"ကျွန်တော် အစွမ်းကုန် ကြိုးစားနေပါတယ် သခင်ကြီး... ဒါပေမဲ့ အခု သူမ ဘယ်ရောက်နေလဲဆိုတာ ကျွန်တော် တကယ်မသိပါဘူး၊ သူမကို ရောင်းစားခဲ့တဲ့ ဒေါ်လေးနဲ့ ဦးလေးဖြစ်သူတို့လည်း အဲဒီလူတွေရဲ့ သတ်ဖြတ်ခြင်းကို ခံလိုက်ရပါပြီ၊ တကယ်လို့ တို့တွေသာ အခုအချိန်မှာ စိုးရိမ်တကြီး လှုပ်ရှားမိရင် ဘာတွေဖြစ်လာမလဲ မသိနိုင်ပါဘူး... တကယ့်ကို ခက်ခဲတဲ့ အချိန်ကာလပါပဲဗျာ"
ဝတ်ရုံခြုံထားသည့် အမျိုးသားက တုန်ရီနေသောအသံဖြင့် ဆိုလိုက်သည်။
ထိုစကားလုံးများကို ကြားလိုက်ရသည့်ခဏ၌ ထိုလူကြီးမင်းမှာ အနောက်သို့ ဟန်ချက်ပျက်ကာ ဖင်ထိုင်လျက် မြေပြင်ပေါ်သို့ လဲကျသွားခဲ့ရတော့သည်။ ထိုမိန်းမ၏ ဒေါ်လေးနှင့် ဦးလေးဖြစ်သူတို့ အသတ်ခံလိုက်ရသည့် သတင်းက သူ့ကို အကြီးအကျယ် တုန်လှုပ်သွားစေခဲ့၏။ "မင်း ဘာပြောလိုက်တယ်... အဲဒီနှစ်ယောက် သေပြီ ဟုတ်လား၊ တောက်... ငါ အဲဒီကောင်တွေကို အနည်းဆုံးတော့ အခုလောလောဆယ် ဘာမှမလုပ်ဘဲ ငြိမ်ငြိမ်နေဖို့ သေသေချာချာ မှာထားပါလျက်နဲ့... အဲဒီအမှိုက်ကောင်တွေက အကန့်အသတ်ထက် ကျော်လွန်အောင် လုပ်ခဲ့လို့ သူတို့ရဲ့ အသက်တွေနဲ့ ရင်းပြီး ပေးဆပ်သွားခဲ့ရပြီပဲ"
ထိုအမျိုးသားက ဦးခေါင်းကို မော့လိုက်ရင်း ဝတ်ရုံခြုံထားသည့် အမျိုးသားကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
"ဟုတ်ပါတယ် သခင်ကြီး... သူတို့ အဲဒီလူတွေရဲ့ လိုက်လံအမဲလိုက် သတ်ဖြတ်ခြင်းကို ခံခဲ့ရတာပါ" သူက ပြန်လည်ဖြေကြားလိုက်၏။
ထိုစကားကို ကြားသောအခါ သူက သက်ပြင်းအရှည်ကြီးတစ်ချက်ကို ချလိုက်မိရင်း ထိုဝတ်ရုံခြုံထားသူကို စိုက်ကြည့်ကာ— "ဘယ်လိုပဲဖြစ်ဖြစ်... မည်သည့်တန်ဖိုးပဲ ပေးရပေးရ သူမကို ရှာဖွေရမယ်၊ တကယ်လို့ တို့တွေ သူမကို မတွေ့ဘူးဆိုရင်... ငါတို့အားလုံး သေလူတွေ ဖြစ်သွားကြလိမ့်မယ်" ဟု အမိန့်ပေးလိုက်တော့သည်။
"ကောင်းပါပြီ သခင်ကြီး..." သူက ပြန်လည်တုံ့ပြန်လိုက်ပြီးနောက်... နောက်တစ်စက္ကန့်တွင် အနောက်သို့ပင် ပြန်လှည့်မကြည့်တော့ဘဲ အခန်းအတွင်းမှနေ၍ ချက်ချင်း ထွက်ခွာသွားခဲ့တော့သည်။
ထိုအတောအတွင်း—
ဒီယာသည် အဘိုးအိုလင်၏ စကားလုံးများကို ကြားသိရပြီးနောက် ယိုဟန်ကို လှမ်းကြည့်လိုက်ရင်း ဦးခေါင်းညိတ်ပြလိုက်ကာ... ၎င်းတို့နှစ်ဦးစလုံး ဖုန်းမိသားစုရှိရာဆီသို့ ချဉ်းကပ်လျှောက်လှမ်းလာခဲ့ကြသည်။ စုလင်၏ မျက်နှာမှာ မှောင်မှောင်မည်းမည်း ဖြစ်နေခဲ့သော်လည်း အလီနာကမူ ၎င်းတို့နှစ်ဦးစလုံးကို ကြည့်ကာ ပြုံးပြလျက် ကြိုဆိုနေခဲ့၏။
အကြီးအကဲလင်က အာခေါင်ကို တစ်ချက်ရှင်းလိုက်ရင်း ဒီယာ့ကို လှမ်းကြည့်ကာ— "သမီးလေး... သူတို့က ဖုန်းမြို့တော် ကနေ လာကြတာပါ၊ သူကတော့ ဖုန်းမျိုးနွယ်စုရဲ့ မျိုးနွယ်စုခေါင်းဆောင် ဖုန်းယွမ် ဖြစ်ပြီး... ဒီလှပတဲ့ အမျိုးသမီးကြီးကတော့ ဖုန်းမင်း ပါ၊ ပြီးတော့ ဟောဒီက မိန်းကလေးကတော့ ရှောင်ဖန်း လို့ ခေါ်တယ်ကွ" အဘိုးအိုက ဖုန်းမိသားစုနှင့် ဒီယာ့ကို အပြန်အလှန် မိတ်ဆက်ပေးလိုက်ခြင်း ဖြစ်သည်။
ဖုန်းမင်းနှင့် ဖုန်းယွမ်တို့နှစ်ဦးစလုံးမှာ ဒီယာ့ကို အကဲခတ်သကဲ့သို့ စိုက်ကြည့်နေကြပြီး... ရှောင်ဖန်းကမူ ယိုဟန်ထံသို့သာ မျက်တောင်မခတ် စိုက်ကြည့်နေခဲ့သော်လည်း... သူကမူ သူမကို တစ်ချက်ကလေးမျှပင် လှည့်မကြည့်ခဲ့ပါချေ။ ဤအခြင်းအရာက သူမကို အလွန်ပင် အံ့အားသင့်သွားစေခဲ့ရရှာသည်။
"ကျွန်မ နာမည်... ဒီယာ လို့ ခေါ်ပါတယ်" သူမက ၎င်းတို့၏ စူးစိုက်ကြည့်ရှုနေသော အကြည့်များကြောင့် အလွန်ပင် စိုးရိမ်ထိတ်လန့်နေခဲ့ရသဖြင့် တိုးညှင်းတုန်ရီသော အသံလေးဖြင့် မိတ်ဆက်လိုက်မိပြီး... သူမ၏ နှလုံးသားမှာလည်း ပိုမိုပြင်းထန်မြန်ဆန်စွာ ခုန်လှုပ်လာခဲ့ရရှာသည်။
ယိုဟန်က သူမ၏ အခြေအနေကို ကြည့်ကာ သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်မိရင်း ခပ်ဖွဖွ ရယ်မောလိုက်ပြီး— "မတွေ့ရတာ ကြာပါပြီ ဦးလေးယွမ်နဲ့ ဒေါ်လေးမင်း... ကျန်းမာလို့ အဆင်ပြေကြမယ်လို့ မျှော်လင့်ပါတယ်၊ ဒါကတော့ ဒီယာ လို့ ခေါ်ပါတယ်... သူမက ကျွန်တော့်ရဲ့ ပထမဆုံးသော တရားဝင် ကျင့်ကြံခြင်းအဖော်ပါပဲ" သူက ဖုန်းမိသားစုကို စိုက်ကြည့်ရင်း ထိုစကားလုံးများကို ပြတ်သားစွာ ဆိုလိုက်တော့သည်။
ထိုစကားကို ကြားလိုက်ရသည့်ခဏ၌ ဖုန်းမင်းနှင့် ဖုန်းယွမ်တို့နှစ်ဦးစလုံးမှာ အလွန်ပင် အံ့ဩတုန်လှုပ်သွားခဲ့ကြရသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ကြရော့သည်။ အကြောင်းမူကား ယိုဟန်သည် အတိတ်ကာလတုန်းက ရှောင်ဖန်းကို မည်မျှအထိ စွဲလန်းနှစ်သက်ခဲ့သည်ကို ၎င်းတို့ ကောင်းစွာသိရှိထားကြသဖြင့်... သူက ရှောင်ဖန်း၏ ရှေ့မှောက်၌ပင် ဤကဲ့သို့သော စကားလုံးများကို ဝန်ခံပြောကြားလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ကြသောကြောင့်ပင်။
ထိုစကားလုံးများကြောင့် ရှောင်ဖန်း၏ လှပချောမောလှသော မျက်နှာလေးမှာ ချက်ချင်း ဖြူလျော်သွားခဲ့ရပြီး... သူမသည် မိမိ၏ လက်သီးများကို တင်းကျပ်စွာ ဆုပ်ကိုင်ထားမိရင်းမှ အတတ်နိုင်ဆုံး စိတ်ကို ပြန်လည်တည်ငြိမ်အောင် ထိန်းချုပ်လိုက်ရရှာသည်။ "မင်းတို့ အဆင်ပြေရဲ့လား..." ယိုဟန်က စဉ်းစားခန်း ဝင်နေကြသည့် ဖုန်းဇနီးမောင်နှံကို လှမ်းကြည့်ကာ မေးမြန်းလိုက်၏။
ထိုအခါမှ ၎င်းတို့ သတိပြန်လည်ဝင်လာခဲ့ကြရပြီး— "အာ... အင်း၊ တို့တွေ အဆင်ပြေပါတယ်... မင်းကို ထပ်ပြီး တွေ့ရတာ တကယ့်ကို ဝမ်းသာပါတယ် ယိုဟန်၊ မင်းက တကယ့်ကို လှပချောမောလွန်းတဲ့ အဖော်တစ်ယောက်ကို ရွေးချယ်ထားတာပဲ" ဟု ၎င်းတို့က ယိုဟန်ကို ပြန်လည်ဖြေကြားလိုက်ရင်း... နောက်တစ်စက္ကန့်တွင် အကြည့်များကို ဒီယာ့ထံသို့ ရွှေ့ပြောင်းလိုက်ကြသည်။
ဒီယာက ၎င်းတို့ကို ကြည့်ကာ နူးညံ့စွာ ပြုံးပြလိုက်မိရင်း ယိုဟန်ကို လှမ်းကြည့်လိုက်မိရာ... ယိုဟန်က မိမိ၏ဘက်မှနေ၍ ကာကွယ်ပံ့ပိုးပေးထားခဲ့သဖြင့် ယခုအချိန်တွင် သူမ မိမိကိုယ်ကိုယ် ယုံကြည်မှုများ အပြည့်အဝ ပြန်လည်ရရှိနေခဲ့ပြီ ဖြစ်သည်။ ယိုဟန်ကလည်း ဒီယာ၏ အကြည့်များကို ဆုံတွေ့လိုက်ရသည့်အခါ သူမကို ကြည့်ကာ မျက်စိတစ်ချက် မှိတ်ပြလိုက်၏။
"မင်းတို့က ဘာဖြစ်လို့ အဲဒီမှာ မတ်တတ်ရပ်နေကြတာလဲ... လာကြ၊ ဒီမှာ လာထိုင်ကြစမ်း" အဘိုးအိုလင်က ၎င်းတို့ကို လှမ်းကြည့်ကာ ဆိုလိုက်သည့်အခါ... ဒီယာနှင့် ယိုဟန်တို့နှစ်ဦးစလုံး ဦးခေါင်းညိတ်ပြလိုက်ကြရင်း အဘိုးအိုလင်၏ ဘေးနားရှိ ထိုင်ခုံများတွင် ဝင်ရောက်ထိုင်လိုက်ကြတော့သည်။
ဖုန်းယွမ်နှင့် ဖုန်းမင်းတို့က စုလင်ကို စိုက်ကြည့်လိုက်ကြသဖြင့် ညစာစားပွဲကျင်းပရာ ခန်းမကြီးတစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွားခဲ့ရပြန်သည်။ ၎င်းတို့၏ စူးစိုက်သော အကြည့်များကြောင့် စုလင် သက်ပြင်းအရှည်ကြီးတစ်ချက်ကို ချလိုက်မိရင်း— "ဒီရက်ပိုင်းအတွင်းမှာ ကိစ္စရပ်အမျိုးမျိုး ဖြစ်ပျက်ခဲ့လို့ လင်မျိုးနွယ်စုအတွက် တကယ့်ကို ခက်ခဲတဲ့ အချိန်ကာလတစ်ခု ဖြစ်ခဲ့ရပါတယ်၊ လွန်ခဲ့တဲ့ ရက်ပိုင်းတုန်းကပဲ ဒီယာက တို့မိသားစုထဲကို ပါဝင်ပူးပေါင်းလာခဲ့တာပါ" စုလင်က ဖုန်းယွမ်နှင့် ဖုန်းမင်းတို့ကို စိုက်ကြည့်ရင်း ပြန်လည်ရှင်းလင်း ပြောကြားလိုက်သည်။
ယိုဟန်က မိမိ၏ ဖခင်ဖြစ်သူကို သေသေချာချာ အကဲခတ်နေမိရင်း... မိမိမသိရှိထားသော တစ်စုံတစ်ခုသော အကြောင်းအရာများ ဤနေရာတွင် တည်ရှိနေသည်ကို ရိပ်မိသွားခဲ့ရသည်။ သူ၏ ဖခင်ဖြစ်သူမှာ အလွန်ပင် စိုးရိမ်ထိတ်လန့်နေသည့်ပုံစံ ဖြစ်နေခဲ့၏။ သူ မိမိ၏ ဖခင်ဖြစ်သူကို ယခုကဲ့သို့သော အမူအရာမျိုးဖြင့် မြင်တွေ့ရသည်မှာ ဤအကြိမ်သည် ပထမဆုံးပင် ဖြစ်သည်။ သူ၏ မိခင်ဖြစ်သူ အာလီနာသည်လည်း ခင်ပွန်းဖြစ်သူကို စိုးရိမ်ပူပန်သော အကြည့်များဖြင့် ခဏခဏ လှမ်းကြည့်နေခဲ့သဖြင့် တစ်စုံတစ်ခုကို စိုးရိမ်နေခဲ့သည်မှာ ထင်ရှားလှသည်။
"ငါ ကောင်းကောင်းနားလည်နိုင်ပါတယ်... ဒါဆိုရင် ယိုဟန်က သူ့ရဲ့ ပထမဆုံးသော အဖော်ကို ရွေးချယ်ပြီးသွားပြီပေါ့လေ... ဟုတ်လား" ဖုန်းယွမ်က စုလင်ကို စိုက်ကြည့်ရင်း ထိုစကားလုံးများကို ဆိုလိုက်သည်။ လူတိုင်းက ၎င်းတို့နှစ်ဦး၏ အပြန်အလှန် စကားပြောဆိုမှုများကို တိတ်ဆိတ်စွာ နားထောင်နေကြစဉ်... ရှောင်ဖန်းကမူ ယိုဟန်ကို ဒေါသတကြီး စိုက်ကြည့်နေခဲ့သော်လည်း သူကမူ သူမကို လုံးဝ ဥဿုံ လျစ်လျူရှုထားခဲ့၏။
ယိုဟန်၏ ယခုကဲ့သို့သော လျစ်လျူရှုထားသည့် အမူအရာကို မြင်လိုက်ရသည့်အခါ သူမ ပိုမို၍ ဒေါသထွက်လာခဲ့ရပြီး... တစ်ဖက်တွင်မူ အကြီးအကဲလင်ကမူ ထိုခန်းမကြီးအတွင်း၌ ဖြစ်ပျက်နေသမျှ အရာအားလုံးကို တိတ်ဆိတ်စွာဖြင့်သာ စောင့်ကြည့်လေ့လာနေခဲ့သည်။
စုလင်က ခဏမျှ တိတ်ဆိတ်သွားခဲ့ပြီးမှ မိမိ၏ စိတ်ကူးအတွေးများကို စုစည်းလိုက်ကာ ဖုန်းမိသားစုကို စိုက်ကြည့်ရင်း— "ဖုန်းမင်းနဲ့ ဖုန်းယွမ်... အတိတ်တုန်းက တို့တွေ ပေးထားခဲ့ကြတဲ့ ကတိစကားက—" သူသည် ဖုန်းဇနီးမောင်နှံကို... ယိုဟန်တွင် ဒီယာ ရှိနေခဲ့သည့်တိုင်အောင် ရှောင်ဖန်းကို သူ၏ ဘဝမိတ်ဖက်အဖြစ် ဆက်လက်သတ်မှတ်ပေးမည်ဖြစ်ပြီး မိမိ၏ ကတိစကားကို တည်အောင် လုပ်ဆောင်ပါမည်ဟူ၍ ရှင်းလင်းပြောကြားရန် ပြင်ဆင်လိုက်ခြင်းဖြစ်သော်လည်း... ဖုန်းယွမ်၏ ဖြတ်ပြောလိုက်သော စကားကြောင့် သူ၏ စကားလုံးများမှာ လေထဲတွင်တင် ရပ်တန့်သွားခဲ့ရတော့သည်။
"ဘာမှ စိုးရိမ်ပူပန်မနေပါနဲ့ ညီနောင်... တို့တွေ ကောင်းကောင်းနားလည်နိုင်ပါတယ်၊ ဒါပေမဲ့ ကံကြမ္မာက အရာအားလုံးကို ကြိုတင်ဖန်တီးပေးထားခဲ့လို့ ဘုရားသခင်ကိုပဲ ကျေးဇူးတင်ရတော့မှာပဲ... အမှန်တော့ တို့တွေဘက်ကလည်း မင်းကို တစ်စုံတစ်ခု ပြောပြချင်နေတာပါ၊ တို့တွေ အတိတ်တုန်းက မိုက်မဲစွာ ပေးထားခဲ့ကြတဲ့ ကတိစကားအချို့ကြောင့်နဲ့ မင်းရဲ့ ခံစားချက်တွေကို မထိခိုက်စေချင်ဘူးလေ" ဖုန်းယွမ်က စုလင်ကို စိုက်ကြည့်ရင်း ထိုစကားလုံးများကို ဆိုလိုက်ခြင်း ဖြစ်၏။
ထို့နောက် သူက ခဏမျှ အသက်ရှူလိုက်ပြီးမှ ဆက်လက်၍— "မင်း သိထားတဲ့အတိုင်းပဲ... ရှောင်ဖန်းက နတ်ဘုရားပွင့်လန်းခြင်းဂိုဏ်းရဲ့ အတွင်းစည်းတပည့်တစ်ယောက် ဖြစ်လာခဲ့ပြီဆိုတော့ သူမ လျှောက်လှမ်းရမယ့် လမ်းစဉ်က အဝေးကြီး လိုပါသေးတယ်၊ တစ်နေ့ကျရင် သူမက နတ်ဘုရားပွင့်လန်းခြင်းဂိုဏ်းရဲ့ အဓိကတပည့်ကြီး တစ်ယောက်တောင် ဖြစ်လာနိုင်တာ... သူမမှာ တောက်ပလွန်းတဲ့ အနာဂတ် ရှိနေတာမို့လို့၊ တကယ်လို့ သူမသာ ယိုဟန်နဲ့ လက်ထပ်ထိမ်းမြားလိုက်မယ်ဆိုရင် အဲဒီလိုမျိုး အောင်မြင်မှုတွေကို ရရှိနိုင်မှာ မဟုတ်တော့ဘူးလေ" ဖုန်းယွမ်က သက်ပြင်းတစ်ချက်ချရင်း ထိုစကားလုံးများကို ပြတ်သားစွာ ဆိုလိုက်တော့သည်။
ထိုစကားလုံးများကို ကြားလိုက်ရသည့်ခဏ၌ စုလင်၏ နှလုံးသားမှာ လုံးဝ နစ်မြုပ်သွားခဲ့ရပြီး... ဒီယာနှင့် ယိုဟန်တို့နှစ်ဦးစလုံးမှာလည်း အလွန်ပင် အံ့ဩသွားခဲ့ကြရသဖြင့် ယိုဟန်က မိမိ၏ ဖခင်ဖြစ်သူကို လှမ်းကြည့်လိုက်မိသည်။ ရှောင်ဖန်းကမူ ယိုဟန်ကို တည်ငြိမ်စွာ စိုက်ကြည့်နေခဲ့၏။ အကြောင်းမူကား သူမသည် မိမိတွင် တောက်ပလွန်းလှသော အနာဂတ် ရှိနေသဖြင့် မည်သည့်အခါမျှ အမှိုက်ကောင်တစ်ဦးနှင့် လက်ထပ်ထိမ်းမြားခြင်း ပြုမည်မဟုတ်ကြောင်း မိခင်နှင့် ဖခင်ဖြစ်သူတို့ကို အပြတ်အသတ် ပြောကြားထားခဲ့ပြီး ဖြစ်သောကြောင့်ပင်။
သူမသည် မိမိ၏ ဘဝတစ်လျှောက်လုံးတွင် မည်သည့်အောင်မြင်မှုမျှ မရှိဘဲ အသုံးမကျသော ရှုံးနိမ့်သူတစ်ဦးကို ဘာဖြစ်လို့ လက်ထပ်ရမည်နည်း။ ဖုန်းမိသားစုသည်လည်း ဤလက်ထပ်ရန် ကမ်းလှမ်းချက်ကို ငြင်းပယ်ချင်နေခဲ့ကြသော်လည်း... စုလင်၏ ဂုဏ်သိက္ခာနှင့် ခံစားချက်များကို မထိခိုက်စေဘဲ မည်သို့မည်ပုံ ငြင်းပယ်ရမည်ကို မသိရှိဘဲ ခေါင်းခဲနေခဲ့ကြခြင်းသာ ဖြစ်တော့သည်။