လူငယ်တစ်ဦးသည် တူညီသော လှုပ်ရှားမှုများကို ထပ်ခါတလဲလဲ ပြုလုပ်နေသည်ကို မြင်တွေ့ရပြီး တစ်ကိုယ်လုံးတွင်လည်း ချွေးရည်များဖြင့် ရွှဲနစ်နေခဲ့သည်။ ယိုဟန်သည် မိမိ၏ မျက်စိရှေ့မှောက်တွင် ခြေလှမ်းတစ်ထောင် ဓားသိုင်းလှုပ်ရှားမှုများကို ပြသနေသည့် လူရိပ်၏ အမူအရာများကို အတုယူရန် အစွမ်းကုန် ကြိုးစားနေခြင်း ဖြစ်၏။
"တောက်... တကယ့်ကို ခက်ခဲလွန်းတယ်" ယိုဟန်က တီးတိုးရေရွတ်လိုက်မိရင်း မြေပြင်ထက်သို့ ဒူးထောက်လဲကျသွားခဲ့သည်။ ယိုဟန် လဲကျသွားသည့် အချိန်၌ပင် သူ၏ ရှေ့မှောက်ရှိ လူရိပ်သည်လည်း ဝိညာဉ်အာကာသငယ်အတွင်းမှနေ၍ ချက်ချင်း ပျောက်ကွယ်သွားခဲ့တော့သည်။
ဝိညာဉ်အာကာသငယ်အတွင်း၌ ငါးနာရီမျှ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ ယိုဟန်သည် ထိုသိုင်းကွက်လှုပ်ရှားမှုများကို နားလည်သဘောပေါက်ရန် ကြိုးစားနေခဲ့သော်လည်း သူ၏ ခန္ဓာကိုယ်မှာမူ လွယ်လွယ်ကူကူ လိုက်လျောညီထွေဖြစ်ခြင်း မရှိခဲ့ပါချေ။ အဘယ်ကြောင့်ဆိုသော် ထိုသိုင်းကွက်များမှာ ပြုလုပ်ရန် အလွန်ပင် ရှုပ်ထွေးဆန်းပြားလွန်းသောကြောင့် ဖြစ်သည်။
'ဒါက တကယ့်ကို ပင်ပန်းလွန်းတယ်... ပြင်းထန်လှတဲ့ ဆွဲငင်အားကြောင့် ငါ့ရဲ့ ခန္ဓာကိုယ်ကို အဲဒီအတိုင်းအတာအထိ မလှုပ်ရှားနိုင်ဘူး ဖြစ်နေတယ်၊ ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့် ရှိနေတာတောင်မှ ဒီလိုပြဿနာနဲ့ ရင်ဆိုင်နေရတာပဲ... ဒါပေမဲ့ တဖြည်းဖြည်းချင်းတော့ ငါ အဲဒီလှုပ်ရှားမှုတွေကို ဆုပ်ကိုင်မိလာပြီ၊ တကယ်လို့ ငါ ခြေလှမ်းတစ်ထောင် ဓားသိုင်းနည်းစနစ်ကို တတ်မြောက်ချင်တယ်ဆိုရင်တော့ ငါ့ရဲ့ ခန္ဓာကိုယ်ကို အဆုံးစွန်သော ကန့်သတ်ချက်အထိ တွန်းပို့ရလိမ့်မယ်' ယိုဟန်က အတွေးပွားလိုက်မိသည်။
ထိုသို့ တွေးတောလိုက်ပြီးနောက်... သူသည် လက်သီးကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်မိရင်း မိမိ၏ အပေါ်ပိုင်း ဝတ်စုံကို ချွတ်လဲပစ်လိုက်တော့သည်။ နောက်တစ်စက္ကန့်တွင်မူ သူသည် အသူရာကို ထပ်မံဆင့်ခေါ်လိုက်၏။
"စနစ်... အခြေခံလမ်းညွှန်ချက်ကို ပြန်ပြီး စတင်ပေးပါ" သူက မိမိ၏ လက်ထဲရှိ ဓားကို စိုက်ကြည့်ရင်း တီးတိုးရေရွတ်လိုက်ရာ၊ နောက်တစ်စက္ကန့်တွင် တူညီသော လူရိပ်သည် သူ၏ မျက်စိရှေ့မှောက်၌ ထပ်မံထွက်ပေါ်လာခဲ့ပြန်သည်။
ယိုဟန်သည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်မိရင်း တည်ကြည်လှသော မျက်ဝန်းအစုံဖြင့် ထိုလူရိပ်ကို စိုက်ကြည့်လိုက်ရာ... နောက်တစ်စက္ကန့်၌ လူရိပ်သည် ခြေလှမ်းတစ်ထောင် ဓားသိုင်းနည်းစနစ်ကို စတင်ပြသတော့သည်။
ထိုလူရိပ်၏ လှုပ်ရှားမှုများမှာ အလွန်ပင် လျင်မြန်လွန်းလှပြီး... တချက်တည်းသော လှုပ်ရှားမှုအတွင်း၌ပင် ဓားချက်ပေါင်း နှစ်ဆယ်ကျော်ကို ဆက်တိုက်ဆင့်ကာ တိုက်ခိုက်ပြသွားခဲ့သည်။ ယိုဟန်သည် ဤအခြင်းအရာကို မြင်တွေ့လိုက်ရသဖြင့် အလွန်ပင် တုန်လှုပ်အံ့ဩသွားခဲ့ရ၏။
နောက်တစ်ကွက်တွင်မူ ၎င်းသည် မျက်စိတစ်မှိတ်အတွင်း၌ပင် ဓားချက်ပေါင်း သုံးဆယ်ကျော်ကို ထပ်မံဆင့်၍ တိုက်ခိုက်ပြပြန်ရာ... ယိုဟန်အနေဖြင့် ထိုသိုင်းကွက်များကို တစ်နည်းတစ်ဖုံအားဖြင့် နားလည်သဘောပေါက်အောင် ကြည့်ရှုနိုင်ခဲ့သည်။
ဓားကွက်ပေါင်း ငါးဆယ်ကျော်သွားပြီးနောက်တွင်မူ... ယိုဟန်၏ မျက်ဝန်းအစုံမှာ အခြားသော လှုပ်ရှားမှုများကို လိုက်လံမကြည့်ရှုနိုင်တော့ပါချေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့မှာ သာမန်မျက်စိဖြင့် လိုက်ကြည့်ရန် အလွန်ပင် မြန်ဆန်လွန်းလှသောကြောင့် ဖြစ်၏။ သို့သော်လည်း သူ၏ လက်ဖဝါးများမှာမူ စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေခဲ့ရသည်။
ခြေလှမ်းတစ်ထောင် ဓားသိုင်းနည်းစနစ်ကို အဆုံးတိုင် ပြသပြီးနောက်တွင်မူ ထိုလူရိပ်သည် သူ၏ မျက်စိရှေ့မှောက်မှ ပျောက်ကွယ်သွားခဲ့ပြန်ရာ... ယိုဟန်သည် အသက်ကို ပြင်းပြင်းရှူလိုက်မိရင်း အသူရာ၏ ဓားရိုးကို ပိုမိုတင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။
"အဖော်မွန်... ငါတို့ စလိုက်ကြရအောင်" ယိုဟန်က နက်မှောင်လှသော မီးလျှံများနှင့်အတူ ဝန်းရံတောက်လောင်နေသည့် မိမိ၏ ဓားကို ကြည့်ရင်း တီးတိုးရေရွတ်လိုက်တော့သည်။
ထိုအတောအတွင်း—
"အချိန်လည်း တော်တော်လေး နီးကပ်လာပြီပဲ... ဒါဟာ အဲဒီသခင်လေးနဲ့အတူ အဲဒီအမျိုးသမီးကိုပါ သတ်ပစ်ဖို့ အကောင်းဆုံးအချိန်ပဲ၊ မင်းက အဲဒီအမှိုက်ကောင်နဲ့အတူ အဲဒီအမျိုးသမီးကိုပါ တစ်ခါတည်း သတ်ပစ်ရမယ်"
အမျိုးသားတစ်ဦးက နံရံဘေးတွင် ထိုင်နေပြီး မိမိ၏ လက်ဖဝါးကို ဝမ်းဗိုက်ထက်သို့ တင်ထားသော လုပ်ကြံသတ်ဖြတ်သူကို စိုက်ကြည့်ရင်း ဆိုလိုက်ခြင်း ဖြစ်သည်။
ထိုစကားလုံးများကို ကြားလိုက်ရသည့်ခဏ၌ သူ၏ မျက်နှာထက်မှ အမူအရာများမှာ သိသိသာသာကြီး ပြောင်းလဲသွားခဲ့ရသည်။ သူက မိမိကို စိုက်ကြည့်နေသော လူရိပ်နှစ်ခုကို လှမ်းကြည့်လိုက်မိရင်း— "ဒါပေမဲ့... သခင်ကြီး နီကိုးလပ်စ်က ကျွန်တော့်ကို အဲဒီကောင်လေးကိုပဲ သတ်ဖို့ ခိုင်းခဲ့တာပါ၊ အဲဒီအမျိုးသမီးအကြောင်းကို သူ လုံးဝ မပြောခဲ့ပါဘူး" ဟု ထိုလူနှစ်ဦးကို ကြည့်ကာ ပြန်လည်ပြောကြားလိုက်သည်။
ထိုစကားကို ကြားလိုက်ရသည့်အခါ ၎င်းတို့နှစ်ဦးသည် တစ်ဦးကိုတစ်ဦး အကြည့်ချင်း ဖလှယ်လိုက်ကြပြီး... အမျိုးသားတစ်ဦးက ထိုလုပ်ကြံသတ်ဖြတ်သူအနီးသို့ ချဉ်းကပ်လာကာ သူ့ကို ခြေထောက်ဖြင့် အဆက်မပြတ် ကန်ကျောက်တော့သည်"မင်းလို အောက်တန်းစားက ငါတို့ကို ပြန်ပြီး စကားနာလှည့်ပြောရဲတယ်ပေါ့ ဟုတ်လား... ငါတို့က မင်းကို အသက်ရှင်ခွင့် ပေးထားတာကို မင်းက ငါတို့ကို ပြန်ပြီး ငြင်းခုံနေတယ်ပေါ့" သူက ထိုလူကို အဆက်မပြတ် ထုရိုက်ကန်ကျောက်ရင်း တီးတိုးရေရွတ်လိုက်သည်။
လုပ်ကြံသတ်ဖြတ်သူမှာ နာကျင်လွန်းလှသဖြင့် အော်ဟစ်ငိုယိုမိရှာကာ... သူ၏ အော်ဟစ်သံများ အခန်းပြင်ပသို့ ပျံ့လွင့်မသွားစေရန်အတွက် သူ၏ လက်ဖဝါးဖြင့် ပါးစပ်ကို အတင်းအကျပ် ပိတ်ဆို့ထားလိုက်ရသည်။ ထိုအမျိုးသားသည် သူ့ကို အချက်ပေါင်း ငါးဆယ်ကျော်မျှ ရိုက်နှက်ပြီးနောက်တွင်မှ နောက်ဆုံး၌ ရပ်တန့်လိုက်ကာ— "သေစမ်း... ဒီလုပ်ကြံသတ်ဖြတ်သူက တကယ့်ကို ထုံအလွန်းတာပဲ၊ သူ့မျက်နှာကို မြင်ရုံနဲ့တင် ငါ သူ့ကို ပိုပြီးတော့ ရိုက်နှက်ချင်စိတ် ပေါက်လာတယ်" ဟု မိမိ၏ အဖော်ကို လှမ်းကြည့်ကာ ဆိုလိုက်သည်။
ထိုစကားကို ကြားရသည့်အခါ အခြားအမျိုးသားက ပြုံးလိုက်မိရင်း— "ဟုတ်ပါရဲ့... မင်းပြောတာ တကယ်မှန်တယ်၊ ငါတော့ သခင်ကြီး နီကိုးလပ်စ်က ဘာဖြစ်လို့ ရာပြည့်ချိုင့်ဝှမ်းတစ်ရာ အဆိပ်ဂိုဏ်း က ဒီလိုလူမျိုးတွေကို သည်းခံပေါင်းသင်းနေရသလဲဆိုတာ တကယ်ပဲ စဉ်းစားလို့မရဘူး... သူတို့မှာ သေစေနိုင်တဲ့ အဆိပ်ရှိတာကလွဲလို့ ကျန်တဲ့ ဂိုဏ်းသားတွေအကုန်လုံးက သူ့လိုမျိုး ထုံအအကောင်တွေချည်းပဲ" ဟု မိမိ၏ အဖော်ကို ရယ်မောကာ ပြန်လည်ဖြေကြားလိုက်သည်။
ထိုစကားလုံးများကို ကြားလိုက်ရသည့်ခဏ၌ လုပ်ကြံသတ်ဖြတ်သူသည် ဒေါသတကြီး ဖြစ်သွားခဲ့ရသော်လည်း... ၎င်းတို့၏ ခြိမ်းခြောက်လှသော အကြည့်များကို မြင်တွေ့လိုက်ရသည့်အခါ မိမိကိုယ်ကိုယ် ပြန်လည်တည်ငြိမ်အောင် အားယူထိန်းချုပ်လိုက်ရသည်။ သို့သော်လည်း အရာအားလုံးက နောက်ကျသွားခဲ့ပြီ ဖြစ်၏။
"မင်းက ဘာကို စိုက်ကြည့်နေတာလဲ ငတုံးရဲ့... မင်းက ဒီလိုမျက်လုံးမျိုးနဲ့ ငါတို့ကို ကြည့်ရဲတယ်ပေါ့၊ မင်း ထပ်ပြီး အိုက်ယားဇာတ်ခင်းချင်နေသေးတယ် မဟုတ်လား ရာဇဝတ်ကောင်လေးရဲ့" အခြားအမျိုးသားက လုပ်ကြံသတ်ဖြတ်သူအနီးသို့ ချဉ်းကပ်လိုက်မိရင်း သူ၏ လည်ပင်းကို ဆွဲကိုင်ကာ ပါးကို တဖြန်းဖြန်း ရိုက်နှက်တော့သည်။
အတန်ကြာပြီးနောက်... ထိုလုပ်ကြံသတ်ဖြတ်သူကို မိမိတို့ စိတ်တိုင်းကျ ရိုက်နှက်ဆုံးမပြီးသည့်အခါတွင်မူ ထိုအမျိုးသားနှစ်ဦးစလုံးသည် မောပန်းသွားခဲ့ကြသဖြင့် အသက်ကို ပြင်းပြင်းရှူလိုက်ကြရကာ "ဒီအမှိုက်ကောင်က အချိန်တွေ အများကြီး ဖြုန်းတီးပစ်လိုက်ပြီ... ငါတို့တွေ မကြာခင် လှုပ်ရှားမှု စတင်ရတော့မယ်၊ အခုဆိုရင် တော်တော်လေးလည်း ညဉ့်နက်နေပြီဖြစ်သလို လူတိုင်းကလည်း နှစ်ခြိုက်စွာ အိပ်ပျော်နေကြပြီ... ဒါဟာ ငါတို့ရဲ့ အစီအစဉ်ကို စတင်ဖို့ အကောင်းဆုံးအချိန်ပဲ" သူက မိမိ၏ အဖော်ကို ကြည့်ရင်း ထိုစကားလုံးများကို ဆိုလိုက်သည်။
သူ့ဘေးနားတွင် မတ်တတ်ရပ်နေသော အမျိုးသားက ဦးခေါင်းညိတ်ပြလိုက်မိရင်း သူ့ကို လှမ်းကြည့်ကာ— "မင်းပြောတာ တကယ်မှန်တယ် အစ်ကိုကြီး... ဒါဟာ သူ့ကို တိုက်ခိုက်ဖို့ အကောင်းဆုံးအချိန်ပဲ၊ ပြီးတော့ တကယ်လို့ ငါတို့တွေ သခင်ကြီး နီကိုးလပ်စ်ရဲ့ လက်ခုပ်ထဲကနေ ထွက်ပြေးသွားခဲ့တဲ့ အဲဒီအမျိုးသမီးကိုပါ အောင်အောင်မြင်မြင် သတ်ပစ်နိုင်ခဲ့မယ်ဆိုရင်... သူက ငါတို့ကို တကယ့်ကို ထိုက်ထိုက်တန်တန် ဆုချီးမြှင့်မှာ သေချာတယ်" ထိုအမျိုးသားက ဆိုလိုက်ရင်း... ဆုလာဘ်များအကြောင်းကို တွေးတောလိုက်မိသဖြင့် သူ၏ မျက်နှာထက်တွင် ယုတ်မာကောက်ကျစ်လှသော အပြုံးတစ်ခု ထွက်ပေါ်လာခဲ့တော့သည်။
ထိုအမျိုးသားနှစ်ဦးစလုံးမှာ ဆုလာဘ်များအကြောင်းကို တွေးတောရင်း တစ်ဦးနှင့်တစ်ဦး စကားစမြည်ပြောဆိုကာ လောဘတက်နေကြသော်လည်း... လုပ်ကြံသတ်ဖြတ်သူကမူ ၎င်းတို့နှစ်ဦးကို ပြင်းထန်လှသော လူသတ်လိုစိတ် အရှိန်အဝါများဖြင့် စိုက်ကြည့်နေခဲ့ပြီး စိတ်ထဲမှနေ၍ ထိုကောင်နှစ်ကောင်ကို အစွမ်းကုန် ကျိန်ဆဲနေခဲ့မိသည်။
'တောက်... အမှိုက်ကောင်တွေ၊ မင်းတို့ ခဏလောက်ပဲ စောင့်နေလိုက်ဦး... မင်းတို့ ငါ့အပေါ်ကို ပြုလုပ်ခဲ့သမျှ အရာအားလုံးအတွက် အဆပေါင်း တစ်ရာခန့် ပြန်လည်ပေးဆပ်စေရမယ်၊ ငါ မင်းတို့နှစ်ယောက်လုံးကို ငါ့ရဲ့ သားကောင်စာကျွေးအဖြစ် အသုံးချပစ်မယ်... အဲဒီသခင်လေးနဲ့ အမျိုးသမီးကို သတ်ပြီးသွားတာနဲ့ မင်းတို့နှစ်ယောက်လုံးကိုပါ ငါ့လက်နဲ့ပဲ အမြစ်ပြတ်သတ်ပစ်ပြီး... အဲဒီဆုလာဘ်တွေကို ငါတစ်ယောက်တည်း သိမ်းပိုက်ပစ်မယ်' သူသည် ထိုလူနှစ်ဦးကို စိုက်ကြည့်ရင်း စိတ်ထဲမှ တွေးတောလိုက်မိခြင်း ဖြစ်၏။
ထိုအတောအတွင်း—
တုံ
[ဂုဏ်ယူပါသည် အရှင်... သင်သည် ခြေလှမ်းတစ်ထောင် ဓားသိုင်းနည်းစနစ်၏ ပထမအဆင့်ကို အောင်မြင်စွာ တတ်မြောက်သွားခဲ့ပြီ ဖြစ်သည်]
ကျယ်ပြောလှသော ချိုင့်ဝှမ်းကြီး၏ အတွင်းပိုင်း၌ မတ်တတ်ရပ်နေသော ယိုဟန်၏ စိတ်အာရုံထဲ၌ အကြောင်းကြားစာတစ်ခု ပဲ့တင်ထပ်သွားခဲ့သည်။ သူ၏ လက်ဖဝါးအတွင်း၌မူ မီးလျှံများနှင့်အတူ တောက်လောင်နေသော ဓားတစ်စင်းကို မြင်တွေ့ရပြီး... သူ၏ ကြွက်သားအမြှောင်းမြှောင်းနှင့် ခန္ဓာကိုယ်ထက်တွင်လည်း ချွေးရည်များဖြင့် ရွှဲနစ်နေခဲ့ရသည်။
သူ၏ ခန့်ညားလှသော မျက်နှာထက်တွင် အပြုံးတစ်ခု ထွက်ပေါ်လာခဲ့ရပြီး... နောက်တစ်စက္ကန့်၌ သူသည် မိမိ၏ ပိတ်ဆို့ထားသော မျက်ဝန်းအစုံကို ဖွင့်လှစ်လိုက်ကာ ဓားရိုးကို ပိုမိုတင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။ နောက်တစ်စက္ကန့်တွင်မူ သူသည် တိုက်ခိုက်ရေး အနေအထားကို ချက်ချင်း ယူလိုက်မိရင်း... မျက်စိတစ်မှိတ်အတွင်း၌ပင် တစ်ချက်တည်းသော လှုပ်ရှားမှုဖြင့် ဓားချက်ပေါင်း သုံးဆယ်ကျော်ကို ဆက်တိုက်ဆင့်ကာ တိုက်ခိုက်လိုက်တော့သည်။ မြေပြင်ထက်ရှိ သူ၏ လှုပ်ရှားမှုများမှာ အလွန်ပင် လျင်မြန်လွန်းလှသဖြင့် သာမန်မျက်စိဖြင့် ထိုလှုပ်ရှားမှုများကို မြင်တွေ့ရန်မှာ လုံးဝ မဖြစ်နိုင်ပါချေ။
"ဒါဆို... ငါက ခြေလှမ်းတစ်ထောင် ဓားသိုင်းနည်းစနစ်ရဲ့ အပြည့်အဝ စွမ်းဆောင်ရည်ကိုတော့ အကုန်လုံး မဆုပ်ကိုင်နိုင်သေးဘူးပေါ့... ဟုတ်လား" ယိုဟန်က တီးတိုးရေရွတ်လိုက်မိသည်။
တုံ
[အိမ်ရှင်... တကယ်လို့ သင်က ဤအဆင့်ထက် ပိုမိုပြီး လေ့လာရန် ကြိုးစားပါက သင့်ခန္ဓာကိုယ်အနေဖြင့် တောင့်ခံနိုင်မည် မဟုတ်ပါချေ။ သင်သည် လက်ရှိတွင် သင့်ခန္ဓာကိုယ်၏ ကန့်သတ်ချက်အထိ ရောက်ရှိနေပြီ ဖြစ်သဖြင့်... ခြေလှမ်းတစ်ထောင် ဓားသိုင်းနည်းစနစ်၏ ဒုတိယအဆင့်ကို ဆက်လက်လေ့လာရန် မကြိုးစားမီ သင်၏ ကျင့်ကြံခြင်းအဆင့်ကို အရင်ဆုံး မြှင့်တင်ရန် လိုအပ်ပါသည်]
ယိုဟန်သည် မိမိ၏ စိတ်အာရုံထဲမှ ထိုအကြောင်းကြားစာကို ကြားလိုက်ရသည့်အခါ အသက်ကို ပြင်းပြင်းရှူလိုက်မိရင်း"ဟုတ်ပါပြီ... ဒါဆိုရင် ဒီဝိညာဉ်အာကာသငယ်ထဲကနေ မထွက်ခွာခင် နောက်ထပ်တစ်ကြိမ်လောက် ထပ်ပြီး လေ့ကျင့်လိုက်ဦးမယ်၊ ဝိညာဉ်အာကာသငယ်ထဲမှာ သုံးရက်ခန့် ကုန်ဆုံးသွားခဲ့ပြီဆိုတော့... ပြင်ပကမ္ဘာမှာ သုံးနာရီပဲ ရှိသေးတာပေါ့၊ အပြင်မှာတော့ အခုထိ ညအချိန်ပဲ ရှိနေသေးတာပဲ" ဟု တီးတိုးရေရွတ်လိုက်မိရင်း... သူသည် သိုင်းကွက်များကို ထပ်မံ၍ စတင်လေ့ကျင့်နေခဲ့တော့သည်။