစ္စရပ်မှာ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပါသည်။ မိမိ၏ အသက်ကို ကယ်တင်နိုင်ရန်အတွက် ကျန်ရှိနေသေးသော မိစ္ဆာကောက်ရိတ်သမား ၃ ကောင်ကို အပြတ်အသတ် သတ်ဖြတ်ပစ်ရပါမည်။]
စနစ်၏ သတိပေးချက် အကြောင်းကြားစာသည် ယိုဟန်၏ စိတ်ထဲတွင် ရုတ်ချည်း ပဲ့တင်ထပ်သွားခဲ့ရာ... ထိုသတိပေးချက်ကို ကြားလိုက်ရသည့်ခဏ၌ သူ တကယ့်ကို ဆွံ့အအံ့ဩသွားခဲ့ရပြီး၊ ထိုကောက်ရိတ်သမားဆိုးကြီးများသည် အစောက ပြင်းထန်လှသော ပေါက်ကွဲမှုကြီးများအတွင်းမှာတင် သေဆုံးသွားခဲ့ကြပြီဟု သူ ထင်မှတ်ထားခဲ့မိခြင်း ဖြစ်၏။ သို့သော်လည်း သူ တကယ့်ကို မှားယွင်းသွားခဲ့ရပြီဖြစ်ရာ... ၎င်းတို့သည် အခုထိ အသက်ရှင်သန်နေကြဆဲဖြစ်ပြီး သူ့ကို မလွှတ်တမ်း လိုက်လံအမဲလိုက်နေကြဆဲ ဖြစ်ပေသည်။
"ဘာကြီးလဲဗျာ... သူတို့တွေက အဲဒီနေရာကနေ ဘယ်တုန်းကတည်းက ထွက်ခွာသွားခဲ့ကြတာလဲ၊ ငါ အခု သွားနေတဲ့ လမ်းကြောင်းက လမ်းတစ်လမ်းပဲ ရှိတာလေ... သူတို့တွေက ငါ လုံးဝ သတိမထားမိနိုင်လောက်အောင်ကို ဒီနေရာအထိ ဘယ်လိုမျိုး ရောက်ရှိလာကြတာလဲ... ကိစ္စရပ်တိုင်းက ငါ့ရဲ့ အလိုဆန္ဒတွေနဲ့ ဆန့်ကျင်ဘက် ဖြစ်နေပါလား တောက်..." ယိုဟန်က မိမိကိုယ်မိမိ တွေးတောလိုက်မိရင်း... ရုတ်ချည်းဆိုသလိုပင် သူ၏ အကြည့်များသည် တိကျသော အရပ်မျက်နှာတစ်ခုဆီသို့ ရောက်ရှိသွားခဲ့ရပြီး သူ၏ ခြေလှမ်းများကို ရုတ်တရက် ရပ်တန့်လိုက်မိတော့သည်။