"ဒါက ဘာသင်္ကေတကြီးလဲ..." ယိုဟန်သည် သူ၏ ဘယ်ဘက်လက်ကောက်ဝတ်ဆီသို့ အကြည့်တို့ ရောက်ရှိသွားရင်း တံတွေးကို အားယူမြိုချလိုက်မိသည်။
သူ၏ ဘယ်ဘက်လက်ကောက်ဝတ်ထက်တွင် သေးငယ်သော ဓားပုံသဏ္ဌာန် သင်္ကေတတစ်ခု ထွက်ပေါ်နေခဲ့ခြင်း ဖြစ်သည်။
ထိုသင်္ကေတကို မြင်လိုက်ရသည့်အခါ ယိုဟန် ကြောင်အမ်းသွားခဲ့ရသလို... သူ၏ အဖိုးဖြစ်သူသည်လည်း စကားလုံးများ ဆွံ့အလျက် မှင်တက်ကာ စိုက်ကြည့်နေခဲ့သည်။ မိမိ၏ မြေးဖြစ်သူ လက်ထက်မှ ထိုသင်္ကေတကို မြင်တွေ့လိုက်ရသဖြင့် သူ၏ နှလုံးခုန်သံများမှာ ပိုမိုမြန်ဆန်ပြင်းထန်လာခဲ့ရ၏။
"မင်းရဲ့ လက်ပေါ်မှာ ဒီလိုသင်္ကေတမျိုး တွေ့ရလိမ့်မယ်လို့ ငါ လုံးဝ ထင်မထားခဲ့ဘူး... မင်းက ငါ့ကို အမြဲတမ်း အံ့ဩအောင် လုပ်နိုင်တာပဲ မြေးလေး၊ ကောင်းကင်ဘုံက မင်းဆီကနေ ဘာတွေများ လိုချင်နေလို့လဲမသိဘူး" သူက ယိုဟန်ကို စိုက်ကြည့်ရင်း ထိုစကားကို ဆိုလိုက်သည်။
ယိုဟန်သည် အဖိုးဖြစ်သူ၏ ပါးစပ်ဖျားမှ ထိုစကားများကို ကြားလိုက်ရသည့်အခါ ဇဝေဇဝါ ဖြစ်သွားခဲ့ရသည်။ ထိုအရာက မိမိ၏ လက်ပေါ်တွင် ဘာလာလုပ်နေသည်ကို သူ မသိသလို... ဘယ်အချိန်ကတည်းက ထိုနေရာ၌ ထွက်ပေါ်လာခဲ့သည်ကိုလည်း မမှတ်မိပါချေ။ ထိုသင်္ကေတနှင့် ပတ်သက်၍ သူ ဘာတစ်ခုမျှ မသိရှိခဲ့ချေ။ သူသည် မိမိ၏ သံသယများအတွက် အဖြေအချို့ ရရှိရန် မျှော်လင့်ချက်ဖြင့် အဖိုးဖြစ်သူကို လှမ်း၍ ကြည့်လိုက်သည်။
ယိုဟန်၏ အကြည့်ကို သတိပြုမိလိုက်သောအခါ အဘိုးအိုလင်က သူ့ဘေးနားရှိ အဘိုးကြီးကို အသိစိတ်ပြန်ဝင်လာစေရန် လက်ဝါးဖြင့် ရိုက်နှက်လိုက်တော့သည်။ "ငါ ဘယ်ရောက်နေတာလဲ..." အဘိုးအိုလင်၏ ရိုက်ချက်ကြောင့် သတိပြန်လည်လာခဲ့သော အကြီးအကဲစုန်က တိုးညှင်းစွာ ရေရွတ်လိုက်၏။
"သူ့ကို ရှင်းပြလိုက်စမ်း... အဲဒီသင်္ကေတက သူ့လက်ပေါ်မှာ ဘာလို့ ရှိနေရတာလဲဆိုတာ၊ ဒါတွေအားလုံးက မင်းရဲ့ ခေါင်းမာမှုတွေကြောင့် ဖြစ်ရတာ... ဒီလိုမျိုး လက်နက်ခန်းမဆောင်ထဲမှာ အဲဒီဓားကို ပေါ့ပေါ့ဆဆ ပစ်ထားရလား" အဘိုးအိုလင်က အကြီးအကဲစုန်ကို စိုက်ကြည့်ရင်း ဒေါသတကြီး ဆိုလိုက်သည်။ အကြီးအကဲဆုန်က အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး ယိုဟန်ကို လှမ်း၍ ကြည့်လိုက်၏။
ယိုဟန်သည်လည်း ဤအဘိုးကြီးနှစ်ဦးကို မျှော်လင့်ချက်အပြည့်ဖြင့် စိုက်ကြည့်နေခဲ့သည်။ အဖိုးဖြစ်သူ၏ မျက်နှာအမူအရာကြောင့် သူ၏ နှလုံးခေါင်းတစ်ခုလုံး ပြုတ်ကျလုမတတ် ဖြစ်နေခဲ့ရ၏။ သူသည် အဖြေအချို့ကို သိရှိလိုရုံသာမက ဤသင်္ကေတက မိမိ၏ လက်ကောက်ဝတ်ထက်တွင် ဘာကြောင့် ထွက်ပေါ်လာရကြောင်း အကြောင်းပြချက်ကိုသာ သိချင်နေခဲ့သည်။
'တောက်... တစ်ခုခု ပြောစမ်းပါဦး အဖိုးကြီးရဲ့၊ ငါ ဆက်ပြီး မအောင့်အီးနိုင်တော့ဘူး... မင်းရဲ့ ပါးစပ်စုတ်ကြီးကို အမြန်ဆုံး ဖွင့်လိုက်စမ်းပါ' သူက အကြီးအကဲစုန်ကို စိုက်ကြည့်ရင်း စိတ်ထဲကနေ၍ ကျိန်ဆဲလိုက်မိသည်။
အကြီးအကဲစာန်က အဘိုးအိုလင်ကို လှမ်းကြည့်ကာ ဦးခေါင်းညိတ်ပြလိုက်ပြီးနောက်... သူ၏ အကြည့်များကို ယိုဟန်ထံသို့ ရွှေ့ပြောင်းလိုက်သည်။
"လုလင်ငယ်... အဲဒီသင်္ကေတက မင်းအနေနဲ့ ဒီဓားနဲ့ 'ဝိညာဉ်ချည်နှောင်မှု' ကို အောင်အောင်မြင်မြင် တည်ဆောက်နိုင်ခဲ့ပြီဆိုတဲ့ သက်သေပဲ၊ ဒါကြောင့် အခုအချိန်ကစပြီး မင်းက သူ့ရဲ့ သခင် ဖြစ်သွားပြီ။ မင်းရဲ့ လက်ပေါ်မှာ ဒီသင်္ကေတ ထွက်ပေါ်လာတာကို မြင်ရလို့ ငါ တကယ့်ကို အံ့ဩမိတယ်... ငါ့ရဲ့ တစ်သက်တာမှာ ဒီလိုမျိုး အဖြစ်အပျက်ကို နောက်တစ်ကြိမ် ထပ်မြင်ရလိမ့်မယ်လို့ မမျှော်လင့်ခဲ့သလို... မင်းရဲ့ အဖိုးလည်း မျှော်လင့်ထားမှာ မဟုတ်ဘူး။ ဒီဓားက မင်းကို သူ့ရဲ့သခင်အဖြစ် ရွေးချယ်လိုက်တာဟာ မင်း သိပ်ကို ကံကောင်းလွန်းလို့ပဲ" အကြီးအကဲစုန်က ယိုဟန်၏ ဘယ်ဘက်လက်ကောက်ဝတ်ထက်မှ သင်္ကေတသည် အသူရာနှင့် ဝိညာဉ်ချင်း ချိတ်ဆက်မိသွားခြင်း၏ အစပြုခြင်းဖြစ်ကြောင်း ရှင်းပြလိုက်သည်။
အဘိုးအိုလင်သည်လည်း အကြီးအကဲစုန်၏ ပါးစပ်ဖျားမှ ထိုစကားများကို ကြားလိုက်ရသည့်အခါ ဦးခေါင်းညိတ်ပြလိုက်ပြီး... ယိုဟန်ကို လှမ်းကြည့်ကာ ပြုံးလျက်— "မြေးလေး... အဖိုး မင်းအတွက် တကယ့်ကို ဂုဏ်ယူပါတယ်၊ ပြီးတော့ မင်း ဒီဓားနဲ့ ဝိညာဉ်ချည်နှောင်မှုကို တည်ဆောက်နိုင်ခဲ့တာကိုလည်း အဖိုး တကယ့်ကို အံ့ဩမိတယ်။ အဖိုး မင်းကို တစ်ခုပဲ မှာချင်တယ်... ဒီလက်နက်ကို အသုံးပြုတဲ့အခါ သေသေချာချာ သတိထားပါ၊ ပြီးတော့ ဒါကို လျှို့ဝှက်စွာနဲ့ သေချာ ဖုံးကွယ်ထားပြီး... တကယ့် အရေးပေါ် အခြေအနေမျိုးကျမှပဲ ထုတ်သုံးပါ" ဟု သူက ယိုဟန်ကို ကြည့်ကာ ဆိုလိုက်၏။
ထို့နောက် သူက ဆက်လက်၍— "ဒါက သာမန်ဓားတစ်လက် မဟုတ်ဘူး... ဘယ်သူကမျှ သူ့ရဲ့ မူလအစကို မသိကြပေမဲ့... သူ့ရဲ့ အစွမ်းကုန် အလားအလာကို ထုတ်ဖော်နိုင်ခဲ့မယ်ဆိုရင် တစ်ဦးတည်းနဲ့တင် ကောင်းကင်ဘုံကို အပိုင်းပိုင်း အစစ ဖြတ်တောက်နိုင်စွမ်းရှိတယ်။ ဒီလက်နက်နဲ့ ပတ်သက်ပြီး ကောလာဟလ ပုံပြင်တွေ အများကြီး ရှိခဲ့ပေမဲ့ ဘယ်သူကမှ သူ့ရဲ့ စွမ်းအားအစစ်အမှန်ကို အပြည့်အဝ မသိကြဘူး... ဒါပေမဲ့ ဒီလက်နက်က သိပ်ကို ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ကျိန်စာသင့်နေခဲ့တာ၊ လူအမြောက်အမြားဟာလည်း ဒီလက်နက်ကြောင့် သေဆုံးခဲ့ရဖူးတယ်.။ ငါ့ဘေးနားက ခွေးကောင်က ဒီလက်နက်ကို ဧကရာဇ်မင်းမြတ်ဆီကနေ ကိုယ်တိုင်ကိုယ်ကျ နှိုက်ယူလာခဲ့တာ" အဘိုးအိုလင်က အကြီးအကဲစုန်ကို လှမ်းကြည့်ရင်း ထိုစကားကို ဆိုလိုက်သည်။
ထိုအတောအတွင်း ယိုဟန်သည် သူ၏ အဖိုးပြောသမျှကို အလွန်ပင် အာရုံစိုက်၍ နားထောင်နေခဲ့သည်။ မိမိသည် ဤဓားနှင့် ဝိညာဉ်ချည်နှောင်မှုကို ပထမဆုံး တည်ဆောက်နိုင်ခဲ့သည့် လူသားတစ်ဦးဖြစ်ကြောင်း သိရှိလိုက်ရသဖြင့် သူ အံ့အားသင့်သွားခဲ့ရပြီး... ၎င်းတို့ကိုယ်တိုင်ပင် ဤဓား၏ စစ်မှန်သော နာမည်ကို မသိရှိကြဘဲ 'ကျိန်စာသင့်လက်နက်' ဟုသာ ဆက်တိုက် ခေါ်ဝေါ်နေခဲ့ကြခြင်း ဖြစ်သည်။
ယိုဟန်က အကြီးအကဲစုန်ကို လှမ်း၍ ကြည့်လိုက်၏။ "အကြီးအကဲက ဒီလိုလက်နက်မျိုးကို တော်ဝင်မိသားစုဆီကနေ ဘယ်လိုမျိုး ရအောင်ယူခဲ့တာလဲ... ပြီးတော့ သူတို့ကော ဒီဓားကို အလွယ်တကူပဲ ပေးလိုက်ကြတာလား၊ ကျွန်တော် တကယ့်ကို အံ့ဩပြီး စူးစမ်းချင်မိလို့ပါ" ယိုဟန်က အကြီးအကဲစုန်ကို စိုက်ကြည့်ကာ မေးမြန်းလိုက်သည်။
ထိုစကားကို ကြားလိုက်ရသည့်အခါ အဘိုးအိုလင်နှင့် အကြီးအကဲစုန်တို့သည် သဘောကျစွာ ရယ်မောလိုက်ကြပြီး... ယိုဟန်ကို လှမ်းကြည့်ကာ— "လုလင်ငယ်... ဧကရာဇ်က ငါ့အပေါ်မှာ ကြီးမားတဲ့ ကျေးဇူးကြွေးတစ်ခု ရှိခဲ့လို့ အဲဒီကျေးဇူးကို ဒီဓားနဲ့ ပြန်ဆပ်ခဲ့တာ။ ဒီဓားက တော်ဝင်မိသားစုထဲမှာ မျိုးဆက်တစ်ခုပြီးတစ်ခု လက်ဆင့်ကမ်းလာခဲ့တာ ဖြစ်ပြီး... ဧကရာဇ်ကိုယ်တိုင်ကလည်း ဒီဓားရဲ့ အန္တရာယ်ကနေ အမြန်ဆုံး စွန့်ပစ်ချင်နေခဲ့တာကြောင့်... ငါ့ကို ဆုလာဘ်တစ်ခုအနေနဲ့ ပေးအပ်ခဲ့တာ။ ငါကလည်း ဒီလက်နက်အပေါ် စူးစမ်းလိုစိတ် ရှိနေခဲ့တာကြောင့် လက်ခံယူခဲ့တာပေါ့" ဟု အကြီးအကဲစုန်က ယိုဟန်ကို ရှင်းပြလိုက်သည်။
အဘိုးအိုလင်က ယိုဟန်ကို လှမ်း၍ ကြည့်လိုက်၏။ "နားထောင်စမ်း မြေးလေး... ဒီဓားက သာမန်မဟုတ်ဘူး၊ ဒါကြောင့် အသုံးပြုတဲ့အခါ သိပ်ကို သတိထားရမယ်။ အဖိုးသာဆိုရင် မင်းကို ဒီဓားမျိုး လုံးဝ ကိုင်ခွင့်ပေးမှာ မဟုတ်ဘူး... ဒါပေမဲ့ ဝိညာဉ်ချည်နှောင်မှု ဖြစ်သွားပြီးတဲ့နောက်မှာတော့ ဘယ်သူကမှ မင်းကို ဒီလက်နက်နဲ့ ခွဲခွာအောင် လုပ်နိုင်မှာ မဟုတ်တော့ဘူး။
ဒါက ဆိုးရာကနေ အကောင်းဖြစ်လာတဲ့ ကံကောင်းခြင်းတစ်ရပ်ပဲ... ပြီးတော့ နောက်ထပ် အရေးကြီးတဲ့ တစ်ချက်က မင်းအနေနဲ့ ဒီလက်နက်ကို မင်းရဲ့ ဝိညာဉ်ကမ္ဘာထဲမှာ သိမ်းဆည်းထားလို့ရတယ်" ထိုအဘိုးအိုက ယိုဟန်ကို ကြည့်ကာ ပြုံးလျက် ထိုစကားကို ဆိုလိုက်သည်။
"ဘာ... အဖိုး ပြောတာ တကယ်ပဲလား" ထိုစကားကို ကြားလိုက်ရသည့်အခါ သူသည် အလွန်ပင် စိတ်လှုပ်ရှားတက်ကြွသွားခဲ့ရသည်။
"မှန်တာပေါ့... ဒါက ဝိညာဉ်လက်နက် တိုင်းမှာ ရှိတတ်တဲ့ ထူးခြားဆန်းပြားတဲ့ စွမ်းရည်တစ်ခုပဲ၊ မင်းအနေနဲ့ ဒီဓားကို မင်းရဲ့ ဝိညာဉ်ထဲမှာ သိမ်းဆည်းထားနိုင်ပြီး... မင်း အလိုရှိတဲ့ အချိန်တိုင်းမှာ ပြန်လည်ခေါ်ယူနိုင်စွမ်း ရှိတယ်" အဘိုးအိုလင်က ယိုဟန်ကို ပြန်လည်ဖြေကြားလိုက်ပြီး... အကြီးအကဲဆုန်သည်လည်း ယိုဟန်၏ မျက်နှာအမူအရာကို ကြည့်ကာ သဘောကျစွာ တဟားဟား ရယ်မောလိုက်တော့သည်။
ယိုဟန်သည် ထိုစကားကို ကြားလိုက်ရသည့်အခါ အလွန်ပင် ပျော်ရွှင်သွားခဲ့ရပြီး... သူ၏ ပေါင်ပေါ်၌ တင်ထားလျက် တလက်လက် တောက်ပနေသော ဓားနက်ကြီးကို လှမ်း၍ ကြည့်လိုက်သည်။ မိမိ၏ မြေးဖြစ်သူ၏ မျက်နှာထက်မှ ထိုအမူအရာကို မြင်တွေ့လိုက်ရသဖြင့် အဘိုးအိုလင်က ပြုံးလိုက်မိရင်း— "ဒါနဲ့... မင်း ဒီဓားအတွက် နာမည်တစ်ခုခု စဉ်းစားထားပြီးပြီလား၊ မိမိရဲ့ လက်နက်ကို နာမည်ပေးတာက သာမန်ကိစ္စတစ်ခု ဖြစ်သလို... ထို့ထက်ပိုပြီး ဒါက ဒဏ္ဍာရီလာ ရတနာတစ်ပါး ဖြစ်နေတာကြောင့်... မင်းရဲ့ ဓားကို ကောင်းမွန်တဲ့ နာမည်တစ်ခု ပေးသင့်တယ်" ဟု အဘိုးအိုလင်က ယိုဟန်ကို ဆိုလိုက်၏။
"ဟုတ်ပါတယ်... မင်းရဲ့ အဖိုးပြောတာ သိပ်မှန်တာပဲ၊ သေသေချာချာလေး နာမည်ပေးလိုက်စမ်းပါ" အကြီးအကဲစုန်ကလည်း ဦးခေါင်းညိတ်လျက် ထောက်ခံလိုက်သည်။
ထိုစကားများကို ကြားလိုက်ရသည့်အခါ ယိုဟန်၏ မျက်နှာထက်တွင် ဆိုးသွမ်းလှသော အပြုံးတစ်ခု ထွက်ပေါ်လာခဲ့သည်။ ယိုဟန်၏ မျက်နှာထက်မှ ထိုအပြုံးကို မြင်တွေ့လိုက်ရသဖြင့် အကြီးအကဲစုန်နှင့် အဘိုးအိုလင်တို့နှစ်ဦးစလုံး ကြောင်အမ်းသွားခဲ့ကြရပြီး... သူ ဓားကို စိုက်ကြည့်နေသည့် ပုံစံကြောင့် ၎င်းတို့အနေဖြင့် မကောင်းသော အငွေ့အသက် အာရုံတစ်ခုကို ခံစားလိုက်ရသည်။ ထိုအတောအတွင်း ယိုဟန်၏ အပြုံးမှာ ပိုမို၍ ကြီးမားကျယ်ပြန့်လာခဲ့ပြီး သူ၏ လက်ခုပ်တွင်းရှိ ဓားတော်ကို စိုက်ကြည့်လိုက်ရင်း—
"ဒီဓားကို... 'အသူရာ' လို့ပဲ ငါ ခေါ်တော့မယ်"