ယိုဟန်သည် သက်ပြင်းအရှည်ကြီးတစ်ချက် ချလိုက်ပြီးနောက် သူ၏ ဝတ်စုံကို ပြန်လည်ဝတ်ဆင်လိုက်သည်— 'တစ်ကိုယ်လုံးလည်း ချွေးတွေနဲ့ ရွှဲနစ်နေတာပဲ... အခန်းကို ပြန်ရောက်တာနဲ့ ရေမိုးချိုးရမယ်' ယိုဟန်သည် စိတ်ထဲမှ တွေးတောလိုက်မိရင်းမှ သူ၏ လက်ထဲရှိ ဓားထံသို့ အကြည့်တို့ ရောက်ရှိသွားခဲ့သည်။
"ပင်ပန်းသွားပြီ အဖော်မွန်... လွန်ခဲ့တဲ့ ရက်ပိုင်းတွေတုန်းက မင်းတစ်ယောက်တည်းပဲ ငါ့ဘေးနားမှာ ရှိပေးခဲ့တာ" သူက အသူရာဓါးကို ကြည့်ကာ ပြုံး၍ ဆိုလိုက်ရာ... နောက်တစ်စက္ကန့်၌ သူ၏ လက်ဖဝါးထက်မှ အမှတ်အသားသည် ပြာလွင်သော အလင်းတန်းများနှင့်အတူ စတင်တောက်ပလာခဲ့ပြီး သူ၏ လက်ထဲရှိ ဓားသည်လည်း ရုတ်ချည်း ပျောက်ကွယ်သွားခဲ့တော့သည်။
ယိုဟန်သည် မျက်ဝန်းအစုံကို ပိတ်လိုက်ရင်း— "ဒီနေရာကနေ ထွက်ခွာရမယ့် အချိန်ပဲ..." ဟု တီးတိုးရေရွတ်လိုက်ရာ၊ နောက်တစ်စက္ကန့်တွင် သူသည် ဝိညာဉ်အာကာသငယ်အတွင်းမှနေ၍ ချက်ချင်း ပျောက်ကွယ်သွားခဲ့လေသည်။
ထိုအတောအတွင်း—
"ငါတို့ ရောက်ပြီ... အဲဒီအဆောက်အဦးက သခင်လေး ယိုဟန်နဲ့ အဲဒီမိန်းမ နေတဲ့နေရာပဲ" ချိုင့်ဝှမ်းတစ်ရာ အဆိပ်ဂိုဏ်းမှ လုပ်ကြံသတ်ဖြတ်သူသည် မိမိနောက်မှ လိုက်ပါလာသော လူနှစ်ဦးကို လှမ်းကြည့်ရင်း သူ၏ လှုပ်ရှားမှုများကို ရပ်တန့်လိုက်သည်။
ထိုမျက်နှာဖုံးစွပ် အမျိုးသားနှစ်ဦးသည် လုပ်ကြံသတ်ဖြတ်သူကို လှမ်းကြည့်လိုက်ကြပြီး... နောက်တစ်စက္ကန့်၌ ၎င်းတို့၏ အကြည့်များမှာ လင်မျိုးနွယ်စု ဝင်းအတွင်းရှိ ယိုဟန် နေထိုင်ရာ ကြီးမားလှသော အဆောက်အဦးထံသို့ ရောက်ရှိသွားခဲ့ကြကာ၊ ၎င်းအဆောက်အဦးကို မြင်တွေ့လိုက်ရသည့်အခါ နှစ်ဦးစလုံးက ဦးခေါင်းညိတ်ပြလိုက်ကြသည်။
"ကံကောင်းတဲ့ အမှိုက်ကောင်ပဲ... အသုံးမကျတဲ့ကောင် ဖြစ်နေတာတောင်မှ ဒီလို စည်းစိမ်ချမ်းသာ အပြည့်နဲ့ နေထိုင်နေရတာပဲ၊ ဒါတင်မကသေးဘူး... သူ့ကို အလိုလိုက်အကြိုက်ဆောင်ပေးမယ့် မိန်းမတစ်ယောက်တောင် ရှိနေသေးတယ်" မျက်နှာဖုံးစွပ် အမျိုးသားတစ်ဦးက မိမိ၏ အဖော်ကို လှမ်းကြည့်ကာ ထိုစကားလုံးများကို ဆိုလိုက်သည်။
ထိုစကားကို ကြားရသည့်အခါ အခြားအမျိုးသားက ပြုံးလိုက်မိရင်း— "ဟုတ်ပါရဲ့... မင်းပြောတာ တကယ်မှန်တယ် အစ်ကိုကြီး၊ သူက ဒီမျိုးနွယ်စုထဲမှာ ခက်ရင်းရွှေဇွန်းကို ပါးစပ်ဖျားခဲပြီး မွေးဖွားလာခဲ့တဲ့ ကံကောင်းတဲ့ကောင်ပဲ... ဒါပေမဲ့ သူ ဘယ်လောက်ပဲ စည်းစိမ်ခံနေပါစေ၊ သူ့ရဲ့ သုခဘုံက ဒီနေ့ပဲ အဆုံးသတ်တော့မယ်ဆိုတာကို သူ လုံးဝ သိမှာမဟုတ်ဘူး" ထိုအမျိုးသားက မိမိ၏ အဖော်ကို ရယ်မောကာ ပြန်လည်ဖြေကြားလိုက်သည်။
ထိုအတောအတွင်း... လုပ်ကြံသတ်ဖြတ်သူကမူ ၎င်းတို့နှစ်ဦးကို တိတ်ဆိတ်စွာ စိုက်ကြည့်နေခဲ့ပြီး ၎င်းတို့ပြောသမျှကို ကြားနေခဲ့ရသည်။ သူ၏ မျက်နှာမှာ ထိုလူနှစ်ဦး၏ ရိုက်နှက်ဆုံးမခြင်းကို ခံထားရသဖြင့် တစ်ကိုယ်လုံး ဖူးယောင်နေခဲ့ရပြီး သူ၏ ဘယ်ဘက်မျက်လုံးမှာလည်း ညိုမည်းစွဲနေခဲ့ရရှာသည်။
သူသည် ထိုလူနှစ်ဦး၏ စကားဝိုင်းကို ဝင်ရောက်ဖြတ်ပြောရန် လုံးဝ မဝံ့ရဲပါချေ။ အဘယ်ကြောင့်ဆိုသော် တကယ်လို့ သူ ဝင်ရောက်ပြောဆိုမိပါက ၎င်းတို့က သူ့ကို ထပ်မံရိုက်နှက်ကြဦးမည် ဖြစ်ကြောင်း ကောင်းစွာသိသောကြောင့် ဖြစ်သည်။
သူသည် ထိုလူနှစ်ဦး စကားပြောဆိုမှု ပြီးဆုံးသွားမည့်အချိန်ကိုသာ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေခဲ့သည်။ အတန်ကြာပြီးနောက်... ၎င်းတို့သည် အသေးအဖွဲ စကားစမြည်ပြောဆိုခြင်းကို နောက်ဆုံး၌ ရပ်တန့်လိုက်ကြပြီး မိမိတို့ကို စိုက်ကြည့်နေသော လုပ်ကြံသတ်ဖြတ်သူထံသို့ အကြည့်တို့ ရောက်ရှိသွားခဲ့ကြသည်။
"မင်းလို အောက်တန်းစားက ဘာကို စိုက်ကြည့်နေတာလဲ... အဲဒီကောင်စုတ်လေးကို သွားပြီး အမြစ်ပြတ်သတ်စမ်း၊ မင်း ဒီတစ်ကြိမ်မှာသာ ထပ်ပြီး အမှားအယွင်းဖြစ်ခဲ့မယ်ဆိုရင်... ငါ မင်းကို ကိုယ်တိုင်သတ်ပြီး ခွေးစာကျွေးပစ်မယ်" မျက်နှာဖုံးစွပ် အမျိုးသားက သူ့ကို စိုက်ကြည့်ရင်း ထိုစကားလုံးများကို ကြမ်းတမ်းစွာ ဆိုလိုက်သည်။
ထိုစကားလုံးများကို ကြားလိုက်ရသည့်ခဏ၌ လုပ်ကြံသတ်ဖြတ်သူမှာ ထိတ်လန့်တုန်လှုပ်သွားခဲ့ရပြီး ထိုလူနှစ်ဦးကို မိမိ၏ စိတ်ထဲမှနေ၍ အစွမ်းကုန် ကျိန်ဆဲလိုက်မိရင်း... နောက်တစ်စက္ကန့်တွင် ယိုဟန်၏ အခန်းပြတင်းပေါက်ထံသို့ လှမ်းကြည့်လိုက်ကာ— "ကောင်းပါပြီ သခင်ကြီးတို့ရယ်... ကျွန်တော့်ကို ဒီနေရာမှာပဲ ခဏလောက် စောင့်နေပေးကြပါ၊ ကျွန်တော် မကြာခင် ပြန်လာခဲ့ပါ့မယ်" ဟု ထိုလူနှစ်ဦးကို ပြန်လည်ဖြေကြားလိုက်ပြီးနောက်... နောက်တစ်စက္ကန့်၌ သူတို့၏ မျက်စိရှေ့မှောက်မှ ချက်ချင်း ပျောက်ကွယ်သွားခဲ့ကာ ပြတင်းပေါက်မှတစ်ဆင့် ယိုဟန်၏ အခန်းတွင်းသို့ တိတ်တဆိတ် ချဉ်းကပ်ဝင်ရောက်သွားခဲ့တော့သည်။
လုပ်ကြံသတ်ဖြတ်သူ ယိုဟန်၏ အခန်းတွင်းသို့ ဝင်ရောက်သွားသည့်အချိန်၌ပင် ၎င်းတို့နှစ်ဦးသည် တစ်ဦးကိုတစ်ဦး လှမ်းကြည့်လိုက်ကြပြီး ဦးခေါင်းညိတ်ပြလိုက်ကြသည်— "အသင့်ပဲလား အစ်ကိုကြီး... သူ အဲဒီနှစ်ယောက်လုံးကို သတ်ပြီးသွားတာနဲ့၊ ငါတို့က သူ့ကို ချိုင့်ဝှမ်းတစ်ရာ အဆိပ်နဲ့ တစ်ခါတည်း အဆိပ်ခတ်သတ်ပစ်မယ်... ပြီးရင် အဲဒီသခင်လေးနဲ့ အမျိုးသမီးကို သတ်ပြီးတဲ့နောက်မှာ သူကိုယ်တိုင်လည်း မိမိရဲ့ အဆိပ်ဒဏ်ကြောင့် မတော်တဆ သေဆုံးသွားခဲ့ရတဲ့ ပုံစံမျိုး ဖြစ်အောင် ဖန်တီးပစ်မယ်" အမျိုးသားတစ်ဦးက မိမိ၏ အဖော်ကို ကြည့်ရင်း ထိုစကားလုံးများကို ဆိုလိုက်သည်။
ထိုစကားကို ကြားရသည့်အခါ အခြားအမျိုးသားက ဦးခေါင်းညိတ်ပြလိုက်မိရင်း... နောက်တစ်စက္ကန့်၌ ချိုင့်ဝှမ်းတစ်ရာ အဆိပ်များ ပြည့်နှက်နေသည့် သေးငယ်သော ပုလင်းလေးတစ်ပုလင်းနှင့်အတူ ဓားမြှောင်တစ်စင်းကို ချက်ချင်း ထုတ်ယူလိုက်ကာ "ငါ အသင့်ပဲ... ဘာကိုမှ စိုးရိမ်မနေနဲ့တော့" ဟု မိမိ၏ အဖော်ကို ပြန်လည်ဖြေကြားလိုက်တော့သည်။
"အဲဒါ သူတို့လက်ထဲက အဆိပ်လား... အဲဒီငတုံးတွေ ဘာတွေ လုပ်နေကြတာလဲ" အာဂျွန်က အဖိုးအိုလင်ကို လှမ်းကြည့်ရင်း အံ့ဩတကြီး ဆိုလိုက်သည်။
အဖိုးအိုလင်က အသက်ကို ပြင်းပြင်းရှူလိုက်မိရင်း မိမိဘေးနားရှိ အမျိုးသားကို လှမ်းကြည့်ကာ— "သူတို့တွေက အဲဒီလုပ်ကြံသတ်ဖြတ်သူ ယိုဟန်ကို သတ်ပြီးသွားတာနဲ့... သူ့ကိုပါ တစ်ခါတည်း သတ်ပစ်ဖို့ စီစဉ်နေကြတာပဲ၊ သူတို့က ယိုဟန်ကို သတ်ဖို့အတွက် ဒီနေရာကို ရောက်နေကြတာ" အဖိုးအိုလင်က ဆိုလိုက်သည်။
အာဂျွန်က ဦးခေါင်းညိတ်ပြလိုက်မိရင်း— "ဒါပေမဲ့ သခင်လေး ယိုဟန်က ဒီနေရာမှာ ရှိမနေဘူးလေ... သူက အခု ကျင့်ကြံခြင်းခန်းမထဲမှာ ရှိနေတာ၊ အဲဒီရာဇဝတ်ကောင်တွေကတော့ တကယ့်ကို ကံဆိုးတာပဲ" ဟု အာဂျွန်က အဖိုးအိုလင်ကို လှမ်းကြည့်ကာ ခပ်ပြုံးပြုံး ဆိုလိုက်သည်။
အဖိုးအိုလင်ကမူ တစ်စုံတစ်ခုကို စိုးရိမ်ပူပန်နေသည့်အလား ၎င်းမျက်နှာဖုံးစွပ် အမျိုးသားနှစ်ဦးကို စူးစမ်းလိုစိတ် ပြည့်နှက်နေသော မျက်လုံးများဖြင့် စိုက်ကြည့်ရင်း သက်ပြင်းတစ်ချက်ချလိုက်ရာ... အာဂျွန်သည် အဖိုးအိုလင်၏ အမူအရာကြောင့် ဇဝေဇဝါဖြစ်သွားခဲ့ရပြီး— "သခင်ကြီး... တစ်စုံတစ်ခုကို စိုးရိမ်နေတဲ့ ပုံစံပဲ၊ အားလုံး အဆင်ပြေရဲ့လားခင်ဗျာ" ဟု အဖိုးအိုလင်အား မေးမြန်းလိုက်သည်။
အဖိုးအိုသည် သူ၏ ဦးခေါင်းကို အနည်းငယ် စောင်းလိုက်မိရင်း အာဂျွန်ကို လှမ်းကြည့်ကာ "မင်း... သူတို့ရဲ့ ဝတ်စုံထက်က အမှတ်အသားကို သတိထားမိရဲ့လား" ဟု ပြန်လည်မေးမြန်းလိုက်သည်။ ထိုစကားလုံးများကို ကြားလိုက်ရသည့်ခဏ၌ အာဂျွန်သည် ထိုလူနှစ်ဦး၏ ကျောပြင်ထက်ရှိ တံဆိပ်အမှတ်အသားကို သေသေချာချာ အနီးကပ် စိုက်ကြည့်လိုက်မိတော့သည်။
"ဒါ... ဒါ မဖြစ်နိုင်တာ၊ အဲဒီအဖွဲ့အစည်းက လွန်ခဲ့တဲ့ အချိန်အတော်ကြာကတည်းက ပျက်စီးသွားခဲ့ပြီ မဟုတ်လား... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ပြီးတော့ တကယ်လို့ သူတို့တွေ တစ်နည်းတစ်ဖုံအားဖြင့် အသက်ရှင် ကျန်ရစ်ခဲ့တယ်ဆိုရင်တောင်မှ... နီကိုးစ်မျိုးနွယ်စုနဲ့ ဘာဖြစ်လို့ ပူးပေါင်းနေရတာလဲ" အာဂျွန်သည် ထိုအမျိုးသားနှစ်ဦး၏ ဝတ်စုံကျောပြင်ထက်ရှိ မြွေတံဆိပ် အမှတ်အသားကို သတိပြုမိသွားခဲ့ရသဖြင့် အလွန်ပင် တုန်လှုပ်အံ့ဩစွာဖြင့် ရေရွတ်လိုက်မိသည်။
အဖိုးအိုလင်သည်လည်း ဦးခေါင်းညိတ်ပြလိုက်မိရင်း အာဂျွန်ကို လှမ်းကြည့်ကာ— "နီကိုးစ်မျိုးနွယ်စုက တစ်စုံတစ်ခုကို ကြံစည်နေတာပဲ... ကြီးမားတဲ့ လှုပ်ရှားမှုတစ်ခုခု ဖြစ်ပျက်တော့မယ် ထင်တယ်" ဟု ပြန်လည်ပြောကြားလိုက်တော့သည်။
"တောက်... အဲဒီအမှိုက်ကောင် ဘာတွေ လုပ်နေတာလဲ၊ သူ အခန်းထဲကို ဝင်သွားခဲ့တာ တော်တော်လေးတောင် ကြာနေပြီ... အခုထိ ပြန်မလာသေးဘူး၊ သူ အမိဖမ်းခံလိုက်ရတာလား... ဒါမှမဟုတ် ဒီတစ်ကြိမ်မှာပါ ထပ်ပြီး အမှားအယွင်းဖြစ်သွားခဲ့တာလား" မျက်နှာဖုံးစွပ် အမျိုးသားတစ်ဦးက မိမိ၏ လက်ထဲ၌ ဓားမြှောင်နှင့် အဆိပ်ပုလင်းကို ကိုင်ဆောင်ထားသည့် အဖော်ဖြစ်သူကို လှမ်းကြည့်ရင်း ဆိုလိုက်သည်။
"သွားကြစို့... အဲဒီမှာ ဘာတွေ ဖြစ်ပျက်နေသလဲဆိုတာကို ငါတို့ကိုယ်တိုင် သွားပြီး စစ်ဆေးရမယ်" ဓားမြှောင်ကို ကိုင်ဆောင်ထားသည့် အမျိုးသားက မိမိ၏ အဖော်ကို ဆိုလိုက်ပြီးနောက်... နောက်တစ်စက္ကန့်၌ ၎င်းတို့နှစ်ဦးစလုံးသည် ပြတင်းပေါက်မှတစ်ဆင့် ယိုဟန်၏ အခန်းတွင်းသို့ ချက်ချင်း ချဉ်းကပ်ဝင်ရောက်သွားခဲ့ကြတော့သည်။
ထိုအတောအတွင်း—
ကြီးမားလှသော ခန်းမကြီး၏ အတွင်းပိုင်း၌ ဘယ်ကဘယ်လို ရောက်ရှိလာမှန်းမသိသော လူငယ်တစ်ဦး ချက်ချင်း ထွက်ပေါ်လာခဲ့ပြီး... ယိုဟန် ဤနေရာသို့ ရောက်ရှိလာခဲ့သည့်ခဏ၌ပင် သူ၏ နက်မှောင်လှသော ပြာလွင်သည့် မျက်ဝန်းအစုံကို ဖွင့်လှစ်လိုက်သည်။
'နောက်ဆုံးတော့ ငါ လင်မျိုးနွယ်စု ဝင်းထဲကို ပြန်ရောက်လာခဲ့ပြီပဲ... ဒီယာ အခုထိ အိပ်ပျော်နေတုန်းပဲလား မသိဘူး၊ ငါ့အခန်းကို ပြန်မသွားခင် သူမဆီကို အရင်ဆုံး သွားပြီး စစ်ဆေးကြည့်သင့်တယ်' ယိုဟန်သည် ကျင့်ကြံခြင်းခန်းမ၏ တံခါးကို အတွင်းမှနေ၍ ဖွင့်လှစ်လိုက်မိရင်း စိတ်ထဲမှ တွေးတောလိုက်မိသည်။ သူသည် ဝိညာဉ်အာကာသငယ်အတွင်း၌ ခြောက်နာရီခန့် ကုန်ဆုံးခဲ့ခြင်းဖြစ်ရာ ပြင်ပကမ္ဘာတွင်မူ အခုထိ ညအချိန်သာ ရှိနေသေး၏။
တုံ
[ပြင်းထန်လှသော လူသတ်လိုစိတ် အရှိန်အဝါများကို စနစ်က ရှာဖွေတွေ့ရှိထားပါသည်]
[လျှို့ဝှက်မစ်ရှင်တစ်ခု စတင်ပါပြီ - သင့်အားလည်းကောင်း၊ သင်ချစ်မြတ်နိုးရသူများကိုလည်းကောင်း ရန်ပြုလိုသူများအားလုံးကို အမြစ်ပြတ် သုတ်သင်ရှင်းလင်းပစ်ပါ]
[မစ်ရှင်အခက်အခဲအဆင့် - အဆင့် B]
[အချိန်ကန့်သတ်ချက် - မိနစ် ၃၀]