ယိုဟန်က ထိုလူမိုက်များကို အရိုးကျိုးမတတ် အလဲလဲအပြိုပြို နှိပ်ကွပ်လိုက်သည်ကို မြင်သောအခါ ပတ်ဝန်းကျင်တစ်ခုလုံး သင်းချိုင်းပြင်ကဲ့သို့ ဆိတ်ငြိမ်သွားခဲ့ရသည်။ မည်သူမျှ စကားတစ်ခွန်းပင် မဟရဲကြတော့သလို သူ့ကို လှောင်ပြောင်ရန်လည်း စိတ်ပင်မကူးရဲကြတော့ချေ။
တစ်ဖက်တွင်မူ ယိုဟန်သည် အကာအကွယ်မဲ့နေသော အမျိုးသမီးတစ်ဦးကို လူမိုက်များက စော်ကားနေသည်ကို ပျော်ပျော်ကြီး ထိုင်ကြည့်နေခဲ့ကြသည့် ဤလူအုပ်ကြီးကို ကြည့်ကာ ရွံရှာမုန်းတီးမိနေသည်။
"ဟူး... ဒီလူမိုက်တွေကို ထားလိုက်ပါဦး။ ဒါနဲ့ အဲဒီ နီကိုးလပ်စ် ဆိုတဲ့အကောင်က ဘယ်သူလဲ။ အဲဒီကောင်တွေက သူ့နာမည်ကို အသုံးချပြီး ငါ့ကို ခြိမ်းခြောက်သွားကြတာ။ ဒီကိစ္စကို ငါ သေချာစုံစမ်းရမယ်"
သူသည် စိတ်ထဲကနေ ကြံစည်လိုက်မိ၏။ သူ၏နောက်တွင်တော့ အမျိုးသမီးနှစ်ဦးက ခပ်လှမ်းလှမ်းမှ လိုက်ပါလာကြသည်။ သူတို့ကတော့ အာနာနှင့် သူအခုတင် ကယ်တင်လာခဲ့သော အမျိုးသမီးလေးပင် ဖြစ်သည်။
အာနားသည် စိတ်ထဲတွင် အတွေးပေါင်းစုံ ဝင်ရောက်နေသဖြင့် အလွန်တရာ ပျာယာခတ်နေရရှာသည်။ သူမ၏ လှပသော မျက်နှာထက်တွင် ချွေးစေးများ ပျံတက်နေ၏။ သူမသည် အသက် ၂၂ နှစ်အရွယ်ခန့်ရှိပြီး နက်ရှိုင်းသော နီပြာရောင် မျက်ဝန်းများ၊ နှင်းဆီသွေးရောင် နှုတ်ခမ်းလွှာနှင့် နက်မှောင်ရှည်လျားသော ဆံကေသာကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ သူမ၏ နှလုံ
းသားမှာ ပြင်းထန်စွာ တုန်ခါနေခဲ့၏။
"ငါ ဘာလို့ ဒီလိုဖြစ်ရတာလဲ။ ငါ ကြောင်အမ်းပြီး အဲဒီနေရာကနေ အချိန်မှန်မထွက်သွားမိလို့ သခင်လေးယိုဟန် ငါ့ကို မိသွားပြီ။ သူ ငါ့ကို အော်ဟစ်ငေါက်ငမ်းတော့မှာလား"
သူမသည် စိတ်ထဲကနေ စိုးရိမ်တကြီး တွေးတောရင်း ဘေးနားတွင် လျှောက်လှမ်းလာသော အမျိုးသမီးကို လှမ်းကြည့်လိုက်သည်။
"နင့်နာမည် ဘယ်လိုခေါ်လဲ"
ယိုဟန်၏နောက်သို့ တိတ်ဆိတ်စွာ လိုက်ပါလာသော အမျိုးသမီးကို ကြည့်ကာ အာနားက မေးမြန်းလိုက်ခြင်း ဖြစ်သည်။ အာနာ၏ နှုတ်မှ ထိုစကားသံ ထွက်ပေါ်လာသောအခါ သူမသည် သက်ပြင်းတစ်ချက်ကို ခပ်ဖွဖွချလိုက်၏။
"ကျွန်မနာမည်... ဒီယာ လို့ ခေါ်ပါတယ်"
သူမက ခါးသီးသော အပြုံးလေးဖြင့် အာနားကို ပြန်လည်ဖြေကြားသည်။ သူမ၏ အသားအရေက နို့နှစ်ရောင်ကဲ့သို့ ဖြူစင်ဝင်းပနေပြီး နက်ရှိုင်းသော နီပြာရောင်မျက်ဝန်းများကို ပိုင်ဆိုင်ထားကာ မျက်တောင်ရှည်လေးများက ယိုဟန်ထံသို့ ဝေ့ဝဲကျရောက်နေသည်။ ယိုဟန်သည် သူမဘဝ၏ ကယ်တင်ရှင်ပင် ဖြစ်၏။ သူသည် ငယ်ရွယ်သော်လည်း လူမိုက်လေးယောက်ကို အလဲလဲအပြိုပြို နှိပ်ကွပ်ကာ သူမကို ကယ်တင်ပေးခဲ့သည်။
"သူမနာမည်က ဒီယာ တဲ့လား..."
ယိုဟန် တိုးတိုးလေး ရေရွတ်လိုက်မိသည်။ ဒီယာ၏ မိဘနှစ်ပါးစလုံးမှာ သူမငယ်စဉ်ကတည်းက ကွယ်လွန်သွားခဲ့ကြသဖြင့် သူမ၏ ဦးလေးဖြစ်သူတို့က ခေါ်ယူကျွေးမွေးခဲ့ကြခြင်း ဖြစ်ကြောင်း၊ သို့သော် သူမ အသက် ၂၂ နှစ်အရွယ်သို့ ရောက်သောအခါ ထိုလူမိုက်များထံသို့ အဓမ္မရောင်းချခဲ့ကြကြောင်း သူ ကြားသိလိုက်ရသည်။ သူမသည် မိမိ၏ ခန္ဓာကိုယ်ကို အညစ်အကြေးမခံလိုသဖြင့် ထွက်ပြေးခဲ့သော်လည်း ကံဆိုးစွာဖြင့် ပြန်လည်ဖမ်းဆီးခြင်း ခံခဲ့ရရှာခြင်း ဖြစ်၏။
"ဒီတိရစ္ဆာန်ထက် ယုတ်ညံ့တဲ့အကောင်တွေ... ဘယ်လို ဦးလေးမျိုးက မိမိရဲ့ သွေးသားရင်းခေါင်းကို ဒီလို ရက်ရက်စက်စက် ရောင်းစားရက်ရတာလဲ။ ဒါ ဘယ်လိုမျိုး အစုတ်ပလုတ်ကမ္ဘာကြီးလဲ"
ဒီယာ ဖြတ်သန်းခဲ့ရသော ငရဲခန်းများကို တွေးတောမိသောအခါ ယိုဟန်၏ သွေးများ ဒေါသတကြီး ဆူပွက်လာခဲ့ရသည်။
"သနားစရာ ကောင်မလေး... ငါသာ အချိန်ကိုက် ဝင်မကယ်ခဲ့ရင် အဲဒီကောင်တွေ သူမကို ရက်ရက်စက်စက် သတ်ပစ်ကြမှာ သေချာတယ်"
ယိုဟန် တွေးတောရင်း ခေါင်းကို အသာစောင်းကာ ဒီယာ့ထံသို့ လှမ်းကြည့်လိုက်ရာ ဒီယာ၏ အကြည့်ကလည်း ယိုဟန်ထံသို့ ကျရောက်လာခဲ့သည်။ သူမသည် သူမအတွက် လုပ်ဆောင်ပေးခဲ့သမျှကို ကျေးဇူးတင်ရှိကြောင်း ထိုနက်ရှိုင်းသော နီပြာရောင်မျက်ဝန်းများဖြင့် အသံတိတ် ဖော်ပြနေရှာ၏။
ထိုအတောအတွင်း သူတို့သည် လင်မျိုးနွယ်စုဝန်းအတွင်းသို့ ဝင်ရောက်လာခဲ့ကြပြီ ဖြစ်သည်။ ကင်းစောင့်များက ယိုဟန်ကို မြင်သောအခါ အရိုအသေပြု ဦးညွှတ်ကြသော်လည်း ရင်ထဲတွင်မူ ကဲ့ရဲ့လှောင်ပြောင်နေကြဆဲ ဖြစ်၏။ သို့သော်လည်း သူတို့သည် ဒီယာ၏ တည်ရှိမှုကို သတိပြုမိကြသော်လည်း ယိုဟန်နှင့်အတူ ပါလာသူဖြစ်သဖြင့် မည်သူမျှ စူးစမ်းစကား မဟရဲကြချေ။
"ဒါ ငါ့ရဲ့ စံအိမ်ပဲ။ အထဲကို ဝင်ခဲ့ကြ"
ထည်ဝါလှသော လင်မျိုးနွယ်စု၏ စံအိမ်တော်ကြီးကို ငေးမောအံ့သြနေသော ဒီယာကို ကြည့်ကာ ယိုဟန်က ဆိုလိုက်သည်။
"ဟုတ်ကဲ့... သခင်လေး"
ဒီယာက ယိုဟန်ကို ပြန်လည်ထူးခါ အာနားနှင့်အတူ ဘေးချင်းယှဉ်လျက် လိုက်ပါလာခဲ့သည်။
ခဏအကြာတွင် သူတို့သည် ယိုဟန်၏ အိပ်ဆောင်အတွင်းသို့ ရောက်ရှိလာခဲ့ကြသည်။ သူသည် လင်မျိုးနွယ်စု၏ တစ်ဦးတည်းသော ဆက်ခံသူဖြစ်သဖြင့် အခန်းမှာ အလွန်တရာ အဖိုးတန်ပစ္စည်းများဖြင့် မွမ်းမံထားကာ ခမ်းနားထည်ဝါလှ၏။ ယိုဟန်က အာနားကို လှမ်းကြည့်လိုက်ပြီး—
"ဒဏ်ရာ ကုသဖို့ ဆေးအချို့ သွားယူချေ။ ပြီးတော့ ဒီယာ့အတွက် ရေနွေးနွေးလေး ပြင်ဆင်ပေးလိုက်ဦး" ဟု အမိန့်ပေးလိုက်သည်။
ထိုစကားကို ကြားလိုက်ရသည့်အခါ အာနာ၏ မျက်လုံးများ အံ့အားသင့်စွာ ပြူးကျယ်သွားရသည်။ သူမသည် သခင်လေးက သူမနောက်သို့ ခိုးရာလိုက်လာသည့်အတွက် အော်ဟစ်ငေါက်ငမ်းတော့မည် သို့မဟုတ် ပိုမိုဆိုးရွားစွာ ရိုက်နှက်တော့မည်ဟု ထင်မှတ်နေခဲ့ခြင်း ဖြစ်၏။
"မင်းက ငါ့ကို ဘာလို့ အဲဒီလို ကြည့်နေရတာလဲ။ ငါက သရဲတစ္ဆေတစ်ကောင် မဟုတ်ပါဘူး"
ယိုဟန်က သူမကို ကြည့်ကာ ခပ်ပြုံးပြုံးလေး ဆိုလိုက်သည်။
ထိုစကားကြောင့် သူမ အသိစိတ်ပြန်ဝင်လာပြီး—
"ဟုတ်ကဲ့... သခင်လေးယိုဟန်၊ ကျွန်မ အခုချက်ချင်း သွားယူလိုက်ပါ့မယ်" ဟု ဆိုကာ ထိုနေရာမှ အမြန်ဆုံး ထွက်ခွာရန် ပြင်လိုက်တော့သည်။
"နေဦး..."
အခန်းထဲမှ ထွက်ခွာရန် ပြင်နေသော အာနာကို ယိုဟန်က လှမ်းတားလိုက်ပြန်သည်။ ထိုစကားကြောင့် သူမ ခြေလှမ်းများ တုံ့ခနဲ ရပ်တန့်သွားပြီး ယိုဟန်ကို ခါးသီးသောအပြုံးလေးဖြင့် လှည့်ကြည့်လိုက်မိ၏။
"ဒီယာ တစ်ခုမှ စားရသေးပုံမပေါ်ဘူး။ သူမအတွက် စားစရာတစ်ခုခုပါ တစ်ပါတည်း ယူခဲ့ပေးပါ" ဟု ယိုဟန်က အာနားကို မှာကြားလိုက်သည်။
အာနား သက်ပြင်းတစ်ချက်ချကာ အခန်းထဲမှ ထွက်ခွာသွားခဲ့ပြီး ထိုလူနှစ်ဦးတည်းကိုသာ အခန်းထဲတွင် ချန်ထားခဲ့တော့သည်။
"စိတ်အေးအေးထားပါ၊ တွန့်ဆုတ်မနေပါနဲ့"
အခန်းအလယ်တွင် ဘာဆက်လုပ်ရမှန်းမသိဘဲ အနေရခက်စွာ မတ်တတ်ရပ်နေသော ဒီယာကို ကြည့်ကာ ယိုဟန်က ဆိုလိုက်၏။
သူ့ရှေ့မှ အမျိုးသမီးလေးကို ကြည့်ရင်း ယိုဟန်က ပြုံးလိုက်ကာ—
"လာပါ... ကုတင်ပေါ်မှာပဲ အသာထိုင်ပါ" ဟု ဆိုလျက် သူမ၏ လက်ကလေးကို အသာအယာ ဆွဲကိုင်ကာ ကုတင်ပေါ်တွင် သက်သောင့်သက်သာ ထိုင်နိုင်ရန် ကူညီပေးလိုက်သည်။
"သခင်လေး... ကျွန်မက သာမန် အရပ်သူတစ်ဦးပါ၊ ဤမျှအထိ အလေးအမြတ်ပြုခံရဖို့ မထိုက်တန်ပါဘူး။ သခင်လေး ကျွန်မကို ကူညီပေးခဲ့တာတင်ပဲ အလွန်အမင်း လုံလောက်လှပါပြီ။ ကျွန်မတစ်ဘဝလုံး ပေးဆပ်ရင်တောင် ဤကျေးဇူးကို ဘယ်လိုပြန်ဆပ်ရမှန်း မသိတော့ပါဘူးရှင်"
သူမက ပြောရင်း မျက်ရည်များ တလိမ့်လိမ့် စီးကျလာပြန်သည်။
ဒီယာ ဤကဲ့သို့ ဖြစ်နေသည်ကို မြင်ရသောအခါ ယိုဟန် စိတ်မကောင်းဖြစ်မိသွားသည်။ သူသည် သူမ၏ မျက်ရည်များကို အသာအယာ သုတ်ဖယ်ပေးလိုက်ပြီး ခေါင်းကို ပွတ်သပ်ပေးကာ—
"အဲဒီအရာတွေကို စိတ်ထဲမထားပါနဲ့။ သာမန်လူဖြစ်ဖြစ်၊ တော်ဝင်သွေးဖြစ်ဖြစ် ငါ့အတွက်တော့ အတူတူပါပဲ။ ငါ မင်းကို ပြောခဲ့တဲ့ စကားတွေက အတည်ပြောတာပါ"
သူသည် ထိုစကားလုံးများကို သူမ၏ နက်ရှိုင်းသော မျက်ဝန်းများကို စိုက်ကြည့်ရင်း အလေးအနက် ဆိုလိုက်သည်။ ထိုစကားကို ကြားလိုက်ရသည့်အခါ ဒီယာ၏ ရင်ထဲတွင် ချိုမြိန်သော ခံစားချက်တစ်ခု ဖြတ်သန်းသွားခဲ့ရ၏။ ဤသည်မှာ ဒီယာဘဝတွင် တစ်စုံတစ်ဦး၏ မျက်ဝန်းထဲ၌ စစ်မှန်သော ရိုးသားမှုကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်သည်။ ယိုဟန်သည် အမှန်တရားကို ပြောဆိုနေခြင်းဖြစ်ကြောင်း သူမ ကောင်းစွာ ခံစားသိရှိလိုက်ရ၏။ ဤသည်မှာ တစ်စုံတစ်ဦးက သူမကို ကာမရာဂစိတ် အာသာဆန္ဒများဖြင့် ကြည့်မနေသည့် ပထမဆုံးအကြိမ်လည်း ဖြစ်သည်။
သူမသည် ချိုမြိန်သော အပြုံးလေးဖြင့် ခေါင်းကို ညိတ်ပြလိုက်ပြီးနောက် တစ်စက္ကန့်တွင်မူ တံခါးခေါက်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။
ဒေါက်... ဒေါက်... ဒေါက်... ဒေါက်
"ဝင်ခဲ့ပါ"
ယိုဟန်က ပြန်လည်ထူးလိုက်ရာ နောက်တစ်စက္ကန့်တွင် အာနာဝင်ရောက်လာခဲ့သည်။ သူမ၏နောက်တွင်တော့ အစားအစာလင်ဗန်းကို ကိုင်ဆောင်ထားသည့် အစေခံမလေးတစ်ဦး ပါလာပြီး အာနား၏ လက်ထဲတွင်မူ ရေနွေးနှင့် ဆေးဝါးအချို့ ပါရှိလာခဲ့၏။
ထိုအစေခံမလေးသည် အစားအစာများကို စားပွဲပေါ်သို့ တင်ပေးပြီးနောက် အခန်းထဲမှ ချက်ချင်း ပြန်လည်ထွက်ခွာသွားခဲ့သော်လည်း အာနားကတော့ အခန်းထဲ၌ ဆက်လက်ကျန်ရစ်ခဲ့သည်။
"နည်းနည်းတော့ စပ်လိမ့်မယ်နော်"
ယိုဟန်က ဆိုလိုက်ပြီးနောက် တဘက်ကို ရေနွေးနွေးလေးထဲသို့ နှစ်ကာ ဒီယာ့မျက်နှာပေါ်မှ သွေးစွန်းကြောင်းများကို အသာအယာ သုတ်သင်ပေးလိုက်သည်။ သူမသည် နက်ရှိုင်းသော အကြည့်များဖြင့် ယိုဟန်ကို စိုက်ကြည့်နေမိပြီး သူမ၏ မျက်ဝန်းအစုံမှာလည်း မျက်ရည်များဖြင့် စိုစွတ်နေရှာသည်။ မိနစ်အနည်းငယ် ကြာပြီးနောက် သူသည် ဒဏ်ရာများကို သန့်စင်ပေးပြီးနောက် သူမ၏ ခန္ဓာကိုယ်ပေါ်တွင် ဆေးဝါးများကို အသာအယာ လိမ်းကျံပေးလိုက်၏။
"ကဲ... အခုဆိုရင် မကြာခင် သက်သာသွားမှာပါ"
ယိုဟန်က ဒီယာကို နူးညံ့သောအပြုံးလေးဖြင့် ကြည့်ကာ ဆိုလိုက်သည်။ ယိုဟန်၏ မျက်နှာပေါ်မှ လှပနူးညံ့လှသော အပြုံးကို မြင်လိုက်ရသည့်အခါ ဒီယာ၏ နှလုံးသားမှာ ပြင်းထန်စွာ လှုပ်ခတ်သွားရပြီး သူမ၏ မျက်နှာလေးတစ်ခုလုံး ရှက်သွေးဖြန်းကာ နီမြန်းသွားခဲ့ရပါတော့သည်။