ကုတင်ထက်တွင် အေးချမ်းစွာ အိပ်ပျော်နေသော အမျိုးသမီးတစ်ဦးနှင့် သူမကို ကြည့်ကာ လှပသော အပြုံးတစ်ခု ပြုံးနေသည့် လူငယ်တစ်ဦးကို မြင်တွေ့ရသည်။
'တောင်းပန်ပါတယ်... ငါ့ကြောင့်နဲ့ မင်း ဒီလို ဒုက္ခတွေနဲ့ ရင်ဆိုင်ခဲ့ရတာ၊ မင်းရဲ့ မျက်နှာထက်က ဒီအပြုံးကို ထာဝရ ကာကွယ်ပေးပါ့မယ်လို့ ငါ ကတိပေးပါတယ်၊ တကယ်လို့ တစ်စုံတစ်ယောက်က မင်းကို ရန်ပြုဖို့ ကြိုးစားလာရင် ဒီကမ္ဘာပေါ်ကနေ သူ့ရဲ့ တည်ရှိမှုကို အမြစ်ပြတ် သုတ်သင်ပစ်မယ်' ယိုဟန်သည် ကုတင်ထက်၌ ငြိမ်သက်စွာ အိပ်ပျော်နေသော ဒီယာ့ကို စိုက်ကြည့်ရင်း စိတ်ထဲမှနေ၍ တီးတိုးတွေးတောလိုက်မိသည်။
သူမသည် တစ်နေ့ခင်းလုံး လုံးပန်းခဲ့ရသည့် ပင်ပန်းမှုများကြောင့် နှစ်ခြိုက်စွာ အိပ်ပျော်နေခြင်း ဖြစ်၏။ ယိုဟန်သည် သူမ၏ အခြေအနေကို နားလည်သောကြောင့် အေးချမ်းစွာ အိပ်စက်ခွင့်ပေးလိုက်ပြီး နှောင့်ယှက်ခြင်း မပြုခဲ့ပါချေ။ သူမ၏ လှပသော မျက်နှာပြင်ကို ခဏမျှ စိုက်ကြည့်ပြီးနောက်တွင်မူ သူသည် မည်သည့်အသံမျှ မထွက်စေဘဲ အခန်းတွင်းမှ ထွက်ခွာလာခဲ့တော့သည်။
အတန်ကြာပြီးနောက်... သူသည် ကျင့်ကြံခြင်းခန်းမသို့ ရောက်ရှိလာခဲ့ပြီး တံခါးကို အတွင်းမှ သေသေချာချာ ပိတ်ဆို့ထားလိုက်ကာ၊ ခန်းမ၏ အလယ်ဗဟိုသို့ ချဉ်းကပ်လိုက်မိရင်း သက်ပြင်းအရှည်ကြီးတစ်ချက်ကို ချလိုက်မိသည်။
'အခြေအနေတွေက ငါ့အတွက် တော်တော်လေး ဆိုးရွားနေပုံရတယ်... နတ်ဘုရားပွင့်လန်းခြင်းဂိုဏ်းထဲမှာ ဘာတွေ ဖြစ်ပျက်ခဲ့သလဲဆိုတာ ငါ မသိသေးဘူး၊ ငါ့ရဲ့ မှတ်ဉာဏ်တွေက အခုထိ ဝေဝေဝါးဝါးနဲ့ မှုန်မှိုင်းနေတုန်းပဲ... ဒါပေမဲ့ ငါ တစ်ခုတော့ ကောင်းကောင်းသိတယ်၊ အဲဒီအမျိုးသမီး ရှောင်ဖုန်းက အရာအားလုံးကို သိထားတယ်ဆိုတာပဲ... အာနာ ပြောတာ မှန်တယ်၊ သူမက တကယ့်ကို အန္တရာယ်ရှိတဲ့ မိန်းမပဲ' ယိုဟန်သည် စိတ်ထဲမှ တွေးတောလိုက်မိသည်။
'ဒါပေမဲ့ ဒါဟာ အတိတ်မှာ နစ်မျောနေရမယ့် အချိန်မဟုတ်ဘူး... ငါက အတိတ်တုန်းကလို အလွယ်တကူ အနိုင်ကျင့်ခံရမယ့် အမှိုက်ကောင် မဟုတ်တော့ဘူး၊ အဲဒီလို အရေးမပါတဲ့ အောက်တန်းစားတွေရဲ့ ဖိနှိပ်မှုကို ငါ လုံးဝ ခံမှာမဟုတ်ဘူး' ယိုဟန်သည် မိမိ၏ လက်သီးကို တင်းကျပ်စွာ ဆုပ်ကိုင်ရင်း တီးတိုးရေရွတ်လိုက်သည်။
ခဏမျှ တွေးတောပြီးနောက်... ယိုဟန်သည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး နောက်တစ်စက္ကန့်၌ မျက်ဝန်းအစုံကို ပိတ်ထားလိုက်ရာ၊ သူ၏ လက်ဖဝါးထက်မှ အမှတ်အသားသည် ပြာလွင်သော အလင်းတန်းများနှင့်အတူ စတင်တောက်ပလာခဲ့ပြီး မိမိ၏ ဝိညာဉ်လက်နက်အပေါ်သို့ အာရုံစူးစိုက်လိုက်သည်။ နောက်တစ်စက္ကန့်တွင်မူ သူ၏ လက်ဖဝါးအတွင်း၌ ဓားတစ်စင်း ချက်ချင်း ထွက်ပေါ်လာခဲ့ရကာ... ယိုဟန်သည် အသူရာ ကို မိမိ၏ လက်ထဲ၌ ထပ်မံမြင်တွေ့လိုက်ရသဖြင့် အလွန်ပင် စိတ်လှုပ်ရှားသွားခဲ့ရတော့သည်။
အသူရာကို ထပ်မံမြင်တွေ့လိုက်ရသည့်အခါ သူ၏ ခန့်ညားလှသော မျက်နှာထက်တွင် ကျယ်ပြန့်သော အပြုံးတစ်ခု ထွက်ပေါ်လာခဲ့သည်။
"မင်း ငါ့ဘေးနားမှာ ရှိနေသရွေ့ အဲဒီအရာတွေကို ဘယ်သူက ဂရုစိုက်နေမှာလဲ အဖော်မွန်ရယ်..." သူ၏ လက်ဖဝါးအတွင်းမှနေ၍ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများကို ထုတ်လွှတ်နေသည့် အသူရာကို ကြည့်ရင်း ယိုဟန်က တီးတိုးရေရွတ်လိုက်သည်။
"ကဲ... အခုဆိုရင် ခြေလှမ်းတစ်ထောင် ဓားသိုင်းနည်းစနစ်ကို လေ့ကျင့်ရမယ့် အချိန်ပဲ" သူသည် မျက်ဝန်းအစုံကို ထပ်မံပိတ်လိုက်ရင်း ထိုစကားလုံးများကို တီးတိုးဆိုလိုက်သည်။ ခြေလှမ်းတစ်ထောင် ဓားသိုင်းနည်းစနစ်မှာ စနစ် က သူ၏ စိတ်အာရုံထဲသို့ လွှဲပြောင်းပေးထားပြီးသား ဖြစ်သော်လည်း... ကိစ္စရပ်မျိုးစုံ ဖြစ်ပျက်နေခဲ့သောကြောင့် ထိုသိုင်းနည်းစနစ်ကို မလေ့ကျင့်ရသေးခြင်း ဖြစ်၏။
တုံ
[အရှင်အနေနဲ့ ခြေလှမ်းတစ်ထောင် ဓားသိုင်းနည်းစနစ်ရဲ့ အခြေခံလမ်းညွှန်ချက်ကို စတင်လိုပါသလား]
"စတင်ပေးပါ..." ယိုဟန်က မိမိ၏ စိတ်အာရုံထဲမှ ထိုအကြောင်းကြားစာကို ကြားလိုက်ရသည့်ခဏ၌ စနစ်ကို ပြန်လည်ဖြေကြားလိုက်ရာ... နောက်တစ်စက္ကန့်တွင် မမျှော်လင့်ထားသော အရာတစ်ခု ချက်ချင်း ဖြစ်ပျက်သွားခဲ့တော့သည်။
"တောက်... ဒါ... ဒါက ဘယ်လိုနေရာလဲ..." ယိုဟန်သည် လွန်ခဲ့သည့် တစ်စက္ကန့်တုန်းက ခန်းမအတွင်း၌ ရှိနေခဲ့သော်လည်း ယခုအခါတွင်မူ အခြားတစ်နေရာသို့ ရောက်ရှိနေခဲ့သဖြင့် အလွန်ပင် အံ့အားသင့်သွားခဲ့ရသည်။ ၎င်းမှာ မျက်စိတစ်မှိတ်အတွင်း၌ ဖြစ်ပျက်သွားခြင်းဖြစ်ရာ မိမိ၏ ပတ်ဝန်းကျင်တွင် ဘာတွေ ဖြစ်ပျက်သွားသလဲဆိုသည်ကို သူ ကောင်းစွာ မသိရှိလိုက်ပါချေ။
သူ၏ ပတ်ဝန်းကျင်တစ်ခုလုံး လုံးဝ ပြောင်းလဲသွားခဲ့ပြီး... မျက်စိရှေ့မှောက်တွင် မည်သည့်ခန်းမကိုမျှ မြင်တွေ့ရခြင်း မရှိတော့ဘဲ၊ သူသည် တောင်တန်းကြီးများ ဝန်းရံထားသည့် ကျယ်ပြောလှသော ချိုင့်ဝှမ်းကြီးတစ်ခု၏ အတွင်းပိုင်းဆီသို့ ရောက်ရှိနေခဲ့ခြင်း ဖြစ်သည်။
ဤနေရာ၏ ကောင်းကင်ယံမှာ မှောင်မိုက်နေခဲ့ပြီး ကြယ်တာရာများကမူ ကောင်းကင်ထက်၌ စူးရှစွာ တောက်ပနေကြသည်။ ၎င်းမှာ ညဉ့်နက်သန်းခေါင်အချိန် ဖြစ်၏။ ယိုဟန်သည် ဤအခြင်းအရာကို မြင်တွေ့လိုက်ရသဖြင့် အလွန်ပင် အံ့ဩသွားခဲ့ရပြီး... နောက်တစ်စက္ကန့်တွင် သူ၏ စိတ်အာရုံထဲ၌ အကြောင်းကြားစာတစ်ခု ထပ်မံထွက်ပေါ်လာခဲ့သည်။
တုံ
[သင်သည် ဝိညာဉ်အာကာသငယ်၏ အတွင်းပိုင်းသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်]
[ဝိညာဉ်အာကာသငယ် (- အစစ်အမှန် ကမ္ဘာလောကနှင့် ဒွန်တွဲတည်ရှိနေသော နေရာတစ်ခု ဖြစ်သည်။ ဤနေရာမှာ အသူရာနှင့် ဝိညာဉ်ချင်း ဆက်နွှယ်မှု ပြုလုပ်ပြီးနောက် ရရှိလာခဲ့သော အရှင်၏ အထူးအခွင့်အရေးတစ်ခု ဖြစ်ပြီး... အရှင်အနေဖြင့် မိမိ၏ စိတ်အလိုရှိတိုင်း ဤနေရာအတွင်းသို့ ဝင်ရောက်ခြင်းနှင့် ထွက်ခွာခြင်းတို့ကို ပြုလုပ်နိုင်သည်]
ယိုဟန်သည် မိမိ၏ စိတ်အာရုံထဲ၌ ပဲ့တင်ထပ်သွားသော ထိုစကားလုံးများကို ကြားလိုက်ရသည့်အခါ အနည်းငယ်မျှ မှင်တက်သွားခဲ့ရသည်။ သူသည် မိမိ၏ လက်ထဲ၌ နက်မှောင်လှသော မီးလျှံများနှင့်အတူ တောက်လောင်နေသည့် အသူရာကို လှမ်းကြည့်လိုက်မိ၏။ ယိုဟန်သည် မိမိ၏ လက်ဖဝါးအတွင်းမှ စီးဆင်းလာသော စွမ်းအားလှိုင်းများကို ခံစားလိုက်ရသည့်အခါ တံတွေးကို အားယူမြိုချလိုက်မိရှာသည်။
ခဏမျှ ကြာပြီးနောက်တွင်မူ သူသည် မိမိ၏ အတွေးများကို စုစည်းလိုက်မိပြီး... နောက်ဆုံး၌ အသူရာတွင် 'ဝိညာဉ်အာကာသငယ်' ဟု ခေါ်ဆိုသည့် အထူးလုပ်ဆောင်ချက်တစ်ခု ရှိနေသောကြောင့် မိမိ ဤနေရာသို့ ရောက်ရှိနေရခြင်းဖြစ်ကြောင်း နားလည်သွားခဲ့တော့သည်။
သူသည် မိမိ၏ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်မိရင်း ဤနေရာဝန်းကျင်ရှိ ချီ စွမ်းအားများမှာ အလွန်ပင် သိပ်သည်းဆများပြားနေကြောင်း ခံစားလိုက်ရသည်။ သူသည် လမ်းလျှောက်ရန် ကြိုးစားလိုက်သော်လည်း... သူ၏ လှုပ်ရှားမှုများမှာ အလွန်ပင် လေးလံထိုင်းမှိုင်းနေခဲ့ပြီး သေသေချာချာ မလျှောက်လှမ်းနိုင်ဘဲ ဖြစ်နေခဲ့ရကာ— "တောက်... ဘာဖြစ်လို့ ငါ သေသေချာချာ မလှုပ်ရှားနိုင်ရတာလဲ..." သူက လမ်းလျှောက်ရန် အားယူကြိုးစားရင်း အလွန်ပင် နှေးကွေးနေခဲ့သဖြင့် တီးတိုးရေရွတ်လိုက်မိသည်။
တုံ
[အရှင်... ဤနေရာ၏ ဆွဲငင်အားမှာ ပြင်ပကမ္ဘာနှင့် နှိုင်းယှဉ်ပါက (၁၀) ဆခန့် ပိုမိုမြင့်မားနေခြင်း ဖြစ်သည်။ ထို့အပြင် အချိန်စီးဆင်းမှု စနစ်မှာလည်း လုံးဝ ခြားနားနေပြီး... ပြင်ပကမ္ဘာ၏ (၁) နာရီသည် ဤဝိညာဉ်အာကာသငယ်အတွင်း၌ (၁) ရက်နှင့် ညီမျှသည်]
"ဘာ... အဲဒီလိုဆိုတော့ ပြင်ပကမ္ဘာရဲ့ ၁နာရီက... ဤနေရာရဲ့ ၂၄ နာရီနဲ့ ညီမျှတာပေါ့..." ယိုဟန်သည် မိမိ ကြားလိုက်ရသည့် စကားကိုပင် မယုံကြည်နိုင်ဘဲ ဖြစ်သွားခဲ့ရသော်လည်း၊ အခြေအနေကို ထပ်မံအတည်ပြုပြီးနောက်တွင်မူ သူ၏ မျက်နှာထက်၌ အပြုံးတစ်ခု ထွက်ပေါ်လာခဲ့ကာ လက်သီးကို တင်းကျပ်စွာ ဆုပ်ကိုင်ရင်း အသက်ကို ပြင်းပြင်းရှူလိုက်မိသည်။
တုံ
[ခြေလှမ်းတစ်ထောင် ဓားသိုင်းနည်းစနစ်၏ အခြေခံလမ်းညွှန်ချက်ကို စတင်နေပြီ ဖြစ်သည်]
ဘယ်ကဘယ်လို ရောက်ရှိလာမှန်းမသိသော အကြောင်းကြားစာတစ်ခုမှာ သူ၏ ဦးခေါင်းအတွင်း၌ ပဲ့တင်ထပ်သွားခဲ့ပြီး... နောက်တစ်စက္ကန့်တွင်မူ ယိုဟန်သည် ထိုအကြောင်းကြားစာကြောင့် သတိပြန်ဝင်လာခဲ့ရသည်။
"ဒါဆို... နောက်ဆုံးတော့ ခြေလှမ်းတစ်ထောင် ဓားသိုင်းနည်းစနစ်ကို စတင်လေ့ကျင့်ရမယ့် အချိန်ရောက်ပြီပေါ့" သူက တီးတိုးရေရွတ်လိုက်မိပြီး... နောက်တစ်စက္ကန့်၌ သူ၏ မျက်စိရှေ့မှောက်တွင် လူရိပ်တစ်ခု ချက်ချင်း ထွက်ပေါ်လာခဲ့တော့သည်။
ယိုဟန်သည် ထိုလူရိပ်ကို မြင်တွေ့လိုက်ရသည့်အခါ အလွန်ပင် အံ့အားသင့်သွားခဲ့ရပြီး... ၎င်းလူရိပ်မှာ စင်ကြယ်လှသော အဖြူရောင် စွမ်းအင်လှိုင်းများ ဝန်းရံထားခြင်း ဖြစ်ကာ မျက်နှာသွင်ပြင် လုံးဝ ရှိမနေဘဲ သန့်စင်လှသော အဖြူရောင်စွမ်းအင်များသာ တစ်ကိုယ်လုံးကို ဖုံးလွှမ်းထားခြင်း ဖြစ်သည်။ ထို့အပြင်... ၎င်း၏ လက်ဖဝါးအတွင်း၌လည်း ဓားတစ်စင်းကို မြင်တွေ့နေရ၏။
ထိုအတောအတွင်း—
"သူက ကျင့်ကြံခြင်းခန်းမထဲကို ဝင်သွားခဲ့တာပေါ့... ဟုတ်လား၊ ဒါနဲ့... ငါတို့မျိုးနွယ်စုထဲကို တိတ်တဆိတ် ခိုးဝင်လာခဲ့တဲ့ အဲဒီလုပ်ကြံသတ်ဖြတ်သူကရော... သူက အခုထိ ဧည့်သည်တော်ဆောင်ထဲမှာပဲ ရှိနေသေးတာလား" လင်မျိုးနွယ်စု၏ အဖိုးအိုက ထိုစကားလုံးများကို ကြားလိုက်ရသည့်အခါ တီးတိုးရေရွတ်လိုက်မိခြင်း ဖြစ်သည်။ သူသည် မိမိ၏ အခန်းတွင်း၌ တင်ပလ္လင်ခွေ ကြာပန်းပုံစံ ကျင့်ကြံခြင်း အနေအထားဖြင့် ထိုင်နေခဲ့ခြင်း ဖြစ်ပြီး... သူ၏ မျက်စိရှေ့မှောက်တွင်မူ အနက်ရောင် ဝတ်စုံကို ဆင်မြန်းထားသည့် လူရိပ်တစ်ခုက မတ်တတ်ရပ်နေခဲ့သည်။
အဖိုးအိုလင်က သူ၏ မျက်ဝန်းအစုံကို ဖွင့်လှစ်လိုက်ရင်း ထိုလူကို လှမ်းကြည့်ကာ မေးမြန်းလိုက်ရာ— "ဟုတ်ကဲ့ပါ သခင်ကြီး... သူက အခုထိ ဧည့်ဂေဟာထဲမှာပဲ ရှိနေပါသေးတယ်၊ ဒါပေမဲ့... နောက်ထပ် လူနှစ်ယောက်လည်း သူ့ဆီကို ထပ်ပြီး ပူးပေါင်းလာကြပါတယ်၊ သခင်ကြီး ခန့်မှန်းခဲ့တာ တကယ့်ကို မှန်ပါတယ်... အဲဒီကောင်က တစ်ယောက်တည်း မဟုတ်ပါဘူး၊ ပြီးတော့ သူတို့တွေက ပန်းမျိုးနွယ်စုရဲ့ အထောက်အထားတွေကို အသုံးပြုထားကြပါတယ်" ထိုလူက ပြန်လည်ဖြေကြားလိုက်သည်။
"ပန်းမျိုးနွယ်စု ဟုတ်လား... ဒါဆိုရင်တော့ ပန်းမျိုးနွယ်စုရဲ့ သံတမန်က သေဆုံးသွားခဲ့ပြီပေါ့၊ အာဂျွန်... ငါတို့ရဲ့ လူတွေကို စုစည်းလိုက်တော့၊ ငါတို့တွေ သားကောင်အမဲလိုက် ထွက်ကြမယ်" အဖိုးအိုလင်က သက်ပြင်းတစ်ချက်ချလိုက်မိရင်း ထိုစကားလုံးများကို ခပ်ပြတ်ပြတ် ဆိုလိုက်တော့သည်။
အာဂျွန်ဟု အမည်ရသော ထိုလူသည် အဖိုးအိုလင်၏ ပါးစပ်ဖျားမှ ထိုစကားလုံးများကို ကြားလိုက်ရသည့်အခါ သဘောကျစွာ ပြုံးလိုက်မိရင်း— "ဟုတ်ကဲ့ပါ သခင်ကြီး..." ဟု အဖိုးအိုလင်ကို ပြန်လည်ဖြေကြားလိုက်ပြီးနောက်... နောက်တစ်စက္ကန့်တွင် အခန်းအတွင်းမှနေ၍ ချက်ချင်း ထွက်ခွာသွားခဲ့တော့သည်။