အာနားနှင့် ကာနာတို့သည် သခင်မလေး အီဗလင်းကို လှမ်းကြည့်ကာ ဦးခေါင်းညိတ်ပြလိုက်ကြသည်။
"မင်း ငါတို့နဲ့အတူ လိုက်ခဲ့မလား... ဒါမှမဟုတ် ဒီမှာပဲ နေခဲ့မလား၊ မင်း ဒီမှာ နေခဲ့လည်း ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး... အဲဒီအရာက နောက်ထပ် ၂၄ နာရီကြာမှ ပြန်ပြီး ပေါ်လာမှာ၊ တောက်... ဒီလိုမျိုး ကျိန်စာသင့် အလင်းတံခါးစုတ်ကို စောင့်ကြပ်ကြည့်ရှုရတာ တကယ့်ကို စိတ်ပျက်ဖို့ကောင်းတယ်" အီဗလင်းက အာဂျွန်ကို လှမ်းကြည့်ရင်း ထိုစကားလုံးများကို ဆိုလိုက်၏။
အာဂျွန်သည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်မိရင်း အီဗလင်းကို လှမ်းကြည့်ကာ "သခင်မလေး... ကျွန်တော် ဒီမှာပဲ နေခဲ့ပါ့မယ်၊ သခင်လေး ယိုဟန်မပါဘဲ ကျွန်တော် ဘယ်မှ မသွားနိုင်ပါဘူး" ဟု သက်ပြင်းအရှည်ကြီးတစ်ချက် ချရင်း ဆိုလိုက်သည်။
"မင်းသဘောပဲ... ဒါဆိုရင်လည်း မင်း ဖြစ်ချင်သလိုသာ ဒီမှာ လုပ်နေတော့..." အီဗလင်းက အာဂျွန်အား ပြန်လည်ဖြေကြားလိုက်ပြီးနောက်... နောက်တစ်စက္ကန့်၌ ထိုအမျိုးသမီးနှစ်ဦးနှင့်အတူ သူ၏ အမြင်အာရုံထဲမှနေ၍ ရုတ်ချည်း ပျောက်ကွယ်သွားခဲ့တော့သည်။"သခင်ကြီးလင်... ကျွန်တော့်ကို ခွင့်လွှတ်ပါ..." အာဂျွန်က တီးတိုးရေရွတ်လိုက်မိရှာသည်။
ထိုအတောအတွင်း—
"ဘာလဲ... အခုလိုမျိုး အချိန်အခါမှာ သူ့ကို မျိုးနွယ်စုဝင်းအပြင်ဘက်ကို ထွက်ခွာခွင့် ဘာဖြစ်လို့ ပေးလိုက်ရတာလဲ၊ သူ စိတ်ဓာတ်ကျနေလို့ ဒီကို လာခဲ့တာလို့ပဲ ငါ ထင်နေခဲ့တာ..." အလီနာက အဖိုးအိုလင် ကို စိုက်ကြည့်ရင်း ထိုစကားလုံးများကို ဆိုလိုက်သည်။
စုလင်သည်လည်း ယိုဟန်တစ်နေရာရာသို့ ထွက်ခွာသွားခဲ့ကြောင်း ကြားသိလိုက်ရသည့်အခါ အဖိုးအိုလင်ကို လှမ်းကြည့်လိုက်မိသည်။ သို့သော်လည်း အဖိုးအိုကမူ ယိုဟန်သည် အီဗလင်း၏ အကူအညီကို သွားရောက်တောင်းခံရန် ထွက်ခွာသွားခြင်းဖြစ်ကြောင်း ၎င်းတို့အား ထုတ်ဖော်ပြောဆိုခြင်း မရှိခဲ့ပါချေ။
"မင်းတို့နှစ်ယောက်စလုံး စိုးရိမ်မနေကြပါနဲ့... သူ တစ်ယောက်တည်း သွားတာမဟုတ်ဘူး၊ ငါ ယုံကြည်စိတ်ချရတဲ့ လူယုံတစ်ယောက်လည်း သူ့ရဲ့အနောက်ကနေ လိုက်ပါစောင့်ရှောက်ပေးနေတယ်... သူ မကြာခင် ပြန်လာလိမ့်မယ်" အဖိုးအိုက ၎င်းတို့နှစ်ဦးကို လှမ်းကြည့်ရင်း ပြတ်သားစွာ ဆိုလိုက်သည်။
အဖိုးအို၏ ပါးစပ်ဖျားမှ ထိုစကားလုံးများကို ကြားလိုက်ရသည့်ခဏ၌ အလီနာနှင့် စုလင်တို့သည် အကြည့်ချင်း ဖလှယ်လိုက်ကြမိ၏။
၎င်းတို့သုံးဦးစလုံးသည် ယိုဟန်၏ အခန်းရှေ့တွင် မတ်တတ်ရပ်လျက် စကားစမြည် ပြောဆိုနေကြခြင်း ဖြစ်ပြီး... အလီနာမှာမူ မိမိ၏ ယောက္ခမဖြစ်သူနှင့်အတူ ယိုဟန်ကို မြင်တွေ့ရခြင်း မရှိသဖြင့် အလွန်ပင် စိုးရိမ်ပူပန်နေခဲ့သည်။
ယိုဟန်က သူမအား သူ၏ အဖိုးနှင့် သွားရောက်တွေ့ဆုံမည်ဟု ပြောကြားခဲ့စဉ်တုန်းက... သူသည် မျိုးနွယ်စုဝင်းအတွင်းမှနေ၍ လုံးဝ ထွက်ခွာသွားလိမ့်မည်ဟု သူမ လုံးဝ မတွေးထင်ထားခဲ့မိပါချေ။
စုလင်က အလီနာ၏ အနီးသို့ ချဉ်းကပ်သွားခဲ့ရင်း သူမ၏ ပုခုံးကို လက်ဖြင့် အသာအယာ ပွတ်သပ်ပေးလိုက်ကာ
"ရပါတယ်... သူတို့ လုပ်ချင်တာကို လုပ်ပါစေ၊ မင်းလည်း သူ့ရဲ့ အခြေအနေကို နားလည်ပေးနိုင်ပါတယ် မဟုတ်လား..."
စုလင်က အလီနာကို စိုက်ကြည့်ရင်း ဆိုလိုက်သည်။
အဖိုးအိုက အသက်ကို ပြင်းပြင်းရှူသွင်းလိုက်မိရင်း "အခုချိန်မှာ မင်း ဘယ်လိုမျိုး ခံစားနေရမလဲဆိုတာကို ငါ ကောင်းကောင်း နားလည်ပါတယ် အလီနာ... ဒါပေမဲ့ မင်းရဲ့ ကလေးအပေါ်မှာ ယုံကြည်ချက်အပြည့် ထားလိုက်စမ်းပါ..." အဖိုးအိုလင်က သူမကို လှမ်းကြည့်ကာ ဆိုလိုက်၏။
အလီနာသည် မိမိ၏ ယောက္ခမဖြစ်သူနှင့် စုလင်တို့၏ စကားလုံးများကို ကြားလိုက်ရသည့်အခါ အသက်ကို ပြင်းပြင်းရှူသွင်းလိုက်မိသည်။ သို့သော်လည်း ယိုဟန်၏ အကြောင်းကို တွေးတောမိရင်း သူမ၏ နှလုံးသားတစ်ခုလုံးမှာမူ စိုးရိမ်ပူပန်ခြင်းများနှင့်အတူ အရှိန်အဟုန်ပြင်းစွာ တုန်ခါခုန်ပေါက်နေခဲ့ဆဲ ဖြစ်သည်။
သို့သော်လည်း ရုတ်ချည်းဆိုသလိုပင် ယိုဟန်၏ အခန်းတံခါးကြီး ပွင့်ဟသွားခဲ့ပြီး... အသက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် အဖိုးအိုလင်၏ ထံသို့ ချဉ်းကပ်လာခဲ့သည်။
"သူမရဲ့ အခြေအနေက တကယ့်ကို စိုးရိမ်ရတဲ့ အနေအထားမှာ ရှိနေပါတယ်... ကျွန်တော်တို့ ဘယ်လိုနည်းလမ်းနဲ့မဆို အကုန်လုံး ကြိုးစားကြည့်ပြီးပြီ ဖြစ်ပေမဲ့လည်း သူမဘက်က ဘာမှ ပြန်လည်တုံ့ပြန်မှု မရှိသေးပါဘူး၊ ရရှိထားတဲ့ စိတ်ဒဏ်ရာက ပြင်းထန်လွန်းတာကြောင့် သူမရဲ့ ခန္ဓာကိုယ်က အားအင်ကုန်ခမ်းပြီး မလှုပ်ရှားနိုင်တဲ့ အခြေအနေကို ရောက်ရှိသွားခဲ့တာပါ..." ထိုအမျိုးသားက အဖိုးအိုလင်ကို စိုက်ကြည့်ရင်း ထိုစကားလုံးများကို လေးနက်စွာ ဆိုလိုက်သည်။
ထိုစကားလုံးများကို ကြားလိုက်ရသည့်ခဏ၌ အလီနာ၏ နှလုံးသားတစ်ခုလုံး လျှောကျသွားခဲ့ရပြီး... အဖိုးအိုလင်နှင့် စုလင်တို့သည်လည်း ထိုအမျိုးသား၏ ပါးစပ်ဖျားမှ စကားလုံးများကြောင့် အသက်ရှူပင် မှားသွားခဲ့ကြရရှာသည်။
"အခုချိန်မှာ မင်းတို့ ဘယ်လောက်တောင် စိတ်မကောင်းဖြစ်နေကြမလဲဆိုတာ ကျွန်တော် နားလည်ပါတယ်... ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်လွှတ်ပေးကြပါဦး..." ထိုအဖိုးအိုက လင်မိသားစုဝင်များကို လှမ်းကြည့်ရင်း တောင်းပန်တိုးလျှိုးလိုက်တော့သည်။
ထိုအတောအတွင်း—
ဖီးနစ်နိုင်ငံတော် ၏ တစ်နေရာရာတွင် ကြီးမားကျယ်ဝန်းလှသော စံအိမ်တော်ကြီးတစ်ခု၏ ရှေ့မှောက်၌ မတ်တတ်ရပ်နေသော အမျိုးသားတစ်ဦးကို မြင်တွေ့ရပေလိမ့်မည် ဖြစ်ပြီး... သူ၏ ရှေ့တွင်မူ အစောင့်အကြပ်အချို့က လမ်းပိတ်ဆို့ထားကြသည်။
"မင်း ဒီနေရာကို ဘာကိစ္စနဲ့ လာတာလဲ..." အစောင့်အကြပ်များထဲမှ တစ်ယောက်က ထိုအသက်လတ်ပိုင်းအရွယ် အမျိုးသားကို စိုက်ကြည့်ရင်း မေးမြန်းလိုက်၏။
"ငါက လင်မျိုးနွယ်စုရဲ့ သတင်းပို့သမားပါ... တကယ့်ကို အရေးကြီးတဲ့ အရေးပေါ် ကိစ္စရပ်တစ်ခု ရှိနေလို့ သခင်ကြီးနဲ့ တွေ့ဆုံချင်ပါတယ်..." သူက ထိုအစောင့်နှစ်ယောက်ကို စိုက်ကြည့်ရင်း ဆိုလိုက်သည်။
"လင်မျိုးနွယ်စုရဲ့ သတင်းပို့သမား ဟုတ်လား..." အစောင့်နှစ်ဦးစလုံးသည် လင်မျိုးနွယ်စုဟူသော နာမည်ကို ကြားလိုက်ရသည့်အခါ အကြည့်ချင်း ဖလှယ်လိုက်ကြမိသည်။
လင်မျိုးနွယ်စုသည် မြစ်ကမ်းနားမြို့တော် ကို အုပ်ချုပ်စိုးစံနေကြသူများ ဖြစ်ကြသဖြင့် ဖီးနစ်နိုင်ငံတော်တစ်ခုလုံး၌ တကယ့်ကို အရှိန်အဝါကြီးမားပြီး ကျော်ကြားလှသူများ ဖြစ်ကြရာ... ၎င်းတို့အနေဖြင့် ဤနာမည်ကို သဘာဝကျစွာ ကြားဖူးနားဝ ရှိနေခဲ့ကြခြင်း ဖြစ်၏။
"ကောင်းပြီ... ငါတို့နဲ့အတူ လိုက်ခဲ့စမ်း..." အစောင့်နှစ်ဦးစလုံးက ထိုသတင်းပို့သမားကို လှမ်းကြည့်ရင်း ထိုစကားလုံးများကို ဆိုလိုက်ကြပြီးနောက် စံအိမ်တော်တွင်းဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် စတင်ဦးဆောင်ခေါ်သွားခဲ့ကြတော့သည်။
အတန်ကြာပြီးနောက်တွင်မူ အစောင့်နှစ်ဦးစလုံးသည် ထိုသတင်းပို့သမားနှင့်အတူ အခန်းတစ်ခု၏ ရှေ့မှောက်သို့ ရောက်ရှိသွားခဲ့ကြပြီး အခန်းတံခါးကို ခေါက်လိုက်ကြ၏။
နောက်တစ်စက္ကန့်၌ အသက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် အခန်းတံခါးကို ဖွင့်လှစ်လိုက်ပြီး ၎င်းတို့သုံးဦးကို စိုက်ကြည့်ကာ "ဘာဖြစ်လို့လဲ... မင်းတို့တွေ အခုလိုမျိုး အချိန်အခါမှာ ဒီနေရာကို ဘာကိစ္စနဲ့ ရောက်လာကြတာလဲ၊ တောက်... ငါ အခုလေးတင် နေ့လယ်စာ စားဖို့ ပြင်နေတာကို..." သူက ထိုအစောင့်နှစ်ယောက်ကို စိုက်ကြည့်ရင်း မကျေမနပ် ဆိုလိုက်သည်။
ထိုအမျိုးသား၏ ပါးစပ်ဖျားမှ ထိုစကားလုံးများကို ကြားလိုက်ရသည့်ခဏ၌ အစောင့်နှစ်ဦးစလုံး အကြည့်ချင်း ဖလှယ်လိုက်ကြမိပြီးနောက်... ဦးခေါင်းကို ယမ်းပြလိုက်ကြရင်း ထိုအသက်လတ်ပိုင်းအရွယ် အမျိုးသားကို လှမ်းကြည့်လိုက်ကြသည်။
"ဆရာ... ဒီလူက သခင်ကြီးနဲ့ တွေ့ဆုံချင်လို့ပါတဲ့၊ ပြီးတော့ သူက လင်မျိုးနွယ်စုရဲ့ သတင်းပို့သမားပါလို့ ပြောနေပါတယ်... သူက သခင်ကြီးနဲ့ တွေ့ဆုံချင်တယ်လို့ ပြောနေတာကြောင့် ကျွန်တော်တို့တွေလည်း ဇဝေဇဝါ ဖြစ်နေရတာပါ၊ ကျွန်တော်တို့ ဒီနေရာမှာ အလုပ်လုပ်ခဲ့တာ ဆယ်နှစ်တောင် ရှိသွားခဲ့ပြီ ဖြစ်ပေမဲ့လည်း... ဒီစံအိမ်တော်ကြီးကို ဘယ်သူပိုင်ဆိုင်သလဲဆိုတာကိုတောင် အခုထိ သေသေချာချာ မသိရသေးပါဘူး..."
အစောင့်များထဲမှ တစ်ယောက်က ထိုအသက်လတ်ပိုင်းအရွယ် အမျိုးသားကို စိုက်ကြည့်ရင်း ထိုစကားလုံးများကို ဆိုလိုက်၏။
ထိုစကားလုံးများကို ကြားလိုက်ရသည့်ခဏ၌ လင်မျိုးနွယ်စု၏ သတင်းပို့သမားမှာမူ ဆွံ့အမှင်တက်သွားခဲ့ရရှာသည်။
အသက်လတ်ပိုင်းအရွယ် အမျိုးသားမှာမူ လင်မျိုးနွယ်စုဟူသော နာမည်ကို ကြားလိုက်ရသည့်အတွက်ကြောင့် ချွေးစေးများပင် ထွက်ပေါ်လာခဲ့ရပြီး— "တောက်... လင်မျိုးနွယ်စုက လူငယ်လေးတစ်ယောက်ပဲ ဖြစ်ရမယ်..." ဟု ကြောက်ရွံ့တုန်လှုပ်လှသော အသံဖြင့် တီးတိုးရေရွတ်လိုက်သည်။
ပြီးနောက်တွင်မူ သူက ထိုအစောင့်နှစ်ယောက်ကို စိုက်ကြည့်ရင်း "မင်းတို့နှစ်ယောက် အခုချက်ချင်း ထွက်သွားပြီး မင်းတို့ရဲ့ အလုပ်ကိုပဲ သွားလုပ်ကြစမ်း... ဒီနေရာမှာ လာပြီး အချိန်ဖြုန်းမနေကြနဲ့..." ဟု ဆိုလိုက်ပြီးနောက်... နောက်တစ်စက္ကန့်၌ သူ၏ အကြည့်များကို ထိုသတင်းပို့သမားထံသို့ ပို့လွှတ်လိုက်၏။
"မင်း ငါ့ရဲ့ အနောက်ကို လိုက်ခဲ့စမ်း..." ထိုအမျိုးသားက သတင်းပို့သမားကို စိုက်ကြည့်ရင်း စေခိုင်းလိုက်သည်။
ထိုအစောင့်နှစ်ဦး ထွက်ခွာသွားခဲ့ကြပြီးနောက်တွင်မူ ထိုသတင်းပို့သမားသည်လည်း ဦးခေါင်းညိတ်ပြလိုက်မိရင်း ထိုအသက်လတ်ပိုင်းအရွယ် အမျိုးသား၏ အနောက်ဘက်မှနေ၍ ထပ်ချပ်မကွာ လိုက်ပါခဲ့တော့ရာ... သူသည်လည်း ဤနေရာ၏ သခင်ကြီးမှာ ဘယ်သူဘယ်ဝါဖြစ်ကြောင်းကို တကယ့်ကို စူးစမ်းလိုစိတ်များ ပြင်းထန်နေခဲ့မိသည်။
သူသည် လင်မျိုးနွယ်စု၏ သတင်းစကားကို လာရောက်ပေးပို့ရန်အတွက် ဤနေရာသို့ ပထမဦးဆုံးအကြိမ် ရောက်ရှိလာခဲ့ခြင်း ဖြစ်ပြီး... ဤစံအိမ်တော်ကြီးမှာ ဖီးနစ်နိုင်ငံတော်၏ နယ်စပ်အရပ်၌ တည်ရှိနေခြင်း ဖြစ်၏။
လင်မျိုးနွယ်စုသည် သူ့အား ဤနေရာသို့ စေလွှတ်ရန်အတွက် အလွန်ကြီးမားလှသော တန်ဖိုးတစ်ခုကို ပေးဆပ်ခဲ့ရခြင်း ဖြစ်ပြီး... အဘယ်ကြောင့်ဆိုသော် သူသည် နယ်ပယ်ကူးပြောင်းခြင်း အလင်းတံခါးကို ဖြတ်သန်းကာ လာရောက်ခဲ့ရခြင်းဖြစ်ပြီး ဤနေရာသို့ ရောက်ရှိရန်အတွက် ရွှေဒင်္ဂါးပြား ၅၀၀ အထိ ကုန်ကျခဲ့ရသောကြောင့် ဖြစ်သည်။
ဤနေရာကို ဖီအိုရာမြို့တော် ဟု ခေါ်ဆိုကြပြီး... ၎င်းသည် မြစ်ကမ်းနားမြို့တော်နှင့် မိုင်ပေါင်း ၅၀၀ မျှ ဝေးကွာလှသည်။ သခင်ကြီးလင်က ဤကိစ္စသည် အလွန်အရေးကြီးသော အရေးပေါ် ကိစ္စရပ်တစ်ခု ဖြစ်သဖြင့် ဤသတင်းစကားကို ဖီအိုရာမြို့တော်၏ သခင်ကြီးထံသို့ တတ်နိုင်သမျှ အမြန်ဆုံး သွားရောက်ပေးပို့ရန်အတွက် သူ့အား အထူးတလည် မှာကြားခဲ့ခြင်း ဖြစ်၏။
သို့သော်လည်း အဓိက ပြဿနာမှာ... ဤမြို့တော်၏ သခင်ကြီးမှာ ဘယ်သူဘယ်ဝါဖြစ်ကြောင်းကို မည်သူတစ်ဦးတစ်ယောက်မျှ မသိရှိကြခြင်း ဖြစ်သည်။ လူအများစု သိရှိထားကြသည်မှာ ဤနေရာတွင် စံအိမ်တော်ကြီးတစ်ခု ရှိနေပြီး ၎င်းမြို့တော်၏ သခင်ကြီးသည် ဤနေရာတွင် နေထိုင်ကြောင်းကိုသာ သိရှိကြသော်လည်း... မည်သူတစ်ဦးတစ်ယောက်မျှ သူ၏ ရုပ်သွင်ကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ဖူးခြင်း မရှိကြပါချေ။
ထိုအချိန်
ကောင်းကင်ယံထက်တွင် အမျိုးသမီးသုံးဦး ရုတ်တရက် ပေါ်ထွက်လာခဲ့ကြပြီး ၎င်းတို့၏ ရှေ့မှောက်ရှိ ကြီးမားကျယ်ဝန်းလှသော လင်မျိုးနွယ်စံအိမ်တော်ကြီးထံသို့ တစိုက်မတ်မတ် လှမ်းကြည့်လိုက်ကြသည်။ အီဗလင်သည် တည်ငြိမ်အေးစက်လှသော မျက်နှာအမူအရာများနှင့်အတူ လင်မျိုးနွယ်စုဝင်းရှိရာ အရပ်ဆီသို့ စိုက်ကြည့်လိုက်တော့၏။