"ကျွန်မ အထဲဝင်ခွင့်ရမလားရှင်... သခင်မကြီး" တံခါးဝဆီမှနေ၍ အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
ထိုအသံကို ကြားလိုက်ရသည့်အခါ အလီနာက— "အင်း... ဝင်ခဲ့ပါ အာနာ" ဟု ပြန်လည်ထူးလိုက်၏။
ထို့နောက် နောက်တစ်စက္ကန့်တွင် အာနာသည် ဂိုဏ်းချုပ် ဆူလင်နှင့် ဖုန်းမိသားစုတို့ အပြန်အလှန် စကားစမြည် ပြောဆိုနေကြသည့် အခန်းတွင်းသို့ ခြေလှမ်းလှမ်းဝင်လာခဲ့ပြီး... သူမက ဂိုဏ်းချုပ် စုလင်ကို လှမ်းကြည့်ကာ ဦးခေါင်းညိတ်၍ အလေးပြုလိုက်ပြီးနောက် သူမ၏ အကြည့်များကို အလီနာထံသို့ ရွှေ့ပြောင်းလိုက်သည်။
"သခင်မကြီး... ကျွန်မကို ခေါ်လိုက်တာလားရှင်" သူမက ဦးခေါင်းကို အသာအယာ ညိတ်ပြရင်း ဆိုလိုက်၏။
အလီနာက ဦးခေါင်းညိတ်ပြလိုက်ပြီး အာနာကို ကြည့်ကာ ပြုံးလျက်— "ဟုတ်တယ်... တို့ မင်းကို ခေါ်လိုက်တာ၊ အရာအားလုံးကို သေသေချာချာ ပြင်ဆင်ပြီးပြီလား" ဟု မေးမြန်းလိုက်သည်။
"ဟုတ်ကဲ့ပါ သခင်မကြီး... ကျွန်မ အရာအားလုံးကို စနစ်တကျ ပြင်ဆင်ထားပြီးပါပြီ၊ သခင်မကြီးရဲ့ ဆန္ဒအတိုင်း ဧည့်ဂေဟာကို အကောင်းဆုံး ပြင်ဆင်မွမ်းမံထားပါတယ်ရှင်" အာနာက အလီနာကို ပြန်လည်ဖြေကြားလိုက်၏။
ထိုစကားများကို ကြားလိုက်ရသည့်အခါ အလီနာက ဖုန်းမိသားစုကို လှမ်းကြည့်ကာ ပြုံးပြလိုက်ရင်း— "အရာအားလုံး အဆင်သင့်ဖြစ်ပြီဆိုတော့... အာနာက မင်းတို့ကို ဧည့်ဂေဟာဆီ ဦးဆောင်ခေါ်သွားလိမ့်မယ်၊ အဲဒီနေရာမှာ မင်းတို့ စိတ်အေးလက်အေး အနားယူနိုင်ပါတယ်... ပြီးတော့ တစ်စုံတစ်ခု လိုအပ်တာရှိရင်လည်း သူမကို လွတ်လွတ်လပ်လပ် ပြောနိုင်တယ်၊ ဘာမှ စိုးရိမ်ပူပန်မနေကြနဲ့ဦးနော်... တို့တွေ ညစာစားပွဲကျမှ ပြန်ဆုံကြတာပေါ့" ဟု အလီနာက ဖုန်းမိသားစုကို ကြည့်ကာ ဆိုလိုက်သည်။
ထိုစကားကို ကြားသောအခါ ဖုန်းယွမ်နှင့် ဖုန်းမင်တို့က ပြုံးပြလိုက်ကြပြီး ဦးခေါင်းညိတ်ပြကာ— "ကောင်းပါပြီ... တို့တွေ ညစာစားပွဲကျမှ ပြန်ဆုံကြတာပေါ့၊ အဲဒီကျရင် အဘိုးအိုလင်နဲ့ ဆုံတွေ့ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်... သူနဲ့ မဆုံရတာ တော်တော်တောင် ကြာသွားပြီပဲ၊ သူ ကျန်းကျန်းမာမာ ရှိနေလိမ့်မယ်လို့ မျှော်လင့်ပါတယ်နော်" ဖုန်းမင်က စာလင်နှင့် အလီနာတို့ကို ပြန်လည်ပြောကြားလိုက်၏။
ထိုစကားကို ကြားလိုက်ရသည့်အခါ ဆူလင်က ဦးခေါင်းညိတ်ပြလိုက်မိသော်လည်း... သူ၏ မျက်နှာထက်တွင် ခါးသီးသော အပြုံးတစ်ခု ထွက်ပေါ်လာခဲ့ကာ— "မနက်ဖြန်ကျမှပဲ အဖေနဲ့ ဆုံဖြစ်လိမ့်မယ် ထင်တယ်၊ အဖေက အမြဲတမ်း သူ့ရဲ့ ကိစ္စရပ်တွေနဲ့ပဲ အလုပ်ရှုပ်နေတတ်တာမို့လို့... ညစာစားပွဲတွေမှာ သိပ်ပြီး ထွက်မလာတတ်ဘူး။ ဒါပေမဲ့ အဲဒီနေရာမှာ ယိုဟန်နဲ့ ဆုံတွေ့နိုင်ပါတယ်... ကာလရှည်ကြာကတည်းက မဆုံရတာဆိုတော့ သူလည်း မင်းတို့ကို ပြန်တွေ့ရရင် တကယ့်ကို ဝမ်းမြောက်နေမှာ သေချာတယ်" ဟု ဆူလင်က ပြုံးလျက် ပြန်လည်ဖြေကြားလိုက်သည်။
"ဟုတ်ပါတယ်... မောင် ပြောတာ သိပ်မှန်တာပဲ၊ သူလည်း မင်းတို့ကို တွေ့ရရင် သေချာပေါက် ပျော်ရွှင်သွားမှာပါ" အလီနာသည်လည်း သူမ၏ ခင်ပွန်းဖြစ်သူ၏ စကားကို ထောက်ခံလိုက်ရင်း ဖုန်းယွမ်ကို ဆိုလိုက်၏။
"မှန်တာပေါ့... တို့တွေလည်း သူ့ကို ပြန်တွေ့ရရင် တကယ့်ကို ဝမ်းသာမိမှာပါ၊ နောက်ဆုံးအကြိမ် ဆုံတုန်းက သူက ကလေးငယ်လေးပဲ ရှိသေးတာဥစ္စာ... အခုအချိန်မှာ သူ ဘယ်လိုမျိုး အသွင်သဏ္ဌာန် ဖြစ်နေမလဲဆိုတာ တောင် တွေးကြည့်လို့မရဘူး" ဖုန်းမင်က အလီနာကို ကြည့်ကာ ပြုံးလျက် ထိုစကားကို ဆိုလိုက်သည်။
၎င်းတို့အားလုံးသည် ယိုဟန်၏ အကြောင်းကို အာရုံစိုက်၍ ပြောဆိုနေကြစဉ်... ထိုအတောအတွင်း အာနာကမူ ရှောင်ဖန်းကို စူးစမ်းလိုသော အကြည့်များဖြင့် တိတ်တဆိတ် ကြည့်ရှုနေခဲ့သည်။ ရှောင်ဖန်းသည် ၎င်းတို့က ယိုဟန်၏ အကြောင်းကို ပြောဆိုနေကြသည်ကို ကြားရသည့်အခါ အလွန်ပင် စိတ်အနှောင့်အယှက် ဖြစ်နေသည့် အမူအရာ ရှိနေခဲ့ရာ... ရုတ်တရက်ဆိုသလို သူမသည် တစ်စုံတစ်ခုကို အာရုံခံမိသွားခဲ့ပြီး သူမ၏ အကြည့်များက အာနာထံသို့ ရောက်ရှိသွားခဲ့သည်။
အာနာသည် မိမိက သူမကို စိုက်ကြည့်နေမိသည်ကို မိသွားခဲ့သည့်အတွက် ရုတ်တရက်ဆိုသလို ပြာပြာသလဲ ဖြစ်သွားခဲ့ရသော်လည်း... သူမကို အံ့အားသင့်သွားစေသည်မှာ ရှောင်ဖန်းက သူမကို လှမ်း၍ ပြုံးပြလိုက်ခြင်း ဖြစ်သည်။ ထိုအပြုံးကို မြင်လိုက်ရသည့်အခါ အာနာ ဇဝေဇဝါ ဖြစ်သွားခဲ့ရရှာသည်။ ဤသည်မှာ သူမအနေဖြင့် ရှောင်ဖန်းကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်ပြီး... သူမသည်လည်း ပြုံးလျက် ပြန်လည်တုံ့ပြန်လိုက်တော့သည်။
ထိုအတောအတွင်း—
အဘိုးကြီးနှစ်ဦးစလုံးမှာ ယိုဟန်၏ ပါးစပ်ဖျားမှ ထိုစကားလုံးများကို ကြားလိုက်ရသည့်အခါ အလွန်ပင် အံ့အားသင့်သွားခဲ့ကြရပြီး... ၎င်းတို့နှစ်ဦးစလုံးသည် တစ်ဦး၏ မျက်နှာကို တစ်ဦး လှမ်း၍ ကြည့်လိုက်ကြပြီးနောက်... နောက်တစ်စက္ကန့်တွင်မူ ယိုဟန်ထံသို့ အကြည့်များ ရွှေ့ပြောင်းလိုက်ကြသည်။
"ဒါက ဘယ်လို နာမည်မျိုးကြီးလဲ... ငါ့ရဲ့ တစ်သက်တာမှာ မိမိရဲ့ ဓားကို 'အသူရာ' လို့ ခေါ်တဲ့ လူမျိုး တစ်ခါမျှ မကြားဖူးပါဘူး၊ မင်း ဒီနာမည်ကိုပဲ ပေးဖို့ တကယ် အသေအချာ ဆုံးဖြတ်လိုက်တာလား" အကြီးအကဲဆုန်က အံ့ဩတသစွာဖြင့် အော်ဟစ်လိုက်မိသည်။
အဘိုးအိုလင်သည်လည်း အကြီးအကဲစုန်၏ စကားကို ကြားလိုက်ရသည့်အခါ ဦးခေါင်းညိတ်ပြလိုက်ရင်း— "ဟုတ်ပါတယ်... ဒီအဘိုးကြီး ပြောတာ မှန်တယ်၊ တကယ်လို့ မင်း အလိုရှိတယ်ဆိုရင် တွေးတောဖို့အတွက် အချိန် ထပ်ယူလို့ရပါသေးတယ်... ဒီကိစ္စကို အလျင်စလို လုပ်ဆောင်ဖို့ မလိုပါဘူး" ဟု အဘိုးအိုလင်က ယိုဟန်ကို စိုက်ကြည့်ရင်း ဆိုလိုက်၏။
ထိုစကားကို ကြားလိုက်ရသည့်အခါ ယိုဟန်က ပြုံးလိုက်ပြီး ၎င်းတို့နှစ်ဦးကို လှမ်းကြည့်ကာ— "ကျွန်တော် ဒီနာမည်ကိုပဲ အသေအချာ ပေးဖို့ ဆုံးဖြတ်လိုက်တာပါ၊ ဒီနာမည်ကို သိပ်သဘောကျလို့ပါ... ပြီးတော့ ကျွန်တော် စဉ်းစားမိသမျှထဲမှာ ဒါက အကောင်းဆုံးသော နာမည်တစ်ခုပဲလေ။ သူတပါးတွေအတွက်တော့ ဒီနာမည်က ထူးဆန်းနေလိမ့်မယ်ဆိုပေမဲ့ ကျွန်တော့်အတွက်တော့ မဟုတ်ပါဘူး... ပြီးတော့ ကျွန်တော့်ရဲ့ ဓားကိုယ်တိုင်ကလည်း ဒီနာမည်ကို သဘောကျလိမ့်မယ်လို့ ထင်ပါတယ်" သူက သူ၏ အဖိုးနှင့် အကြီးအကဲစုန်တို့ကို ပြန်လည်ဖြေကြားလိုက်သည်။
ထိုစကားကို ကြားလိုက်ရသည့်အခါ ၎င်းတို့နှစ်ဦးစလုံး တစ်ဦးကိုတစ်ဦး လှမ်းကြည့်လိုက်ကြပြီး သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်ကြတော့သည်။ ၎င်းတို့အနေဖြင့် နာမည်တစ်ခုနှင့် ပတ်သက်၍ အပြန်အလှန် ငြင်းခုံဆွေးနွေးလိုခြင်း မရှိကြသလို... ထို့ထက်ပို၍ သူကိုယ်တိုင်က ဤဓား၏ စစ်မှန်သော အရှင်သခင် ဖြစ်နေခဲ့ပြီ ဖြစ်ရာ... သူက မိမိ၏ ဓားကို အသူရာဟု ခေါ်ဝေါ်လိုလျှင်လည်း ဘာမှပြဿနာမရှိကြောင်း တွေးတောလိုက်ကြခြင်း ဖြစ်သည်။
"ကဲ... ဒါဆိုရင် အခု ဘာဆက်လုပ်ကြမလဲ၊ ဒီနေ့တော့ တကယ့်ကို ပင်ပန်းနွမ်းနယ်စရာ ကောင်းတဲ့ နေ့တစ်နေ့ပဲ... တို့တွေ မျိုးနွယ်စုဆီကိုပဲ အမြန်ဆုံး ပြန်ကြရအောင်၊ မင်းရဲ့ မိဘတွေလည်း မင်းအတွက် စိုးရိမ်ပူပန်နေကြလိမ့်မယ်... ပြီးတော့ ထို့ထက်ပိုပြီး အခုဆိုရင် မင်းမှာ အဖော်တစ်ယောက် ရှိနေပြီပဲ၊ သူမလည်း မင်းအတွက် စိုးရိမ်နေလောက်ပြီ" အဘိုးအိုက ယိုဟန်ကို စိုက်ကြည့်ရင်း ထိုစကားကို ဆိုလိုက်၏။
ယိုဟန်က ထိုစကားကို ကြားပြီးနောက် ဦးခေါင်းညိတ်ပြလိုက်ရင်း— "ဟုတ်ပါတယ် အဖိုး... အဖိုးပြောတာ သိပ်မှန်တာပဲ၊ တို့တွေ မျိုးနွယ်စုဆီကို အမြန်ဆုံး ပြန်ကြရအောင်... မနက်ဖြန်က အမေ့ရဲ့ မွေးနေ့ပွဲဆိုတော့ ကျွန်တော် ဘာတစ်ခုမှ အလွဲအချော်မခံနိုင်ဘူး၊ အရာအားလုံး အဆင်ပြေချောမွေ့သွားစေဖို့ ကျွန်တော် သေသေချာချာ လုပ်ဆောင်သွားမှာပါ" သူက ပြုံးလျက် ထိုစကားကို ဆိုလိုက်သည်။
သို့သော်လည်း အကြီးအကဲစုန်ကမူ အဘိုးအိုလင်၏ ပါးစပ်ဖျားမှ ကြားလိုက်ရသော အကြောင်းအရာကို လုံးဝ လက်ခံချေဖျက်နိုင်စွမ်း မရှိသေးဘဲ— "နေဦး... ဘာကြီးလဲ၊ မင်းမျိုးနွယ်စုထဲမှာ သူ့ကို စောင့်ဆိုင်းနေတဲ့ အဖော်တစ်ယောက် ရှိတယ်ဆိုတာက ဘာအဓိပ္ပာယ်ကြီးလဲ" အကြီးအကဲစုန်က အဘိုးအိုလင်ကို လှမ်းကြည့်ကာ မေးမြန်းလိုက်ပြီး... ထို့နောက် သူက အကြီးအကဲစုန်ကို ကြည့်ကာ ပြုံးနေသော ယိုဟန်ထံသို့ အကြည့်များ ရွှေ့ပြောင်းလိုက်သည်။
အဘိုးအိုလင်က အကြီးအကဲစာန်၏ ပခုံးကို အသာအယာ ပုတ်ပေးလိုက်ရင်း ပြုံးလျက်— "သူ့မှာ တရားဝင် အဖော်တစ်ယောက် ရှိနေပြီလေ... သူမရဲ့ နာမည်က ဒီယာ တဲ့၊ သိပ်ကို လိမ္မာပြီး အဖိုးတန်တဲ့ ကလေးမလေးတစ်ယောက်ပေါ့... မင်း သူမကို မြင်ရင် သေချာပေါက် အံ့အားသင့်သွားလိမ့်မယ်၊ စုလင်က ယိုဟန်ရဲ့ အမေဖြစ်သူ အလီနာကို ငါ့ဆီ ပထမဆုံး ခေါ်လာပြီး မိတ်ဆက်ပေးတုန်းက အခြေအနေမျိုးကို သူမက ပြန်ပြီး သတိရစေတယ်... သူမရဲ့ မျက်ဝန်းအစုံထဲမှာလည်း သူ့အမေတုန်းကလိုမျိုး ကြင်နာသနားတတ်တဲ့ အရိပ်အယောင်တွေကို အထင်အရှား မြင်တွေ့နိုင်တယ်" ဟု အဘိုးအိုလင်က ရှင်းပြလိုက်၏။
ယိုဟန်သည်လည်း မိမိ၏ အဖိုးဖြစ်သူက ယခုကဲ့သို့သော စကားမျိုးကို ဖွင့်ဟပြောဆိုလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့သဖြင့် အံ့အားသင့်သွားခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ အဖိုးသည် အမြဲတမ်း တည်ကြည်အေးစက်နေတတ်ပြီး လင်မျိုးနွယ်စု၏ အကြီးအကဲတစ်ဦးဟူသော အဆင့်အတန်း ဂုဏ်ပုဒ်ကို အမြဲတမ်း ထိန်းသိမ်းထားတတ်သူ ဖြစ်သောကြောင့် ဖြစ်သည်။
အကြီးအကဲစုန်က သက်ပြင်းအရှည်ကြီးတစ်ချက်ကို ချလိုက်မိရင်း— "ငါက အဲဒီသဘောကို ဆိုလိုတာ မဟုတ်ပါဘူး... ကြည့်စမ်းပါဦး၊ သူက သိပ်ကို ငယ်ရွယ်လွန်းသေးတာပဲဥစ္စာ... ငါ့ရဲ့ သမီးလေးရဲ့ သက်တမ်းလောက်ပဲ ရှိဦးမှာ၊ ဒါမှမဟုတ် သူမထက်တောင် ငယ်ဦးမယ်။ မင်းတို့ ဒီကိစ္စကို သိပ်ပြီး အလောတကြီး လုပ်ဆောင်လိုက်တယ်လို့ ငါထင်တယ်... ဒီလိုမျိုး အရေးကြီးတဲ့ ကိစ္စရပ်အပေါ် တွေးတောဖို့အတွက် အချိန်အနည်းငယ်လောက် ထပ်ပြီး စောင့်ဆိုင်းသင့်တာပေါ့" ဟု အကြီးအကဲဆုန်က တိုးတိုးလေး ရေရွတ်လိုက်၏။
ထိုစကားကို ကြားလိုက်ရသည့်အခါ အဘိုးအိုလင်က ဦးခေါင်းညိတ်ပြလိုက်ပြီး ပြုံးလျက်— "သူမက အခုဆိုရင် ခန္ဓာကိုယ်နိုးထမှုအဆင့် ရဲ့ စတုတ္ထအဆင့်ကိုတောင် ရောက်ရှိနေပြီပဲ... ထို့ထက်ပိုပြီး ငါက တခြားအရာတွေကို ဂုဏ်ုပုဒ်တွေကို ဂရုမစိုက်ပါဘူး၊ အရေးကြီးဆုံးက သူမက ဒီလူမိုက်လေးအပေါ် တကယ့်ကို ကြင်နာဂရုစိုက်တတ်တာပဲ။
သူက သူ့အမေလိုမျိုး တန်ဖိုးရှိတဲ့ အမျိုးသမီးတစ်ယောက်ကို ခေါ်ဆောင်လာနိုင်ခဲ့တဲ့အတွက် ငါ တကယ့်ကို ကျေးဇူးတင်မိပါတယ်... တစ်နေ့နေ့ကျရင် သူမက သူ့နဲ့အတူ လက်တွဲပြီး လင်မျိုးနွယ်စုကို ဦးဆောင်လမ်းပြကာ... ဒီမျိုးနွယ်စုကို အခုထက်မက ပိုမိုမြင့်မားတဲ့ အဆင့်အတန်းတစ်ခုဆီအထိ ပို့ဆောင်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ရတာပဲ" ဟု ထိုအဘိုးအိုက ပြန်လည်တုံ့ပြန်လိုက်သည်။
ယိုဟန်သည်လည်း ဦးခေါင်းညိတ်ပြလိုက်မိရင်း မိမိ၏ အဖိုးဖြစ်သူ၏ ပါးစပ်ဖျားမှ ယခုကဲ့သို့သော ချီးကျူးစကားမျိုးကို ကြားလိုက်ရသည့်အတွက် အလွန်ပင် ပျော်ရွှင်သွားခဲ့ရသည်။
"သူမက ခန္ဓာကိုယ်နိုးထမှုအဆင့်ရဲ့ စတုတ္ထအဆင့်ကို ရောက်ရှိနေပြီဆိုတော့ တကယ့်ကို ပါရမီရှင်တစ်ယောက် ဖြစ်ရမယ်... ဒါနဲ့ သူမက သက်တမ်း ဘယ်လောက်ရှိပြီလဲ၊ မင်း ဘာဖြစ်လို့ သူမကို ပန်းပွင့်လန်းခြင်းဂိုဏ်းထဲ ဝင်ခိုင်းဖို့ မတိုက်တွန်းတာလဲ" အကြီးအကဲစုန်က မေးမြန်းလိုက်၏။
"သူမက အခု သက်တမ်း ၂၂ နှစ် ရှိပါပြီ" အဘိုးအိုလင်က သူ၏ မျက်နှာထက်တွင် ခါးသီးသော အပြုံးတစ်ခု ရှိနေရင်း ပြန်လည်ဖြေကြားလိုက်သည်။
ထိုစကားလုံးများကို ကြားလိုက်ရသည့် တစ်ခဏ၌ အကြီးအကဲဆုန်သည် အံ့အားသင့်လွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ရရှာတော့သည်။