"မင်းတို့က ဘယ်သူတွေလဲ... ယိုဟန်ရဲ့ အခန်းထဲမှာ ဘာလုပ်နေကြတာလဲ" ဒီယာသည် ယိုဟန်၏ အခန်းတွင်းသို့ လှမ်းဝင်လိုက်စဉ်မှာပင်... သူမကို တည်ကြည်လေးနက်သော အမူအရာများဖြင့် စိုက်ကြည့်နေကြသည့် လူသုံးဦးကို မြင်တွေ့လိုက်ရသဖြင့် အလွန်ပင် အံ့ဩသွားခဲ့ရသည်။
လက်နက်များကို အသင့်ကိုင်ဆောင်ထားကြသော ဤစိမ်းသက်လှသည့် လူစိမ်းသုံးဦးကို မြင်တွေ့လိုက်ရသည့်အခါ ဒီယာ၏ မျက်နှာထက်မှ အမူအရာများမှာ ရုတ်ချည်း တောင့်တင်းသွားခဲ့ရပြီး... နောက်တစ်စက္ကန့်၌ သူမ၏ အကြည့်များမှာ ယိုဟန်၏ ကုတင်ထက်သို့ ရောက်ရှိသွားခဲ့သော်လည်း သူသည် ထိုနေရာ၌ ရှိမနေခဲ့ပါချေ။
ဤအခြင်းအရာကို မြင်တွေ့လိုက်ရသည့်ခဏ၌ သူမ၏ မျက်နှာတစ်ခုလုံး သွေးဆုတ်ဖြူလျော်သွားခဲ့ရပြီး— "ယိုဟန်... ယိုဟန် ဘယ်မှာလဲ၊ မင်းတို့ သူ့ကို ဘာလုပ်လိုက်ကြပြီလဲ" သူမက တီးတိုးရေရွတ်လိုက်မိရင်း မျက်ဝန်းအစုံမှ မျက်ရည်များမှာ တရဟော စီးကျလာခဲ့တော့သည်။
သူမ ယိုဟန်၏ အခန်းတွင်းသို့ ရောက်ရှိလာသည်ကို မြင်တွေ့လိုက်ရသည့်အခါ ထိုလူသုံးဦးစလုံးမှာ အလွန်ပင် ဝမ်းမြောက်သွားခဲ့ကြ၏။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့အတွက် တာဝန်မှာ ပိုမိုလွယ်ကူသွားခဲ့ပြီး ဒီယာကို လိုက်လံရှာဖွေနေရန်ပင် လိုအပ်တော့မည် မဟုတ်သောကြောင့် ဖြစ်သည်။
"ဟားဟား... ကောင်းကင်ဘုံက ငါတို့ဘက်မှာပဲ အစ်ကိုကြီး၊ ဒီမိန်းမက အချိန်ကိုက် ရောက်လာတာပဲ... သူမကို သတ်ဖို့အတွက် ငါတို့ နောက်ထပ် အားစိုက်ထုတ်နေစရာတောင် မလိုတော့ဘူး" မျက်နှာဖုံးစွပ် အမျိုးသားတစ်ဦးက ဝမ်းသာအားရဖြင့် အော်ဟစ်လိုက်သည်။
"ဟုတ်တယ် အစ်ကိုကြီး... မင်းပြောတာ တကယ်မှန်တယ်၊ ကောင်းကင်ဘုံက ငါတို့ကို ပစ်မထားပါဘူး... အဲဒီမိန်းမ အော်ဟစ်ပြီး လူတွေကို ဆင့်ခေါ်မလာခင်မှာပဲ သူမကို အမြန်ဆုံး အပြတ်သတ်လိုက်စမ်း" မျက်နှာဖုံးစွပ် အမျိုးသားက လုပ်ကြံသတ်ဖြတ်သူကို စိုက်ကြည့်ရင်း ထိုစကားလုံးများကို ဆိုလိုက်သည်။
လုပ်ကြံသတ်ဖြတ်သူက ဦးခေါင်းညိတ်ပြလိုက်မိရင်း... နောက်တစ်စက္ကန့်၌ ဒီယာ၏ ရှေ့မှောက်တွင် ရုတ်ချည်း ထွက်ပေါ်လာခဲ့ကာ သူမ၏ လည်ပင်းကို အတင်းအဓမ္မ ဆုပ်ကိုင်လျက် ဝေဟင်ထက်သို့ မြှောက်တင်လိုက်တော့သည်။ သူမအနေဖြင့် ယခုလေးတင် ဘာတွေ ဖြစ်ပျက်သွားခဲ့သလဲဆိုသည်ကို လုံးဝ သဘောမပေါက်နိုင်ခဲ့ပါချေ။ ၎င်းလုပ်ကြံသတ်ဖြတ်သူ၏ အရှိန်နှုန်းမှာ အလွန်ပင် လျင်မြန်လှသလို ဒီယာမှာလည်း အံ့ဩထိတ်လန့်နေဆဲ ဖြစ်သည်။ သူမ၏ နှလုံးခုန်သံများမှာ ယိုဟန်အတွက် စိုးရိမ်ပူပန်မှုများနှင့်အတူ ပိုမိုမြန်ဆန်၍ ကျယ်လောင်လာခဲ့ပြီး မည်သည့်အရာကိုမျှ တွေးတောရန် အချိန်မရခဲ့ရှာပေ။
"ငါ့ကို... လွှတ်ပေး..." သူမက တီးတိုးရေရွတ်လိုက်မိရင်း ၎င်းလုပ်ကြံသတ်ဖြတ်သူ၏ လက်ခုပ်တွင်းမှ ရုန်းထွက်ရန် အစွမ်းကုန် ကြိုးစားလိုက်သည်။ သို့သော်လည်း သူမ၏ ကြိုးစားမှုများမှာ အလဟဿသာ ဖြစ်သွားခဲ့ရပြီး... သူသည် သူမ၏ လည်ပင်းကို ပိုမိုတင်းကျပ်စွာ ဆုပ်ကိုင်လျက် အသက်ရှူကြပ်အောင် စတင်ပြုလုပ်လာခဲ့သည်။
လုပ်ကြံသတ်ဖြတ်သူသည် သူမကို ဝေဟင်ထက်သို့ မြှောက်တင်၍ လည်ပင်းကို ညှစ်ထားစဉ်အတွင်း သူ၏ မျက်ဝန်းအစုံ၌ ရူးသွပ်လှသော လူသတ်လိုစိတ် အရှိန်အဝါများကို အထင်အရှား မြင်တွေ့နေရသည်။ သူမ အစွမ်းကုန် ရုန်းကန်နေခဲ့သော်လည်း ၎င်းလုပ်ကြံသတ်ဖြတ်သူ၏ စွမ်းအားမှာ သူမအတွက်မူ တကယ့်ကို ပြင်းထန်လွန်းလှသည်။
"ညစ်ညမ်းတဲ့ မိန်းမ... မင်းကြောင့်မို့လို့ လွန်ခဲ့တဲ့ ရက်ပိုင်းတွေတုန်းက ငါ ငရဲလို ဒုက္ခမျိုးစုံနဲ့ ရင်ဆိုင်ခဲ့ရတာ၊ အဲဒီအမှိုက်ကောင်က အခုထိ အသက်ရှင်နေပြီး ငါ့အတွက် အရာရာကို ခက်ခဲအောင် လုပ်နေတုန်းပဲ... ဒါတင်မကသေးဘူး၊ သူက ပြီးခဲ့တဲ့အကြိမ်တုန်းက မင်းကို ကယ်တင်ခဲ့သေးတယ် မဟုတ်လား၊ ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ ဘယ်သူ့ကိုမှ အသက်ရှင်လျက် ထွက်ခွာခွင့်ပေးမှာ မဟုတ်ဘူး... ဘာပဲဖြစ်ဖြစ် သူ ဒီနေ့ သေကိုသေရမယ်" လုပ်ကြံသတ်ဖြတ်သူက ဒီယာ့ကို စိုက်ကြည့်ရင်း ရက်စက်လှသော အပြုံးများနှင့်အတူ ထိုစကားလုံးများကို အော်ဟစ်ပြောဆိုလိုက်သည်။
မျက်နှာဖုံးစွပ် အမျိုးသားနှစ်ဦးမှာမူ လုပ်ကြံသတ်ဖြတ်သူကို ကြည့်ရင်း အကြည့်ချင်း ဖလှယ်လိုက်ကြသည်— "ဟားဟား... အဲဒီကောင်ကို ကြည့်စမ်း၊ သူက အတော့်ကို အကန့်အသတ် ကျော်လွန်နေပြီပဲ... သူမက အမျိုးသမီးတစ်ယောက် ဖြစ်နေတာကိုတောင် လုံးဝ ဂရုမစိုက်ဘူး၊ သူက တကယ့်ကို ရက်စက်တတ်တဲ့လူပဲ... ငါတို့ မှားသွားတယ်၊ သူက ငါတို့ ထင်ထားသလိုမျိုး ထုံအတဲ့ကောင် မဟုတ်ဘူးပဲ" မျက်နှာဖုံးစွပ် အမျိုးသားတစ်ဦးက မိမိ၏ အဖော်ကို လှမ်းကြည့်ကာ ဆိုလိုက်သည်။
အခြားအမျိုးသားကလည်း ဤအခြင်းအရာကို မြင်တွေ့လိုက်ရသည့်အခါ ပြုံးလျက် ဦးခေါင်းညိတ်ပြလိုက်မိရင်း— "ဟုတ်ပါရဲ့ အစ်ကိုကြီး... သူ ဒီလို နှိပ်စက်ညှဉ်းပန်းမှုကို ခံခဲ့ရပြီးတဲ့နောက်မှာတော့ ရူးသွပ်သွားတာ မဆန်းပါဘူး၊ လွန်ခဲ့တဲ့ ရက်ပိုင်းတွေက သူ့အတွက် တကယ့်ကို ခက်ခဲခဲ့ပုံပဲ" ဟု ပြန်လည်ဖြေကြားလိုက်သည်။
ထိုမျက်နှာဖုံးစွပ် အမျိုးသားနှစ်ဦးသည် ထိုစကားလုံးများကို ဆိုရင်း ရယ်မောနေကြတော့သည်။ ၎င်းတို့၏ အကြည့်များမှာ ဒီယာ့၏ လည်ပင်းကို ညာဘက်လက်ဖြင့် မြှောက်တင်ကိုင်ဆောင်ထားသည့် လုပ်ကြံသတ်ဖြတ်သူထံသို့ ရောက်ရှိသွားခဲ့ပြီး... ဒီယာမှာမူ ပြင်းထန်စွာ အသက်ရှူကြပ်လာခဲ့ကာ သူမ၏ အမြင်အာရုံများမှာလည်း စတင်ဝေဝါးလာခဲ့ရသည်။ သူမ၏ လှပချောမောလှသော ဖြူစင်သည့် မျက်နှာလေးမှာလည်း တစ်ခါတည်း နီမြန်းလာခဲ့ရရှာ၏။
'ဒါဟာ ငါ့အတွက် အဆုံးသတ်ပဲလား... ငါ မသေချင်သေးဘူး၊ ယိုဟန်နဲ့အတူ ဘဝကို ဆက်ပြီး ဖြတ်သန်းချင်သေးတယ်... နောက်ဆုံးတော့ ငါ့ရဲ့ ပျော်ရွှင်မှုကို သူနဲ့အတူ ရှာဖွေတွေ့ရှိခဲ့ရတာ၊ ဒါပေမဲ့ အခုတော့ အရာအားလုံးက အဆုံးသတ်တော့မှာပေါ့... အချိန်တိုလေးပဲ ဖြစ်ခဲ့ပေမယ့် ငါ့ဘဝကို အဓိပ္ပာယ်အရှိဆုံး ဖြတ်သန်းခဲ့ရပါတယ်'
သူမ၏ လည်ပင်းကို ဆုပ်ကိုင်ထားသော လက်ဖဝါးများ ပိုမိုတင်းကျပ်လာသည့်အခါ သူမသည် အသက်ကို လုရှူနေခဲ့ရသည်။
'ငါ ဒီမိသားစုဆီကနေ အချစ်တွေ အများကြီး ရရှိခဲ့တယ်... ငါ့ရဲ့ နောက်ခံအကြောင်းအရင်းကို သိသိကြီးနဲ့ ငါ့အပေါ်ကို နူးညံ့သိမ်မွေ့စွာ ဆက်ဆံပေးခဲ့တာ သူတစ်ယောက်တည်းပဲ၊ ယိုဟန်လို လူမျိုးနဲ့ တွေ့ဆုံရလိမ့်မယ်လို့ ငါ တစ်ခါမျှ မအိပ်မက်ဖူးခဲ့ဘူး... ငါ့အပေါ်ကို သူပေးခဲ့တဲ့ အချစ်တွေနဲ့ ဂရုစိုက်မှုတွေကို ရရှိခဲ့တာဟာ ငါ့အတွက် တကယ့်ကို ကံကောင်းခြင်းပဲ၊ ဒါပေမဲ့... သူ့ကို နောက်ထပ်တစ်ကြိမ် မမြင်တွေ့ရတော့ဘူးဆိုတဲ့ အသိက ငါ့ကို တကယ့်ကို ဝမ်းနည်းစေတယ်... ဒါဟာ အချစ်လား၊ ဟုတ်ပါတယ်... ငါ သူ့ကို အများကြီး ချစ်ပါတယ်၊ ဒါပေမဲ့... ဘာဖြစ်လို့ ငါ့ရဲ့ နှလုံးသားတစ်ခုလုံး ပြင်းပြင်းထန်ထန် နာကျင်နေရတာလဲ...' ဒီယာသည် မျက်ဝန်းအစုံမှ မျက်ရည်များ တရဟော စီးကျလာခဲ့ရင်း စိတ်ထဲမှ တီးတိုးရေရွတ်နေမိသည်။
သူမ၏ နှာခေါင်းနှင့် ပါးစပ်တို့အတွင်းမှ သွေးစအချို့ ထွက်ပေါ်လာခဲ့ရပြီး ခန္ဓာကိုယ် လှုပ်ရှားမှုများမှာလည်း တောင့်တင်းသွားခဲ့ရပြီ ဖြစ်သည်။
"တောက်... မင်းလို မိန်းမယုတ်၊ ဒါတွေအားလုံးက သခင်ကြီး နီကိုးလပ်စ်ကို မိုက်မိုက်ကန်းကန်း ဆန့်ကျင်ရဲခဲ့တဲ့ မင်းရဲ့ အပြစ်တွေပဲ... တကယ်လို့ မင်း တစ်စုံတစ်ယောက်ကို ကျိန်ဆဲချင်တယ်ဆိုရင်တော့၊ အဲဒီအမှိုက်ကောင် ယိုဟန်ကိုသာ ကျိန်ဆဲလိုက်စမ်း... မင်း အခုလို အခြေအနေမျိုးနဲ့ ရင်ဆိုင်နေရတာဟာ သူကြောင့်ပဲ၊ မင်း သူကြောင့်နဲ့ပဲ သေရတော့မှာ" လုပ်ကြံသတ်ဖြတ်သူသည် ဒီယာ့ကို ဝေဟင်ထက်၌ အတင်းအဓမ္မ ညှစ်သတ်နေရင်း ရက်စက်လှသော အပြုံးများနှင့်အတူ ဆိုလိုက်သည်။
သို့သော်လည်း ရုတ်ချည်းဆိုသလိုပင်... မမျှော်လင့်ထားသော အရာတစ်ခု ချက်ချင်း ဖြစ်ပျက်သွားခဲ့တော့သည်။ အခန်းတွင်းရှိ ပတ်ဝန်းကျင် အရှိန်အဝါတစ်ခုလုံးမှာ ရုတ်ချည်းဆိုသလို ရေခဲမျှမက အေးစက်သွားခဲ့ရ၏။ ထိုမျက်နှာဖုံးစွပ် အမျိုးသားနှစ်ဦးသည်လည်း လုပ်ကြံသတ်ဖြတ်သူနှင့်အတူ မိမိတို့၏ ကျောရိုးတစ်ခုလုံး အေးစိမ့်သွားသကဲ့သို့ ခံစားလိုက်ရသဖြင့် တောင့်တင်းသွားခဲ့ကြရသည်။
"ဒါ... ဒါ ဘာကြီးလဲ..." ထိုမျက်နှာဖုံးစွပ် အမျိုးသားနှစ်ဦးသည် တီးတိုးရေရွတ်လိုက်မိရင်း... နောက်တစ်စက္ကန့်၌ နာကျင်စွာဖြင့် အော်ဟစ်ငိုယိုလာသော လုပ်ကြံသတ်ဖြတ်သူထံသို့ အကြည့်တို့ ရောက်ရှိသွားခဲ့ကြသည်။
"အားးး... ငါ့လက်... ငါ့လက်ကြီး..." လုပ်ကြံသတ်ဖြတ်သူသည် မိမိ၏ လက်ကို ကြည့်ရင်း ရူးသွပ်မတတ် အော်ဟစ်လိုက်မိသည်။
သူသည် မိမိ၏ လက်ကို လုံးဝ မခံစားရတော့သဖြင့် မြေပြင်ထက်သို့ လှမ်းကြည့်လိုက်မိရာ... သူ၏ လက်တစ်ဖက်မှာ မြေပြင်ထက်သို့ ပြတ်တောက်လဲကျနေသည်ကို မြင်တွေ့လိုက်ရပြီး၊ နောက်တစ်စက္ကန့်တွင်မူ ပြင်းထန်လှသော လက်သီးချက်တစ်ခု သူ၏ မျက်နှာထက်သို့ ချက်ချင်း ကျရောက်သွားခဲ့သဖြင့် သူ၏ ခန္ဓာကိုယ်မှာ ကျောပြင်နောက်ရှိ နံရံထက်ဆီသို့ ပြင်းထန်စွာ လွင့်စင်သွားခဲ့တော့သည်။
ဤအခြင်းအရာအားလုံးမှာ မျက်စိတစ်မှိတ်အတွင်း၌သာ ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သဖြင့် ၎င်းတို့သုံးဦးစလုံးမှာ ဘာတွေ ဖြစ်ပျက်နေသလဲဆိုသည်ကို လုံးဝ သဘောမပေါက်နိုင်ခဲ့ကြပါချေ။ နောက်တစ်စက္ကန့်တွင်မူ ၎င်းတို့၏ အကြည့်များမှာ အမျိုးသမီးတစ်ဦးကို လက်ထဲ၌ အသာအယာ ပွေ့ချီထားသည့် လူငယ်တစ်ဦး ထွက်ပေါ်လာရာ နေရာဆီသို့ ရုတ်ချည်း ရောက်ရှိသွားခဲ့ကြသည်။
သူသည် ထိုမျက်နှာဖုံးစွပ် အမျိုးသားနှစ်ဦးကို လုံးဝ လျစ်လျူရှုထားလိုက်မိရင်း... သူ၏ အကြည့်များကို ဒီယာ့ထံသို့သာ ပို့လွှတ်လိုက်ကာ— "ငါ တောင်းပန်ပါတယ် ဒီယာရယ်... ဒါတွေအားလုံးက ငါ့ကြောင့် ဖြစ်ရတာပါ" ယိုဟန်က စိုးရိမ်ပူပန်မှု အပြည့်ဖြင့် ဒီယာကို ကြည့်ကာ ဆိုလိုက်သည်။
"နောက်ဆုံးတော့... မင်း ရောက်လာခဲ့ပြီပဲ၊ ငါ့အနေနဲ့ မင်းကို နောက်ဆုံးတစ်ကြိမ်တောင် မမြင်တွေ့ရဘဲ သေဆုံးသွားရတော့မယ်လို့ ထင်နေခဲ့တာ..." ဒီယာက ထိုစကားလုံးများကို ဆိုရင်း ယိုဟန်ကို ကြည့်ကာ နူးညံ့စွာ ပြုံးပြလိုက်ရှာသည်။
သူမ၏ မျက်ဝန်းအစုံမှ မျက်ရည်များ စီးကျနေခဲ့သလို နှာခေါင်းနှင့် ပါးစပ်တို့အတွင်းမှလည်း သွေးစများ စီးကျနေခဲ့သည်။ သူမ၏ အခြေအနေကို မြင်တွေ့လိုက်ရသည့်ခဏ၌ ယိုဟန်၏ နှလုံးသားတစ်ခုလုံး ပြင်းထန်စွာ နစ်မြုပ်သွားခဲ့ရပြီး... သူ၏ မျက်ဝန်းအစုံမှာလည်း တစ်ခါတည်း နီမြန်းလာခဲ့ရကာ၊ အခန်းတွင်းရှိ မှော်စွမ်းအင် အရှိန်အဝါများမှာလည်း ပိုမို၍ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ပြင်းထန်လာခဲ့တော့သည်။
"မင်း အဆင်ပြေသွားမှာပါ... အခုတော့ အနည်းငယ် အနားယူလိုက်ပါဦး" ယိုဟန်က သူမ၏ မျက်နှာလေးကို ကြည့်ကာ ပြုံး၍ ဆိုလိုက်ပြီးနောက်... နောက်တစ်စက္ကန့်၌ သူ၏ ကုတင်ရှိရာဆီသို့ အသာအယာ လျှောက်လှမ်းသွားခဲ့ပြီး သူမကို ကုတင်ထက်သို့ ညင်သာစွာ ချထားပေးလိုက်သည်။
ဒီယာသည် ယိုဟန်ကို စိုက်ကြည့်ရင်း အသက်ကို ပြင်းပြင်းရှူသွင်းလိုက်မိကာ... နောက်တစ်စက္ကန့်၌ သူမသည် သတိလစ်မေ့မြောသွားခဲ့ရသော်လည်း သူမ၏ မျက်နှာထက်တွင်မူ နူးညံ့လှသော အပြုံးတစ်ခုကို အထင်အရှား မြင်တွေ့နေရဆဲ ဖြစ်သည်။
ဤအခြင်းအရာကို မြင်တွေ့လိုက်ရသည့်ခဏ၌ ယိုဟန်၏ နှလုံးသားတစ်ခုလုံး အပိုင်းပိုင်းအစစ ကြေမွသွားခဲ့ရပြီ ဖြစ်သည်။
"တောက်... ငါ နီကိုးစ်မျိုးနွယ်စု တစ်ခုလုံးကို ဒီကမ္ဘာ့မြေမျက်နှာပြင်ပေါ်ကနေ သွေးအေးအေးနဲ့ အမြစ်ပြတ် သုတ်သင်ရှင်းလင်းပစ်မယ်၊ အဲဒီခွေးတိရစ္ဆာန်တွေနဲ့ ပတ်သက်သမျှ လူမှန်သမျှ အကုန်လုံးကို ငါကိုယ်တိုင် သတ်ပစ်မယ်..." ယိုဟန်သည် ဒီယာ့၏ ဦးခေါင်းကို အသာအယာ ပွတ်သပ်ပေးလိုက်မိရင်း သူမ၏ နဖူးပြင်ထက်သို့ နူးညံ့စွာ နမ်းရှုတ်လိုက်ပြီး... နောက်တစ်စက္ကန့်၌ သူ၏ အကြည့်များမှာ မြေပြင်ထက်မှနေ၍ အားယူထရပ်ရန် ကြိုးစားနေသည့် လုပ်ကြံသတ်ဖြတ်သူထံသို့ ရောက်ရှိသွားခဲ့သည်။
ယိုဟန်၏ ပြင်းထန်လှသော ဒေါသမျက်နှာကို မြင်တွေ့လိုက်ရသည့်ခဏ၌ ထိုအမျိုးသားနှစ်ဦးစလုံးမှာ တောင့်တင်းသွားခဲ့ရပြီး ၎င်းတို့၏ နှလုံးသားတစ်ခုလုံး ဆတ်ကနဲ တုန်လှုပ်သွားခဲ့ရသည်။ လုပ်ကြံသတ်ဖြတ်သူမှာမူ မြေပြင်ထက်မှနေ၍ အားယူထရပ်ရန် ကြိုးစားနေသော်လည်း... နံရံနှင့် ပြင်းထန်စွာ တိုက်မိခဲ့ခြင်းကြောင့် သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ပျက်စီးဆဲလ်ပြားနေခဲ့ရပြီး နံရံထက်တွင်လည်း ကြီးမားလှသော အပေါက်ကြီးတစ်ခု ချက်ချင်း ထွက်ပေါ်နေခဲ့ရပြီ ဖြစ်သည်။
"တောက်... မင်းလို အမှိုက်ကောင်က ငါ့ကို ဒီလိုမျိုး လုပ်ရဲတယ်ပေါ့၊ ငါ မင်းကို သေချာပေါက် သတ်ပစ်မယ်" သူက တီးတိုးရေရွတ်လိုက်သော်လည်း... နောက်တစ်စက္ကန့်၌ ယိုဟန်သည် မျက်စိတစ်မှိတ်အတွင်း သူ၏ ရှေ့မှောက်တွင် ရုတ်ချည်း ထွက်ပေါ်လာခဲ့သည်။
"မင်း အခုလေးတင် ဘာတွေ လုပ်လိုက်မိသလဲဆိုတာ မင်းကိုယ်မင်း သိရဲ့လား... မင်းဟာ ငါ့အတွက် တန်ဖိုးမဖြတ်နိုင်လောက်အောင် အဖိုးတန်တဲ့အရာကို ထိပါးခဲ့တာ၊ အခုဆိုရင် မင်းကော... နီကိုးစ်မျိုးနွယ်စု တစ်ခုလုံးပါ အဲဒီအတွက် ထိုက်တန်တဲ့ တန်ဖိုးကို ပေးဆပ်ရတော့မယ်" ယိုဟန်က လုပ်ကြံသတ်ဖြတ်သူကို စိုက်ကြည့်ရင်း ထိုစကားလုံးများကို ဆိုလိုက်ပြီးနောက်... နောက်တစ်စက္ကန့်၌ သူ့ကို ပြင်းထန်စွာ ကန်ကျောက်လိုက်ကာ ထိုမျက်နှာဖုံးစွပ် အမျိုးသားနှစ်ဦးရှိရာဆီသို့ လွင့်စင်သွားစေခဲ့တော့သည်။
လုပ်ကြံသတ်ဖြတ်သူသည် မျက်နှာဖုံးစွပ် အမျိုးသားနှစ်ဦးနှင့် ပြင်းထန်စွာ တိုက်မိသွားခဲ့ရပြီး... မျက်စိတစ်မှိတ်အတွင်း၌ပင် ၎င်းတို့သုံးဦးစလုံးမှာ အခန်းပြတင်းပေါက်ကို ရိုက်ခွဲကာ အပြင်ဘက်သို့ ပြင်းထန်စွာ လွင့်စင်ထွက်ခွာသွားခဲ့ကြရတော့သည်။
၎င်းတို့၏ ခန္ဓာကိုယ်များ မြေပြင်ထက်သို့ ပြင်းထန်စွာ ကျရောက်သွားသည့်ခဏ၌ ထွက်ပေါ်လာသော ကျယ်လောင်လှသည့် အသံဗလံများကြောင့် လင်မျိုးနွယ်စု ဝင်းတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားခဲ့ရ၏။
ဒုန်း... ဒုန်း
ယိုဟန်သည် ဒီယာ့ကို နောက်ဆုံးအနေဖြင့် တစ်ချက်မျှ လှမ်းကြည့်လိုက်မိပြီးနောက်... နောက်တစ်စက္ကန့်၌ သူ၏ အကြည့်များကို ပြတင်းပေါက်၏ အပြင်ဘက်သို့ ပို့လွှတ်လိုက်ကာ၊ ပြတင်းပေါက်မှတစ်ဆင့် အောက်ခြေရှိ မြေပြင်ထက်ဆီသို့ ချက်ချင်း ခုန်ဆင်းသက်ဆင်းသွားခဲ့တော့သည်။
ထိုအတောအတွင်း—
အာဂျွန်နှင့် သူ၏ လူများသည် ယိုဟန်၏ အခန်းတွင်းသို့ ဝင်ရောက်ရန် ပြင်ဆင်နေကြစဉ်မှာပင်... မမျှော်လင့်ထားသော အရာတစ်ခု ချက်ချင်း ဖြစ်ပျက်သွားခဲ့ရပြီး၊ လူသုံးဦးမှာ ပြတင်းပေါက်ကို ဖောက်ထွက်လျက် မြေပြင်ထက်သို့ ပြင်းထန်စွာ လွင့်စင်ကျရောက်လာသည်ကို မြင်တွေ့လိုက်ရသည်။
"ဒါ... ဒါ ဘာဖြစ်တာလဲ..." အာဂျွန်က တီးတိုးရေရွတ်လိုက်မိရင်း မိမိ၏ လူများကို လှမ်းကြည့်ကာ နောက်သို့ ဆုတ်ခွာကြရန် အချက်ပြလိုက်သည်။
သို့သော်လည်း နောက်တစ်စက္ကန့်တွင်မူ လူငယ်တစ်ဦးသည် ပြတင်းပေါက်မှတစ်ဆင့် မြေပြင်ထက်သို့ ချောမောစွာ ခုန်ဆင်းသက်ဆင်းလာခဲ့သည်ကို မြင်တွေ့လိုက်ရပြန်၏။
"ဒါ... သခင်လေး ယိုဟန် မဟုတ်လား..." အာဂျွန်က တီးတိုးရေရွတ်လိုက်မိရင်း အဖိုးအိုလင် မတ်တတ်ရပ်နေသည့် ကောင်းကင်ယံထက်ဆီသို့ လှမ်းကြည့်လိုက်သည်။
အဖိုးအိုလင်၏ မျက်နှာမှာ ယိုဟန်ကို မြင်တွေ့လိုက်ရသည့်ခဏ၌ သွေးဆုတ်ဖြူလျော်သွားခဲ့ရပြီး... သူသည် ယိုဟန်ကို ဤကဲ့သို့သော အခြေအနေမျိုးဖြင့် တစ်ခါမျှ မမြင်တွေ့ဖူးခဲ့ပါချေ။ ယခုအခါ ယိုဟန်၏ ခန္ဓာကိုယ် ပတ်ပတ်လည်တွင် ကြောက်မက်ဖွယ်ကောင်းလှသော အရှိန်အဝါများ ပြည့်နှက်နေခဲ့ရပြီး သူ၏ မျက်ဝန်းအစုံအတွင်း၌လည်း ပြင်းထန်လှသော လူသတ်လိုစိတ်များ အဟုန်ပြင်းစွာ တောက်လောင်နေခဲ့ရပြီ ဖြစ်သည်။
"အသူရာ..." ယိုဟန်က ထိုစကားလုံးကို တီးတိုးရေရွတ်လိုက်မိရင်း... နောက်တစ်စက္ကန့်၌ နက်မှောင်လှသော ကြောက်မက်ဖွယ် ဓားတစ်စင်းသည် သူ၏ လက်ဖဝါးအတွင်းသို့ ရုတ်ချည်း ထွက်ပေါ်လာခဲ့တော့သည်။
ဤအခြင်းအရာကို မြင်တွေ့လိုက်ရသည့်ခဏ၌ အဖိုးအိုလင်သည် မြေပြင်ထက်သို့ ချက်ချင်း သက်ဆင်းလာခဲ့ပြီး အာဂျွန်ကလည်း အဖိုးအိုလင်၏ နောက်ကွယ်မှနေ၍ လိုက်လံသက်ဆင်းလာခဲ့သည်။ ယိုဟန်၏ အကြည့်များမှာ မိမိအား စိုက်ကြည့်နေကြသည့် အဖိုးဖြစ်သူနှင့် အာဂျွန်တို့ထံသို့ ရောက်ရှိသွားခဲ့ပြီး... ဘေးပတ်ဝန်းကျင်ရှိ အဆောက်အဦးများပေါ်တွင်မူ ဝတ်စုံနက် ဆင်မြန်းထားသော လူရိပ်အချို့ မတ်တတ်ရပ်လျက် အသင့်စောင့်ဆိုင်းနေကြသည်ကို မြင်တွေ့ရသည်။
ယိုဟန်သည် မိမိ၏ ပတ်ဝန်းကျင်ကို တစ်ချက်မျှ ဝေ့ဝဲကြည့်ရှုလိုက်ပြီးနောက် နောက်ဆုံး၌ သူ၏ အကြည့်များကို အဖိုးဖြစ်သူထံတွင် ရပ်တန့်လိုက်ကာ—
"ဘယ်သူတစ်ဦးတစ်ယောက်မျှ... သူတို့ကို လာပြီး မထိပါးစေနဲ့" ယိုဟန်က အဖိုးအိုလင်ကို စိုက်ကြည့်ရင်း ထိုစကားလုံးများကို ပြတ်သားစွာ ဆိုလိုက်ရာ၊ အဖိုးအိုလင်သည်ပင် သူ၏ စကားလုံးများကို ကြားလိုက်ရသည့်ခဏ၌ ပြင်းထန်လှသော ခြိမ်းခြောက်မှုကို ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
အဖိုးအိုသည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်မိရင်း အာဂျွန်ကို လှမ်းကြည့်ကာ— "ဒီနေရာကို ရောက်မယ့် လမ်းကြောင်းမှန်သမျှ အကုန်လုံးကို ပိတ်ဆို့ထားလိုက်စမ်း... လင်မျိုးနွယ်စုရဲ့ မိသားစုဝင်တွေ ဖြစ်နေရင်တောင်မှ ဘယ်သူတစ်ဦးတစ်ယောက်ကိုမျှ ဒီနေရာကို ပေးမလာစေနဲ့၊ ဒါဟာ ငါ့ရဲ့ အမိန့်ပဲ" ဟု အမိန့်ပေးလိုက်သည်။
အာဂျွန်က ဦးခေါင်းညိတ်ပြလိုက်မိပြီးနောက်... နောက်တစ်စက္ကန့်၌ သူတို့၏ မျက်စိရှေ့မှောက်မှ ချက်ချင်း ပျောက်ကွယ်သွားခဲ့တော့သည်။ အဖိုးအိုသည် ယိုဟန်ထံသို့ လှမ်းကြည့်လိုက်ရာ ယိုဟန်မှာမူ ထိုနေရာ၌ တည်ငြိမ်စွာ မတ်တတ်ရပ်နေဆဲ ဖြစ်ပြီး... ခဏမျှ ကြာပြီးနောက်တွင်မူ သူက အဖိုးအိုလင်ကို လှမ်းကြည့်ကာ— "အဖိုး... ကျေးဇူးပြုပြီး ဒီယာ့ကို သွားပြီး စောင့်ရှောက်ပေးပါဦး၊ သူမရဲ့ အခြေအနေက သိပ်ပြီး မကောင်းဘူး..." ယိုဟန်က အဖိုးအိုကို ကြည့်ကာ ထိုစကားလုံးများကို ဆိုလိုက်သည်။
ယိုဟန်၏ စကားလုံးများကို ကြားလိုက်ရသည့်ခဏ၌ အဖိုးအိုလင်မှာ ထိတ်လန့်တုန်လှုပ်သွားခဲ့ရပြီး သူ၏ မျက်နှာထက်မှ အမူအရာများမှာလည်း တစ်ခါတည်း မှောင်မှောက်သွားခဲ့ကာ... သူ၏ အကြည့်များမှာ ယိုဟန်၏ အခန်းရှိရာဆီသို့ ရောက်ရှိသွားခဲ့ပြီး— "တောက်... အဲဒီကလေးမလေး..." သူက တီးတိုးရေရွတ်လိုက်မိရင်း လက်သီးကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ကာ၊ အဖိုးအိုလင်သည် ယိုဟန်ကို နောက်ဆုံးအနေဖြင့် တစ်ချက်မျှ လှမ်းကြည့်လိုက်ပြီးနောက် သူ၏ မျက်စိရှေ့မှောက်မှ ချက်ချင်း ပျောက်ကွယ်သွားခဲ့တော့သည်။