"မင်း နောက်နေတာ မဟုတ်ဘူးမလား..." အကြီးအကဲဆုန်က မိမိနားကိုမိမိ မယုံကြည်နိုင်လောက်အောင် ဖြစ်သွားရသဖြင့် အဘိုးအိုလင်ကို စိုက်ကြည့်ကာ မေးလိုက်သည်။
အဘိုးအိုကြီးသည် သက်ပြင်းအရှည်ကြီးတစ်ချက်ကို ချလိုက်ပြီးနောက်... လွန်ခဲ့သော ရက်အနည်းငယ်ခန့်က ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များနှင့် ယိုဟန်တစ်ယောက် ဒီယာနှင့် မည်သို့မည်ပုံ ဖူးစာဆုံခဲ့ရသည်ကို စတင်ရှင်းပြတော့သည်။
အတိတ်က အဖြစ်အပျက်များကို သေသေချာချာ နားထောင်ပြီးနောက် အကြီးအကဲဆုန်က ခေါင်းကို တရမ်းရမ်းလုပ်ရင်း ယိုဟန်ဘက်သို့ လှည့်ကြည့်လိုက်၏။
"နားထောင်စမ်း လုလင်ငယ်... ကျင့်ကြံခြင်းလောက ဆိုတာ သိပ်ကို ရှုပ်ထွေးပြီး ခန့်မှန်းရခက်လွန်းတယ်၊ ဒါကြောင့် နောင်အနာဂတ်မှာ မင်းလုပ်မယ့် ကိစ္စတိုင်းကို အထူးသတိထားပါ၊ တို့တွေရဲ့ အသိဉာဏ်အပြင်ဘက်က အရာတွေ အများကြီးရှိသေးတာမို့လို့... မင်းအနေနဲ့ သတိကြီးကြီးထားပြီး ကိုယ့်ကိုယ်ကိုယ် နှိမ့်ချနေထိုင်ဖို့ ငါ အကြံပြုချင်တယ်၊ မင်းက လင်မျိုးနွယ်စုရဲ့ တစ်ဦးတည်းသော အမွေခံပဲဥစ္စာ" အကြီးအကဲစုန်က သတိပေးစကား ဆိုလိုက်သည်။
ယိုဟန်က အကြီးအကဲစုန်၏ စကားကို ကြားရသည့်အခါ ရိုသေစွာ ဦးခေါင်းညိတ်ပြလိုက်ရင်း— "အကြီးအကဲဆုန်ရဲ့ သတိပေးစကားကို ကျွန်တော် စိတ်ထဲမှာ သေသေချာချာ မှတ်သားထားပါ့မယ်" ဟု ပြန်လည်ဖြေကြားလိုက်၏။
ထိုစကားကို ကြားရမှ အကြီးအကဲစုန်၏ မျက်နှာထက်တွင် သာယာသော အပြုံးတစ်ခု ထွက်ပေါ်လာခဲ့သည်။
"ဒါဆိုရင် တို့တွေရဲ့ ကိစ္စက ဒီမှာတင် ပြီးပြတ်သွားပြီပေါ့... မင်းရဲ့ ပေါ့ဆမှုကြောင့် ဒီဓားက အခုဆိုရင် သူ့ရဲ့ ဝိညာဉ်လက်နက် ဖြစ်သွားပြီ၊ ဒါကြောင့် ဒီတစ်ကြိမ်တော့ ငါ တစ်ပြားတစ်ချပ်မှ ပေးလျော်မှာ မဟုတ်ဘူး။ ဟုတ်တာပေါ့... ငါ့မြေးရဲ့ အသက်အန္တရာယ်ကို စိုးရိမ်ရအောင် လုပ်ခဲ့တဲ့အတွက် မင်းဆီကနေ လျော်ကြေးမတောင်းတာတင် မင်း ကံကောင်းလှပြီ၊ တကယ်လို့ သူသာ တစ်ခုခုဖြစ်သွားရင် ငါ့မျိုးနွယ်စုရဲ့ အနာဂတ်က ဘာဖြစ်သွားမလဲ" အဘိုးအိုလင်က ပြန်ရန်အတွက် မတ်တတ်ထရပ်ရင်း ခနဲ့တဲ့တဲ့ ဆိုလိုက်သည်။
ယိုဟန်သည်လည်း အဖိုးဖြစ်သူ၏ အနောက်မှ လိုက်ပါရန် မတ်တတ်ထရပ်လိုက်ရာ... ထိုအခြင်းအရာကို မြင်လိုက်ရသော အကြီးအကဲစုန်မှာ မျက်လုံးအစုံ ပြူးကျယ်သွားပြီး ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ရရှာသည်။
ထိုဓားက ကျိန်စာသင့်နေသည်ဖြစ်စေ၊ မဖြစ်စေ... ဧကရာဇ်မင်းမြတ်ကိုယ်တိုင် ချီးမြှင့်ပေးသနားထားခဲ့သည့် လက်နက်ဖြစ်သဖြင့် သူ့အတွက်တော့ အလွန်ပင် တန်ဖိုးဖြတ်မရသော ရတနာတစ်ပါး ဖြစ်နေဆဲပင်။
"မင်းကတော့ တကယ့်ကို အရှက်မရှိတဲ့ အဘိုးကြီးပဲဗျာ... ဒီလက်နက်က ရတနာတွေထဲကမှ ရတနာ၊ ဒဏ္ဍာရီလာ လက်နက်တစ်ပါးပါဆိုမှ... မင်းက ဆင်ခြေဆင်လက်တွေပေးပြီး ငါ့ကို နေ့ခင်းကြောင်တောင်ကြီး ဓားပြတိုက်နေတာပဲ" အကြီးအကဲဆုန်က ဒေါသတကြီး ပြန်လည်တုံ့ပြန်လိုက်၏။
ထိုစကားကို ကြားလိုက်ရသည့်အခါ အဘိုးအိုလင်က သက်ပြင်းတစ်ချက်ကို အသာချလိုက်ရင်း အကြီးအကဲစုန်ကို လှမ်းကြည့်ကာ— "ဒီပုံစံအတိုင်းဆိုရင် ငါကိုယ်တိုင် ကတ်သရင်း ဆီကို သွားပြီး... သူမရဲ့ အဖိုးဖြစ်သူက 'မေပယ်ပင်' အနီးအနားမှာ ဘယ်လိုမျိုး လျှို့ဝှက်စွန့်စားခန်းတွေ ဖွင့်ခဲ့လဲဆိုတာ သွားပြောပြရတော့မယ် ထင်တယ်၊ မင်းရဲ့ အကြောင်းတွေကို ကြားရင် သူမ သိပ်ကို ဝမ်းသာသွားမှာ သေချာတယ်" အဘိုးအိုလင်က သူ၏ မျက်နှာထက်တွင် မကောင်းဆိုးဝါးဆန်သော အပြုံးတစ်ခု ရှိနေရင်း အကြီးအကဲစုန်ကို စိုက်ကြည့်ကာ ဆိုလိုက်သည်။
ထိုစကားလုံးများကို ကြားလိုက်ရသည့် တစ်ခဏ၌ အကြီးအကဲစုန်၏ မျက်နှာမှာ ချက်ချင်းပင် ဖြူဖျော့သွားခဲ့ရပြီး... သူက ယိုဟန်ထံသို့ အကြည့်များ အမြန်ရွှေ့ပြောင်းလိုက်ကာ— "လုလင်ငယ်... မင်း ဒီလက်နက်ကို အလကား ယူသွားနိုင်ပါတယ်၊ ဒါက ငါ့ဘက်က မင်းကို ပေးတဲ့ လက်ဆောင်အဖြစ် သတ်မှတ်လိုက်ပါ" ဟု ကပျာကယာ ဆိုလိုက်တော့သည်။
ယိုဟန်သည် ထိုစကားများကို ကြားလိုက်ရသည့်အခါ သူ၏ ဦးခေါင်းကိုသာ ကုတ်နေမိတော့သည်။ သူ တကယ့်ကို စူးစမ်းလိုစိတ် ပြင်းပြနေမိသော်လည်း မိမိ၏ စိတ်လှုပ်ရှားမှုများကို အတတ်နိုင်ဆုံး ထိန်းချုပ်ထားလိုက်၏။
"တောက်... အဖိုးကြီး မင်း အခုတော့ ကျေနပ်သွားပြီမလား၊ ကတ်သရင်းနဲ့ ဝေးဝေးမှာ နေစမ်းပါ... တကယ်လို့ သူမသာ တစ်ခုခု သိသွားခဲ့ရင် မင်းဆီကို ငါ ကိုယ်တိုင် လာခဲ့မယ်" သူက အဘိုးအိုလင်ကို ရန်တွေ့လိုက်သည်။
ထိုစကားကို ကြားသောအခါ အဘိုးအိုလင်က ပြုံးလိုက်ပြီး ယိုဟန်ကို လှမ်းကြည့်ကာ— "မြေးလေး... သွားကြစို့၊ ဒီအဖိုးကြီးက သိပ်ကို ကောက်ကျစ်စဉ်းလဲတဲ့လူ... သူ စိတ်မပြောင်းခင် တို့တွေ ဒီနေရာကနေ အမြန်ဆုံး ထွက်သွားကြရအောင်" ဟု ဆိုကာ ယိုဟန်ကို သူ၏အနောက်မှ လိုက်ခဲ့ရန် အချက်ပြလိုက်သည်။
ယိုဟန်က ဦးခေါင်းညိတ်ပြလိုက်ပြီး အကြီးအကဲစုန်ကို အရိုအသေပေး နှုတ်ဆက်လိုက်ပြီးနောက်... အဖိုးဖြစ်သူ၏ အနောက်မှ လိုက်ပါသွားခဲ့သည်။ အကြီးအကဲစုန်ကမူ ထိုသားအဖိုးနှစ်ယောက်ကို ကြည့်ကာ ခါးသီးစွာ ပြုံးလိုက်မိရင်း သက်ပြင်းအရှည်ကြီးတစ်ချက်ကို ချလျက် ဆိုဖာပေါ်သို့ ပြန်လည်ထိုင်ချလိုက်တော့သည်။
"သူက သူ့ရဲ့ ပထမဆုံးအဖော်ကိုတောင် ရွေးချယ်ပြီးသွားပြီပေါ့လေ... ဟူး" အကြီးအကဲဆုန်က မျက်လုံးများကို မှိတ်လိုက်ရင်း တိုးညှင်းစွာ ရေရွတ်လိုက်မိသည်။
ထိုအတောအတွင်း—
ကျယ်ပြောလှသော မြေပြင်ကျယ်ကြီးတစ်ခုထက်ရှိ အလောင်းပုံကြီးတစ်ခုပေါ်တွင် အမျိုးသမီးတစ်ဦး ထိုင်နေသည်ကို မြင်တွေ့နိုင်သည်။ သူမ၏ ပတ်ဝန်းကျင်တစ်ခုလုံးတွင် အော့ခ် များနှင့် မှင်စာတစ္ဆေများ၏ ရုပ်သွင်နှင့် ဆင်တူသော သားရဲမိစ္ဆာကောင်များ၏ အလောင်းပေါင်း ထောင်သောင်းချီ၍ ပြန့်ကျဲကာ လဲလျောင်းနေခဲ့ကြ၏။
သူမ၏ တစ်ကိုယ်လုံးမှာ သွေးချင်းချင်းနီအောင် စိုရွှဲနေခဲ့ပြီး... ဖြူစင်ဝင်းပသော ကျောက်စိမ်းကဲ့သို့ မျက်နှာထက်တွင်လည်း သွေးကွက်များဖြင့် ပေကျံနေခဲ့သည်။ သူမ၏ လှပသော ပြာလဲ့လဲ့ မျက်ဝန်းအစုံကမူ တစ်စုံတစ်ခုကို နက်နက်ရှိုင်းရှိုင်း တွေးတောနေပုံရပြီး... ခန္ဓာကိုယ်တွင် ရွှေရောင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ကာ ညာဘက်လက်ထဲတွင်မူ ဓားအကြီးစားကြီး တစ်လက်ကို ကိုင်ဆောင်ထားခဲ့သည်။
အဝေးဆီသို့ လှမ်းကြည့်လိုက်လျှင် မိစ္ဆာအလောင်းပုံကြီးများ၏ ပတ်ဝန်းကျင်တွင် အခြားအမျိုးသမီးနှစ်ဦး မတ်တတ်ရပ်နေသည်ကို တွေ့ရပြီး... ၎င်းတို့သည်လည်း တူညီသော ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားကာ လက်ထဲတွင် ဓားများကို အသီးသီး ကိုင်ဆောင်ထားကြသည်။
"ဟေ့... ကာနာ၊ ကြည့်ရတာ အရှင်မ အီဗလင်း တစ်ယောက် ဒီနေ့ ဘယ်လိုမှ စိတ်ကြည်ပုံမရဘူးနော်၊ ဘာတွေ ဖြစ်နေတာလို့ မင်း ထင်လဲ" အာနား က ကာနာ ကို လှမ်းကြည့်ရင်း တိုးတိုးလေး မေးလိုက်သည်။
"ငါလည်း သူမကို ဒီလိုမျိုး တစ်ခါမျှ မမြင်ဖူးဘူး... စံအိမ်ကနေ ထွက်လာကတည်းက အရှင်မ အီဗလင်းရဲ့ အမူအရာက ထူးဆန်းနေတာ၊ ဒါက ဟိုလူမိုက်ကလေးနဲ့ ပတ်သက်နေတာများလား" ကာနာက အာနားကို ပြန်လည်ပြောကြားလိုက်၏။
ထိုအတောအတွင်း—
'တောက်... သူက ဘယ်လိုတောင် သတ္တိမျိုးနဲ့လဲ၊ ငါ့ကို ငြင်းပယ်ဖို့ ဘယ်သူကမှ မဝံ့ရဲခဲ့ဖူးဘူး... ငါက သူ့အပေါ် စေတနာထားပြီး ကမ်းလှမ်းခဲ့တာကို သူက ငါ့ရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တယ်ပေါ့လေ' အီဗလင်းသည် စိတ်ထဲမှနေ၍ ဒေါသတကြီး တွေးတောလိုက်ရင်း သက်ပြင်းကို ပြင်းပြင်းချလိုက်မိသည်။ ထို့နောက် သူမ၏ အကြည့်များက တစ်စုံတစ်ခုကို တီးတိုးဆွေးနွေးနေကြသည့် အမျိုးသမီးနှစ်ဦးထံသို့ ရောက်ရှိသွားခဲ့၏။
"မင်းတို့နှစ်ယောက်... စိတ်ကူးယဉ်နေတာတွေကို ရပ်ပြီး ဒီအမှိုက်တွေကို အမြန်ဆုံး ရှင်းလင်းလိုက်ကြစမ်း၊ ဒီအလောင်းတွေထဲကနေ သားရဲမြုတေ တစ်ခုမကျန် သေသေချာချာ စုဆောင်းထားခဲ့ဖို့ မမေ့နဲ့ဦး... ငါ စံအိမ်ကို အရင်ပြန်နှင့်တော့မယ်၊ အဲဒီကျမှ ပြန်ဆုံကြတာပေါ့" အီဗလင်းက ထိုအမျိုးသမီးနှစ်ဦးကို လှမ်းကြည့်ကာ အမိန့်ပေးလိုက်ပြီး... နောက်တစ်စက္ကန့်တွင်မူ သူမသည် ထိုနေရာ၌ ဘယ်တုန်းကမှ မရှိခဲ့ဖူးသည့်အလား ရုတ်ချည်း ပျောက်ကွယ်သွားခဲ့တော့သည်။ ထိုအလောင်းပုံကြီးများကိုမူ အာနားနှင့် ကာနာတို့၏ လက်ထဲသို့ လွှဲအပ်ထားခဲ့လေသည်။
အာနားနှင့် ကာနာတို့နှစ်ဦးစလုံးမှာ တစ်ဦး၏မျက်နှာကို တစ်ဦး လှမ်းကြည့်လိုက်ကြပြီးနောက်... အသက်မဲ့စွာ လဲလျောင်းနေကြသည့် သားရဲမိစ္ဆာကောင်များ၏ ပတ်ဝန်းကျင်ဆီသို့ အကြည့်တို့ ရောက်ရှိသွားခဲ့ကြသည်။
"ဟူး... တို့တွေတော့ ဒုက္ခလှလှတွေ့ပြီ အာနားရေ" ကာနာက ညည်းတွားလိုက်သည်။
"ဟုတ်ပအစ်မ... တို့တွေတော့ သွားပြီ၊ ကဲ... ဒီအမှိုက်တွေကိုပဲ သတ်— အဲ... ရှင်းလင်းကြတာပေါ့၊ တောက်... သတ်ဖြတ်ရတာက လွယ်ကူသလောက် ဒီအလောင်းတွေထဲကနေ သားရဲမြုတေကို ထုတ်ယူရတာက တကယ့်ကို လက်ဝင်လွန်းတယ်" သူမက ပတ်ဝန်းကျင်ရှိ အလောင်းများကို စတင်ခွဲဖြတ်ရင်း မကျေမချမ်း ရေရွတ်လိုက်၏။
အာနားသည်လည်း ခေါင်းကို တရမ်းရမ်းလုပ်ရင်း သူမ၏ အစ်မဖြစ်သူကို ကူညီရန်အတွက် လက်စွမ်းပြတော့သည်။
ထိုအတောအတွင်း—
ကြီးမားခမ်းနားလှသော စံအိမ်ကြီး၏ ရှေ့မှောက်တွင် အဘိုးအိုတစ်ဦးနှင့် လူငယ်တစ်ဦးတို့သည် ကောင်းကင်ယံထက်မှနေ၍ သက်ဆင်းလာခဲ့ကြသည်။ "နောက်ဆုံးတော့ တို့တွေ ရောက်လာခဲ့ပြီပဲ... ပြန်ရတာ တကယ့်ကို စိတ်အေးချမ်းစရာကောင်းတယ်" ယိုဟန်က အဖိုးဖြစ်သူကို လှမ်းကြည့်ရင်း ထိုစကားကို ဆိုလိုက်သည်။
အဘိုးအိုလင်က သူ့ကို ကြည့်ကာ ပြုံးပြလိုက်ရင်း— "မင်း ကြည့်ရတာ သိပ်ကို ပျော်ရွှင်နေပုံရတယ်... ဒါပေမဲ့ သတိထားပါ၊ ဒီကိုမလာခင် ငါ မင်းကို မှာကြားခဲ့တဲ့ စကားတွေကို သေသေချာချာ မှတ်သားထားဦး" ဟု အဘိုးအိုလင်က ယိုဟန်ကို ဆိုလိုက်၏။
"ဟုတ်ကဲ့ပါ အဖိုး... အဖိုးရဲ့ စကားကို ကျွန်တော် သေသေချာချာ မှတ်သားထားပါတယ်၊ ဒီဓားကို လူအများရှေ့မှာ လုံးဝ ထုတ်သုံးမှာ မဟုတ်ပါဘူး... ဘာမှ စိုးရိမ်ပူပန်မနေပါနဲ့" သူက ပြုံးလျက် အဖိုးဖြစ်သူကို ပြန်လည်ဖြေကြားလိုက်သည်။
ထိုစကားကို ကြားရမှ အဘိုးအိုက ဦးခေါင်းညိတ်ပြလိုက်ရင်း— "ငါ့မှာ လုပ်စရာ အရေးကြီးတဲ့ ကိစ္စအချို့ ရှိသေးတယ်... မင်းရဲ့ အမေနဲ့ ဒီယာဆီကို အရင်သွားပြီး တွေ့လိုက်ဦး၊ ဘာပဲပြောပြော အမျိုးသမီးတွေဆိုတာ သိပ်ကို ခန့်မှန်းရခက်တဲ့ သတ္တဝါတွေဥစ္စာ... သူတို့ကို ဘယ်တော့မှ ဒေါသထွက်အောင် မလုပ်မိစေနဲ့" ဟု အဘိုးအိုလင်က ယိုဟန်ကို မှာကြားလိုက်ပြီး... နောက်တစ်စက္ကန့်တွင်မူ သူ၏ မျက်စိရှေ့မှနေ၍ ရုတ်ချည်း ပျောက်ကွယ်သွားခဲ့တော့သည်။