ဝတ်ရုံနက်ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦးသည် ဧည့်ကြိုကောင်တာရှေ့တွင် မတ်တတ်ရပ်နေရင်း သူ၏လက်ထဲမှ ဖက်ဒရိုက်ကျောက်စိမ်းပြားကို သေသေချာချာ စစ်ဆေးကြည့်ရှုနေသော အမျိုးသမီးကို စိုက်ကြည့်နေခဲ့သည်။ ထိုအမျိုးသမီးသည် အသေအချာ ကြည့်ရှုစစ်ဆေးပြီးနောက် ထိုလျှို့ဝှက်ဆန်းကြယ်သောအမျိုးသားကို မော့ကြည့်လိုက်ကာ— "ဒါဆိုရင် လူကြီးမင်းက ပန်းမျိုးနွယ်စုရဲ့ သံတမန် လီတောင် ပေါ့လေ..." ဟု ဆိုလိုက်၏။
ထိုစကားကို ကြားလိုက်ရသည့်အခါ ထိုအမျိုးသားက အမျိုးသမီးကို စိုက်ကြည့်ရင်း— "ဟုတ်ပါတယ် သခင်မကြီး... ကျွန်တော်က ပန်းမျိုးနွယ်စုကနေ လာတာပါ၊ သခင်မကြီး အာလီနာနဲ့ တွေ့ဆုံချင်လို့ပါ" ဟု ပြန်လည်ဖြေကြားလိုက်သည်။ ကောင်တာတွင် ထိုင်နေသည့် ထိုအမျိုးသမီးမှာ ရောက်ရှိလာသော ဧည့်သည်များ၏ မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုပေးရန်နှင့် ၎င်းတို့အား ဧည့်ဂေဟာအဆောင်များတွင် တည်းခိုနေထိုင်နိုင်ရန် စီစဉ်ပေးရသည့် တာဝန်ခံတစ်ဦး ဖြစ်သည်။
ထိုစကားကို ကြားလိုက်ရသည့်အခါ အမျိုးသမီးက ဦးခေါင်းကို ခါယမ်းပြလိုက်ရင်း ထိုအမျိုးသားကို ကြည့်ကာ ပြုံးလျက် "စိတ်မကောင်းပါဘူး လူကြီးမင်းရှင်... အနည်းဆုံးတော့ ဒီနေ့မှာ သခင်မကြီး အလီနာနဲ့ တွေ့ဆုံဖို့ မဖြစ်နိုင်ပါဘူး၊ သူမရဲ့ ဒီနေ့အတွက် ချိန်းဆိုမှုတွေအားလုံး ပြည့်စုံသွားပါပြီ၊ ပြီးတော့ ဘယ်သူ့ကိုမှလည်း လင်မျိုးနွယ်စုရဲ့ စံအိမ်တော်အတွင်းထဲကို ပေးမဝင်ပါဘူး၊ ကျွန်မအနေနဲ့ လူကြီးမင်းကို ဒီနေရာမှာပဲ ဧည့်သည်နားနေဆောင် အခန်းတစ်ခန်း စီစဉ်ပေးနိုင်ပါတယ်... သူမနဲ့ မနက်ဖြန်ကျမှပဲ တွေ့ဆုံလိုက်ပါရှင်" ဟု ပြန်လည်ဖြေကြားလိုက်၏။
ထိုစကားကို ကြားလိုက်ရသည့်အခါ သူသည် ခဏမျှ တုံ့ဆိုင်းသွားခဲ့ပြီးမှ— "ကောင်းပါပြီ... ဒါဆိုလည်း ကျွန်တော် သခင်မကြီး အလီနာနဲ့ မနက်ဖြန်ကျမှပဲ တွေ့ဆုံပြီး ပန်းမျိုးနွယ်စုရဲ့ ဂါရဝပြုလွှာကို ပေးအပ်ရတာပေါ့" ဟု သူမကို ဆိုလိုက်ရာ... သူမက ဦးခေါင်းညိတ်ပြလိုက်ပြီး ခဏမျှ တိတ်ဆိတ်သွားခဲ့သည်။
"အဆင်မပြေဖြစ်သွားခဲ့ရတဲ့အတွက် တောင်းပန်ပါတယ် လူကြီးမင်းရှင်... လင်မျိုးနွယ်စုဆီကနေ ကြိုဆိုပါတယ်၊ ကျွန်မ လူကြီးမင်းရဲ့ အခန်းဆီကို လမ်းညွှန်ပြသပေးပါ့မယ်၊ တကယ်လို့ တစ်စုံတစ်ခု လိုအပ်တာရှိရင် အစေခံတွေကို လှမ်းမေးနိုင်ပါတယ်... သူတို့က အရာအားလုံးကို ဖြည့်ဆည်းပေးပါလိမ့်မယ်" သူမက ထိုအမျိုးသားကို ကြည့်ကာ ထိုသို့ဆိုလိုက်ပြီးနောက် ဧည့်ဂေဟာရှိရာ လမ်းကြောင်းဆီသို့ စတင်ခြေလှမ်းလှမ်းလိုက်ရာ... ထိုအမျိုးသားကလည်း သူမ၏ အနောက်ဘက်မှနေ၍ တိတ်တဆိတ် လိုက်ပါသွားခဲ့တော့သည်။ လင်မျိုးနွယ်စု၏ စံအိမ်တော်အတွင်းသို့ ဝင်ရောက်ခွင့် မရရှိခဲ့သဖြင့် သူ၏ မျက်နှာအမူအရာမှာ တင်းမာခက်ထန်နေခဲ့သော်လည်း... သူသည် စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်ထားရင်း ထိုအမျိုးသမီး၏ အနောက်မှနေ၍ ခပ်အေးအေးသာ လိုက်ပါသွားခဲ့သည်။
ထိုအတောအတွင်း—
တောအုပ်တစ်ခု၏ အတွင်းပိုင်း၌ သတိမေ့မြောကာ မြေပြင်ထက်တွင် လဲလျောင်းနေသည့် အမျိုးသားတစ်ဦးနှင့်အတူ သူ၏ဘေးနားတွင် သက်မဲ့စွာ လဲလျောင်းနေကြသည့် အခြားသော အမျိုးသားနှစ်ဦးကိုပါ မြင်တွေ့နိုင်သည်။ သူသည် ကံကောင်းထောက်မစွာဖြင့် ဒဏ်ရာအနည်းငယ်သာ ရရှိခဲ့သော်လည်း အခြားလူနှစ်ဦးမှာမူ မည်သည့်အသက်ရှူသံမျှ မရှိတော့ဘဲ သေဆုံးနေခဲ့ကြပြီ ဖြစ်သည်။
ခဏအကြာတွင် သူသည် သတိပြန်လည်ရရှိလာခဲ့ပြီး မတ်တတ်ထရပ်ရန် ကြိုးစားလိုက်သော်လည်း သူ၏ ခြေထောက်နှစ်ဖက်ကြားဆီမှနေ၍ သွေးများ ဒလဟော စီးကျနေခဲ့သဖြင့် မရပ်တည်နိုင်ခဲ့ပါချေ။ "ငါ... အသက်ရှင်နေသေးတာပဲ၊ ဒီလူနှစ်ယောက်က ငါ့ကို ကယ်တင်ပေးခဲ့ပြီး သူတို့ရဲ့ အသက်တွေကို စွန့်လွှတ်သွားခဲ့ကြတာ... ဒါပေမဲ့ အဲဒီကောင်က ဘယ်သူလဲ၊ ဘာဖြစ်လို့ တို့တွေကို တိုက်ခိုက်ရတာလဲ... နေဦး၊ သူက ပန်းမျိုးနွယ်စုရဲ့ ဖက်ဒရိုက်ကျောက်စိမ်းပြားကို လိုချင်နေတာပဲ... ဒါပေမဲ့ ဘာဖြစ်လို့လဲ" ထိုအမျိုးသားသည် မိမိကိုယ်ကိုယ် တီးတိုးရေရွတ်လိုက်မိရင်း ဖြည်းညှင်းစွာ လျှောက်လှမ်းသွားခဲ့ကာ သစ်ပင်တစ်ပင်၏ ဘေးတွင် ထိုင်ချလိုက်တော့သည်။
"မဟုတ်ဘူး... သူ လိုချင်တာ ငါ့ရဲ့အသက် မဟုတ်ဘူး၊ တို့တွေရဲ့ မည်သူမည်ဝါဖြစ်ကြောင်း သက်သေအထောက်အထားကို လိုချင်နေတာပဲ... ငါ အမြန်ဆုံးသွားပြီး လင်မျိုးနွယ်စုဆီကို ဒီအကြောင်းအရာကို အကြောင်းကြားရမယ်" ထိုအမျိုးသားသည် မိမိ၏ အဝတ်စတစ်ခုဖြင့် ဒဏ်ရာရနေသော ခြေထောက်များကို စည်းနှောင်လိုက်ရင်း စိတ်ထဲမှ ရေရွတ်နေမိတော့သည်။
ထိုအတောအတွင်း—
"ဒီအပြာရောင် ဝတ်ရုံက မင်းနဲ့ တကယ့်ကို လိုက်ဖက်လွန်းပါတယ်... မင်းက ကြည့်ရတာ အလွန်လှပတဲ့ နတ်သမီးလေးတစ်ပါးအတိုင်းပဲ ဒီယာ" ယိုဟန်က မှန်ရှေ့တွင် မိတ်ကပ်ပြင်ဆင်နေသည့် ဒီယာ့ကို အနောက်ဘက်မှနေ၍ သိုင်းဖက်လိုက်ရင်း ဆိုလိုက်သည်။ သူမက ယိုဟန်ကို ကြည့်ကာ ပြုံးလိုက်မိရင်း သူ၏ ပါးပြင်ထက်သို့ နမ်းရှိုက်လိုက်ကာ "မင်းလည်း ဒီဝတ်စုံနက်ကြီးနဲ့ ကြည့်ရတာ တကယ့်ကို ခန့်ညားလွန်းပါတယ်" ဟု ပြန်လည်တုံ့ပြန်လိုက်၏။ သို့သော်လည်း ယိုဟန်က တစ်စုံတစ်ခုကို သတိပြုမိသွားခဲ့ရပြီး ဒီယာ့ကို လှမ်းကြည့်လိုက်မိရာ... သူမသည် တစ်စုံတစ်ခုကို သိပ်ပြီး စိုးရိမ်ပူပန်နေသည့်ပုံစံ ဖြစ်နေခဲ့သည်။
"မင်း အဆင်ပြေရဲ့လား... တစ်စုံတစ်ခု စိတ်အနှောင့်အယှက် ဖြစ်နေလို့လားဟင်" သူက သူမ၏ ခန္ဓာကိုယ်ကို မိမိဘက်သို့ လှည့်စေလိုက်ပြီးနောက် သူမ၏ နက်ရှိုင်းလှသော ပြာလဲ့လဲ့မျက်ဝန်းများကို စိုက်ကြည့်ကာ မေးမြန်းလိုက်သည်။ ထိုစကားလုံးများကို ကြားလိုက်ရသည့်အခါ သူမ၏ လှပသော မျက်နှာထက်တွင် ခါးသီးသော အပြုံးတစ်ခု ထွက်ပေါ်လာခဲ့ရပြီး— "ငါ... ဒီနေ့ ညစာစားပွဲအတွက် သိပ်ပြီး စိတ်လှုပ်ရှားနေလို့ပါ။
ငါ့ရဲ့ တစ်သက်တာလုံးမှာ ဒီလိုမျိုးပွဲမျိုးကို တစ်ခါမှ မတက်ရောက်ဖူးဘူး... တကယ်လို့ ငါက လူတိုင်းရဲ့ ရှေ့မှောက်မှာ အမှားအယွင်းတစ်ခုခု လုပ်မိသွားခဲ့ရင်... ဒါက လင်မျိုးနွယ်စုရဲ့ အမွေခံတစ်ယောက်ဖြစ်တဲ့ မင်းရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေလိမ့်မယ်" ဟု တိုးညှင်းသော အသံလေးဖြင့် ဆိုလိုက်ရင်း ယိုဟန်ကို လှမ်းကြည့်လိုက်သည်။
ထိုစကားကို ကြားရသောအခါ သူက သူမကို စူးစမ်းလိုစိတ်အပြည့်ဖြင့် စိုက်ကြည့်လိုက်ပြီး... နောက်တစ်စက္ကန့်တွင်မူ သူ၏ မျက်နှာထက်တွင် အပြုံးတစ်ခု ထွက်ပေါ်လာခဲ့ကာ— "မင်း အခု ဘယ်လိုမျိုး ခံစားနေရလဲဆိုတာ ငါ ကောင်းကောင်းနားလည်ပါတယ်... ဒါပေမဲ့ ဘာမှမစိုးရိမ်ပါနဲ့၊ မင်းရဲ့ အနားမှာ ငါ အမြဲတမ်း ရှိနေပေးမှာပါ" ဟု ပြန်လည်ဖြေကြားလိုက်၏။
"ဒါပေမဲ့ ယိုဟန်... ငါက ဘယ်လိုမျိုး ကြီးကျယ်ခမ်းနားတဲ့ မိသားစု ဒါမှမဟုတ် အင်အားကြီးတဲ့ မျိုးနွယ်စုကမှ လာတာမဟုတ်ဘူးဆိုတာ မင်းလည်း သိနေတာပဲလေ" သူမက တိုးညှင်းသောအသံဖြင့် ထပ်မံဆိုလိုက်ပြန်သည်။ သူမ၏ ပါးစပ်ဖျားမှ ထိုစကားကို ကြားလိုက်ရသည့်အခါ သူက ခပ်ဖွဖွ ရယ်မောလိုက်မိရင်း သူမ၏ ဦးခေါင်းကို အသာအယာ ပွတ်သပ်ပေးလိုက်ကာ "ဒီမှာကြည့်စမ်း ဒီယာ... လူတွေက မင်းအပေါ်မှာပဲဖြစ်ဖြစ်၊ ငါ့အပေါ်မှာပဲဖြစ်ဖြစ် ဘယ်လိုမျိုး ထင်မြင်ယူဆကြလဲဆိုတာ ငါ အနည်းငယ်မျှ ဂရုမစိုက်ဘူး။
မင်းကို အင်အားကြီးမျိုးနွယ်စု ဒါမှမဟုတ် ကြီးကျယ်တဲ့ မိသားစုက မဟုတ်ဘူးဆိုပြီး ကဲ့ရဲ့ရှုတ်ချမယ့် လူအချို့ ရှိနေနိုင်ပေမဲ့... မင်း သိထားရမှာက ငါ မင်းရဲ့အနားမှာ အမြဲတမ်း ရှိနေပေးမှာပဲ။
ပြီးတော့ ငါက အဲဒီလိုမျိုး အထက်တန်းစား လူ့အဖွဲ့အစည်းရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ဂုဏ်ပကာသနတွေကို ဂရုစိုက်နေမယ့်သူ မဟုတ်ဘူး... တကယ်လို့ တစ်စုံတစ်ယောက်က မင်းကို စော်ကားမော်ကား လုပ်လာခဲ့ရင်... သူ ဘယ်သူပဲဖြစ်ဖြစ် ငါ သူ့ကို အရိုးကျေကျေ အသားညက်ညက် ကြေမွသွားအောင် ဆုံးမပစ်မယ်" သူက ထိုသို့ဆိုလိုက်ပြီးနောက် သူမ၏ နဖူးပြင်ထက်သို့ မြတ်နိုးစွာ နမ်းရှိုက်လိုက်တော့သည်။ ထိုစကားလုံးများကို ကြားလိုက်ရသည့်အခါမှ သူမက ပြုံးနိုင်တော့ရင်း ယိုဟန်ကို လှမ်းကြည့်ကာ— "မင်းက တကယ့်ကို ကြင်နာတတ်တာပဲ..." ဟု ဆိုလိုက်ပြီးနောက် သူ့ကို တင်းကျပ်စွာ သိုင်းဖက်ထားမိတော့သည်။
ထိုအတောအတွင်း—
အမျိုးသားတစ်ဦးသည် မြစ်ကမ်းနားမြို့တော် ရှိရာ လမ်းကြောင်းဆီသို့ ဦးတည်လျှောက်လှမ်းလာနေသည်ကို မြင်တွေ့နိုင်သည်။ သူသည် ခြေလှမ်းလှမ်းနေရသော်လည်း အလွန်ပင် ခက်ခဲပင်ပန်းနေခဲ့ရရှာပြီး... သူ၏ ခြေထောက်နှစ်ဖက်ကြားဆီမှနေ၍ သွေးများ ဒလဟော စီးကျနေခဲ့ကာ ခန္ဓာကိုယ်တစ်ခုလုံးတွင်လည်း ဒဏ်ရာဗရပွ ဖြစ်နေခဲ့ရသည်။
လွန်ခဲ့သော နာရီအနည်းငယ်ခန့်က တစ်စုံတစ်ယောက်သည် သူ၏ ယာဉ်တန်းကို ပြင်းထန်စွာ တိုက်ခိုက်ခဲ့ပြီး... လင်မျိုးနွယ်စု၏ မွေးနေ့ပွဲအခမ်းအနားသို့ တက်ရောက်ရန်အတွက် ပန်းမျိုးနွယ်စု၏ ခေါင်းဆောင်ကိုယ်စား လာရောက်ခဲ့ကြသည့် သူ၏ လူများကိုပါ သတ်ဖြတ်သွားခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း သူသည် ကံကောင်းထောက်မစွာဖြင့် ထိုတိုက်ခိုက်မှုများမှ လွတ်မြောက်ခဲ့ရပြီး... သူ၏ လူများက မိမိ၏ အသက်ကို ကယ်တင်ပေးခဲ့ကြသဖြင့် သေချာစွာ ပုန်းအောင်း၍ သေချင်ယောင်ဆောင်နေခဲ့ခြင်း ဖြစ်သည်။
ထိုလူသတ်သမားမှာ အလွန်ပင် အလျင်စလို ဖြစ်နေခဲ့သဖြင့် အခြားအရာများကို အနည်းငယ်မျှ ဂရုမစိုက်ဘဲ... သူ၏ အိတ်ကပ်အတွင်းမှ ဖက်ဒရိုက်ကျောက်စိမ်းပြားကိုသာ လုယူသွားခဲ့ပြီးနောက် နောက်တစ်စက္ကန့်တွင် ထိုလူသုံးဦးကို ထိုနေရာ၌ပင် ထားရစ်ခဲ့ကာ ချက်ချင်း ထွက်ခွာသွားခဲ့တော့သည်။ "တောက်... ငါ အဲဒီကို အမြန်ဆုံးသွားပြီး သခင်ကြီး ဆူလင်ကို ဒီတိုက်ခိုက်မှုအကြောင်း အကြောင်းကြားရမယ်။
တစ်စုံတစ်ယောက်က လင်မျိုးနွယ်စုအပေါ်မှာ မကောင်းကြံစည်ဖို့ စီစဉ်နေကြပြီ... ငါ အမြန်ဆုံး သွားမှဖြစ်မယ်" သူသည် ခံရခက်လှသော ဝေဒနာများကို ပြင်းထန်စွာ ခံစားနေရသည့်တိုင်အောင် မြို့ရှိရာ လမ်းကြောင်းဆီသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းသွားခဲ့ရင်း ထိုစကားလုံးများကို တီးတိုးရေရွတ်နေမိသည်။ ထိုတိုက်ခိုက်မှုကြောင့် သူ၏ ဘယ်ဘက်ခြေထောက်မှာ လုံးဝ ပျက်စီးသွားခဲ့ရပြီ ဖြစ်သည်။ သူသည် လင်မျိုးနွယ်စုအတွက် စိုးရိမ်ပူပန်နေမိသဖြင့် ပြင်းထန်လှသော ဝေဒနာများကို အံတုရင်း ထိုခြေထောက်ကို အတင်းအကျပ် ဆွဲဆန့်ကာ ခြေလှမ်းလှမ်းနေခဲ့ရရှာသည်။
ပန်းမျိုးနွယ်စုမှာ မျိုးနွယ်စုအငယ်စားလေးတစ်ခုမျှသာ ဖြစ်သော်လည်း ၎င်းတို့သည် လင်မျိုးနွယ်စုနှင့် သခင်ကြီး ဆူလင်ကို အမြဲတမ်း ရိုသေလေးစားကြ၏။ အကြောင်းမူကား လင်မျိုးနွယ်စုသည် ၎င်းတို့ လိုအပ်သည့်အချိန်တိုင်းတွင် အမြဲတမ်း ပံ့ပိုးကူညီပေးလေ့ရှိသောကြောင့်ပင်။ သို့သော်လည်း ရုတ်တရက်ဆိုသလို သူ၏ အနောက်ဘက်ဆီမှနေ၍ ဝတ်ရုံနက်ဝတ်ဆင်ထားသည့် လူရိပ်နှစ်ခု ထွက်ပေါ်လာခဲ့တော့သည်။
"မင်း ဘယ်ခွေးကောင်ဆီကို သွားဖို့ ကြိုးစားနေတာလဲ အမှိုက်ကောင်ရဲ့..."