ဖုန်းယွမ်က နီကိုးလပ်စ်မျိုးနွယ်စု ၏ နာမည်ကို မြွက်ဟလိုက်သည့်ခဏ၌ အခန်းတစ်ခုလုံး တိတ်ဆိတ်သွားခဲ့ရသည်။ အဘိုးအိုလင်က ဖုန်းယွမ်ကို မည်သို့မျှ ဂရုမစိုက်သည့် အမူအရာဖြင့် စိုက်ကြည့်နေခဲ့သော်လည်း... စုလင်ကမူ ထိုနာမည်ကို ကြားလိုက်ရရုံမျှဖြင့် ဒေါသတကြီး ဖြစ်သွားခဲ့ရကာ မိမိ၏ စိတ်ခံစားချက်များကို မထိန်းချုပ်နိုင်တော့ဘဲ ဖုန်းယွမ်ကို စိန်းစိန်းဝါးဝါး လှမ်းကြည့်လိုက်မိတော့သည်။
အလီနာနှင့် ဖုန်းမင်းတို့သည်လည်း စုလင်၏ အကြည့်များအတိုင်း လိုက်ပါကြည့်ရှုလိုက်ကြမိ၏။
"ညီနောင်ဖုန်း... မနက်ဖြန်ကျင်းပမယ့် ပွဲအခမ်းအနားကို နီကိုးစ်မျိုးနွယ်စုက လာပြီး ပါဝင်ဆင်နွှဲလိမ့်မယ်လို့ မင်းကို ဘယ်သူပြောတာလဲ၊ ငါက ဘာဖြစ်လို့ ငါ့ဇနီးရဲ့ မွေးနေ့ပွဲဆီကို အဲဒီအမှိုက်ကောင်တွေကို ဖိတ်ကြားရမှာလဲ" စုလင်က ဖုန်းယွမ်ကို စိုက်ကြည့်ရင်း ထိုစကားလုံးများကို ဆိုလိုက်သည်။
ဖုန်းယွမ်က သက်ပြင်းအရှည်ကြီးတစ်ချက်ကို ချလိုက်မိရင်း စုလင်ကို လှမ်းကြည့်ကာ— "ညီနောင်လင်... မင်း သူတို့ကို ဘယ်လောက်ပဲ မုန်းတီးနေပါစေ၊ အရှိတရားကိုတော့ မင်း ပြောင်းလဲလို့မရဘူးလေ၊ နီကိုးစ်မျိုးနွယ်စုကလည်း လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ ကြောက်မက်ဖွယ်ကောင်းတဲ့ အရှိန်အဟုန်နဲ့ အင်အားကြီးထွားလာခဲ့တဲ့ အကြီးမားဆုံး မျိုးနွယ်စုတွေထဲက တစ်ခုပဲမဟုတ်လား။
.. အချို့လူတွေဆိုရင် သူတို့ရဲ့အင်အားက လင်မျိုးနွယ်စုထက်တောင် အဝေးကြီး သာလွန်နေပြီလို့ ပြောနေကြတာ၊ အထူးသဖြင့် အဲဒီမျိုးနွယ်စုရဲ့ သခင်လေးနှစ်ယောက်စလုံးက နီကိုးစ်မျိုးနွယ်စုကို အကောင်းဆုံး ဦးဆောင်နေကြတဲ့ ပါရမီရှင်ထူးချွန်သူတွေပဲလေ" ဖုန်းယွမ်က စုလင်ကို စိုက်ကြည့်ရင်း ထိုစကားလုံးများကို ဆိုလိုက်ခြင်း ဖြစ်သည်။
ထို့နောက် သူက ဆက်လက်၍— "ငါ ကြားတာတော့... သူတို့က သူတို့ရဲ့ လက်အောက်မှာ သာမန်မျိုးနွယ်စုအသေးလေးအချို့ကို သိမ်းပိုက်ထားခဲ့ကြပြီဆိုပဲ၊ အရင်တုန်းက မင်းတို့ရဲ့ လက်အောက်မှာ အလုပ်လုပ်ခဲ့ဖူးတဲ့ ရာပြည့်အဆိပ်တစ်ရာတောင်ကြား ကလူတွေတောင် အခုဆိုရင် သူတို့အတွက် အလုပ်အကျွေးပြုနေကြပြီတဲ့... အဲဒီလိုမျိုး ကောလာဟလတွေက နေရာတိုင်းမှာ ပျံ့နှံ့နေတာပဲ" ဖုန်းယွမ်က ခပ်ဖွဖွ ရယ်မောလိုက်ရင်း ဆိုလိုက်သည်။
ထိုစကားလုံးများကို ကြားလိုက်ရသည့်အခါ စုလင်၏ မျက်နှာမှာ ချက်ချင်းပင် မှောင်မှောင်မည်းမည်း ဖြစ်သွားခဲ့ရသည်။ အမှန်စင်စစ် ဖုန်းယွမ်၏ စကားလုံးတိုင်းမှာ မှန်ကန်လှသော်လည်း... ဖုန်းမြို့တော်သည် မြစ်ကမ်းနားမြို့တော် နှင့် အလွန်ပင် ဝေးကွာလှပါလျက်နှင့် ဖုန်းယွမ်အနေဖြင့် ဤကဲ့သို့သော အတွင်းရေးများကို မည်သို့မည်ပုံ စုံစမ်းသိရှိနေသလဲဆိုသည်ကို သူ လုံးဝ နားမလည်နိုင်တော့ပါချေ။
"မင်းရဲ့ အလွန်ပင် ယုံကြည်စိတ်ချရတဲ့ သတင်းရင်းမြစ်က... နီကိုးစ်မျိုးနွယ်စုရဲ့ သခင်လေး မားကပ်စ် နီကိုးစ် ကိုယ်တိုင် ဖြစ်လိမ့်မယ်လို့ ငါထင်တယ်၊ မားကပ်စ် နီကိုးစ်က သခင်မလေး ရှောင်ဖန်းရဲ့ အလွန်ပင် ရင်းနှီးလှတဲ့ မိတ်ဆွေသူငယ်ချင်းတစ်ယောက်လို့ ငါ ကြားသိထားလို့ပါ... အမှန်တော့ သူကလည်း ကျင့်ကြံခြင်းလမ်းစဉ်မှာ ပါရမီထူးချွန်သူတစ်ဦး ဖြစ်ပြီးတော့၊ လက်ရှိအချိန်မှာ နတ်ဘုရားပွင့်လန်းခြင်းဂိုဏ်း ရဲ့ အတွင်းစည်းတပည့်တစ်ယောက် ဖြစ်နေတာ မဟုတ်လား" ရုတ်တရက်ဆိုသလို အဘိုးအိုလင်က ဖုန်းယွမ်နှင့် စုလင်တို့၏ စကားဝိုင်းကို ဖြတ်ပြောလိုက်ရင်း ထိုစကားလုံးများကို ဆိုလိုက်တော့သည်။
ထိုစကားကို ကြားလိုက်ရသည့်ခဏ၌ ဖုန်းယွမ်၏ နှလုံးသားမှာ လုံးဝ နစ်မြုပ်သွားခဲ့ရပြီး မျက်နှာထက်တွင် ချွေးစေးများ ထွက်ပေါ်လာခဲ့ရကာ... ရှောင်ဖန်းနှင့် ဖုန်းမင်းတို့နှစ်ဦးစလုံးမှာလည်း အလွန်ပင် အံ့ဩတုန်လှုပ်သွားခဲ့ကြရသဖြင့် အဘိုးအိုလင်ထံသို့ လှမ်းကြည့်လိုက်မိကြသည်။
စုလင်သည် မိမိ၏ ဖခင်ဖြစ်သူ အဘိုးအိုလင်ကို လှမ်းကြည့်လိုက်မိရင်း မိမိ ယခုကြားလိုက်ရသော စကားလုံးများကို လုံးဝ မယုံကြည်နိုင်ဘဲ ဖြစ်နေခဲ့ရပြီး... နောက်တစ်စက္ကန့်တွင် အကြည့်များကို တစ်စုံတစ်ခုကြောင့် စိုးရိမ်ထိတ်လန့်နေပုံရသော ဖုန်းယွမ်ထံသို့ ရွှေ့ပြောင်းလိုက်မိသည်။
အဘိုးအိုလင်က သက်ပြင်းအရှည်ကြီးတစ်ချက်ကို ချလိုက်မိရင်း ဖုန်းယွမ်ကို စိုက်ကြည့်ကာ— "လင်မျိုးနွယ်စုဆိုတာ မည်သူမဆို လွယ်လွယ်နဲ့ သိမ်းပိုက်နိုင်မယ့် အရာမျိုးမဟုတ်ဘူးကွ... ဒီမျိုးနွယ်စုက လူတိုင်းရဲ့ ထင်မှတ်ချက်တွေထက် အဝေးကြီး သာလွန်တယ်၊ အဲဒီ ဗစ်တာ ဆိုတဲ့ ကောင်လေးက ဂိုဏ်းတစ်ခုခုရဲ့ တပည့်တစ်ယောက် ဖြစ်လာခဲ့ရုံမျှနဲ့တင်... သူ့ရဲ့ အစ်ကိုကြီးဖြစ်တဲ့ နီကိုးလပ်စ် က အောက်ခြေလွတ်ပြီး မာနထောင်လွှားနေတာပေါ့လေ... ပြီးတော့ မင်းပြောတဲ့ အဆိပ်တစ်ရာတောင်ကြားအကြောင်းကို ပြောရမယ်ဆိုရင်... အတိတ်တုန်းက အဲဒီတောင်ကြားတစ်ခုလုံးနဲ့ အထဲမှာရှိတဲ့ လူတွေကို ငါကိုယ်တိုင် အသက်ကယ်တင်ပေးခဲ့ဖူးတာ၊ မျိုးနွယ်စုအသစ်တစ်ခုက လောကအလယ်မှာ အတင်းအကျပ် နေရာယူချင်နေရုံမျှနဲ့တင်... သူတို့တွေ ငါ တည်ရှိနေသေးတာကို မေ့လျော့နေကြပြီ ထင်တယ်" အဘိုးအိုလင်က ဖုန်းယွမ်ကို စိုက်ကြည့်ရင်း ထိုစကားလုံးများကို အေးစက်စွာ ဆိုလိုက်ခြင်း ဖြစ်သည်။
ဖုန်းယွမ်သည် အဘိုးအိုလင်၏ ပါးစပ်ဖျားမှ ထိုစကားလုံးများကို ကြားလိုက်ရသည့်အခါ တံတွေးကို အားယူမြိုချလိုက်မိရှာသည်။ သူသည် အရာအားလုံးကို ဖျက်ဆီးပစ်ချင်နေသည့် အဘိုးအို၏ မျက်ဝန်းအစုံထက်မှ ရူးသွပ်မှုများကို အထင်အရှား မြင်တွေ့နေရသော်လည်း... နောက်တစ်စက္ကန့်တွင်မူ အဘိုးအိုလင်က စိတ်ကို ပြန်လည်တည်ငြိမ်အောင် ထိန်းချုပ်လိုက်ပြန်သည်။
"ကျွန်တော် လင်မျိုးနွယ်စုအပေါ်ကို ရိုသေလေးစားမှု မရှိဘဲ စော်ကားမော်ကား လုပ်ဖို့ ရည်ရွယ်ချက် မရှိပါဘူး အကြီးအကဲလင်... ကျွန်တော်က လက်ရှိ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို ညီနောင်စုလင်ကို ရှင်းပြချင်ရုံသက်သက်ပါပဲ" ဖုန်းယွမ်က အကြီးအကဲလင်ကို ကြည့်ကာ စိုးရိမ်ထိတ်လန့်စွာဖြင့် အာလေးလျှာလေး ပြန်လည်ဖြေကြားလိုက်ရရှာသည်။
အကြီးအကဲလင်က ဖုန်းယွမ်၏ ရှင်းလင်းချက်များကို အနည်းငယ်မျှ ဂရုမစိုက်ဘဲ လျစ်လျူရှုထားခဲ့သော်လည်း... ရုတ်တရက်ဆိုသလို ဒီယာ့၏ လန့်အော်လိုက်သော အသံကြောင့် လူတိုင်း၏ အကြည့်များမှာ သူမထံသို့ ရောက်ရှိသွားခဲ့ကြရတော့သည်။
"ယိုဟန်... မင်း ဘာဖြစ်လို့လဲ၊ မင်း အဆင်ပြေရဲ့လား..." သူမက ထိုသို့ဆိုလိုက်ရင်း... တစ်ကိုယ်လုံးတွင် ချွေးစေးများ တရွှဲရွှဲထွက်နေခဲ့ပြီး ခြေထောက်များ တုန်ရီနေကာ ငေးမှိုင်တွေဝေနေသော ယိုဟန်ကို စိုးရိမ်တကြီး လှမ်းကြည့်လိုက်မိသည်။
လူတိုင်း ယိုဟန်ကို မြင်တွေ့လိုက်ရသည့်အခါ အလွန်ပင် ထိတ်လန့်တုန်လှုပ်သွားခဲ့ကြရပြီး... သူသည် စားပွဲထက်မှ ရေဖန်ခွက်ကို ယူ၍ သောက်သုံးရန် ကြိုးစားလိုက်သော်လည်း... ရေကို သောက်သုံးရန် ပြင်ဆင်လိုက်သည့်ခဏ၌ ဖန်ခွက်မှာ သူ၏လက်ထဲမှနေ၍ မြေပြင်ထက်သို့ လွတ်ကျသွားခဲ့ရကာ အပိုင်းပိုင်းအစစ ကွဲအက်သွားခဲ့ရတော့သည်။ သူ၏ လက်အစုံမှာလည်း ပြင်းထန်စွာ တုန်ရီနေခဲ့သဖြင့် ဒီယာနှင့် အလီနာတို့မှာ ထိုအခြင်းအရာကို ကြည့်ရင်း သူ့အတွက် အလွန်ပင် စိုးရိမ်ပူပန်သွားခဲ့ကြရရှာသည်။
သူက ဒီယာ့ကို လှမ်းကြည့်လိုက်မိရင်း— "ငါ... သိပ်ပြီး နေလို့မကောင်းဘူး..." ဟု ပြန်လည်ဖြေကြားလိုက်ပြီး... နောက်တစ်စက္ကန့်တွင်မူ ယိုဟန်သည် မည်သည့်စကားမျှ ထပ်မံမဆိုတော့ဘဲ ညစာစားပွဲခန်းမကြီးအတွင်းမှနေ၍ ချက်ချင်း လှည့်ထွက်သွားခဲ့တော့သည်။
ထိုအခြင်းအရာကို မြင်လိုက်ရသည့်အခါ ရှောင်ဖန်း၏ မျက်နှာထက်တွင်မူ မလိုမုန်းထားလှသော အပြုံးတစ်ခု ထွက်ပေါ်လာခဲ့ရပြီး... ဤအကြိမ်သည် သူမ လင်မျိုးနွယ်စုအတွင်းသို့ ရောက်ရှိလာခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် လှောင်ပြုံး ပြုံးလိုက်ခြင်း ဖြစ်သည်။ ဒီယာသည်လည်း အလွန်ပင် စိုးရိမ်တကြီးဖြင့် ယိုဟန်၏အနောက်ဆီသို့ အပြေးအလွှား လိုက်ပါသွားခဲ့တော့သည်။
အဘိုးအိုသည် ယိုဟန် စိုးရိမ်တကြီး ထွက်ခွာသွားသည်ကို စိုက်ကြည့်နေမိရင်းမှ သက်ပြင်းတစ်ချက်ချလိုက်ကာ အလီနာကို လှမ်းကြည့်လိုက်ပြီး— "စိတ်မပူပါနဲ့... သူ အဆင်ပြေသွားမှာပါ၊ သူ ဒီနေ့တစ်ခင်းလုံး တကယ့်ကို ပင်ပန်းခေါင်းခဲစရာကောင်းတဲ့ ကိစ္စတွေကို ရင်ဆိုင်ခဲ့ရလို့ နည်းနည်း ပင်ပန်းနေရုံသက်သက်ပါ၊ ငါလည်း အခု အချိန်တော်တော်လေး နောက်ကျနေပြီဆိုတော့ လုပ်စရာ ရှိတဲ့ အရေးကြီးတဲ့ ကိစ္စရပ်အချို့ကို သွားလုပ်လိုက်ဦးမယ်" အဘိုးအိုလင်က လူတိုင်းကို စိုက်ကြည့်ရင်း ထိုစကားလုံးများကို ဆိုလိုက်ပြီးနောက်... နောက်တစ်စက္ကန့်၌ ခန်းမကြီးအတွင်းမှနေ၍ ရုတ်ချည်း ထွက်ခွာသွားခဲ့တော့သည်။
ဖုန်းယွမ်နှင့် ဖုန်းမင်းတို့နှစ်ဦးစလုံးမှာ ယခုလေးတင် ဘာတွေဖြစ်ပျက်သွားခဲ့သလဲဆိုသည်ကို လုံးဝ နားမလည်နိုင်ကြသဖြင့် အကြည့်ချင်းဖလှယ်လိုက်ကြမိပြီး... ထို့နောက် ၎င်းတို့၏ အကြည့်များမှာ ယိုဟန်အတွက် အလွန်ပင် စိုးရိမ်ပူပန်နေကြသော အလီနာနှင့် စုလင်တို့ထံသို့ ရောက်ရှိသွားခဲ့ကြသည်။
"မင်းတို့တွေ အေးဆေးစကားပြောနေကြဦး... ငါ ယိုဟန်ကို သွားရှာလိုက်ဦးမယ်" အလီနာက စုလင်ကို လှမ်းကြည့်ကာ ဆိုလိုက်ပြီးနောက်... သူမ၏ အကြည့်များကို ဖုန်းယွမ်နှင့် ဖုန်းမင်းတို့ထံသို့ ရွှေ့ပြောင်းလိုက်ရာ၊ ၎င်းတို့နှစ်ဦးစလုံးမှာ ယိုဟန်သည် သူမအတွက် မည်မျှအထိ အဖိုးတန်လှသလဲဆိုသည်ကို ကောင်းစွာနားလည်ထားကြသဖြင့် ဦးခေါင်းညိတ်ပြလိုက်ကြသည်။
"ဘာမှ စိုးရိမ်မနေပါနဲ့ ညီမလေးအလီနာ... သူ့ကို သေသေချာချာ ဂရုစိုက်ပေးလိုက်ပါဦး၊ အခုလည်း အချိန်တော်တော်လေး နောက်ကျနေပြီဆိုတော့ တို့တွေလည်း ဧည့်သည်ဆောင် ဆီကိုပဲ ပြန်ပြီး အနားယူလိုက်ပါတော့မယ်... မနက်ဖြန်မှ ပြန်တွေ့ကြတာပေါ့" ဖုန်းမင်းက အာလီနာကို ပြန်လည်ဖြေကြားလိုက်ပြီးနောက် မိမိ၏ ခင်ပွန်းဖြစ်သူကို လှမ်းကြည့်လိုက်ရာ... ဖုန်းယွမ်ကလည်း ဦးခေါင်းညိတ်ပြလိုက်သဖြင့်၊ နောက်တစ်စက္ကန့်တွင် လူတိုင်း ညစာစားပွဲခန်းမကြီးအတွင်းမှနေ၍ အသီးသီး ထွက်ခွာသွားခဲ့ကြတော့သည်။
ထိုအတောအတွင်း—
"တောက်... ငါ့ကိုယ်ငါ ဘာတွေ ဖြစ်နေရတာလဲ..."
ယိုဟန်သည် ရှေ့ဆက်၍ မပြေးတော့ဘဲ ရပ်တန့်လိုက်မိရင်းမှ... မိမိ၏ ဘေးနားရှိ နံရံကို လက်သီးဖြင့် အားပြင်းစွာ ထိုးနှက်လိုက်ကာ အသက်ကို အားရပါးရ ပြန်လည်ရှူရှိုက်နေခဲ့ရသည်။
"မားကပ်စ် နီကိုးစ်ဆိုတဲ့ ကောင်က... အဓိပ္ပာယ်မရှိလိုက်တာ၊ သူက ဘယ်သူလဲ..." သူသည် မိမိ၏ ဦးခေါင်းကို လက်နှစ်ဖက်ဖြင့် တင်းကျပ်စွာ ဆုပ်ကိုင်ထားမိရင်း ညည်းတွားလိုက်မိသည်။
သူသည် မိမိ၏ ဦးခေါင်းအတွင်း၌ မခံမရပ်နိုင်လောက်အောင် ပြင်းထန်လှသော နာကျင်မှုဝေဒနာကို ခံစားနေရပြီး... သူ၏ မျက်စိရှေ့မှောက်တွင်မူ မည်သူမည်ဝါမှန်း မသိရှိရသော ဝေဝါးလှသော မျက်နှာတစ်ခု ထပ်ခါတလဲလဲ ထွက်ပေါ်နေခဲ့သည်။
"မင်းက... ဘယ်လိုကောင်မို့လို့လဲ၊ ငါ့ရဲ့ စိတ်ထဲမှာ ခံစားနေရတဲ့ ဒီလိုမျိုး ခံစားချက်ကြီးက ဘာလဲ... ဒါက အကြောက်တရားလား၊ ဒါမှမဟုတ် စိတ်လှုပ်ရှားမှုလား..." ယိုဟန်က မိမိ၏ လက်သီးမှနေ၍ သွေးအမြောက်အမြား အစက်စက်ကျနေသည်ကို စိုက်ကြည့်ရင်း ထိုစကားလုံးများကို တီးတိုးရေရွတ်လိုက်မိတော့သည်။