ယိုဟန်သည် အတိတ်က အဖြစ်အပျက်များကို စဉ်းစားရင်း အတွေးနက်နေမိသည်။ မိမိကိုယ်ကိုယ် ဘာကြောင့် ယခုလို ဖြစ်ပျက်နေရသည်ကို သူ လုံးဝ နားမလည်နိုင်တော့ပါချေ။ နတ်ဘုရားပွင့်လန်းခြင်းဂိုဏ်း ၏ အတွင်းပိုင်း၌ ဘာတွေ ဖြစ်ပွားခဲ့သလဲဆိုသည်ကို ပြန်လည်မှတ်မိရန် ကြိုးစားလိုက်သော်လည်း... အရာအားလုံးမှာ ဝေဝါးနှောက်ယှက်နေခဲ့သည်။
သူ ပိုမိုတွေးတောလေလေ၊ ဦးခေါင်းအတွင်းမှ နာကျင်မှု ဝေဒနာကို ပိုမိုခံစားရလေလေ ဖြစ်ပြီး... သူ၏ မျက်စိရှေ့မှောက်တွင်မူ လူအများအပြား ဝန်းရံထားခြင်း ခံနေရသည့် အမျိုးသားတစ်ဦး၏ ရှေ့မှောက်၌ လူငယ်တစ်ယောက် ဒူးထောက်နေရသည့် ဝေဝါးလှသော ပုံရိပ်အချို့သာ ထွက်ပေါ်လာခဲ့သည်။ ထိုလူအုပ်ကြီးက ဒူးထောက်နေသော လူငယ်ကို ကြည့်ကာ ဝိုင်းဝန်းရယ်မော လှောင်ပြောင်နေကြခြင်း ဖြစ်၏။
"မင်းရဲ့ အခြေအနေကို မင်းသိစမ်းပါ အမှိုက်ကောင်ရဲ့..."
သူသည် ထိုဝေဝါးလှသော အတိတ်နိမိတ် ပုံရိပ်များကို အာရုံစိုက်လိုက်သည့်ခဏ၌ အားလုံးက ထိုဒူးထောက်နေသော လူငယ်ကို ကြည့်ကာ ဆဲဆိုရည်ညွှန်းနေကြသည့် ထိုစကားလုံးများမှာ သူ၏ စိတ်ဝိညာဉ်ထဲအထိ ပဲ့တင်ထပ်၍ ထွက်ပေါ်လာခဲ့သည်။ ထိုပုံရိပ်များကို မြင်တွေ့လိုက်ရသည့်အခါ ယိုဟန်သည် တံတွေးကို အားယူမြိုချလိုက်မိပြီး... နှလုံးသားကို ဓားဖြင့် မွှေနှောက်ထိုးစိုက်နေသကဲ့သို့ ပြင်းထန်လှသော ထိုစကားလုံးများကို မကြားရုံတစေ လက်နှစ်ဖက်ဖြင့် မိမိ၏ နားအစုံကို တင်းကျပ်စွာ ပိတ်ဆို့ထားရန် ကြိုးစားလိုက်မိတော့သည်။
"ယိုဟန်... ဘာဖြစ်လို့လဲ၊ မင်း အဆင်ပြေရဲ့လား..." ရုတ်တရက်ဆိုသလို သူ၏ ကျောပြင်အနောက်ဘက်ဆီမှနေ၍ ရင်းနှီးကျွမ်းဝင်ပြီးသား အသံတစ်ခု ထွက်ပေါ်လာခဲ့သဖြင့် သူသည် ချက်ချင်း သတိပြန်ဝင်လာခဲ့ရသည်။ သူ၏ ဝတ်စုံနက်ကြီးမှာလည်း တစ်ကိုယ်လုံးမှ ထွက်ပေါ်နေသော ချွေးစေးများကြောင့် အရေပြားနှင့် ကပ်ငြိနေခဲ့ပြီ ဖြစ်၏။
ယိုဟန်က တည်ငြိမ်အေးစက်လှသော အမူအရာဖြင့် ဒီယာ့ကို လှမ်းကြည့်လိုက်မိရင်း— "ဒီယာ... ငါ သိပ်ပြီး နေလို့မကောင်းဘူး၊ ငါ့ကို အခန်းထဲအထိ လိုက်ပို့ပေးပါဦး..." ဟု အားအင်ချိနဲ့လှသော အသံဖြင့် တိုးညှင်းစွာ ဆိုလိုက်သည်။
ဒီယာက ဦးခေါင်းညိတ်ပြလိုက်ပြီးနောက်... နောက်တစ်စက္ကန့်တွင် သူ့ကို အသာအယာ တွဲဖက်ကူညီပေးလိုက်ပြီး ၎င်းတို့နှစ်ဦးစလုံး ထိုနေရာမှနေ၍ ထွက်ခွာလာခဲ့ကြသည်။ သူမသည် ယိုဟန်၏ မျက်နှာကို ခဏခဏ လှမ်းကြည့်မိရင်း သူ့အတွက် အလွန်ပင် စိုးရိမ်ပူပန်နေမိသော်လည်း... စိတ်ကို အတတ်နိုင်ဆုံး တည်ငြိမ်အောင် ထိန်းချုပ်ထားခဲ့ပြီး ဤအရာအားလုံး၏ အနောက်ကွယ်မှ အကြောင်းအရင်းကိုမူ ဝင်ရောက်မမေးမြန်းခဲ့ပါချေ။
ခဏမျှ ကြာပြီးနောက်တွင်မူ ၎င်းတို့သည် ယိုဟန်၏ နေထိုင်ရာ အဆောင်ဆီသို့ နောက်ဆုံး၌ ရောက်ရှိလာခဲ့ကြသည်။ သူသည် အခန်းတွင်းသို့ ဝင်ရောက်လိုက်သည့်ခဏ၌ပင် ကုတင်ထက်သို့ ပစ်လှဲလိုက်မိရင်း... ဒီယာ့၏ လက်ကို တင်းကျပ်စွာ ဆွဲကိုင်လိုက်မိ၏။
"စိတ်မကောင်းပါဘူးကွာ... ငါ နည်းနည်း ပင်ပန်းနေလို့ပါ၊ ဒီနေ့တစ်ရက်လုံး ကိစ္စတွေ အများကြီး ဖြစ်ပျက်ခဲ့လို့ပါ... မင်း ငါ့အတွက် စိုးရိမ်မနေပါနဲ့၊ သွားပြီးတော့ အေးဆေး အနားယူလိုက်ပါဦး" သူက မိမိ၏ ကုတင်ဘေးနားတွင် ထိုင်နေသော ဒီယာ့ကို စိုက်ကြည့်ရင်း ထိုစကားလုံးများကို ဆိုလိုက်သည်။
ဒီယာက ပြုံးပြလိုက်မိရင်း ဦးခေါင်းညိတ်ပြလိုက်ကာ— "သေသေချာချာ အိပ်စက်အနားယူလိုက်ပါဦး... တကယ်လို့ တစ်စုံတစ်ခု လိုအပ်တယ်ဆိုရင် ကျွန်မကို လှမ်းခေါ်လိုက်လို့ ရပါတယ်၊ ကျွန်မ ဘယ်မှ မသွားပါဘူး" ဟု ဆိုလိုက်ပြီးနောက်... ယိုဟန်၏ နဖူးပြင်ထက်သို့ အသာအယာ နမ်းရှိုက်လိုက်ကာ သူ၏ ဝတ်စုံများကို ချွတ်လဲပေးပြီး ခန္ဓာကိုယ်ကို စောင်ဖြင့် သေသေချာချာ ခြုံပေးလိုက်ရှာသည်။
ခဏမျှ ကြာပြီးနောက်တွင်မူ ယိုဟန်သည် နှစ်ခြိုက်စွာ အိပ်ပျော်သွားခဲ့ရပြီး... ဒီယာသည် သက်ပြင်းအရှည်ကြီးတစ်ချက်ကို ချလိုက်မိရင်း၊ သွေးအမြောက်အမြား ထွက်ပေါ်နေသည့် သူ၏ လက်ဆီသို့ အကြည့်များ ရောက်ရှိသွားခဲ့ရသည်။
'သူ့မှာ ဘာတွေ ဖြစ်ပျက်နေတာလဲ... ဒါတွေအားလုံးက အဲဒီမိန်းမနဲ့ ပတ်သက်နေတာလား၊ အမှန်တော့... အဲဒီမိန်းမက သူ့ရဲ့ ပထမဆုံး ကျင့်ကြံခြင်းအဖော် ဖြစ်လာဖို့ ကံပါလာတဲ့သူပဲမဟုတ်လား... ယိုဟန်က သူမကို မသိသလိုမျိုး တစ်ချိန်လုံး လျစ်လျူရှုထားခဲ့ပေမဲ့၊ အဲဒီမိန်းမကတော့ သူ့အကြောင်း အရာအားလုံးကို သိရှိနေတဲ့ အကြည့်မျိုးနဲ့ စိုက်ကြည့်နေခဲ့တာ...' ဒီယာသည် စိတ်ထဲမှနေ၍ တွေးတောလိုက်မိရင်း... အဝတ်စ သန့်သန့်လေးတစ်ခုဖြင့် ယိုဟန်၏ ဒဏ်ရာရနေသော လက်ကို အသာအယာ စည်းနှောင်ပေးလိုက်တော့သည်။
နောက်တစ်စက္ကန့်တွင်မူ သူမသည် အခန်းအပြင်ဘက်ဆီမှ ခြေသံများကို ကြားလိုက်ရသဖြင့် အကြည့်များကို တံခါးဝရှိရာ လမ်းကြောင်းဆီသို့ ရွှေ့ပြောင်းလိုက်ရာ... အလီနာ အခန်းတွင်းသို့ ဝင်ရောက်လာသည်ကို မြင်တွေ့လိုက်ရသည်။ ဒီယာသည် အလီနာအနေဖြင့် ယိုဟန်၏ လက်ထက်မှ ဒဏ်ရာများကို မြင်တွေ့သွားမည်ကို မလိုလားသဖြင့်... သူ၏ လက်အစုံကို စောင်အောက်သို့ အမြန် တိုးဝှက်၍ ဖုံးကွယ်ပေးလိုက်မိ၏။
အလီနာက အလွန်ပင် စိုးရိမ်ပူပန်နေသော မျက်နှာအမူအရာဖြင့် ယိုဟန်ကို စိုက်ကြည့်လိုက်မိရင်းမှ... အကြည့်များကို ဒီယာ့ထံသို့ ရွှေ့ပြောင်းလိုက်ပြီး၊ မိမိ၏အနောက်သို့ လိုက်ခဲ့ရန် လက်ဟန်ခြေဟန်ဖြင့် အချက်ပြလိုက်သည်။ နောက်တစ်စက္ကန့်တွင်မူ ၎င်းတို့နှစ်ဦးစလုံးသည် အိပ်ပျော်နေသော ယိုဟန်ကို အနှောင့်အယှက်မဖြစ်စေရန်အတွက် ကုတင်ဘေးနားမှနေ၍ အသာအယာ ထွက်ခွာလာခဲ့ကြတော့သည်။
"ဒီယာ... သူ့မှာ ဘာတွေ ဖြစ်ပျက်ခဲ့လို့လဲ" အလီနာက ပြတင်းပေါက်၏ ဘေးနားတွင် မတ်တတ်ရပ်လိုက်မိရင်းမှ... အခန်း၏ အဆုံးတစ်နေရာတွင် အိပ်ပျော်နေသော ယိုဟန်ကို လှမ်းကြည့်ကာ ဒီယာ့ကို မေးမြန်းလိုက်ခြင်း ဖြစ်သည်။
ဒီယာက သက်ပြင်းတစ်ချက်ချလိုက်မိရင်း အလီနာကို လှမ်းကြည့်လိုက်ရာ... သူမ၏ မျက်နှာအမူအရာမှာ ယိုဟန်အတွက် အလွန်ပင် စိုးရိမ်ပူပန်နေရသဖြင့် တင်းမာခက်ထန်နေခဲ့ရှာပြီး— "အမေ... သူ ကျွန်မကို ဘာမှ မပြောပြခဲ့ပါဘူး၊ သူက နည်းနည်း ပင်ပန်းနေလို့ အနားယူလိုက်ရင် အဆင်ပြေသွားလိမ့်မယ်လို့ပဲ ပြောခဲ့တာပါ" ဟု ပြန်လည်ဖြေကြားလိုက်သည်။
ထိုစကားကို ကြားလိုက်ရသည့်အခါ အာလီနာက ဦးခေါင်းညိတ်ပြလိုက်ရင်း... ဒီယာ့၏ ဘယ်ဘက်ပုခုံးထက်သို့ သူမ၏ လက်ကို အသာအယာ တင်လိုက်ကာ— "စိတ်မပူပါနဲ့သမီးရယ်... သူ မကြာခင် အဆင်ပြေသွားမှာပါ၊ ညစာစားပွဲတုန်းက ကိစ္စရပ်မျိုးစုံ ရုတ်တရက် ဖြစ်ပျက်ခဲ့တော့... သူ စိတ်ရှုပ်ထွေးပြီး မခံမရပ်နိုင်ဖြစ်သွားရုံ သက်သက်ပါပဲ" ဟု ဆိုလိုက်၏။
ထို့နောက် သူမက ခေတ္တမျှ တိတ်ဆိတ်သွားခဲ့ပြီးမှ ဆက်လက်၍— "ညစာစားပွဲတုန်းက ကိစ္စတွေ အဲဒီလိုမျိုး ဖြစ်ပျက်သွားခဲ့ရတဲ့အတွက်... သမီးလည်း စိတ်အနှောင့်အယှက် ဖြစ်သွားရလို့ အမေ တကယ်ပဲ စိတ်မကောင်းပါဘူးကွယ်၊ အမေတို့က ဒီအကြောင်းအရာတွေကို သမီးကို တမင်သက်သက် ဖုံးကွယ်ထားချင်ခဲ့တာ မဟုတ်ပါဘူး... ဒါပေမဲ့ ရှင်းပြဖို့အတွက် သင့်တော်တဲ့ အချိန်မရခဲ့လို့ပါ၊ လွန်ခဲ့တဲ့ ရက်အနည်းငယ်က လင်မျိုးနွယ်စုအတွက် တကယ့်ကို ခက်ခဲလှတဲ့ အချိန်တွေ ဖြစ်ခဲ့ရတာကွယ်.." အလီနာက ခါးသီးလှသော အပြုံးတစ်ခုဖြင့် ထိုစကားလုံးများကို ဆိုလိုက်သည်။
ဒီယာက ဦးခေါင်းညိတ်ပြလိုက်မိရင်း... နောက်တစ်စက္ကန့်၌ အလီနာကို တင်းကျပ်စွာ ဖက်လဲတကူး ပွေ့ဖက်လိုက်တော့သည်။ အလီနာသည် ဒီယာ့ထံမှ ဤကဲ့သို့သော အပြုအမူမျိုးကို လုံးဝ ထင်မှတ်မထားခဲ့သဖြင့် အနည်းငယ်မျှ မှင်တက်သွားခဲ့ရသော်လည်း... နောက်တစ်စက္ကန့်တွင်မူ လှပစွာ ပြုံးလိုက်မိရင်း ဒီယာ့၏ ကျောပြင်ကို အသာအယာ ပွတ်သပ်ပေးကာ ပြန်လည်၍ တင်းကျပ်စွာ ပွေ့ဖက်ထားပေးလိုက်ရှာသည်။
"သူ့အတွက် ဘာမှ စိုးရိမ်မနေပါနဲ့... သေသေချာချာ အိပ်စက်အနားယူလိုက်ရင် အဆင်ပြေသွားမှာပါ၊ သမီးလည်း သွားပြီးတော့ အနားယူလိုက်ဦးလေ... သမီးရဲ့ မျက်ဝန်းတွေကို ကြည့်ရတာ သမီးလည်း တော်တော်လေး ပင်ပန်းနေပုံရတယ်၊ တစ်နေကုန် သူ့အတွက် စိုးရိမ်ပူပန်နေခဲ့ရပြီးမှ အခုလိုမျိုး ကိစ္စတွေ ထပ်ပြီး ဖြစ်ပျက်ခဲ့ရတာဆိုတော့... မိမိရဲ့ ကျန်းမာရေးကို အထိခိုက်မခံပါနဲ့ဦး၊ မနက်ဖြန်က တကယ့်ကို ကြီးကျယ်ခမ်းနားတဲ့ နေ့တစ်နေ့ပဲလေ... အဲဒီတော့ တို့တွေရဲ့ သမီးလေးက အခြားလူတွေရဲ့ ရှေ့မှောက်မှာ ငိုက်စိုက်ငိုက်စိုက် ဖြစ်နေတာမျိုးကို အမေ မမြင်ချင်ဘူး၊ သမီးကို အလှဆုံး ပုံစံမျိုးနဲ့ပဲ မြင်တွေ့ချင်တာပါ" သူမက ဒီယာ့ကို စိုက်ကြည့်ရင်း ထိုစကားလုံးများကို နူးညံ့စွာ ဆိုလိုက်သည်။
"ဒါပေမဲ့ အမေ... တကယ်လို့ ယိုဟန် တစ်စုံတစ်ခု လိုအပ်လာရင် ဘယ်လိုလုပ်မလဲ..." သူမက အလီနာကို လှမ်းကြည့်ကာ မေးမြန်းလိုက်၏။
အာလီနာက ဦးခေါင်းညိတ်ပြလိုက်ရင်း— "မစိုးရိမ်ပါနဲ့သမီးရယ်... အမေ အာနာကို သူ့ဘေးနားမှာ နေပြီး စောင့်ရှောက်ပေးဖို့ ပြောထားလိုက်ပါ့မယ်၊ သမီး အမေ့နောက်ကို လိုက်ခဲ့... သမီးရဲ့ အခန်းထဲအထိ အမေ လိုက်ပို့ပေးမယ်" ဟု ဆိုကာ ဒီယာ့၏ ဦးခေါင်းကို အသာအယာ ပွတ်သပ်ပေးလိုက်သည်။
ဒီယာက သက်ပြင်းအရှည်ကြီးတစ်ချက်ကို ချလိုက်မိရင်း... ငြိမ်သက်စွာ အိပ်ပျော်နေသော ယိုဟန်၏ ကုတင်ဆီသို့ နောက်ဆုံးအကြိမ်အဖြစ် လှမ်းကြည့်လိုက်ပြီးမှ အကြည့်များကို အလီနာထံသို့ ပြန်လည်ရွှေ့ပြောင်းကာ— "ဟုတ်ကဲ့ပါ အမေ..." ဟု ပြန်လည်ဖြေကြားလိုက်သည်။
အလီနာက သူမကို ပြုံးပြလိုက်မိရင်း ယိုဟန်ကို နောက်ဆုံးအကြိမ်အဖြစ် လှမ်းကြည့်လိုက်ပြီးနောက်... ၎င်းတို့နှစ်ဦးစလုံး အခန်းအတွင်းမှနေ၍ အတူတူ ထွက်ခွာသွားခဲ့ကြတော့သည်။
ထိုအတောအတွင်း—
"သူက ဘာဖြစ်လို့ ရုတ်တရက်ကြီး အဲဒီလိုမျိုး ဖြစ်သွားရတာလဲ..." ဖုန်းမင်းက လင်မိသားစုနှင့်အတူ ညစာစားပွဲ ပြီးဆုံးသွားခဲ့ပြီးနောက် ဧည့်သည်ဆောင်ဆီသို့ ပြန်လည်လျှောက်လှမ်းလာစဉ်... မိမိ၏ ခင်ပွန်းဖြစ်သူ ဖုန်းယွမ်ကို လှမ်းကြည့်ရင်း ထိုမေးခွန်းကို မေးမြန်းလိုက်ခြင်း ဖြစ်သည်။ တစ်ဖက်တွင်မူ ရှောင်ဖန်းသည် မိဘနှစ်ပါး၏ အနောက်ဘက်ဆီမှနေ၍ လျှောက်လှမ်းလာခဲ့ပြီး သူမ၏ မျက်နှာထက်တွင်မူ ကြည်နူးပီတိဖြစ်ရုံမျှမက ကောက်ကျစ်လှသော လှောင်ပြုံးတစ်ခု ထွက်ပေါ်နေခဲ့သည်။
ဖုန်းယွမ်က သက်ပြင်းအရှည်ကြီးတစ်ချက်ကို ချလိုက်မိရင်း ဖုန်းမင်းကို လှမ်းကြည့်ကာ— "သူ့မှာ ဘာတွေ ဖြစ်ပျက်နေသလဲဆိုတာ ဘယ်သူသိမှာလဲ... ပြီးတော့ ငါကလည်း သူ့ရဲ့ ထူးဆန်းလှတဲ့ အပြုအမူတွေရဲ့ အနောက်ကွယ်က အကြောင်းအရင်းကို သိရှိဖို့ စိတ်မဝင်စားပါဘူး၊ အခု ငါက အခြားအရာတစ်ခုကို ပိုပြီး စိုးရိမ်နေတာ..." ဖုန်းယွမ်က ဖုန်းမင်းကို စိုက်ကြည့်ရင်း ထိုစကားလုံးများကို ဆိုလိုက်သည်။
"မင်းက အခုထိ အကြီးအကဲလင်ရဲ့ စကားလုံးတွေကို တွေးတောပြီး စိုးရိမ်နေတုန်းပဲလား... တို့တွေက နီကိုးစ်မျိုးနွယ်စုနဲ့ ရင်းနှီးကျွမ်းဝင်တဲ့ ဆက်ဆံရေးမျိုး ရှိနေတာက ဘာဖြစ်လဲ၊ အမှန်တော့ နီကိုးစ်မျိုးနွယ်စုကလည်း အရှိန်အဟုန်နဲ့ တိုးတက်လာနေတဲ့ မျိုးနွယ်စုအသစ်တစ်ခုပဲလေ... တို့တွေ မားကပ်စ်ကို ကောင်းကောင်းသိထားတာမို့လို့၊ အဲဒီမျိုးနွယ်စုက တစ်နေ့နေ့မှာ ပိုမိုကြီးမားတဲ့ အဆင့်အတန်းတစ်ခုဆီကို သေချာပေါက် ရောက်ရှိသွားလိမ့်မယ်လို့ ငါ အပြည့်အဝ ယုံကြည်တယ်... အစ်ကိုကြီး နီကိုးလပ်စ်နဲ့ မားကပ်စ်တို့ နှစ်ယောက်စလုံးက နီကိုးစ်မျိုးနွယ်စုကို အကောင်းဆုံး ဦးဆောင်နိုင်စွမ်းရှိတဲ့ လူတွေပဲဥစ္စာ" ရှောင်ဖန်းက မိမိ၏ ဖခင်ဖြစ်သူ၏ စကားကို ဖြတ်ပြောလိုက်ရင်း ထိုစကားလုံးများကို ဆိုလိုက်တော့သည်။
ထိုစကားကို ကြားလိုက်ရသည့်အခါ ဖုန်းယွမ်က သက်ပြင်းအရှည်ကြီးတစ်ချက်ကို ချလိုက်မိရင်း— "ဟုတ်ပါတယ်... သမီးပြောတာ တကယ်မှန်ပါတယ်၊ မည်သူမဆို နီကိုးစ်မျိုးနွယ်စုနဲ့ မိတ်ဆွေသူငယ်ချင်းတွေ ဖြစ်ချင်ကြတာပဲ... ဖီးနစ်ဘုရင်နိုင်ငံ ရဲ့ မြောက်ဘက်ဒေသမှာ သူတို့တွေက အင်အားကြီးမားလှတဲ့ အချုပ်အခြာအာဏာပိုင်တွေ ဖြစ်လာဖို့က အချိန်တစ်ခုပဲ လိုအပ်တော့တာပါ" ဟု သက်ပြင်းချရင်း မိမိ၏ သမီးဖြစ်သူကို ပြန်လည်ဖြေကြားလိုက်တော့သည်။