ယိုဟန်သည် အီဗလင်း၏ အနောက်ဘက်မှနေ၍ အာဂျွန်၊ ထိုထူးဆန်းသော အမျိုးသမီးနှစ်ဦးတို့နှင့်အတူ တိတ်ဆိတ်စွာ လိုက်ပါလာခဲ့သည်။ အီဗလင်းက သူ့ကို ဘယ်အရပ်ဆီသို့ ခေါ်ဆောင်သွားနေသည်ကို သူ မသိသော်လည်း... ပြီးခဲ့သည့်အကြိမ်က သူ၏ အဖိုးနှင့်အတူ ဤနေရာသို့ လာရောက်စဉ်တုန်းက သူမ၏ ကမ်းလှမ်းချက်ကို သူ ငြင်းပယ်ခဲ့ဖူးသဖြင့် သူမအနေနှင့် သူ့ကို အလွယ်တကူ ကူညီလိမ့်မည်မဟုတ်ကြောင်းကိုမူ သူ သေချာပေါက် သိရှိနေခဲ့သည်။
အတန်ကြာပြီးနောက်တွင်မူ ၎င်းတို့သည် အီဗလင်း၏ စံအိမ်တော်နှင့် ကိုက်အနည်းငယ်မျှ ဝေးကွာသော လူသူအရောက်အပေါက်နည်းသည့် တောတွင်းအရပ်တစ်ခုသို့ ရောက်ရှိလာခဲ့ကြရာ... ယိုဟန်သည် တိကျသော အရပ်မျက်နှာတစ်ခုဆီသို့ လှမ်းကြည့်လိုက်မိရင်း သူ၏ ခြေလှမ်းများကို ရုတ်ချည်း ရပ်တန့်လိုက်မိတော့သည်။
"အဲဒါက ဘာကြီးလဲ..." ယိုဟန်က အာနားနှင့် ကာနာတို့ကို လှမ်းကြည့်ရင်း မေးမြန်းလိုက်ရာ... အာဂျွန်သည် ယိုဟန်၏ ပါးစပ်ဖျားမှ ထိုစကားလုံးများကို ကြားလိုက်ရသည့်အခါ သက်ပြင်းအရှည်ကြီးတစ်ချက် ချလိုက်မိပြီး၊ အာနနှင့် ကာနတို့မှာမူ သခင်မလေး အီဗလင်ကို လှမ်းကြည့်လိုက်ကြရင်း ယိုဟန်ကို စိတ်မကောင်းစွာဖြင့် ခါးသက်သက် ပြုံးပြလိုက်ကြရှာသည်။
အီဗလင်းက ယိုဟန်ကို လှည့်ကြည့်ကာ အဓိပ္ပာယ်ပါပါ ပြုံးပြလိုက်ရင်း "မင်းက အဲဒီမိန်းကလေးကို ကယ်တင်ချင်တာ မဟုတ်ဘူးလား..." သူမက ယိုဟန်ကို စိုက်ကြည့်ရင်း ထိုစကားလုံးများကို ဆိုလိုက်သည်။ယိုဟန်သည် တည်ငြိမ်အေးစက်လှသော မျက်နှာအမူအရာများဖြင့် အီဗလင်းကို စိုက်ကြည့်လိုက်မိရင်း ဦးခေါင်းညိတ်ပြကာ အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး"ဟုတ်ပါတယ်... ငါ ဒီယာ့ကို ကယ်တင်ချင်ပါတယ်..." ဟု သူမအား ပြန်လည်ဖြေကြားလိုက်၏။
"ဒါဆိုရင်... သူမကို ကယ်တင်ဖို့အတွက် မင်း ဘာတွေ လုပ်ဆောင်ရဲလဲ၊ အဲဒီမိန်းကလေးရဲ့ အသက်အတွက် မင်းရဲ့ ကိုယ်ပိုင်အသက်ကိုပါ စွန့်လွှတ်ဖို့အထိ သတ္တိရှိရဲ့လား သခင်လေး ယိုဟန်..." အီဗလင်းက ယိုဟန်ကို စိုက်ကြည့်ရင်း ထိုစကားလုံးများကို ဆိုလိုက်တော့သည်။
"သူမကို ကယ်တင်နိုင်ဖို့အတွက်ဆိုရင် ငါ ဘာမဆို လုပ်ဖို့ အဆင်သင့်ပဲ... ငါ့ရဲ့ အသက်ကို စွန့်လွှတ်ရမယ်ဆိုရင်တောင်မှပေါ့..." ယိုဟန်က အီဗလင်ကို စိုက်ကြည့်ရင်း ပြတ်သားစွာ ပြန်လည်ဖြေကြားလိုက်သည်။
ထိုစကားလုံးများကို ကြားလိုက်ရသည့်အခါ သူမက သဘောကျစွာ ပြုံးလိုက်မိရင်း— "ဒါဆိုရင်လည်း... တကယ်လို့ မင်း အဲဒီမိန်းကလေးကို ကယ်တင်ချင်တယ်ဆိုရင်၊ မင်း အဲဒီနယ်ပယ်ကူးပြောင်းခြင်း အလင်းတံခါး ထဲကို ဝင်ရောက်သွားရမယ်... ပြီးတော့ အဲဒီထဲမှာ တစ်ရက်တိတိ အသက်ရှင်အောင် ရုန်းကန်ရလိမ့်မယ်..." အီဗလင်းက ရဲရဲနီသော အလင်းတန်းများ တဖျတ်ဖျတ် လင်းလက်လှုပ်ခတ်နေသည့် နယ်ပယ်ကူးပြောင်းခြင်း အလင်းတံခါးကြီး တည်ရှိရာ အရပ်မျက်နှာဆီသို့ သူမ၏ လက်ညှိုးဖြင့် ညွှန်ပြကာ ဆိုလိုက်သည်။
ယိုဟန်သည် ထိုနယ်ပယ်ကူးပြောင်းခြင်း အလင်းတံခါးကြီး တည်ရှိရာ အရပ်ဆီသို့ စိုက်ကြည့်လိုက်မိရင်း သက်ပြင်းအရှည်ကြီးတစ်ချက် ချလိုက်သည်။ အာဂျွန်သည်လည်း ယိုဟန်၏ အကြည့်များကို သတိပြုမိလိုက်သည့်ခဏ၌ အသက်ရှူပင် မှားသွားခဲ့ရရှာပြီး "ကျွန်တော် လုံးဝ ခွင့်မပြုနိုင်ပါဘူး... သခင်လေး ယိုဟန် အဲဒီအလင်းတံခါးထဲကို လုံးဝ ဝင်ရောက်လို့မဖြစ်ပါဘူး၊ ဒါက ကိုယ့်ကိုယ်ကိုယ် သတ်သေတာနဲ့ အတူတူပဲဗျာ..." အာဂျွန်က ပြာပြာသလဲ အော်ဟစ်လိုက်မိရင်း အီဗလင်း၏ ရှေ့မှောက်၌ ဒူးထောက်လဲကျသွားခဲ့ကာ ထိုစကားများကို ဆိုလိုက်သည်။
"သခင်မလေး... ကျွန်တော့်ရဲ့ ရိုင်းပျမှုအတွက် ကျွန်တော့်ကို ကြိုက်သလို အပြစ်ပေးနိုင်ပါတယ်၊ ဒါပေမဲ့ သခင်လေး ယိုဟန် အဲဒီနေရာထဲကို ဝင်ရောက်သွားဖို့ကိုတော့ ကျွန်တော် လုံးဝ ခွင့်မပြုနိုင်ပါဘူး... သူ အဲဒီထဲကို ခြေလှမ်းလှမ်းဝင်လိုက်တာနဲ့ တစ်ပြိုင်နက် ချက်ချင်း သေဆုံးသွားပါလိမ့်မယ်..." အာဂျွန်က သူ၏ ဦးခေါင်းကို မော့လိုက်မိရင်း အီဗလင်းကို စိုက်ကြည့်ကာ တောင်းပန်တိုးလျှိုးလိုက်တော့သည်။
ကာနာသည်လည်း တစ်စုံတစ်ခုကို ဝင်ရောက်ပြောဆိုရန် ပြင်ဆင်လိုက်သော်လည်း အာနားက သူမ၏ လက်ကို အတင်းအဓမ္မ ဆွဲကိုင်လိုက်ပြီး... ဦးခေါင်းယမ်းပြကာ တားဆီးပစ်လိုက်သည်။
"ဒါက သူ့ရဲ့ ရွေးချယ်မှုပဲလေ... တကယ်လို့ သူက သူမကို ကယ်တင်ချင်တယ်ဆိုရင်တော့ အဲဒီနေရာထဲမှာ တစ်ရက်တိတိ အသက်ရှင်အောင် ရုန်းကန်ပြရလိမ့်မယ်၊ မင်း အဲဒီထဲမှာ သေဆုံးသွားတာပဲဖြစ်ဖြစ်... ဒါမှမဟုတ် တစ်စုံတစ်ယောက်သော နည်းလမ်းနဲ့ အသက်ရှင်လျက် ပြန်လည်ထွက်ခွာလာနိုင်တာပဲဖြစ်ဖြစ်... ငါ အဲဒီမိန်းကလေးကို သေချာပေါက် ကယ်တင်ပေးမယ်လို့ ကတိပေးတယ်..." အီဗလင်းက ယိုဟန်ကို စိုက်ကြည့်ရင်း ထိုစကားလုံးများကို ဆိုလိုက်၏။
"ငါ လုပ်မယ်... ဒီယာ့ရဲ့ အသက်ကို ကယ်တင်နိုင်ဖို့အတွက် မင်းက ငါ့ကို အဲဒီနေရာထဲ ဝင်သွားစေချင်တယ်ဆိုရင်တော့... ငါ ဝမ်းမြောက်ဝမ်းသာနဲ့ပဲ ဝင်သွားပေးပါ့မယ်..." ယိုဟန်က ထိုစကားလုံးများကို ဆိုရင်း လှောင်ပြုံးတစ်ချက် ပြုံးလိုက်မိသည်။
ထိုစကားလုံးများကို ကြားလိုက်ရသည့်အခါ အီဗလင်းသည် လက်သီးကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်မိရင်း လေးနက်လှသော မျက်နှာအမူအရာများနှင့်အတူ ယိုဟန်ကို စိုက်ကြည့်ကာ— "မင်း တကယ်ပဲ သေချာလို့လား... ဒါက မင်းရဲ့ အသက်ကိုပါ ဆုံးရှုံးသွားစေနိုင်တာနော်၊ အဲဒါက ဘယ်လိုမျိုး နေရာလဲဆိုတာကိုကော မင်း ကောင်းကောင်း သိရဲ့လား..." သူမက သူ့ကို စိုက်ကြည့်ရင်း မေးမြန်းလိုက်ပြန်သည်။
ယိုဟန်က ခါးသက်သက် ပြုံးလိုက်မိရင်း အီဗလင်းကို စိုက်ကြည့်ကာ "အဲဒါတွေက အရေးကြီးလို့လား... ကျွန်တော့်မှာ တခြား ရွေးချယ်စရာ လမ်းမှမရှိတာ၊ ကျွန်တော်သေသည်ဖြစ်စေ ရှင်သည်ဖြစ်စေ ဂရုမစိုက်ဘူး... သခင်မကြီးရဲ့ ကတိအတိုင်းသာ တည်အောင် လုပ်ပေးပါ..." သူက အီဗလင်းအား ပြန်လည်ဖြေကြားလိုက်ပြီးနောက်... နောက်တစ်စက္ကန့်၌ သူ၏ အကြည့်များကို အာဂျွန်ထံသို့ ပို့လွှတ်လိုက်သည်။
"ဒါက ငါ့ရဲ့ ကိုယ်ပိုင်ရွေးချယ်မှုပဲ... မင်း ဒီလိုမျိုးတွေ လုပ်နေဖို့ မလိုပါဘူး..." ယိုဟန်က အာဂျွန်ကို တစ်ချက်မျှ စိုက်ကြည့်ကာ ဆိုလိုက်၏။
"ဒါပေမဲ့ ကျွန်တော် သခင်လေးကို အခုလိုမျိုး ခွင့်မပြုနိုင်ပါဘူး... အဲဒါက ဘယ်လိုမျိုး နေရာလဲဆိုတာ သခင်လေး သိရဲ့လား၊ သခင်လေး အဲဒီနေရာထဲမှာ သေချာပေါက် သေသွားလိမ့်မယ်ဗျာ..." အာဂျွန်က ယိုဟန်ကို လှမ်းကြည့်ရင်း စိုးရိမ်တကြီး အော်ဟစ်လိုက်မိသည်။
ယိုဟန်က သူ့ကို စိုက်ကြည့်လိုက်ရင်း— "ငါ မင်းရဲ့ စကားကို နားထောင်ဖို့ တာဝန်မရှိဘူး... မင်းက ငါ့ရဲ့ အနောက်ကို လိုက်ပါစောင့်ရှောက်ပေးဖို့ပဲ လာတာလေ၊ ငါ အဲဒီနေရာထဲကို ဝင်မဝင်ဆိုတာကို မင်းက လာပြီး ဆုံးဖြတ်ပေးလို့မရဘူး..." ယိုဟန်က အာဂျွန်အား ပြန်လည် ခြေပလိုက်ပြီးနောက်... နောက်တစ်စက္ကန့်၌ သူ၏ အကြည့်များကို အီဗလင်းထံသို့ ပို့လွှတ်လိုက်ပြန်သည်။
"သခင်မကြီးအခုလေးတင် ငါ့ကို ပေးခဲ့တဲ့ ကတိအတိုင်း တည်အောင် လုပ်ပေးပါ... သူမကို ကယ်တင်ပေးပါ..." ယိုဟန်က လေးနက်လှသော မျက်နှာအမူအရာများနှင့်အတူ အီဗလင်းကို စိုက်ကြည့်ရင်း ထိုစကားလုံးများကို ဆိုလိုက်သည်။
အီဗလင်က သူ့ကို ကြည့်၍ ပြုံးလိုက်မိရင်း "ငါက ငါ့ရဲ့ ကတိကို အမြဲတမ်း တည်စောင့်တဲ့သူပါ..." ဟု ပြန်လည်ဖြေကြားလိုက်၏။
ပြီးနောက်တွင်မူ သူမက— "မင်း အဲဒီနေရာထဲကို မဝင်ရောက်ခင်မှာ ငါ မင်းကို တစ်ခုလောက် ကြိုပြီး ရှင်းပြထားပါရစေ... အဲဒီအရာက မင်းကို ဘယ်သူမှ မသိနိုင်တဲ့ ဘယ်အရပ်မျက်နှာဆီကိုမဆို ပို့ဆောင်ပေးလိမ့်မယ်၊ ပြီးတော့ တကယ်လို့ မင်းအနေနဲ့ အဲဒီနေရာထဲမှာ တစ်ရက်တိတိ အသက်ရှင်အောင် ရုန်းကန်နိုင်ခဲ့မယ်ဆိုရင်တော့... ထိုနယ်ပယ်ကူးပြောင်းခြင်း အလင်းတံခါးက မင်းရဲ့ ရှေ့မှောက်မှာ ထပ်မံ ပေါ်ထွက်လာပြီး မင်းကို ဒီနေရာဆီကို ပြန်လည်ခေါ်ဆောင်လာပေးလိမ့်မယ်..." အီဗလင်က သူ့အား အသေးစိတ် ရှင်းလင်းပြောကြားလိုက်တော့သည်။
ယိုဟန်သည် ထိုနယ်ပယ်ကူးပြောင်းခြင်း အလင်းတံခါးကြီးကို စိုက်ကြည့်လိုက်မိရင်း ဦးခေါင်းညိတ်ပြလိုက်၏။
ထိုစကားလုံးများကို ကြားလိုက်ရသည့်ခဏ၌ အာဂျွန်၏ မျက်နှာတစ်ခုလုံး မည်းမှောင်သွားခဲ့ရပြီး သူသည် လက်သီးကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်မိသော်လည်း... ယိုဟန်က ထိုနယ်ပယ်ကူးပြောင်းခြင်း အလင်းတံခါးထဲသို့ ဝင်ရောက်ရန် အစောကတည်းက ပြတ်သားစွာ ဆုံးဖြတ်ချက်ချထားခဲ့ပြီးသား ဖြစ်သဖြင့် ၎င်းကို တားဆီးရန်အတွက် ယခုအချိန်တွင် သူ ဘာတစ်ခုမှ မလုပ်ဆောင်နိုင်တော့ပါချေ။
'တောက်... တကယ်ပဲ၊ ငါ သခင်ကြီးလင်ကို ဘယ်လိုမျိုး မျက်နှာနဲ့ သွားပြီး ရင်ဆိုင်ရတော့မလဲ... သူက ယိုဟန်ကို သေသေချာချာ စောင့်ကြပ်ကြည့်ရှုဖို့အတွက် ငါ့ကို လွှတ်လိုက်တာလေ၊ အခုတော့ သူက စိတ်လိုက်မာန်ပါနဲ့ ဇွတ်တရွတ် ဆုံးဖြတ်ချက်တွေ ချနေပြီ... တောက်... ငါ ဘာဆက်လုပ်ရမလဲ...' သူသည် စိတ်ထဲမှနေ၍ အပူတပြင်း တွေးတောလိုက်မိရင်း ညည်းတွားနေခဲ့မိရှာသည်။
ယိုဟန်သည် နယ်ပယ်ကူးပြောင်းခြင်း အလင်းတံခါးကြီးထံသို့ ခြေလှမ်းကျဲကြီးများဖြင့် စတင်လျှောက်လှမ်းသွားခဲ့ရာ... အာနားနှင့် ကာတို့နှစ်ဦးစလုံး ထိတ်လန့်တုန်လှုပ်ခြင်းများနှင့်အတူ တံတွေးကို အသာအယာ မြိုချလိုက်မိကြရင်း အီဗလင်ထံသို့ လှမ်းကြည့်လိုက်ကြမိသည်။ အီဗလင်းကမူ တည်ငြိမ်စွာဖြင့်ပင် မတ်တတ်ရပ်နေခဲ့ရင်း ၎င်းတို့သုံးဦးစလုံး၏ အကြည့်များကို လုံးဝ လျစ်လျူရှုထားခဲ့၏။
ယိုဟန်သည် နယ်ပယ်ကူးပြောင်းခြင်း အလင်းတံခါးကြီး၏ ရှေ့မှောက်သို့ ရောက်ရှိသွားခဲ့သည့်ခဏ၌ သူ၏ လှုပ်ရှားမှုများကို ခေတ္တမျှ ရပ်တန့်လိုက်မိပြီး... မိမိ၏ ရှေ့မှောက်ရှိ မိမိအား ဝါးမြိုပစ်ရန်အတွက် အငမ်းမရ လှုပ်ခတ်နေသည့် အလင်းတံခါးကြီးကို မော့ကြည့်လိုက်မိသည်။
'ငါ မင်းကို သေချာပေါက် ကယ်တင်ပေးမှာပါ ဒီယာ... ဘာပဲဖြစ်ဖြစ်ပေါ့၊ တကယ်လို့ ငါ့ရဲ့ အသက်ကို ရင်းရမယ်ဆိုရင်တောင်မှ ငါ လုပ်သွားမှာပါ... ကျေးဇူးပြုပြီး သားကို ခွင့်လွှတ်ပါ အမေ... သားမှာ တခြား ရွေးချယ်စရာ လမ်းမှမရှိတာ...' ယိုဟန်သည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်မိရင်း... အနောက်ဘက်သို့ တစ်ချက်မျှ ပြန်လည်လှည့်မကြည့်တော့ဘဲ ထိုနယ်ပယ်ကူးပြောင်းခြင်း အလင်းတံခါးကြီးအတွင်းသို့ ချက်ချင်း တိုးဝင်ပျောက်ကွယ်သွားခဲ့တော့သည်။
နောက်တစ်စက္ကန့်တွင်မူ ထိုနယ်ပယ်ကူးပြောင်းခြင်း အလင်းတံခါးကြီးသည် ယိုဟန်နှင့်အတူ ၎င်းတို့၏ အမြင်အာရုံထဲမှနေ၍ မျက်စိတစ်မှိတ်အတွင်း ရုတ်ချည်း ပျောက်ကွယ်သွားခဲ့ရတော့၏။
"သခင်မလေး... အခုလိုမျိုး လုပ်လိုက်တာ တကယ်ပဲ အဆင်ပြေရဲ့လားဟင်၊ သူ အဲဒီနေရာထဲမှာ အသက်ရှင်နိုင်မှာ မဟုတ်ဘူးလေ... ဘာဖြစ်လို့ သူ့ကို အဲဒီနေရာထဲကို အတင်းအဓမ္မ ဝင်ခိုင်းလိုက်ရတာလဲ၊ ကျွန်မနဲ့ ကာနာတို့တောင်မှ အဲဒီအရာထဲကို တစ်ယောက်တည်း သွားဖို့ လုံးဝ မဝံ့ရဲကြဘူးလေ..." အာနားက အီဗလင်းကို လှမ်းကြည့်ရင်း စိုးရိမ်တကြီး မေးမြန်းလိုက်မိသည်။
အာဂျွန်မှာမူ လုံးဝ မိန်းမောတွေဝေနေဆဲ ဖြစ်သဖြင့် တစ်ခွန်းမျှ မဆိုဘဲ တိတ်ဆိတ်ငြိမ်သက်နေခဲ့မိရာ... အခုလေးတင် ဖြစ်ပျက်သွားခဲ့သည့် အခြင်းအရာများကို သူ၏ မျက်စိဖြင့် မြင်တွေ့လိုက်ရသော်လည်း လုံးဝ မယုံကြည်နိုင်လောက်အောင် ဖြစ်နေခဲ့ရရှာသည်။
အီဗလင်းက အာနားနှင့် ကာနာတို့ကို ပြင်းထန်လှသော အကြည့်များဖြင့် စိုက်ကြည့်လိုက်မိရာ... သူမ၏ ခြိမ်းခြောက်မှု အရှိန်အဝါများ ပြည့်နှက်နေသည့် အကြည့်များကို မြင်တွေ့လိုက်ရသည့်ခဏ၌ ၎င်းတို့နှစ်ဦးစလုံးသည် ထိတ်လန့်တုန်လှုပ်ခြင်းများနှင့်အတူ မြေပြင်ထက်သို့ ၎င်းတို့၏ ဦးခေါင်းများကို ချက်ချင်း ငုံ့လျှိုးပစ်လိုက်ကြမိတော့သည်။
"မင်းတို့နှစ်ယောက်စလုံး ပြင်ဆင်ထားကြစမ်း... ငါတို့တွေ အခုပဲ လင်မျိုးနွယ်စုဝင်းဆီကို သွားကြမယ်..." အီဗလင်းက အာနားနှင့် ကာနတို့ကို စိုက်ကြည့်ရင်း ထိုစကားလုံးများကို ပြတ်သားစွာ ဆိုလိုက်တော့၏။