"မင်း... အခုလေးတင် ဘာပြောလိုက်တာလဲ" ထိုစကားလုံးများကို ကြားလိုက်ရပြီးနောက် အဖိုးအိုလင်သည် ဆေးသမားတော်ကို စိုက်ကြည့်ရင်း ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။ ယိုဟန်ကမူ ဆေးသမားတော်ကို ကြည့်ရင်း မိန်းမောတွေဝေသွားခဲ့ရ၏။
ထိုဆေးသမားတော်အိုကြီးသည် အကြီးအကဲလင်ကို လှမ်းကြည့်လိုက်ပြီးနောက် သူ၏ အကြည့်များကို ယိုဟန်ထံသို့ ပို့လွှတ်လိုက်ကာ— "ကျွန်တော် တောင်းပန်ပါတယ်... ဒါပေမဲ့ ဒါက ကျွန်တော့်ရဲ့ စွမ်းဆောင်နိုင်ရည်ထက် ကျော်လွန်နေပါပြီ၊ သူမဟာ ပြင်းထန်လွန်းတဲ့ စိတ်ဒဏ်ရာကို ခံစားလိုက်ရပြီး အခုဆိုရင် အာရုံခံစားမှု ကင်းမဲ့တဲ့ သတိလစ်မေ့မြောခြင်း အခြေအနေကို ရောက်ရှိသွားပါပြီ..."
သူသည် နောက်ထပ်တစ်ခဏမျှ တိတ်ဆို့သွားခဲ့ပြီးမှ ပါးစပ်ကို ပြန်လည်ဖွင့်ဟလိုက်ပြန်သည်— "ကျွန်တော် အစွမ်းကုန် ကြိုးစားခဲ့ပါတယ်... ဒါပေမဲ့ ဘာတစ်ခုမှ မတတ်နိုင်ခဲ့ပါဘူး၊ တကယ်လို့ သူမက ဒီအတိုင်းသာ ဆက်ပြီး ရှိနေဦးမယ်ဆိုရင်တော့... အသက်ရှင်ဖို့ လမ်းစမရှိတော့ပါဘူး" ဆေးသမားတော်က ထိုစကားလုံးများကို ဆိုရင်း သက်ပြင်းအရှည်ကြီးတစ်ချက် ချလိုက်ရာ... သူ၏ ဘေးနားရှိ အမျိုးသမီးမှာလည်း ယိုဟန်ကို ကြောက်ရွံ့နေသဖြင့် တံတွေးကို အသာအယာ မြိုချလိုက်မိရှာသည်။
ဆေးသမားတော်၏ ပါးစပ်ဖျားမှ ထိုစကားလုံးများကို ကြားလိုက်ရသည့်ခဏ၌ ယိုဟန်၏ နှလုံးသားတစ်ခုလုံး ပြင်းထန်စွာ နစ်မြုပ်သွားခဲ့ရသည်။ စုလင်နှင့် အကြီးအကဲလင်တို့သည်လည်း အကြည့်ချင်း ဖလှယ်လိုက်ကြမိ၏။ သို့သော်လည်း အလီနာမှာမူ ထိုဆေးသမားတော်၏ စကားလုံးများကြောင့် အလွန်ပင် ဒေါသချောင်းချောင်းထွက်သွားခဲ့ရသဖြင့်... သူမသည် ၎င်းအဖိုးအိုထံသို့ အလျင်အမြန် ချဉ်းကပ်သွားခဲ့ရင်း သူ၏ ရင်ဘတ်ကော်လာစကို အတင်းအဓမ္မ ဆွဲကိုင်လိုက်တော့သည်။
"တောက်... မင်းလို ခွေးသားက ဘာတွေ လာပြောနေတာလဲ၊ မင်း ဘာပဲလုပ်လုပ်... ငါ့ရဲ့ သမီးလေးကို ဘေးကင်းကင်းနဲ့ ပြန်ပြီး သတိရလာအောင် လုပ်ပေးစမ်း... တကယ်လို့ သူမကို တစ်စုံတစ်ခု ဖြစ်ပျက်သွားခဲ့မယ်ဆိုရင်တော့၊ မင်းလည်း ဒီနေရာကနေ ခန္ဓာကိုယ်အစိတ်အပိုင်း အကောင်းအတိုင်းနဲ့ ထွက်သွားရဖို့ လုံးဝ မမျှော်လင့်နဲ့... ကြားလား" အလီနာက ဆေးသမားတော်အိုကြီးကို စိုက်ကြည့်ရင်း ဒေါသတကြီး အော်ဟစ်လိုက်တော့၏။
ဆေးသမားတော်သည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်မိရင်း "သခင်မကြီးခင်ဗျာ... သူမဟာ အချိန်နဲ့အမျှ အသက်စွမ်းအားတွေ တဖြည်းဖြည်း ဆုံးရှုံးနေရတာပါ၊ သခင်မကြီးအနေနဲ့ ကျွန်တော့်ကို သတ်ချင်ရင် သတ်နိုင်ပါတယ်... ဒါပေမဲ့ ကျွန်တော် လိမ်ညာပြောဆိုနေတာ မဟုတ်ပါဘူး၊ သူမကို ကယ်တင်ဖို့အတွက် ကျွန်တော့်ဘက်က ဘာမှ မတတ်နိုင်တော့တာ အမှန်ပဲ ဖြစ်ပါတယ်" ဟု အလီနာအား ပြန်လည်ဖြေကြားလိုက်သည်။
"မင်းက ဘာဖြစ်လို့ အခုလို စကားမျိုးကို ပြောရဲရတာလဲ... မင်းက ဒီမြစ်ကမ်းပါးမြို့တော် တစ်မြို့လုံးမှာ အတော်ဆုံး ဆေးသမားတော် မဟုတ်ဘူးလား" အလီနာသည် သူ၏ ရင်ဘတ်ကော်လာစကို ပိုမိုတင်းကျပ်စွာ ဆုပ်ကိုင်လိုက်မိ၏။ ထိုစကားလုံးများကို ကြားလိုက်ရသည့်ခဏ၌ ဆေးသမားတော်အိုကြီးသည် မိမိတွင် ပြန်လည်ဖြေကြားရန် စကားလုံးမရှိသဖြင့် ဦးခေါင်းကိုသာ အောက်သို့ ငိုက်စိုက်ချထားလိုက်ရှာသည်။
"စိတ်အေးအေးထားပါဦး အလီနာရယ်... သူမကို ကယ်တင်ဖို့အတွက် ငါတို့ တခြားနည်းလမ်းတစ်ခုခုကို သေသေချာချာ ရှာဖွေကြတာပေါ့" စုလင်က အလီနာ၏ ပုခုံးကို အသာအယာ ပုတ်ပေးလိုက်ရင်း ထိုစကားလုံးများကို ဆိုလိုက်သည်။
ဤအခြင်းအရာကို ကြည့်ရင်း အဖိုးအိုလင်သည် သက်ပြင်းအရှည်ကြီးတစ်ချက် ချလိုက်မိရာ... အလီနာသည် သူမ၏ ဦးခေါင်းကို မိမိ၏ ခင်ပွန်းဖြစ်သူထံသို့ လှည့်လိုက်မိရင်း "ဒါပေမဲ့... သူက ဘာဖြစ်လို့ သူမကို ကယ်တင်ဖို့အတွက် ဘာမှ မတတ်နိုင်တော့ဘူးလို့ ဒီလိုမျိုး လွယ်လွယ်လေး ပြောရတာလဲ" ဟု စုလင်အား ဆိုလိုက်သည်။
ထိုစကားလုံးများကို ကြားရသည့်အခါ စုလင်က ဦးခေါင်းညိတ်ပြလိုက်မိရင်း ပတ်ဝန်းကျင်ကို ဟိုဟိုဒီဒီ ဝေ့ဝဲကြည့်ရှုလိုက်ကာ— "ဒါနဲ့... ယိုဟန် ဘယ်ရောက်သွားတာလဲ" ဟု ပတ်ဝန်းကျင်တွင် ယိုဟန်ကို ရှာမတွေ့သဖြင့် မေးမြန်းလိုက်တော့သည်။အလီနာနှင့် အဖိုးအိုလင်တို့သည်လည်း တစ်ဦးကိုတစ်ဦး လှမ်းကြည့်လိုက်ကြမိရင်း ၎င်းတို့၏ အကြည့်များမှာ ယိုဟန်၏ အခန်းတွင်းဆီသို့ တစ်ပြိုင်နက်တည်း ရောက်ရှိသွားခဲ့ကြတော့သည်။
ထိုအတောအတွင်း—
ကုတင်ဘေးတွင် ထိုင်လျက် အမျိုးသမီးကလေး၏ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသော လူငယ်တစ်ဦးကို မြင်တွေ့ရပေလိမ့်မည်။ သူမမှာမူ တိတ်ဆိတ်စွာဖြင့် အိပ်မောကျနေဆဲ ဖြစ်၏"ဘာပဲဖြစ်ဖြစ်... ငါ မင်းကို သေချာပေါက် ကယ်တင်မှာပါ၊ ကျေးဇူးပြုပြီး ကြံ့ကြံ့ခံပေးပါဦး ဒီယာရယ်... အဲဒီဆေးသမားတော်အိုကြီး ဘာတွေပဲ ပြောပြော ငါ ဂရုမစိုက်ဘူး၊ မင်းကို ကုသပေးနိုင်မယ့် နည်းလမ်းကို ငါ သေချာပေါက် ရှာဖွေသွားမှာပါ..." ယိုဟန်သည် ဒီယာ့ကို စိုက်ကြည့်ရင်း ထိုစကားလုံးများကို တီးတိုးရေရွတ်လိုက်မိသည်။
နောက်တစ်စက္ကန့်တွင်မူ သူသည် မိမိ၏ ပုခုံးထက်သို့ လက်တစ်ဖက် ရောက်ရှိလာသည်ကို ခံစားလိုက်ရသဖြင့်... ယိုဟန်သည် သူ၏ ဦးခေါင်းကို အနည်းငယ် စောင်းလျက် အနောက်ဘက်ဆီသို့ လှမ်းကြည့်လိုက်၏။
"အမေ..." ယိုဟန်သည် အလီနာကို လှမ်းကြည့်လိုက်မိရင်း တီးတိုးရေရွတ်လိုက်ရာ... ယိုဟန်၏ အကြည့်များကို မြင်တွေ့လိုက်ရသည့်ခဏ၌ အလီနာက ဦးခေါင်းညိတ်ပြလိုက်မိရင်း သူ၏ ဘေးနားရှိ ခုံတစ်ခုထက်တွင် ဝင်ရောက်ထိုင်လိုက်ကာ သူမ၏ အကြည့်များကို ဒီယာ့ထံသို့ ပို့လွှတ်လိုက်သည်။
"မင်းအနေနဲ့ ကြံ့ကြံ့ခံထားရမယ် ယိုဟန်... မင်းရဲ့ အဖေနဲ့ အဖိုးတို့က သူမကို ကုသပေးနိုင်မယ့် နည်းလမ်းကို သွားပြီး ရှာဖွေနေကြပြီပဲ၊ စိုးရိမ်မနေပါနဲ့... သူမ သေချာပေါက် အဆင်ပြေသွားမှာပါ" သူမက တီးတိုးရေရွတ်လိုက်မိရင်း သူမ၏ လက်ဖဝါးဖြင့် ဒီယာ့၏ နဖူးပြင်ထက်သို့ အသာအယာ တင်လိုက်ကာ... ဒီယာ၏ ဦးခေါင်းလေးကို နူးညံ့စွာ ပွတ်သပ်ပေးလိုက်ရှာသည်။
ယိုဟန်သည် ဒီယာကို စိုက်ကြည့်လိုက်မိရင်း သက်ပြင်းအရှည်ကြီးတစ်ချက် ချလိုက်ကာ... နောက်တစ်စက္ကန့်၌ သူ၏ အကြည့်များကို အလီနာထံသို့ ရွှေ့ပြောင်းလိုက်ရင်း "အမေ... သူမကို ခဏလောက် စောင့်ရှောက်ပေးထားပါဦး၊ ကျွန်တော် အဖိုးဆီကို သွားပြီး ရှာလိုက်ဦးမယ်" ဟု အလီနာအား ဆိုလိုက်သည်။
အလီနာသည် သက်ပြင်းအရှည်ကြီးတစ်ချက် ချလိုက်မိရင်း ဦးခေါင်းညိတ်ပြလိုက်ကာ— "သူမအတွက် စိုးရိမ်မနေပါနဲ့ ငါ့သား... အမေ သူမရဲ့ ဘေးနားမှာပဲ စောင့်ပေးနေပါ့မယ်" ဟု ယိုဟန်အား ပြန်လည်ဖြေကြားလိုက်၏။
ယိုဟန်က ဦးခေါင်းညိတ်ပြလိုက်မိရင်း နောက်ဆုံးအနေဖြင့် ဒီယာ့ကို တစ်ချက်မျှ လှမ်းကြည့်လိုက်ကာ... သူ၏ အဖိုးဖြစ်သူကို ရှာဖွေရန်အတွက် အခန်းထဲမှ ချက်ချင်း ထွက်ခွာခဲ့တော့သည်။
ထိုအတောအတွင်း—
"သခင်ကြီး... အဲဒီရုပ်အလောင်းတွေကို ဘာလုပ်ရမလဲခင်ဗျာ" အာဂျွန်သည် အဖိုးအိုလင်ကို စိုက်ကြည့်ရင်း ထိုစကားလုံးများကို မေးမြန်းလိုက်သည်။
အဖိုးအိုလင်သည် အကြီးအကဲများ ညီလာခံခန်းမအတွင်း ထိုင်နေသည်ကို မြင်တွေ့ရပြီး... ထိုပတ်ဝန်းကျင် တစ်ဝိုက်တွင်မူ ဝတ်စုံနက်လူရိပ်များကိုသာ နေရာအနှံ့ မြင်တွေ့နေရသည်။ အဖိုးအိုသည် ထိုစကားလုံးများကို ကြားလိုက်ရသည့်အခါ သက်ပြင်းအရှည်ကြီးတစ်ချက် ချလိုက်မိရင်း— "သူတို့ရဲ့ ဦးခေါင်းတွေကို ဖြတ်ပစ်ပြီး... နီကိုးစ်မျိုးနွယ်စု ဆီကို ပို့လွှတ်လိုက်စမ်း၊ ယခုအချိန်ကစပြီး ငါတို့ဟာ နီကိုးစ်မျိုးနွယ်စုနဲ့ အလုံးစုံသော စစ်ပွဲကို ဆင်နွှဲပြီပဲ..." ဟု ဆိုကာ အဖိုးအိုသည် မိမိ၏ ရှေ့မှောက်ရှိ စားပွဲခုံထက်သို့ လက်ဝါးဖြင့် ပြင်းထန်စွာ ရိုက်ချလိုက်တော့သည်။
အာဂျွန်သည် သက်ပြင်းတစ်ချက် ချလိုက်မိရင်း ဦးခေါင်းညိတ်ပြလိုက်ကာ ၎င်းညီလာခံခန်းမအတွင်းမှ ထွက်ခွာရန် ပြင်ဆင်လိုက်သော်လည်း... ရုတ်ချည်းဆိုသလိုပင် သူ၏ လှုပ်ရှားမှုများကို ရပ်တန့်လိုက်မိရင်း အဖိုးအိုလင်ကို လှမ်းကြည့်ကာ— "ဒါပေမဲ့ သခင်ကြီး... နီကိုးစ်မျိုးနွယ်စုနဲ့ ပူးပေါင်းထားကြတဲ့ အခြားသော မျိုးနွယ်စုတွေကျရင်ကော ဘာလုပ်ရမလဲခင်ဗျာ" ဟု အာဂျွန်က စိုးရိမ်တကြီး မေးမြန်းလိုက်ပြန်သည်။
"ဘယ်မျိုးနွယ်စု ဒါမှမဟုတ် ဘယ်မိသားစုပဲဖြစ်ဖြစ်... ငါတို့ရဲ့ လမ်းကြောင်းကို လာပြီး ပိတ်ဆို့ဖို့ ကြိုးစားလာမယ်ဆိုရင်တော့၊ အကုန်လုံးကို သတ်ပစ်ကြစမ်း... ဒီကမ္ဘာမြေပြင်ပေါ်ကနေ သူတို့ရဲ့ တည်ရှိမှုတွေကို အပြီးတိုင် ချေမှုန်းဖျက်ဆီးပစ်ကြစမ်း" အဖိုးအိုက အာဂျွန်အား ပြန်လည်စေခိုင်းလိုက်ရင်း... အဖိုးအိုလင်သည် သူ၏ ရှည်လျားလှသော မုတ်ဆိတ်ဖြူကြီးကို ပွတ်သပ်လိုက်ရာ သူ၏ မျက်နှာထက်တွင် ကြောက်မက်ဖွယ်ကောင်းလှသော လူသတ်လိုစိတ် အရှိန်အဝါများ အဟုန်ပြင်းစွာ ထွက်ပေါ်နေခဲ့ပြီ ဖြစ်သည်။
သို့သော်လည်း ရုတ်ချည်းဆိုသလိုပင်... လူငယ်တစ်ဦးသည် အကြီးအကဲများ ညီလာခံခန်းမအတွင်းသို့ လှမ်းဝင်လာခဲ့ပြီး အဖိုးအိုလင်ထံသို့ တိုက်ရိုက် ချဉ်းကပ်လာခဲ့သည်။ မိမိ၏ မျက်စိရှေ့မှောက်တွင် ယိုဟန် ရောက်ရှိလာသည်ကို မြင်တွေ့လိုက်ရသည့်အခါ အဖိုးအိုလင်သည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်ရာ... နောက်တစ်စက္ကန့်၌ ထိုနေရာရှိ ဝတ်စုံနက်လူရိပ်များအားလုံး မျက်စိတစ်မှိတ်အတွင်း ချက်ချင်း ပျောက်ကွယ်သွားခဲ့ကြတော့သည်။
"အာဂျွန်... မင်းကတော့ ဒီမှာပဲ နေခဲ့ဦး" အဖိုးအိုလင်က အာဂျွန်ကို လှမ်းကြည့်ကာ ဆိုလိုက်ရာ... ထိုစကားလုံးများကို ကြားရသည့်အခါ အာဂျွန်က ဦးခေါင်းညိတ်ပြလိုက်မိရင်း၊ နောက်တစ်စက္ကန့်၌ အဖိုးအိုလင်၏ အကြည့်များမှာ ယိုဟန်ထံသို့ ရောက်ရှိသွားခဲ့သည်။
ယိုဟန်သည် သက်ပြင်းအရှည်ကြီးတစ်ချက် ချလိုက်မိရင်း သူ၏ အဖိုးဖြစ်သူကို စိုက်ကြည့်လိုက်ကာ—
"အဖိုး... ကျွန်တော် သခင်မကြီး အီဗလင်းဆီကို သွားပြီး ရှာဖွေတော့မယ်၊ သူမတစ်ယောက်တည်းသာ ကျွန်တော့်ကို ကူညီပေးနိုင်မယ့်သူ ဖြစ်လိမ့်မယ်..." ယိုဟန်သည် အဖိုးအိုကို စိုက်ကြည့်ရင်း ထိုစကားလုံးများကို ပြတ်သားစွာ ဆိုလိုက်သည်။
"မင်း... ဘာပြောလိုက်တယ်..." ထိုစကားလုံးများကို ကြားလိုက်ရသည့်ခဏ၌ အဖိုးအိုလင်သည် အလွန်ပင် ထိတ်လန့်တုန်လှုပ်သွားခဲ့ရပြီး... အာဂျွန်သည်လည်း ထိုစကားလုံးများကို ကြားရသည့်အခါ ယိုဟန်ထံသို့ အံ့ဩတကြီး လှမ်းကြည့်လိုက်မိသည်။
ယိုဟန်က ဦးခေါင်းညိတ်ပြလိုက်မိရင်း— "ကျွန်တော် ကောင်းကောင်း သိပါတယ်... ဒါပေမဲ့ ဒါဟာ တစ်ခုတည်းသော နည်းလမ်းပဲ ဖြစ်လိမ့်မယ်၊ သူမရဲ့ လက်ဝယ်မှာ ထူးဆန်းလှတဲ့ ရတနာပစ္စည်းမျိုးစုံ ရှိနေတာကို ကျွန်တော်ကိုယ်တိုင် မြင်တွေ့ခဲ့ရဖူးတယ်... သူမရဲ့ လက်ထဲမှာ ဒီယာ့ကို ကူညီကယ်တင်ပေးနိုင်မယ့် တစ်စုံတစ်ခုသော အရာ ရှိနေနိုင်တယ်..." ဟု သူ၏ အဖိုးဖြစ်သူအား ပြန်လည်ရှင်းလင်းပြောကြားလိုက်သည်။
ထိုစကားလုံးများကို ကြားသိလိုက်ရသည့်အခါ အဖိုးအိုလင်သည် ဦးခေါင်းညိတ်ပြလိုက်မိရင်း ယိုဟန်ကို စိုက်ကြည့်ကာ— "မင်းကိုယ်မင်း ဘာတွေ လုပ်နေသလဲဆိုတာကို ကောင်းကောင်း သိရဲ့လား... သူမတစ်ယောက်တည်းသာ ဒီယာကို ကယ်တင်နိုင်မယ့်သူ ဖြစ်လိမ့်မယ်ဆိုတာကို ငါလည်း ကောင်းစွာ နားလည်ထားပါတယ်၊ ဒါပေမဲ့..." အဖိုးအိုသည် ယိုဟန်ကို စိုက်ကြည့်ရင်း ထိုစကားလုံးများကို ဆိုလိုက်ရှာသည်။
ပြီးခဲ့သည့်အကြိမ်တုန်းက ယိုဟန်သည် သူမ၏ ကမ်းလှမ်းချက်များကို ငြင်းပယ်ခဲ့ပြီး သူမ၏ စံအိမ်တော်အတွင်းမှ ထွက်ခွာခဲ့ခြင်း ဖြစ်ရာ... အဖိုးအိုအနေဖြင့် သူမက ယိုဟန်အား လွယ်လွယ်ကူကူ ကူညီပေးလိမ့်မည် မဟုတ်မှာကို တကယ့်ကို စိုးရိမ်ပူပန်နေခဲ့မိခြင်း ဖြစ်၏။
"စိုးရိမ်မနေပါနဲ့ အဖိုးရယ်... ကျွန်တော်ဒီနေရာကို လက်ဗလာနဲ့တော့ လုံးဝ ပြန်မလာခဲ့ပါဘူး" ယိုဟန်က အဖိုးအိုအား ယုံကြည်ချက်အပြည့်ဖြင့် ပြန်လည်ဖြေကြားလိုက်တော့သည်။