"မင်း ဘာတွေ လာပြောနေတာလဲ အစ်ကိုစုလင်... မင်းက နီကိုးစ်မျိုးနွယ်စုကို စစ်ကြေညာတော့မလို့လား၊ မင်း ရူးသွားပြီလား" ဖုန်းယွန်းက စုလင်ကို စိုက်ကြည့်ရင်း ထိုစကားလုံးများကို ဆိုလိုက်သည်။
စုလင်သည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်မိရင်း မိမိ၏ ရှေ့မှောက်တွင် ထိုင်နေသော ဖုန်းယွန်းကို လှမ်းကြည့်ကာ
"မှန်တယ်... မင်း ကြားလိုက်တာ အမှန်ပဲ၊ အဲဒီခွေးတိရစ္ဆာန်တွေက မကျော်သင့်တဲ့ စည်းကို ကျော်သွားခဲ့ကြပြီ... သူတို့က ငါ့ရဲ့ ကလေးကို အန္တရာယ်ပြုဖို့ ကြိုးစားခဲ့ကြတာ၊ အဲဒီကလေးမလေးဟာ သူတို့ကြောင့် အခုချိန်မှာ အသက်ရှင်သန်ခွင့်ရဖို့အတွက် အသေအလဲ ရုန်းကန်နေရတယ်" စုလင်က ဖုန်းယွန်းကို စိုက်ကြည့်ရင်း ထိုစကားလုံးများကို ဒေါသတကြီး ဆိုလိုက်သည်။
ဖုန်းယွန်းက သက်ပြင်းအရှည်ကြီးတစ်ချက် ချလိုက်မိရင်း ဦးခေါင်းညိတ်ပြကာ "ဒါပေမဲ့လည်း မင်း ကိစ္စတွေကို ဇွတ်တရွတ် လုပ်လွန်းနေပြီ... ငါ မင်းအတွက် တကယ့်ကို စိုးရိမ်နေမိတာ၊ ငါတို့တွေ ဂိုဏ်းထဲမှာ ရှိစဉ်ကတည်းက တစ်ယောက်နဲ့တစ်ယောက် သိကျွမ်းခဲ့ကြတာလေ... ကျင့်ကြံခြင်းတွေကိုလည်း တစ်ချိန်တည်းမှာ စတင်ခဲ့ကြတာဆိုတော့ မင်းကို အခက်အခဲတွေနဲ့ မရင်ဆိုင်စေချင်ဘူး" ဖုန်းယွန်းက စုလင်ကို စိုက်ကြည့်ရင်း ထိုစကားလုံးများကို ဆိုလိုက်၏။
စုလင်က ဖုန်းယွန်းကို စိုက်ကြည့်နေခဲ့သဖြင့် အခန်းတွင်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့ရပြီး "ဒါဆိုရင်... မင်းက လင်မျိုးနွယ်စုကို ကူညီပံ့ပိုးပေးမှာ မဟုတ်ဘူးလို့ ပြောချင်တာပေါ့၊ ဟုတ်လား... ဒီနှစ်ပိုင်းအနည်းငယ်အတွင်းမှာ နီကိုးစ်မျိုးနွယ်စုက မင်းအတွက် အဲဒီလောက်တောင် အရေးပါသွားခဲ့တာလား... ငါ ပြောတာကို မင်း သေသေချာချာ မကြားလိုက်ဘူးထင်တယ်၊ အဲဒီခွေးတိရစ္ဆာန်က ယိုဟန်နဲ့ ဒီယာကို သတ်ပစ်ဖို့ ကြိုးစားခဲ့တာ" စုလင်က ဖုန်းယွန်းကို ဒေါသတကြီး စိုက်ကြည့်လိုက်တော့သည်။
ဖုန်းယွန်းက စုလင်ကို တည်ငြိမ်အေးစက်လှသော မျက်နှာအမူအရာများဖြင့် လှမ်းကြည့်လိုက်မိရင်း ဦးခေါင်းညိတ်ပြကာ
"ဒါက ယိုဟန်ရဲ့ အပြစ်ပဲလေ... အဲဒီမိန်းကလေး ဒီယာကို နီကိုးစ်မျိုးနွယ်စုဆီကို ရောင်းချထားပြီးသားဖြစ်တာကို ယိုဟန်က သခင်ကြီးနီကိုးလပ်စ်ရဲ့ လက်ထဲကနေ အတင်းအဓမ္မ လုယူခဲ့တာ မဟုတ်ဘူးလား... ပြီးတော့ သခင်ကြီးရဲ့ လူတွေကိုပါ ရိုက်နှက်ပြီး သူ့ကို စော်ကားခဲ့သေးတာ၊ နောက်ပြီးတော့ အဲဒီနိမ့်ကျတဲ့ မိန်းမတစ်ယောက်အတွက် ဘယ်သူက ဂရုစိုက်နေမှာလဲ... သူမမှာ ဘာမိသားစု နောက်ခံအင်အားမှလည်း ရှိတာမဟုတ်ဘူး၊ သူမ သေသည်ဖြစ်စေ ရှင်သည်ဖြစ်စေ ဘယ်သူက ဂရုစိုက်မှာလဲ... မင်းတို့မျိုးနွယ်စုရဲ့ ငွေကြေးနဲ့ ဂုဏ်ဒြပ်ကို သုံးလိုက်မယ်ဆိုရင် ယိုဟန်အတွက် မိန်းမကောင်းတွေကို အချိန်မရွေး ရှာဖွေပေးလို့ ရနေတာပဲကို" ဖုန်းယွန်းက စုလင်ကို စိုက်ကြည့်ရင်း ထိုစကားလုံးများကို ခနဲ့တဲ့တဲ့ ဆိုလိုက်သည်။
ဖုန်းယွန်း၏ ပါးစပ်ဖျားမှ ထိုစကားလုံးများကို ကြားလိုက်ရသည့်ခဏ၌ စုလင်တစ်ယောက် ဆွံ့အမှင်တက်သွားခဲ့ရပြီး... မိမိ၏ နားကိုပင် မိမိ မယုံကြည်နိုင်လောက်အောင် ဖြစ်သွားခဲ့ရသည်။
"မင်းရဲ့ မိသားစုကို ခေါ်ပြီး ဒီနေရာကနေ ချက်ချင်း ထွက်သွားစမ်း..." ရုတ်ချည်းဆိုသလိုပင် အခန်းတွင်း၌ ထူးဆန်းလှသော ဒေါသသံတစ်ခု ဟိန်းထွက်လာခဲ့သဖြင့် စူးလင်နှင့် ဖုန်းယွန်းတို့နှစ်ဦးစလုံး ထိတ်လန့်တုန်လှုပ်သွားခဲ့ကြရသည်။
"အလီနာ... မင်း ရောက်လာတာပဲ" စုလင်က အခန်းတွင်းသို့ လှမ်းဝင်လာသော အလီနာကို လှမ်းကြည့်ရင်း တီးတိုးရေရွတ်လိုက်မိ၏။
ဖုန်းယွန်းသည်လည်း အလီနာ၏ ပါးစပ်ဖျားမှ ထိုစကားလုံးများကို ကြားလိုက်ရသည့်အခါ မိန်းမောတွေဝေသွားခဲ့ရပြီး— "အစ်မအလီနာ... ငါက အခုထိ ဘာမှ မဖြစ်သေးဘူးလို့ပဲ အကြံပြုပြောဆိုနေတာပါ၊ အဲဒီမျိုးနွယ်စုက ဘယ်လောက်တောင် အင်အားကြီးမားသလဲဆိုတာ မင်းတို့ ကောင်းကောင်း မသိသေးဘူး...
သူတို့မှာ နတ်ဘုရားပွင့်လန်းခြင်းဂိုဏ်း ထဲမှာတောင် အဆက်အသွယ်အချို့ ရှိနေကြတာ... အင်အားကြီးမားလှတဲ့ ကျင့်ကြံသူမျိုးစုံနဲ့လည်း ပူးပေါင်းထားကြတာဆိုတော့ မင်းတို့ သူတို့ကို လုံးဝ အနိုင်ယူနိုင်မှာ မဟုတ်ဘူး၊ သူတို့နဲ့ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်တာက ပိုပြီး အဆင်ပြေလိမ့်မယ်... ငါ သခင်ကြီးနီကိုးလပ်စ်နဲ့ စကားပြောပေးဖို့ ကြိုးစားကြည့်ပါ့မယ်၊ သူ သေချာပေါက် ငါ့စကားကို နားထောင်မှာပါ" ဖုန်းယွန်းက အလီနာကို လှမ်းကြည့်ကာ ဆိုလိုက်သည်။
"ငါ့ကို အစ်မလို့ လာမခေါ်နဲ့... သခင်မကြီးအလီနာလို့ပဲ ခေါ်စမ်း၊ ပြီးတော့ ငါ အခုလေးတင် ဘာပြောလိုက်သလဲဆိုတာကို မင်း မကြားလိုက်ဘူးထင်တယ်... ငါ့စကားကို ထပ်ပြီး ပြောပေးဖို့ လိုအပ်ဦးမလား... လူစုလူဝေးပွဲကို ဖျက်သိမ်းလိုက်ပြီ၊ မင်းရဲ့ မိသားစုကို ခေါ်ပြီး ဖုန်းမြို့တော် ဆီကို အခုချက်ချင်း ပြန်လိုက်တော့" အလီနာက ပြတ်သားလှသော အရှိန်အဝါများနှင့်အတူ အော်ဟစ်လိုက်တော့သည်။
မိမိ၏ ဇနီးဖြစ်သူ၏ စကားလုံးများကို ကြားလိုက်ရသည့်ခဏ၌ စုလင်သည် ထိတ်လန့်တုန်လှုပ်ခြင်းများနှင့်အတူ တံတွေးကို အသာအယာ မြိုချလိုက်မိပြီး... ဖုန်းယွန်း၏ မျက်နှာတစ်ခုလုံးမှာမူ အလီနာက မိမိအား ဤကဲ့သို့သော စကားမျိုး ပြောဆိုလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားခဲ့သဖြင့် တစ်ခါတည်း မည်းမှောင်သွားခဲ့ရရှာသည်။
"အလီနာ..." စုလင်က ထိုစကားလုံးများကို ဆိုလိုက်သော်လည်း... အလီနာ၏ ပြင်းထန်လှသော ဒေါသမျက်နှာကို မြင်တွေ့လိုက်ရသည့်အခါ စူးလင်တစ်ယောက် လုံးဝ တောင့်တင်းသွားခဲ့ရသည်။
ဖုန်းယွန်းသည် စူးလင်နှင့် အလီနာတို့ကို လှမ်းကြည့်လိုက်မိရင်း သက်ပြင်းအရှည်ကြီးတစ်ချက် ချလိုက်ကာ အခန်းတွင်းမှ ထွက်ခွာရန် ပြင်ဆင်လိုက်သော်လည်း... အလီနာ၏ စကားလုံးများကြောင့် သူ၏ နှလုံးသားတစ်ခုလုံး ဆတ်ကနဲ တုန်ရင်သွားခဲ့ရပြီး သူ၏ လှုပ်ရှားမှုများကို ရုတ်ချည်း ရပ်တန့်လိုက်မိတော့သည်။
"ဒီယာ့အပေါ် မင်း အခုလေးတင် ပြောဆိုလိုက်တဲ့ စကားတွေအတွက် တစ်နေ့သောအခါမှာ နောင်တမရစေနဲ့... အနာဂတ်မှာ မင်းကို ဘယ်လိုမျိုး အရာတွေက စောင့်ကြိုနေမလဲဆိုတာ မင်း လုံးဝ သိနိုင်မှာ မဟုတ်ဘူး..." အလီနာက ဆိုလိုက်သည်။ဖုန်းယွန်းသည် ထိုစကားလုံးများကို ကြားသိလိုက်ပြီးနောက်... နောက်တစ်စက္ကန့်၌ အခန်းတွင်းမှ ချက်ချင်း ထွက်ခွာသွားခဲ့တော့၏။
ကြီးမားကျယ်ဝန်းလှသော စံအိမ်တော်ကြီးတစ်ခု၏ ရှေ့မှောက်တွင် မြင်းရထားတစ်စီး ဆတ်ကနဲ ရပ်တန့်သွားခဲ့ရာ... ယိုဟန်သည် မိမိ၏ မှိတ်တုတ်ထားသော မျက်ဝန်းများကို အသာအယာ ဖွင့်ဟလိုက်သည်။
"ကျွန်တော်တို့ ရောက်ပါပြီ သခင်လေး ယိုဟန်" အာဂျွန်က ယိုဟန်ကို လှမ်းကြည့်ရင်း ထိုစကားလုံးများကို ဆိုလိုက်သည်။ ယိုဟန်သည် သက်ပြင်းအရှည်ကြီးတစ်ချက် ချလိုက်မိရင်း သူ၏ အကြည့်များကို စံအိမ်တော်ကြီးထံသို့ ပို့လွှတ်လိုက်၏။
"သွားကြစို့..." ယိုဟန်က အာဂျွန်ကို လှမ်းကြည့်ကာ ဆိုလိုက်သည်။ အာဂျွန်က ဦးခေါင်းညိတ်ပြလိုက်မိပြီးနောက်... နောက်တစ်စက္ကန့်၌ ၎င်းတို့နှစ်ဦးစလုံးသည် စံအိမ်တော်ကြီးအတွင်းဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လှမ်းဝင်ခဲ့ကြတော့သည်။
မှောင်မိုက်နေသော အခန်းတွင်း၌ တင်ပလ္လင်ခွေ ထိုင်လျက် မျက်ဝန်းများကို တင်းကျပ်စွာ ပိတ်ဆို့ထားသော အမျိုးသမီးတစ်ဦးကို မြင်တွေ့ရပေလိမ့်မည်။ သို့သော်လည်း ရုတ်ချည်းဆိုသလိုပင် သူမ၏ မျက်နှာထက်တွင် ဆွဲဆောင်မှုရှိလှသော အပြုံးတစ်ခု ထွက်ပေါ်လာခဲ့၏။
"သူ ရောက်လာပြီပဲ..." အီဗလင်းသည် သူမ၏ နက်မှောင်လှပသော ပြာလဲ့လဲ့ မျက်ဝန်းအစုံကို အသာအယာ ဖွင့်ဟလိုက်ရာ... ၎င်းမျက်ဝန်းများမှာ မှောင်မိုက်နေသော အခန်းအလယ်တွင် တောက်ပစွာ လင်းလက်နေခဲ့ကြသည်။
"အာနာ... ကာနာ..." အီဗလင်းက တီးတိုးရေရွတ်လိုက်မိသည်နှင့် တစ်ပြိုင်နက်... နောက်တစ်စက္ကန့်၌ အမျိုးသမီးနှစ်ဦးမှာ သူမ၏ ရှေ့မှောက်တွင် ချက်ချင်း ပေါ်လာခဲ့ကြတော့သည်။
"ကျွန်မတို့ကို ဆင့်ခေါ်လိုက်တာလား သခင်မလေး..." ၎င်းတို့နှစ်ဦးစလုံးသည် အီဗလင်းထံသို့ ရိုသေစွာ ဦးညွှတ်လိုက်ကြမိ၏။
"သူ ရောက်နေပြီ... သူ့ကို ငါ့ရဲ့ အခန်းထဲအထိ တစ်ယောက်တည်း လိုက်ပါခေါ်ဆောင်လာခဲ့ကြစမ်း" အီဗလင်က ၎င်းတို့နှစ်ဦးကို စိုက်ကြည့်ရင်း စေခိုင်းလိုက်သည်။
"ဟုတ်ကဲ့ပါ သခင်မလေး..." ၎င်းတို့နှစ်ဦးစလုံးက ဦးခေါင်းညိတ်ပြလိုက်မိကြပြီးနောက်... နောက်တစ်စက္ကန့်၌ အီဗလင်း၏ အမြင်အာရုံထဲမှနေ၍ မျက်စိတစ်မှိတ်အတွင်း ချက်ချင်း ပျောက်ကွယ်သွားခဲ့ကြတော့သည်။
အတန်ကြာပြီးနောက်တွင်မူ ယိုဟန်နှင့် အာဂျွန်တို့သည် စံအိမ်တော်ကြီးအတွင်းသို့ လှမ်းဝင်ရန် ပြင်ဆင်လိုက်စဉ်မှာပင်... ရုတ်ချည်းဆိုသလိုပင် အမျိုးသမီးနှစ်ဦးမှာ ၎င်းတို့၏ ရှေ့မှောက်တွင် ရုတ်တရက် ပေါ်လာခဲ့ကြပြန်သည်။
"မင်း... နောက်တစ်ခေါက် ပြန်ရောက်လာပြန်ပြီပေါ့" အာနားက ယိုဟန်ကို စိုက်ကြည့်ရင်း ထိုစကားလုံးများကို ဆိုလိုက်သည်။
"မှန်တာပေါ့... သူက ယိုဟန်ပဲလေ" ကာနသည်လည်း အာနာ၏ စကားများကို ထောက်ခံလိုက်မိရင်း ယိုဟန်ကို စိုက်ကြည့်ကာ ဆိုလိုက်၏။
ယိုဟန်က ဦးခေါင်းညိတ်ပြလိုက်မိရင်း ၎င်းတို့နှစ်ဦးကို စိုက်ကြည့်လိုက်ကာ "ငါ သခင်မလေး အီဗလင်းနဲ့ တွေ့ဆုံချင်လို့ပါ..." ဟု ၎င်းတို့အား ပြန်လည်ဖြေကြားလိုက်သည်။
"ဟင်း... စိတ်အနှောင့်အယှက်ပေးတဲ့ ကောင်စုတ်လေး..." ကာနက မိမိ မျှော်လင့်ထားသည့် တုံ့ပြန်မှုမျိုးကို ယိုဟန်ထံမှ ပြန်လည်မရရှိသဖြင့် မကျေမနပ် တီးတိုးရေရွတ်လိုက်မိ၏။
"ဟုတ်ပါတယ်... အစ်မကာနာ ပြောတာ တကယ့်ကို မှန်တာပေါ့" အာနား က သူမကို လှမ်းကြည့်ရင်း ဆိုလိုက်သည်။
ယိုဟန်သည် ၎င်းအမျိုးသမီးနှစ်ဦး၏ စကားလုံးများကို ကြားလိုက်ရသည့်အခါ သက်ပြင်းတစ်ချက် ချလိုက်မိပြီး... အာဂျွန်ကမူ ထိုအမျိုးသမီးနှစ်ဦးကို လှမ်းကြည့်ကာ ပြုံးပြလိုက်မိရင်း ရိုသေစွာ ဦးညွှတ်လိုက်သည်။
"မတွေ့ရတာ ကြာပြီနော် သခင်မလေးအာနားနဲ့ သခင်မလေးကာန..." ထိုစကားလုံးများကို ကြားလိုက်ရသည့်အခါ အာနားနှင့် ကာနာတို့နှစ်ဦးစလုံး သက်ပြင်းတစ်ချက်စီ ချလိုက်ကြမိ၏။
"ဒါ... အဖိုးအိုလင်ရဲ့ အနောက်ကို အမြဲတမ်း လိုက်ပါစောင့်ရှောက်ပေးနေတဲ့ အာဂျွန် မဟုတ်ဘူးလား၊ မင်း တော်တော်လေး ပြောင်းလဲသွားခဲ့တာပဲ..." အာနားက ဆိုလိုက်သည်။
"မှန်တာပေါ့... သူက အာဂျွန်ပဲလေ" ကာနာက ဆိုလိုက်ရာ... အာဂျွန်က ၎င်းတို့နှစ်ဦးကို ကြည့်၍ ဦးခေါင်းညိတ်ပြလိုက်မိသည်။
"မင်းတစ်ယောက်တည်းသာ ငါတို့ရဲ့ အနောက်ကို လိုက်ခဲ့ရမယ်..." အာနားနှင့် ကာနားတို့က ယိုဟန်ကို စိုက်ကြည့်ရင်း ထိုစကားလုံးများကို ပြတ်သားစွာ ဆိုလိုက်ကြပြီးနောက်... ၎င်းတို့၏ အကြည့်များကို အာဂျွန်ထံသို့ ပို့လွှတ်လိုက်ကြသည်။
"ကျွန်တော် နားလည်ပါတယ်..." အာဂျွန်က ၎င်းတို့နှစ်ဦးအား ပြန်လည်ဖြေကြားလိုက်ပြီးနောက်... ယိုဟန်ထံသို့ လှမ်းကြည့်လိုက်ကာ "ကျွန်တော် ဒီနေရာမှာပဲ စောင့်နေပါ့မယ်၊ သခင်လေး ယိုဟန်... အေးအေးဆေးဆေး သွားနိုင်ပါတယ်ခင်ဗျာ" ဟု ဆိုလိုက်တော့သည်။
ယိုဟန်က ဦးခေါင်းညိတ်ပြလိုက်မိရင်း... နောက်တစ်စက္ကန့်၌ ထိုအမျိုးသမီးနှစ်ဦးနှင့်အတူ စံအိမ်တော်ကြီးအတွင်းဆီသို့ လိုက်ပါထွက်ခွာသွားခဲ့တော့၏။