"မင်းတို့က ဘယ်သူတွေလဲ"
ပန်းမျိုးနွယ်စု၏ သံတမန်သည် ဘာမဟုတ်သည့်နေရာမှ ရုတ်တရက် ရှေ့မှောက်သို့ ပေါ်လာသူများကို ကြည့်ကာ မေးလိုက်သည်။ သူတို့သည် ဝတ်စုံနက်များကို ဝတ်ဆင်ထားပြီး ဦးခေါင်းခွံမျက်နှာဖုံးများကို စွပ်ထားကြကာ လက်ထဲတွင်လည်း ဓားများကို ကိုင်ဆောင်ထားကြ၏။
"ငါတို့က မင်းရဲ့ သေမင်းတွေပေါ့... အဲဒီအရူးကောင်ကတော့ တစ်ခါမှားပြန်ပြီ၊ မင်းကို သေသေချာချာ အသက်ရှိမရှိတောင် စစ်မကြည့်ဘဲ အဲဒီ ဖက်ဒရိုက်ကျောက်စိမ်းပြားကို ရတာနဲ့ ချက်ချင်း ထွက်သွားတာပဲ"
ထိုလူများထဲမှတစ်ဦးက သူ့ကို ကြည့်ကာ ထိုစကားလုံးများကို ဆိုလိုက်သည်။
ထိုစကားကို ကြားလိုက်ရသည့်ခဏ၌ သူ၏ မျက်နှာတစ်ခုလုံး ဖြူလျော်သွားခဲ့ရပြီး... ယခုတစ်ကြိမ်တွင်မူ လွတ်မြောက်ရန် ရုန်းကန်နေခြင်းက အလဟဿသာ ဖြစ်လိမ့်မည်ကို ကောင်းစွာသိသဖြင့် ထွက်ပြေးရန်ပင် မကြိုးစားတော့ပါချေ။
နောက်တစ်စက္ကန့်တွင်မူ သူ၏ ဦးခေါင်းမှာ လေထဲသို့ လွင့်စင်သွားခဲ့ရတော့သည်။ အကြောင်းမူကား ထိုလျှို့ဝှက်ဆန်းကြယ်သူများထဲမှ တစ်ဦးက သူ မရိပ်မိနိုင်လောက်အောင် အလွန်ပင် လျင်မြန်လှသော အရှိန်အဟုန်ဖြင့် ဓားကို ဝှေ့ယမ်းခုတ်ပိုင်းလိုက်သောကြောင့်ပင်။
သူ၏ သက်မဲ့ခန္ဓာကိုယ်ကြီးက မြေပြင်ထက်သို့ လဲကျသွားခဲ့ရပြီး— "တောက်... ငါတို့ အချိန်တွေ ကုန်ရုံပဲ ရှိတယ်၊ အဲဒီလူသတ်သမားကို ငါတို့ စောင့်ကြည့်နေခဲ့မိလို့ တော်သေးတာပေါ့... မဟုတ်ရင် အဲဒီအမှိုက်ကောင်က လင်မျိုးနွယ်စုဆီ သွားပြီး သူက ပန်းမျိုးနွယ်စုက လာတဲ့ သံတမန်အစစ်ဖြစ်ပြီး အထဲကကောင်က အတုအယောင်ပါလို့ သွားပြောရင်... သခင်လေး နီကိုးလပ်စ် ရဲ့ အစီအစဉ်တွေ ဘာဖြစ်သွားမလဲ ဘယ်သူသိနိုင်မှာလဲ"
ထိုလူများထဲမှ တစ်ဦးက အခြားတစ်ဦးကို လှမ်းကြည့်ရင်း ဆိုလိုက်၏။
ထိုစကားကို ကြားသောအခါ အခြားအမျိုးသားက ဦးခေါင်းကို ခါယမ်းပြလိုက်ရင်း သက်ပြင်းအရှည်ကြီးတစ်ချက်ကို ချလိုက်မိသည်။ "သွားကြစို့... ဒီမှာ တို့တွေရဲ့ အလုပ်က ပြီးပြီ၊ အခု တို့တွေ လင်မျိုးနွယ်စုရဲ့ အတွင်းထဲကို ဝင်ရောက်နိုင်မယ့် နည်းလမ်းကို ရှာရမယ်... အဲဒီကောင်ကတော့ သေချာပေါက် ပြဿနာရှာဦးမှာပဲ၊ သူက မည်သည့်ဒုက္ခမှ မဖန်တီးဘဲ ဒီအလုပ်ကို အောင်အောင်မြင်မြင် လုပ်နိုင်လိမ့်မယ်လို့ ငါ လုံးဝ မယုံဘူး"
ထိုစကားကို ကြားလိုက်ရသည့်အခါ သူက ဦးခေါင်းညိတ်ပြလိုက်ပြီး... နောက်တစ်စက္ကန့်၌ ၎င်းတို့နှစ်ဦးစလုံးသည် တိရစ္ဆာန်များ ကိုက်ခဲစားသောက်ရန် သို့မဟုတ် ပုပ်သိုးသွားစေရန်အတွက် ထိုအလောင်းကို ထားရစ်ခဲ့ကာ ထိုနေရာမှ ချက်ချင်း ထွက်ခွာသွားခဲ့ကြတော့သည်။
ထိုအတောအတွင်း—
အမျိုးသမီးတစ်ဦးသည် အခန်းတံခါးရှေ့တွင် မတ်တတ်ရပ်နေရင်း တံခါးကို အသာအယာ ခေါက်လိုက်ကာ အပြင်ဘက်မှနေ၍ ယိုဟန်ကို လှမ်းခေါ်လိုက်သည်။ "သခင်လေး ယိုဟန်... အထဲမှာ ရှိနေလားရှင်" အာနာက တံခါးကို ခေါက်ရင်း ထိုသို့ လှမ်းမေးလိုက်ခြင်း ဖြစ်သည်။
ယိုဟန်နှင့် ဒီယာတို့နှစ်ဦးစလုံးမှာ အတူတူရှိနေကြပြီး ညစာစားပွဲအတွက် ပြင်ဆင်နေကြဆဲ ဖြစ်သည်။ ဤဘဝ သို့မဟုတ် ဤကမ္ဘာသို့ ရောက်ရှိလာပြီးနောက်ပိုင်း မိသားစုနှင့်အတူတူ ညစာစားရမည်မှာ ယိုဟန်အတွက် ပထမဆုံးအကြိမ်ပင် ဖြစ်သည်။ ၎င်းတို့နှစ်ဦးစလုံး တံခါးဝဆီမှ ထွက်ပေါ်လာသော အာနာ၏ အသံကို ကြားလိုက်ရ၏။
"အင်း... အာနာ၊ အထဲကို ဝင်လာခဲ့ပါ... တံခါးက ဖွင့်ထားပြီးသားပဲ" ယိုဟန်က အာနာကို လှမ်း၍ ပြန်လည်ဖြေကြားလိုက်သည်။ နောက်တစ်စက္ကန့်တွင်မူ အာနာသည် ယိုဟန်၏ အခန်းတွင်းသို့ လှမ်း၍ ဝင်ရောက်လာခဲ့တော့သည်။
အာနာက ယိုဟန်နှင့် ဒီယာ့ကို လှမ်းကြည့်လိုက်ပြီးနောက် သူမ၏ မျက်နှာထက်တွင် အပြုံးတစ်ခု ထွက်ပေါ်လာခဲ့ရကာ
"သခင်လေး ယိုဟန်နဲ့ သခင်မလေး ဒီယာတို့နှစ်ယောက်လုံးက အတူတူရှိနေရင် တကယ့်ကို လိုက်ဖက်လွန်းပါတယ်ရှင်" ဟု သူမက ဝမ်းမြောက်ဝမ်းသာ ရေရွတ်လိုက်မိ၏။
ယိုဟန်က ထိုစကားကို ကြားသောအခါ ခပ်ဖွဖွ ရယ်မောလိုက်မိရင်း— "မင်း သေချာရဲ့လား... မင်း အားနာလို့ ဟန်ဆောင်ပြောနေတာတော့ မဟုတ်ပါဘူးနော်" ဟု သူမကို ကြည့်ကာ မေးမြန်းလိုက်သည်။ ဒီယာကလည်း အာနာ၏ ပါးစပ်ဖျားမှ ထိုစကားလုံးများကို ကြားရသဖြင့် ပြုံးလိုက်မိ၏။
"ကျွန်မ တကယ်ပြောတာပါ သခင်လေး ယိုဟန်ရဲ့... သခင်လေးက ကြည့်ရတာ တကယ့်ကို ခန့်ညားလွန်းပါတယ်၊ တစ်နည်းမဟုတ် တစ်နည်းနဲ့ ကြည့်ရင် အရင်ကထက် အများကြီး ထူးခြားပြောင်းလဲသွားသလိုပဲ" သူမက ယိုဟန်ကို အထက်အောက် အကဲခတ်လျက် စိုက်ကြည့်ရင်း ဆိုလိုက်ခြင်း ဖြစ်သည်။
အမှန်စင်စစ် ယိုဟန်သည် စဉ်ဆက်မပြတ် အဆင့်တက်လှမ်းနိုင်ခဲ့ပြီးနောက်ပိုင်း ရက်ပိုင်းမျှအတွင်း၌ သူ၏ ကိုယ်လုံးကိုယ်ထည်မှာ သိသိသာသာ ပြောင်းလဲသွားခဲ့ရပြီ ဖြစ်သည်။
သူ၏ ခန္ဓာကိုယ်မှာ ပိုမို၍ ကြွက်သားအပြည့်နှင့် ကျစ်လျစ်သန်မာလာခဲ့ပြီး သူ၏ အရပ်အမောင်းမှာလည်း စင်တီမီတာအချို့ ပိုမိုမြင့်မားလာခဲ့သည်။ ဒီယာနှင့် အာနာတို့နှစ်ဦးစလုံးမှာ သူ၏ ပုခုံးအထိသာ ရှိကြပြီး... သူသည် သူ၏ ဝတ်စုံနက်ကြီးနှင့် တကယ့်ကို ခန့်ညားထည်ဝါလွန်းနေသဖြင့် အာနာမှာ သူ၏ထံမှ အကြည့်များကိုပင် မလွှဲဖယ်နိုင်လောက်အောင် ဖြစ်နေခဲ့ရရှာသည်။
ယိုဟန်က ဦးခေါင်းညိတ်ပြလိုက်ရင်း အာနာကို ကြည့်ကာ ပြုံးလိုက်မိပြီး— "ဆောရီးပါ... ငါ မင်းကို စနောက်လိုက်တာပါ၊ မင်း တစ်စုံတစ်ခု ကိစ္စရှိလို့လား" ဟု သူမကို ကြည့်ကာ ဆိုလိုက်၏။
အာနာက ဦးခေါင်းညိတ်ပြလိုက်ရင်း ယိုဟန်ကို လှမ်းကြည့်ကာ "ဟုတ်ပါတယ် သခင်လေး ယိုဟန်... ညစာစားပွဲက စတော့မှာမို့လို့ ဖုန်းမိသားစုကလည်း ပွဲကျင်းပမယ့် နေရာကို ရောက်ရှိနေကြပါပြီ၊ အဲဒါကြောင့် သခင်မကြီး အာလီနာက သခင်လေးကို သွားပြီး အကြောင်းကြားပေးဖို့ ကျွန်မကို စေခိုင်းလိုက်တာပါ" ဟု သူမက ယိုဟန်ကို ကြည့်ကာ ထိုသို့ဆိုလိုက်သည်။
ယိုဟန်က ထိုစကားလုံးများကို ကြားလိုက်ရသည့်အခါ အာနာကို လှမ်းကြည့်လိုက်မိရင်း— "ဖုန်းမိသားစု ဟုတ်လား..." ဟု တိုးညှင်းသော အသံဖြင့် တီးတိုးရေရွတ်လိုက်မိ၏။
သူ၏ ပါးစပ်ဖျားမှ ထိုစကားလုံးများ ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည့်အခါ ဒီယာသည် သူ၏ မျက်နှာအမူအရာ တစ်စုံတစ်ခု ပြောင်းလဲသွားသည်ကို သတိပြုမိသွားခဲ့ရသဖြင့် အာနာကို လှမ်းကြည့်လိုက်ကာ "ဖုန်းမျိုးနွယ်စုဆိုတာ ဘယ်သူလဲဟင်... ငါ အဲဒီနာမည်ကို အရင်က ကြားဖူးသလိုပဲ" ဟု မေးမြန်းလိုက်သည်။
အာနာက ဒီယာ့၏ ဘေးနားတွင် တည်ငြိမ်စွာ မတ်တတ်ရပ်နေရင်း မိမိကို စိုက်ကြည့်နေသည့် ယိုဟန်ထံမှ အကြည့်များကို ဒီယာ့ထံသို့ ရွှေ့ပြောင်းလိုက်ကာ— "သခင်မလေး ကြားဖူးတာ မဆန်းပါဘူး... ဘာဖြစ်လို့လဲဆိုတော့ ဖုန်းမျိုးနွယ်စုက ဖီးနစ်နိုင်ငံတော် အတွင်းမှာရှိတဲ့ အင်အားကြီး မျိုးနွယ်စုကြီးတွေထဲက တစ်ခုဖြစ်လို့ပါ၊ ပြီးတော့ သခင်မလေး ရှောင်ဖန်းကလည်း အလွန်ပင် ငယ်ရွယ်တဲ့ အသက်အရွယ်နဲ့တင် ခန္ဓာကိုယ်သန်မာခြင်းအဆင့်ကို ရောက်ရှိခဲ့တဲ့ ပါရမီရှင်တစ်ဦးဖြစ်ပြီး... နတ်ဘုရားပန်းပွင့်ဂိုဏ်းရဲ့ အတွင်းစည်းတပည့်တွေထဲက တစ်ယောက်လည်း ဖြစ်ပါတယ်ရှင်" ဟု အာနာက ဒီယာကို ရှင်းလင်းပြသလိုက်တော့သည်။
ထိုနာမည်ကို ကြားလိုက်ရသည့်အခါ ဒီယာ ရုတ်တရက် သတိရသွားခဲ့ရပြီး— "သူမက အဲဒီလောက်အထိ ငယ်ရွယ်တဲ့ အသက်အရွယ်နဲ့တင် ခန္ဓာကိုယ်သန်မာခြင်းအဆင့်ရဲ့ စတုတ္ထအဆင့် ကို ရောက်ရှိခဲ့တဲ့ ပါရမီရှင်မလေး မဟုတ်လား... လူတိုင်းက သူမအကြောင်းကို သိကြတာပဲ၊ ဒါဆိုရင် သူမကလည်း ဒီကို ရောက်နေတာပေါ့လေ..." ဟု အာနာကို ပြန်လည်ပြောကြားလိုက်သည်။
ယိုဟန်က ဒီယာ၏ လက်ကို ဆွဲကိုင်လိုက်ရင်း သူမကို စိုက်ကြည့်ကာ— "မစိုးရိမ်ပါနဲ့... မင်းလည်း တစ်နေ့ကျရင် အဲဒီအဆင့်ကို ရောက်မှာပါ၊ မဟုတ်ဘူး... မင်းက သူမထက်တောင် ပိုပြီး မြင့်မားတဲ့ အောင်မြင်မှုတွေကို ရရှိဦးမှာ" ဟု သူမကို ကြည့်ကာ ပြုံးပြလိုက်၏။
ဒီယာက ဦးခေါင်းညိတ်ပြလိုက်ရင်း သူ၏ လက်ကို ပိုမိုတင်းကျပ်စွာ ပြန်လည်ဆွဲကိုင်လိုက်ကာ သူ့ကို ကြည့်၍ ပြုံးလိုက်မိရာ... ထိုအခြင်းအရာကို ကြည့်ရင်း အာနာကလည်း ၎င်းတို့ကို ကြည့်ကာ ပြုံးလိုက်မိတော့သည်။
"ဒါဆိုရင် တို့တွေ သွားကြမလား သခင်လေး ယိုဟန်နဲ့ သခင်မလေး ဒီယာ..." အာနာက ပြုံးလျက် ဆိုလိုက်၏။
ယိုဟန်နှင့် ဒီယာတို့နှစ်ဦးစလုံးမှာ တစ်ဦးကိုတစ်ဦး အကြည့်ချင်းဖလှယ်လိုက်ကြပြီးနောက် အာနာကို ကြည့်ကာ ပြုံးပြလိုက်ကြသည်။
"သွားကြစို့..." သူက အာနာကို ကြည့်ကာ ထိုသို့ဆိုလိုက်ပြီးနောက်... ၎င်းတို့နှစ်ဦးစလုံး ယိုဟန်၏ အဆောင်တွင်းမှ ထွက်ခွာခဲ့ကြပြီး ညစာစားပွဲကျင်းပမည့် ခန်းမကြီးရှိရာ လမ်းကြောင်းဆီသို့ စတင်လျှောက်လှမ်းခဲ့ကြတော့သည်။ ဒီယာသည် အာနာနှင့်အတူ ယိုဟန်၏ ဘေးနားမှနေ၍ လိုက်ပါလျှောက်လှမ်းလာခဲ့၏။
"အဘိုး... အဘိုး ထင်တာ တကယ်မှန်တာပဲ၊ နီကိုးလပ်စ်က သခင်လေး ယိုဟန်ကို လုပ်ကြံဖို့အတွက် ခွေးကောင်အချို့ကို စေလွှတ်ပြီး ဒုက္ခပေးချင်နေတာ... ကျွန်တော့်အနေနဲ့ အဲဒီ နီကိုးလပ်စ်မျိုးနွယ်စုတစ်ခုလုံးကို အပြတ်ရှင်းပစ်လိုက်ရမလား"
ဝတ်ရုံနက်ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦးသည် မှောင်မည်းနေသော အခန်းတစ်ခု၏ အတွင်းပိုင်း၌ ပဒုမ္မာကြာပလ္လင်ပုံစံ ထိုင်နေသည့် အဘိုးအိုကို လှမ်းကြည့်ရင်း မေးမြန်းလိုက်ခြင်း ဖြစ်သည်။ သူသည် ဦးခေါင်းကို ညွတ်ထားပြီး သူ၏ မျက်နှာကို ဝတ်ရုံ၏ ဦးထုပ်အရှည်ကြီးဖြင့် ဖုံးအုပ်ထားသဖြင့် သူ စကားပြောဆိုနေသည့်အချိန်တွင် သူ၏ နှုတ်ခမ်းလွှာများကိုသာ မြင်တွေ့နိုင်သည်။
ထိုစကားလုံးများကို ကြားလိုက်ရသည့်အခါ အဘိုးအိုလင်သည် မှိတ်ထားသော မျက်ဝန်းများကို ဖြည်းည်းချင်း ဖွင့်လိုက်ပြီး မိမိ၏ ရှေ့မှောက်၌ ဦးခေါင်းညွတ်ထားသည့် အမျိုးသားကို လှမ်းကြည့်လိုက်ကာ— "မလိုပါဘူး... အဲဒီလူသတ်သမားတွေကိုပဲ မျက်ခြေမပြတ် စောင့်ကြည့်နေပြီး သူတို့ရဲ့ လှုပ်ရှားမှုတွေကိုပဲ လေ့လာထားလိုက်ပါ၊ ငါလည်း ငါ့မိသားစုနဲ့အတူ ညစာစားပွဲကို သွားပြီး တက်ရောက်လိုက်ဦးမယ်" ဟု အေးစက်စွာ မိန့်ကြားလိုက်တော့သည်။