"ငါ့ရဲ့ ချစ်လှစွာသော သမီးလေး အလီနာ..." အဖိုးအိုသည် တီးတိုးရေရွတ်လိုက်မိရင်း... သူ၏ အကြည့်များကိုမူ ကြောက်ရွံ့တုန်လှုပ်ခြင်းများနှင့်အတူ တစ်ကိုယ်လုံး တုန်ရီနေရှာသော သတင်းပို့သမားထံသို့ ပို့လွှတ်လိုက်သည်။ ထိုအဖိုးအိုသည် ထိုအမျိုးသား၏ အနီးသို့ ဖြည်းညှင်းစွာ ချဉ်းကပ်သွားခဲ့ရင်း သူ့ကို စိုက်ကြည့်လိုက်ကာ— "သူမ ပေးလိုက်တဲ့ စာ ဘယ်မှာလဲ..." ဟု မေးမြန်းလိုက်၏။
ထိုအမျိုးသားသည် သူ၏ အာကာသစွမ်းပကားလက်စွပ် ထဲမှနေ၍ စာတစ်စောင်ကို အလောတကြီး ထုတ်ယူလိုက်ပြီး အဖိုးအိုထံသို့ ရိုသေစွာ ကမ်းပေးလိုက်ရာ... အဖိုးအိုသည် ထိုစာကို လက်ခံရယူလိုက်သည့်ခဏ၌ သူ၏ လက်အစုံမှာ အထိန်းအကွပ်မဲ့စွာ တုန်ရီနေခဲ့ရရှာသည်။ သူသည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်မိရင်း သတင်းပို့သမားကို စိုက်ကြည့်လိုက်ပြီး— "မင်း ငါ့ဆီကို တကယ့် သတင်းကောင်းတစ်ခု ယူဆောင်လာပေးတာပဲ... ရော့... ဒါကို ယူထားလိုက်စမ်း..." အဖိုးအိုသည် မိမိ၏ လက်ချောင်းထက်မှ လက်စွပ်တစ်ကွင်းကို ချွတ်ယူလိုက်ပြီး ထိုသတင်းပို့သမားထံသို့ ပစ်ပေးလိုက်တော့သည်။
ထိုအမျိုးသားသည် မိမိ၏ လက်ထဲသို့ ရောက်ရှိလာသော လက်စွပ်ကို ကြည့်လိုက်မိသည့်ခဏ၌ အံ့ဩမှင်တက်ခြင်းများနှင့်အတူ မျက်နှာတစ်ခုလုံး နီမြန်းသွားခဲ့ရပြီး "သခင်ကြီး... ဒါက ပတ္တမြားအစစ်ကြီးပဲဗျာ၊ ကျွန်တော်မျိုးက အခုလိုမျိုး ကြီးမားလှတဲ့ ဆုလာဘ်မျိုးကို လက်ခံရယူဖို့ မထိုက်တန်ပါဘူးခင်ဗျာ..." သူက ထိုအဖိုးအိုကို စိုက်ကြည့်ရင်း တံတွေးကို အသာအယာ မြိုချလိုက်မိကာ ထိုစကားလုံးများကို လျှောက်တင်လိုက်တော့သည်။
အဘယ်ကြောင့်ဆိုသော် ဤလက်စွပ်သည် တကယ့်ကို တန်ဖိုးဖြတ်မရနိုင်သော ရတနာတစ်ပါး ဖြစ်ပြီး ရွှေဒင်္ဂါးပြား သန်းပေါင်းများစွာ တန်ကြေးရှိသဖြင့်... သူ၏ ခုနစ်ဆက်မြောက် သားမြေးမြစ်များအထိပင် စည်းစိမ်ချမ်းသာအပြည့်နှင့် သားစဉ်မြေးဆက် သုံးမကုန်အောင် နေထိုင်သွားနိုင်မည်ကို သူ ကောင်းစွာ သိရှိနေသောကြောင့် ဖြစ်၏။
"ယူထားလိုက်စမ်း... ငါ့အနေနဲ့ အဲဒီအရာတွေကို ဘာတစ်ခုမှ ဂရုမစိုက်ဘူး..." သူက သတင်းပို့သမားအား ပြန်လည် ခြေပလိုက်ပြီးနောက် ထွက်ခွာသွားရန်အတွက် လက်ဟန်ခြေဟန်ဖြင့် အချက်ပြလိုက်သည်။ သတင်းပို့သမားသည် အဖိုးအိုကို ရိုသေစွာ ဦးညွှတ်ဂါရဝပြုလိုက်ပြီးနောက်... နောက်တစ်စက္ကန့်၌ ထိုခန်းမကြီးအတွင်းမှနေ၍ အလျင်အမြန် ထွက်ခွာသွားခဲ့တော့၏။အဖိုးအိုသည် မိမိ၏ လက်ထဲရှိ စာကို ကြည့်ရင်း သဘောကျစွာ ပြုံးလိုက်မိပြီး... မိမိ၏ ရာဇပလ္လင်ထက်တွင် ပြန်လည်ထိုင်လိုက်ကာ စာကို ဖြည်းညှင်းစွာ ဖွင့်ဖတ်လိုက်တော့သည်။
ထိုအတောအတွင်း ဖီးနစ်နိုင်ငံတော်၏ တစ်နေရာရာတွင်.....
ကောင်းကင်ယံထက်၌ အမျိုးသမီးသုံးဦး၏ ရှေ့မှောက်တွင် အဖိုးအိုတစ်ဦး ရုတ်ချည်း ပေါ်ထွက်လာခဲ့ရာ... ထိုအဖိုးအိုကို မြင်တွေ့လိုက်ရသည့်ခဏ၌ အီဗလင်၏ မျက်နှာထက်တွင် အဓိပ္ပာယ်ပါပါ ပြုံးရွှင်သော အပြုံးတစ်ချက် ပေါ်ထွက်လာခဲ့ရသည်။
"မင်းရဲ့ အာရုံခံစားနိုင်စွမ်းက မင်းရဲ့ သားဖြစ်သူ စူးလင်နဲ့စာရင် တကယ့်ကို စူးရှထက်မြက်လှတာပဲ... တစ်ခါတရံမှာ ငါ တကယ့်ကို စဉ်းစားမိတယ်၊ ငါ့ရဲ့ တည်ရှိမှုကိုတောင် လုံးဝ အာရုံမခံမိနိုင်တဲ့ မင်းရဲ့ သားဖြစ်သူကို ဘာဖြစ်လို့ အခုလိုမျိုး မျိုးနွယ်စုရဲ့ အထွတ်အထိပ် ခေါင်းဆောင်ရာထူး ပေးထားရတာလဲဆိုတာကိုပေါ့..." အီဗလင်းက အဖိုးအိုကို စိုက်ကြည့်ရင်း ထိုစကားလုံးများကို ဆိုလိုက်၏။
ထိုစကားလုံးများကို ကြားလိုက်ရသည့်အခါ အဖိုးအိုသည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်မိရင်း ဦးခေါင်းယမ်းပြကာ— "ငါက တကယ့်ကို အသက်ကြီးရင့်လှတဲ့ ဘဝသက်တမ်းတစ်ခုကို ဖြတ်သန်းလာခဲ့ရတာပါ သခင်မ... ငါ့အနေနဲ့ အခုလိုမျိုး အရေးမပါတဲ့ အသေးအဖွဲ ကိစ္စရပ်တွေထဲမှာပဲ အချိန်ကုန်မခံချင်တော့တာကြောင့် ဒီရာထူးကနေ အနားယူခဲ့တာပါ၊ ဒါပေမဲ့လည်း ကိစ္စရပ်တွေအားလုံးကိုတော့ ငါ အနောက်ကွယ်ကနေပဲ သေသေချာချာ ထိန်းချုပ်မောင်းနှင်ပေးနေတုန်းပါပဲ..." အဖိုးအိုက အီဗလင်းအား ပြန်လည် ဖြေကြားလိုက်သည်။
ထိုစကားလုံးများကို ကြားလိုက်ရသည့်အခါ အီဗလင်က သူ့ကို ကြည့်၍ ပြုံးလိုက်မိရင်း "မင်းက တကယ့်ကို ပါးနပ်လှတဲ့ မြေခွေးအိုကြီးပဲ အဖိုးအိုလင်..." ဟု သူမက ပြန်လည် ခြေပလိုက်တော့သည်။
အဖိုးအိုသည် ဦးခေါင်းယမ်းပြလိုက်မိရင်း အီဗလင်းကို ရိုသေစွာ စိုက်ကြည့်ကာ— "သခင်မ အီဗလင်းက ငါ့ကို အထင်ကြီးလွန်းနေတာပါဗျာ... သခင်မကိုယ်တိုင် ငါ့ရဲ့ အောက်ခြေအရပ်ဆီကို လာရောက်လည်ပတ်ပေးတဲ့အတွက် ငါ တကယ့်ကို ဂုဏ်ယူဝမ်းမြောက်မိပါတယ်၊ ဒါက ငါတို့ လင်မျိုးနွယ်စုအတွက် တကယ့်ကို ကံကောင်းခြင်းတစ်ရပ်ပါပဲ..." အဖိုးအိုလင်က အီဗလင်းကို စိုက်ကြည့်ရင်း ထိုစကားလုံးများကို လျှောက်တင်လိုက်၏။
"ငါက မင်းတို့ မျိုးနွယ်စုအတွက် လာတာမဟုတ်ဘူး... ငါ ဒီကို လာခဲ့တာက ဒီယာလို့ခေါ်တဲ့ အဲဒီမိန်းကလေးအတွက်ပဲ၊ ငါ့ကို သူမဆီကို အခုချက်ချင်း ခေါ်ဆောင်သွားပေးစမ်း..." သူမက လေးနက်လှသော အသံဖြင့် ပြတ်သားစွာ စေခိုင်းလိုက်တော့သည်။
အဖိုးအိုလင်က ဦးခေါင်းညိတ်ပြလိုက်မိရင်း— "ကျေးဇူးပြုပြီး ကျွန်တော့်ရဲ့အနောက်ကနေ လိုက်ပါခဲ့ပါ သခင်မအီဗလင်း.." ဟု ပြန်လည် ဖြေကြားလိုက်ပြီးနောက်... အဖိုးအိုလင်က အီဗလင်းနှင့် ထိုအမျိုးသမီးနှစ်ဦးကို ဦးဆောင်ကာ လင်မျိုးနွယ်စုဝင်းအတွင်းဆီသို့ ချက်ချင်း ဆင်းသက်လိုက်ကြတော့သည်။
ထိုနေရာတစ်ဝိုက်ရှိ လူအများစုမှာမူ အသက်ကြီးရင့်လှသော အကြီးအကဲလင်နှင့်အတူ လိုက်ပါလာကြသည့် ထိုအမျိုးသမီးများကို မြင်တွေ့လိုက်ရသည့်ခဏ၌ တစ်ကိုယ်လုံး တောင့်တင်းခဲယဉ်းသွားခဲ့ကြရပြီး... အကြီးအကဲလင်၏ အနောက်ဘက်မှနေ၍ လိုက်ပါလာသော ထိုမျှလောက်အထိ လှပလွန်းလှသည့် အမျိုးသမီးကြီးမှာ ဘယ်သူဘယ်ဝါဖြစ်ကြောင်းကို တအံ့တဩ တွေးတောနေခဲ့ကြမိသည်။
အမှန်စင်စစ် အီဗလင်းသည် အကြီးအကဲလင်၏ အနောက်မှ လိုက်ပါလာစဉ်အတွင်း၌ပင် လူသားတို့ ကမ္ဘာနှင့် မသက်ဆိုင်သည့်အလား ထူးခြားဆန်းပြားလှသော ကောင်းကင်ဘုံအရှိန်အဝါများကို ထုတ်လွှတ်နေခြင်း ဖြစ်ပြီး... သူမသည် လင်မျိုးနွယ်စုဝင်များ၏ အကြည့်များကို လုံးဝ လျစ်လျူရှုထားခဲ့သော်လည်း၊ အာနားနှင့် ကာတို့နှစ်ဦးမှာမူ ထိုလူများကို ပြင်းထန်လှသော သတ်ဖြတ်ခြင်းအရှိန်အဝါများဖြင့် စိုက်ကြည့်နေခဲ့ကြသဖြင့် အီဗလင်က ၎င်းကို သတိပြုမိသွားခဲ့ကာ ဦးခေါင်းကို အသာအယာ လှည့်ကြည့်လိုက်၏။
"သူတို့ကို လျစ်လျူရှုထားလိုက်ကြစမ်း... ဒါက သဘာဝကျတဲ့ တုံ့ပြန်မှုတစ်ခုပဲ..." သူမက ထိုစကားလုံးများကို ဆိုလိုက်ပြီးနောက်... နောက်တစ်စက္ကန့်၌ သူမ၏ အကြည့်များကို အလီနာနှင့် စုလင်တို့ မတ်တတ်ရပ်နေသည့် တိကျသော အရပ်မျက်နှာဆီသို့ ပို့လွှတ်လိုက်သည်။
စုလင်နှင့် အလီနာတို့သည်လည်း အဖိုးအိုလင်၏ အနောက်ဘက်မှနေ၍ တိတ်ဆိတ်စွာ လိုက်ပါလာကြသော ထိုထူးဆန်းလှသည့် လူစိမ်းများကို တအံ့တဩ လှမ်းကြည့်လိုက်မိကြ၏။
"အဲဒီအမျိုးသမီးက ဘယ်သူလဲ..." စုလင်က အီဗလင်းကို စိုက်ကြည့်ရင်း တီးတိုးရေရွတ်လိုက်မိသည်။
အလီနာက ဦးခေါင်းညိတ်ပြလိုက်မိရင်း— "ငါလည်း မသိဘူး... ဒါက ငါ အဲဒီအမျိုးသမီးတွေကို ပထမဦးဆုံးအကြိမ် မြင်ဖူးတာပဲ၊ ငါ သူတို့ကို တစ်ခါမှ မမြင်ဖူးပါဘူး..." ဟု သူမက ပြန်လည် ဖြေကြားလိုက်၏။
"သူမက တကယ့်ကို နုပျိုလွန်းလှတဲ့ပုံစံပဲ... သူမက အဖေနဲ့ ကောင်းကောင်း သိကျွမ်းတဲ့သူတစ်ယောက် ဖြစ်ရမယ်၊ ဒါပေမဲ့ သူမက ဒီနေရာကို ဘာဖြစ်လို့ ရောက်လာရတာလဲ... ငါတို့တွေက မွေးနေ့ပွဲအခမ်းအနားကို ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း အစောကတည်းက ကြေညာထားခဲ့ပြီးသားလေ၊ သူတို့တွေက ဒီအကြောင်းကို မသိရှိကြသေးတာကြောင့် အခုလိုမျိုး အချိန်အခါမှာ ဒီနေရာကို လာခဲ့ကြတာ ဖြစ်ရမယ်..." သူက အလီနာကို လှမ်းကြည့်ရင်း ထိုစကားလုံးများကို ဆိုလိုက်သည်။
သူသည် အဖိုးအိုလင်၏ အနီးသို့ ချဉ်းကပ်သွားခဲ့ရင်း သူ့ကို လှမ်းကြည့်လိုက်ကာ
"အဖေ... ဒီအမျိုးသမီးက အဖေ့ရဲ့ ဧည့်သည်တော်လားဟင်၊ ငါ သူမကို ဒီနေရာမှာ တစ်ခါမှ မမြင်ဖူးပါဘူး..." သူက အီဗလင်းကို စိုက်ကြည့်ရင်း မေးမြန်းလိုက်တော့သည်။
အီဗလင်းကမူ ထိုစကားလုံးများကို ကြားလိုက်ရသော်လည်း တည်ငြိမ်စွာဖြင့်ပင် ဆက်လက်လျှောက်လှမ်းနေခဲ့၏။
"ဒူးထောက်စမ်း..." ရုတ်ချည်းဆိုသလိုပင် ထိုနေရာတစ်ခုလုံးသည် အလွန်ပြင်းထန်လှသော သတ်ဖြတ်ခြင်းအရှိန်အဝါများဖြင့် ဖုံးလွှမ်းသွားခဲ့ရပြီး လူတိုင်းသည် မိမိတို့၏ ကျောရိုးတစ်ခုလုံး စိမ့်တက်သွားသလိုမျိုး အေးစက်လှသော ခံစားချက်ကြီးကို ပြင်းထန်စွာ ခံစားလိုက်ကြရတော့သည်။
နောက်တစ်စက္ကန့်တွင်မူ စုလင်သည် မိမိ၏ ခန္ဓာကိုယ်အား တစ်စုံတစ်ယောက်က အတင်းအဓမ္မ ချုပ်ကိုင်ထားသကဲ့သို့ ခံစားလိုက်ရရင်း မြေပြင်ထက်သို့ ဒူးထောက်လဲကျသွားခဲ့ရကာ— "မင်းလိုမျိုး ကောင်က... သခင်မအီဗလင်းကို အခုလိုမျိုး ရိုင်းပျတဲ့ အမူအရာတွေနဲ့ လာပြီး စကားပြောရဲတယ်ပေါ့ ဟုတ်လား..." အမျိုးသမီးတစ်ဦးသည် စုလင်၏ အနောက်ဘက်တွင် ရုတ်ချည်း ပေါ်ထွက်လာခဲ့ပြီး သူမ၏ ထက်မြက်လှသော ဓားသွားကို စူးလင်၏ လည်ပင်းထက်သို့ တေ့ထားခဲ့တော့သည်။
ဤအခြင်းအရာကို မြင်တွေ့လိုက်ရသည့်ခဏ၌ အဖိုးအိုလင်သည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်မိရင်း မိမိ၏ မိုက်မဲလှသော သားဖြစ်သူကို စိတ်ထဲမှနေ၍ ကျိန်ဆဲလိုက်မိတော့၏။
"ကာနာ... တော်တော့... ငါ မင်းကို မင်းရဲ့ ဒေါသတွေကို ထိန်းချုပ်ထားဖို့ ပြောထားတယ်မဟုတ်လား၊ ငါ့မှာ အခုလိုမျိုး အဓိပ္ပာယ်မရှိတဲ့ ကိစ္စတွေအတွက် အချိန်ဖြုန်းမနေနိုင်ဘူး..." အီဗလင်းက ကာနာကို လှမ်းကြည့်လိုက်ရာ... သူမ၏ အကြည့်များကို မြင်တွေ့လိုက်ရသည့်ခဏ၌ ကာနာသည် သခင်မလေး အီဗလင်စ၏ အနောက်ဘက်သို့ ချက်ချင်း ပြန်လည်ဆုတ်ခွာသွားခဲ့မိရင်း မိမိ၏ ဓားကို အာကာသစွမ်းပကားလက်စွပ်အတွင်းသို့ ပြန်လည် သိမ်းဆည်းလိုက်တော့သည်။
အီဗလင်က စုလင်ကို စိုက်ကြည့်လိုက်ရင်း— "မင်းက ငါ့ရဲ့ နာမည်ကို သိရှိခွင့်ရဖို့အထိ တန်ဖိုးမရှိပါဘူး..." သူမက စုလင်ကို အေးစက်စွာ ပြောဆိုလိုက်ပြီးနောက်... နောက်တစ်စက္ကန့်၌ သူမ၏ အကြည့်များကို အဖိုးအိုလင်ထံသို့ ပို့လွှတ်လိုက်သည်။
"ကျွန်တော့်ရဲ့အနောက်ကနေ လိုက်ပါခဲ့ပါ သခင်မလေး..." အဖိုးအိုလင်က ဦးခေါင်းညိတ်ပြလိုက်မိရင်း... နောက်တစ်စက္ကန့်၌ အီဗလင်း၊ ထိုအမျိုးသမီးနှစ်ဦးတို့နှင့်အတူ ယိုဟန်၏ အခန်းတွင်းဆီသို့ အတူတကွ လှမ်းဝင်သွားခဲ့ကြတော့သည်။
"တောက်... အခုလေးတင် ဘာတွေ ဖြစ်ပျက်သွားခဲ့တာလဲ၊ အဲဒါက ဘာကြီးလဲ..." စုလင်သည် မိမိကိုယ်မိမိ ဘာတွေ ဖြစ်ပျက်သွားခဲ့သလဲဆိုတာကို လုံးဝ မသိရှိနိုင်သေးဘဲ ဇဝေဇဝါ ဖြစ်နေခဲ့မိရာ... အလီနာက သူ့ထံသို့ ပြာပြာသလဲ ချဉ်းကပ်လာခဲ့ရင်း သူ့အား ထူမတ်ပေးလိုက်ရှာသည်။
"ဘယ်သူသိမှာလဲ... ဒါပေမဲ့ အဖေကိုယ်တိုင်က သူမကို အဲဒီလောက်အထိ ရိုရိုသေသေ ဆက်ဆံနေတာကို ကြည့်ရင်... သူမက တကယ့်ကို အဆင့်အတန်းမြင့်ပြီး အရှိန်အဝါကြီးမားတဲ့ အရေးကြီးပုဂ္ဂိုလ်တစ်ယောက် ဖြစ်ရမယ်၊ သူမက ဒီယာ့ကို ကူညီပေးနိုင်လိမ့်မယ်လို့ ငါ မျှော်လင့်ပါတယ်..." အလီနာက ယိုဟန်၏ အခန်းတည်ရှိရာ အရပ်မျက်နှာဆီသို့ စိုက်ကြည့်လိုက်မိရင်း တီးတိုးရေရွတ်လိုက်မိတော့၏။
ထိုအတောအတွင်း.....
တောနက်ကြီး၏ တစ်နေရာတွင် လက်ထဲ၌ လှံရှည်ကြီးများကို တင်းကျပ်စွာ ကိုင်ဆောင်ထားကြသော သတ္တဝါအချို့ တိကျသော အရပ်မျက်နှာတစ်ခုဆီသို့ အရှိန်အဟုန်ပြင်းစွာ ပြေးဝင်လာနေကြသည်ကို မြင်တွေ့ရပေလိမ့်မည်။ ၎င်းတို့၏ ရုပ်သွင်မှာ လူသားများနှင့် ဆင်တူလှသော်လည်း ၎င်းတို့၏ အရေပြားမှာမူ အပြာရင့်ရောင် ဖြစ်နေခဲ့ကြပြီး အရပ်အမောင်းမှာ စင်တီမီတာ နှစ်ရာခန့် (ခုနစ်ပေခန့်မျှ) အထိ ကြီးမားထွားကျိုင်းလှသည်။
ထိုသတ္တဝါဆိုးကြီးများသည် ယိုဟန်၏ အနောက်ဘက်မှနေ၍ တဟုန်ထိုး လိုက်လံအမဲလိုက်နေကြခြင်း ဖြစ်ပြီး ၎င်းတို့နှင့် သူ၏ ကြားရှိ အကွာအဝေးမှာလည်း တဖြည်းဖြည်း ပိုမို နီးကပ်လာခဲ့ရ၏။
"တောက်... တကယ်ပဲ၊ ဒီကောင်တွေက မြေပြင်ပေါ်မှာ ပြေးတာ တကယ့်ကို မြန်လွန်းတာပဲ..." ယိုဟန်က တိကျသော အရပ်မျက်နှာတစ်ခုဆီသို့ အရှိန်အဟုန်ပြင်းစွာ ထွက်ပြေးနေရရင်း တီးတိုးရေရွတ်လိုက်မိသည်။
"နေဦး... ငါ ပြီးခဲ့တဲ့ မစ်ရှင်ကို ပြီးမြောက်အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့တုန်းက ရရှိထားခဲ့တဲ့ စွမ်းရည်အသစ် ရှိနေသေးတာပဲ မဟုတ်လား..." ယိုဟန်က ထိုအကြောင်းကို ရုတ်ချည်း သတိရသွားခဲ့မိရင်း သူ၏ ခြေလှမ်းများကို ရုတ်တရက် ရပ်တန့်လိုက်သည်။ နောက်တစ်စက္ကန့်တွင်မူ သူသည် ထိုလုပ်ကြံသတ်ဖြတ်သူများကို သတ်ဖြတ်ပစ်ခဲ့စဉ်တုန်းက ရရှိထားခဲ့သည့် စွမ်းရည်အသစ်အကြောင်းကို တွေးတောလိုက်မိသည်နှင့်တစ်ပြိုင်နက်... သူ၏ အမြင်အာရုံ အရှေ့တည့်တည့်တွင် အပြာရောင် စနစ်မျက်နှာပြင်ကြီးတစ်ခု ရုတ်ချည်း ပေါ်ထွက်လာခဲ့တော့၏။