"မင်း အခု ဘာပြောလိုက်တာလဲ..." အာနာ၏ စကားကို ကြားလိုက်ရသည့်အခါ ရှောင်ဖန်းသည် မိမိနားကိုမိမိ မယုံကြည်နိုင်လောက်အောင် ဖြစ်သွားခဲ့ရရှာသည်။
အာနာက ဦးခေါင်းညိတ်ပြလိုက်ပြီး ရှောင်ဖုန်းကို စိုက်ကြည့်ကာ— "ဟုတ်ပါတယ်... သခင်မလေး ဒီယာက သခင်လေး ယိုဟန်ရဲ့ ကျင့်ကြံခြင်းအဖော်ပါ" ဟု ပြန်လည်အတည်ပြုပေးလိုက်၏။
ထိုစကားလုံးများကို ကြားလိုက်ရသည့် တစ်ခဏ၌ ရှောင်ဖန်း၏ မျက်နှာမှာ ချက်ချင်းပင် ညိုမည်းသွားခဲ့ရပြီး... သူမသည် တံတွေးကို အားယူမြိုချလိုက်မိရင်း လက်သီးကို တင်းတင်းဆုပ်လိုက်မိတော့သည်။
"လမ်းညွှန်ပြသပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်" သူမက ခပ်အေးအေး ဆိုလိုက်ပြီးနောက်... နောက်တစ်စက္ကန့်တွင် အာနာကို ထားရစ်ခဲ့ကာ ထိုနေရာမှ ချက်ချင်း လှည့်ထွက်သွားခဲ့တော့သည်။
အာနာသည် သက်ပြင်းတစ်ချက်ကို အသာချလိုက်မိရင်း— "ငါ ထင်တဲ့အတိုင်းပဲ... ဒီမိန်းမကတော့ တကယ့်ကို အန္တရာယ်ကောင်မလေးပဲ" ဟု တီးတိုးရေရွတ်လိုက်ပြီး... ထို့နောက် ဒီယာ ထွက်ခွာသွားခဲ့သည့် လမ်းကြောင်းဆီသို့ လှမ်းကြည့်လိုက်သည်။
"သခင်မလေး ဒီယာ ဘာတွေဖြစ်နေတာလဲမသိဘူး... ကြည့်ရတာ တစ်စုံတစ်ခုကို သိပ်ပြီး စိုးရိမ်ပူပန်နေတဲ့ပုံပဲ၊ သခင်မကြီး အလီနာဆီကို သွားတာများလား... ဒါက သခင်လေး ယိုဟန်နဲ့ ပတ်သက်နေတာလား" သူမက စိတ်ထဲမှ ရေရွတ်နေမိရင်း အာလီနာ၏ အဆောင်ရှိရာ လမ်းကြောင်းအတိုင်း ခြေလှမ်းလှမ်းလိုက်တော့သည်။
ထိုအတောအတွင်း—
"တကယ်ကို စိတ်မကောင်းပါဘူးရှင်... သခင်မလေးနဲ့ လွဲသွားခဲ့ပြီ၊ သခင်မကြီး အလီနာက အခု အဆောင်မှာ မရှိပါဘူး... ဧည့်သည်အချို့ ရောက်ရှိလာလို့ ဂိုဏ်းချုပ်ခန်းမဆီကို သွားပြီး ဧည့်ခံနေပါတယ်ရှင်" အစေခံမလေးက ဦးခေါင်းကို အသာညိတ်၍ အရိုအသေပြုရင်း ဒီယာကို ပြန်လည်ဖြေကြားလိုက်ရာ... ထိုစကားကို ကြားသောအခါ ဒီယာက ဦးခေါင်းညိတ်ပြလိုက်မိသည်။
"မင်း ဒီနေရာမှာ ဘာလုပ်နေတာလဲ..." သို့သော်လည်း ရုတ်တရက်ဆိုသလို သူမ၏ အနောက်ဘက်ဆီမှနေ၍ ရင်းနှီးကျွမ်းဝင်လှသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ဒီယာသည် နောက်တစ်စက္ကန့်တွင် ထိုအသံထွက်ပေါ်လာရာ လမ်းကြောင်းဆီသို့ သူမ၏ ဦးခေါင်းကို အမြန်ဆုံး လှည့်ကြည့်လိုက်မိ၏။
ယိုဟန်က သူမကို ကြည့်ကာ ပြုံးလျက် ထိုစကားကို ဆိုလိုက်ခြင်းဖြစ်ပြီး... သူမသည် ယိုဟန်ကို မြင်လိုက်ရသည့်အခါမှ အသက်ကို ဝဝရှူနိုင်တော့ကာ... နောက်တစ်စက္ကန့်တွင်မူ သူ့ထံသို့ ပြေးဝင်၍ တင်းကျပ်စွာ ဖက်တွဲလိုက်တော့သည်။
"မင်း အဆင်ပြေရဲ့လား ဒီယာ..." သူက သူမကို ပြန်လည်ဖက်တွဲထားပေးရင်း မေးလိုက်၏။ သူ၏ ရင်ခွင်ထဲ၌ သူမ၏ ပြင်းထန်လှသော နှလုံးခုန်သံများကို အထင်အရှား ကြားနေခဲ့ရသည်။
"ဘာဖြစ်လို့ ဒီလောက်တောင် အချိန်အကြာကြီး သွားနေရတာလဲ... ဘာတစ်ခွန်းမှလည်း မပြောဘဲ ထွက်သွားတာဆိုတော့ ငါ မင်းအတွက် ဘယ်လောက်တောင် စိုးရိမ်နေခဲ့ရလဲ သိရဲ့လား" သူမက စိတ်မကောင်းစွာဖြင့် ဆိုလိုက်၏။
"ငါ တောင်းပန်ပါတယ်ကွာ... အခြေအနေတွေက အဲဒီလိုမျိုး ဖြစ်သွားခဲ့လို့ပါ၊ ငါ မင်းကို ပြောပြချင်ခဲ့ပေမဲ့... အဖိုးက ငါ့ကို တစ်နေရာရာဆီ အလျင်စလို ခေါ်သွားခဲ့တာမို့လို့ ဘယ်သူ့ကိုမှ ပြောပြဖို့ အခွင့်အရေး မရလိုက်ဘူး ဖြစ်သွားတယ်" သူက သူမ၏ ဦးခေါင်းကို အသာအယာ ပွတ်သပ်ပေးလိုက်ရင်း နဖူးပြင်ထက်သို့ မြတ်နိုးစွာ နမ်းရှိုက်လိုက်သည်။
"ရပါတယ်... မင်း အဖိုးလင်နဲ့အတူ ရှိနေခဲ့မှန်း ငါသိပါတယ်၊ ဒါပေမဲ့ ငါ့ကိုယ်ငါ မထိန်းချုပ်နိုင်ဘဲ စိုးရိမ်နေမိလို့... အမေအလီနာဆီကို လာမေးတာ" သူမက ယိုဟန်ကို ကြည့်ကာ ပြန်လည်ဖြေကြားလိုက်၏။
ထိုစကားကို ကြားလိုက်ရသည့်အခါ ယိုဟန်က ဦးခေါင်းညိတ်ပြလိုက်ရင်း သူမကို ကြည့်ကာ ပြုံးလျက်— "အမေအလီနာ ဟုတ်လား..."
ဒီယာက ယိုဟန်ကို လှမ်းကြည့်ကာ ခပ်ဖွဖွ ရယ်မောလိုက်မိရင်း— "သူမက တို့ကို 'သခင်မကြီး' လို့ မခေါ်ဖို့ ပြောထားတယ်လေ... အဲဒါက တမျိုးကြီးပဲတဲ့၊ ပြီးတော့ သူမက တို့ကို 'အမေ' လို့ပဲ ခေါ်ခွင့်ပြုထားတာ" ဟု သူမက ပြုံးလျက် ဆိုလိုက်သည်။
"သူမက ဒီမှာ မရှိဘူးလား... ငါလည်း သူမကို လာတွေ့တာ" သူက ဒီယာကို ကြည့်ကာ မေးမြန်းလိုက်၏။
သူမက ယိုဟန်ကို မဖြေကြားမီ ဦးခေါင်းကို ခါယမ်းပြလိုက်ရင်း— "မရှိဘူး... သူမက အခု အစည်းအဝေးလုပ်နေတယ်၊ ဧည့်သည်အချို့ ရောက်လာလို့ သွားပြီး ကြိုဆိုနေတာ" ဟု ဒီယာက ရှင်းပြလိုက်သည်။
ယိုဟန်က ဦးခေါင်းညိတ်ပြလိုက်ပြီး... ထို့နောက် သူ၏ အကြည့်များက ထိုနေရာ၌ မတ်တတ်ရပ်နေရင်း ၎င်းတို့နှစ်ဦးကို စိုက်ကြည့်ကာ မျက်နှာတစ်ခုလုံး နီမြန်းနေခဲ့သည့် အစေခံမလေးထံသို့ ရောက်ရှိသွားခဲ့သည်။
ဒီယာသည်လည်း သူမ၏ မျက်နှာတစ်ခုလုံး နီမြန်းသွားခဲ့ရပြီး... မိမိအနေဖြင့် ထိုအစေခံမလေးနှင့် စကားပြောဆိုနေစဉ် ယိုဟန်၏ အသံကို ရုတ်တရက် ကြားလိုက်ရသဖြင့်... သူမ၏ တည်ရှိမှုကို လုံးဝ မေ့လျော့သွားခဲ့မိခြင်း ဖြစ်သည်။ သူမသည် ယိုဟန်၏ အကြည့်ကို မြင်လိုက်ရသည့်အခါ ရှက်ကိုးရှက်ကန်း ဖြစ်သွားခဲ့ရရှာပြီး... ထိုနေရာမှနေ၍ အလျင်စလို ထွက်ပြေးသွားခဲ့တော့သည်။
"မင်း အမေအလီနာ ပြန်လာတာကို စောင့်ချင်သေးလား" ဒီယာက သူ့ကို ကြည့်ကာ မေးလိုက်၏။
သူက ဦးခေါင်းညိတ်ပြလိုက်ပြီး သူမကို ကြည့်ကာ ပြုံးလျက်— "မစောင့်တော့ပါဘူး... သွားကြစို့၊ တို့တွေ ညစာစားပွဲကျမှပဲ သူမကို တွေ့ကြတာပေါ့" ဟု ယိုဟန်က ဆိုလိုက်ပြီး... နောက်တစ်စက္ကန့်တွင်မူ ၎င်းတို့နှစ်ဦးစလုံး ယိုဟန်၏ အဆောင်ရှိရာ လမ်းကြောင်းအတိုင်း လျှောက်လှမ်းသွားခဲ့ကြတော့သည်။
ဒီယာသည် ယိုဟန်၏ အဖော်တစ်ဦး ဖြစ်နေခဲ့ပြီ ဖြစ်သော်လည်း... သူမအနေဖြင့် သူ့အတွက် ကိုယ်ပိုင်လွတ်လပ်ခွင့် ပေးလိုသောကြောင့် ၎င်းတို့နှစ်ဦးစလုံးတွင် သီးခြားအခန်းများ အသီးသီး ရှိနေခဲ့ကြခြင်း ဖြစ်သည်။ သို့သော်လည်း ၎င်းတို့၏ အခန်းများမှာ တစ်ခန်းနှင့်တစ်ခန်း အလွန်ပင် နီးကပ်လှပေသည်။
ထိုအတောအတွင်း—
"အဖေ... နောက်ဆုံးတော့ ရောက်လာခဲ့ပြီပဲ၊ ဒါနဲ့ ယိုဟန်ကော ဘယ်မှာလဲ" အလီနာက စုလင်နှင့်အတူ လူအနည်းငယ် ထိုင်နေကြသည့် ဂိုဏ်းချုပ်ခန်းမတွင်းသို့ ခြေလှမ်းလှမ်းဝင်လာခဲ့ရင်း... အဘိုးအိုလင်ကို လှမ်းကြည့်ကာ မေးမြန်းလိုက်သည်။
အလီနာသည် အဘိုးအိုလင်ကို မြင်လိုက်ရသည့်အခါ မိမိကိုယ်ကိုယ် မထိန်းချုပ်နိုင်တော့ဘဲ... သူ့ထံသို့ ချဉ်းကပ်သွားခဲ့ရင်း ယိုဟန်၏ အကြောင်းကို ကပျာကယာ မေးမြန်းလိုက်ခြင်း ဖြစ်သည်။
ထိုစကားကို ကြားလိုက်ရသည့်အခါ အဘိုးအိုလင်က အလီနာကို ကြည့်ကာ ပြုံးပြလိုက်ရင်း ဦးခေါင်းညိတ်ပြလိုက်ကာ— "ဘာမှ စိုးရိမ်မနေပါနဲ့... သူ ဘေးကင်းပါတယ်" ဟု ပြန်လည်ဖြေကြားလိုက်၏။
အလီနာက ပြုံးလိုက်မိရင်း သက်ပြင်းကို ဝဝချလိုက်ကာ— "ဒီအစည်းအဝေး ပြီးသွားတာနဲ့... သမီး သူ့ဆီ သွားတွေ့လိုက်ဦးမယ်" ဟု အဘိုးအိုလင်ကို ကြည့်ကာ ဆိုလိုက်သည်။
သူက အလီနာ၏ ပါးစပ်ဖျားမှ ထိုစကားကို ကြားပြီးနောက် ဦးခေါင်းညိတ်ပြလိုက်ပြီး... သူ၏ အကြည့်များက ထိုနေရာ၌ ရောက်ရှိနေကြသည့် လူများထံသို့ ရောက်ရှိသွားခဲ့သည်။ အဘိုးအိုလင်က ၎င်းတို့ထံသို့ ခြေလှမ်းလှမ်း၍ သွားလိုက်၏။
သူ့ကို မြင်လိုက်ရသည့်အခါ ခန်းမတွင်းရှိ လူအားလုံးမှာ ၎င်းတို့၏ နေရာများမှ မတ်တတ်ထရပ်လိုက်ကြပြီးနောက်... သူ့ကို အရိုအသေပြု ဦးညွှတ်လိုက်ကြကာ တစ်ဦးချင်းစီအလိုက် မိမိကိုယ်ကိုယ် စတင်မိတ်ဆက်ကြတော့သည်။ ၎င်းတို့သည် မြစ်ကမ်းနားမြို့တော် ၏ ပတ်ဝန်းကျင်ရှိ မျိုးနွယ်စုများမှ ရောက်ရှိလာကြသည့် လူများပင် ဖြစ်ကြ၏။
ထိုအတောအတွင်း—
ယိုဟန်နှင့် ဒီယာတို့နှစ်ဦးစလုံးမှာ ၎င်းတို့၏ အဆောင်ဆီသို့ လျှောက်လှမ်းလာခဲ့ကြစဉ်... ၎င်းတို့၏ လမ်းကြောင်းဆီသို့ ဦးတည်လာနေသည့် အာနာကို လှမ်း၍ မြင်တွေ့လိုက်ကြရသည်။
အာနာသည် ဒီယာနှင့် ယိုဟန်တို့ထံသို့ အပြေးအလွှား ချဉ်းကပ်လာခဲ့ရာ— "ဘာဖြစ်လို့လဲ အာနာ... မင်း ကြည့်ရတာ သိပ်ကို အလျင်စလို ဖြစ်နေပုံရပါလား၊ အရာအားလုံး အဆင်ပြေရဲ့လား" ယိုဟန်က အာနာကို လှမ်းကြည့်ရင်း မေးမြန်းလိုက်သည်။
ထိုစကားကို ကြားလိုက်ရသည့်အခါ အာနာက ဦးခေါင်းညိတ်ပြလိုက်ရင်း— "ကျွန်မ အဆင်ပြေပါတယ်ရှင်... သခင်မလေး ဒီယာ ဒီဘက်ကို အလျင်စလို လာနေတာကို မြင်လိုက်ရလို့၊ သူမ အဆင်ပြေရဲ့လားဆိုတာ သိချင်လို့ လိုက်လာတာပါ... ဒါပေမဲ့ သခင်လေးပါ ဒီမှာ ရှိနေလိမ့်မယ်လို့ ကျွန်မ ထင်မထားခဲ့မိဘူး" ဟု အာနာက ဒီယာ့ကို လှမ်းကြည့်ရင်း ယိုဟန်ကို ရှင်းပြလိုက်၏။
ထိုစကားကို ကြားသောအခါ ဒီယာက ဦးခေါင်းညိတ်ပြလိုက်ရင်း— "ကျေးဇူးတင်ပါတယ် အာနာ... ငါ အခု အဆင်ပြေသွားပါပြီ၊ ငါ သူ့အတွက် စိုးရိမ်နေမိလို့ အမေအလီနာဆီ သွားမေးမလို့ပါ... ဒါပေမဲ့ သူမက အခန်းမှာ မရှိဘူး ဖြစ်နေတယ်၊ ကံကောင်းထောက်မစွာနဲ့ပဲ ငါ သူ့ကို ဒီမှာ တင် ပြန်တွေ့လိုက်ရတာ" ဟု ဒီယာက အာနာကို ဆိုလိုက်သည်။
အာနာက ဦးခေါင်းညိတ်ပြလိုက်ရင်း"ဪ... ဒါကြောင့်မို့လို့ သခင်မလေး ဒီလောက်တောင် အလျင်စလို ဖြစ်နေရတာကိုး" သူမက ပြုံးလျက် ယိုဟန်ထံသို့ အကြည့်များ ရွှေ့ပြောင်းလိုက်သည်။
"သခင်လေး... ကျွန်မ သခင်လေးကို ပြောပြစရာ အကြောင်းအရာတစ်ခု ရှိလို့ပါ၊ တို့တွေ သီးသန့် စကားပြောလို့ ရမလားရှင်" သူမက ယိုဟန်ကို စိုက်ကြည့်ကာ မေးလိုက်၏။
ယိုဟန်က အာနာကို စိုက်ကြည့်လိုက်ရာ... သူမ၏ မျက်နှာထက်တွင် တစ်စုံတစ်ခုကို သိပ်ပြီး စိုးရိမ်ပူပန်နေသည့် အရိပ်အယောင်များကို မြင်တွေ့လိုက်ရသည်။ သူမ၏ စိုးရိမ်နေသော မျက်နှာကို မြင်လိုက်ရသည့်အခါ ယိုဟန်က အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီးနောက်... သူ၏ အကြည့်များက ဒီယာထံသို့ ရောက်ရှိသွားခဲ့ကာ— "ငါ မိနစ်အနည်းငယ်အတွင်း မင်းဆီကို လာခဲ့မယ်... ငါ့ရဲ့ အခန်းထဲမှာပဲ ကြိုပြီး စောင့်နေပေးလို့ ရမလား" ဟု သူမကို ဆိုလိုက်၏။
ထိုစကားကို ကြားလိုက်ရသည့်အခါ သူမက ဦးခေါင်းညိတ်ပြလိုက်ရင်း— "အင်း... ငါ့အတွက် ဘာမှမစိုးရိမ်နဲ့၊ မင်းကို အခန်းထဲမှာပဲ စောင့်နေပါ့မယ်" သူမက ပြန်လည်ဖြေကြားလိုက်ပြီး... နောက်တစ်စက္ကန့်တွင်မူ ၎င်းတို့နှစ်ဦးကို တစ်ဦးတည်း ထားရစ်ခဲ့ကာ ထိုနေရာမှ ထွက်ခွာသွားခဲ့တော့သည်။
"ဘာတွေဖြစ်လို့လဲ အာနာ... မင်း အဆင်ပြေရဲ့လား" သူက သူမကို စိုက်ကြည့်ရင်း မေးလိုက်ရာ... အာနာက ခဏမျှ တုံ့ဆိုင်းသွားခဲ့ပြီးမှ လေးနက်တည်ကြည်သော အကြည့်များဖြင့် ယိုဟန်ကို လှမ်းကြည့်ကာ ဆိုလိုက်တော့သည်။
"သခင်လေး... သူမ နောက်ဆုံးတော့ ဒီကို ရောက်လာခဲ့ပြီ၊ ပြီးတော့ ကျွန်မ စိတ်ထဲမှာ သူမဆီကနေ မကောင်းတဲ့ အငွေ့အသက်တွေကိုပဲ ခံစားမိနေတယ်ရှင်"