ယိုဟန်သည် ကျိန်စာသင့်ဓားကို လက်ဝယ်ဆုပ်ကိုင်ထားရင်း လက်နက်ခန်းမဆောင်ကြီးအတွင်း၌ မတ်တတ်ရပ်နေခဲ့သည်။ ခုတင်တင်တင်ကပဲ ခြေလှမ်းတစ်ထောင် ဓားသိုင်းအတတ်ပညာနှင့် ပတ်သက်သည့် အကြောင်းကြားချက်ကို ကြားသိခဲ့ရသဖြင့် ၎င်းကို လေ့လာသင်ယူရန် အလွန်ပင် ထက်သန်နေခဲ့သော်လည်း... စနစ်၏ အကူအညီဖြင့် ထိုအတတ်ပညာကို တိုက်ရိုက်လေ့လာနိုင်ကြောင်း သိရှိလိုက်ရသည့်အခါ သူ အံ့အားသင့်သွားခဲ့ရပြန်သည်။
[ခြေလှမ်းတစ်ထောင် ဓားသိုင်းအတတ်ပညာအား အရှင်၏ စိတ်အာရုံအတွင်းသို့ လွှဲပြောင်းပေးနေပါသည်]
ထို့နောက် နောက်တစ်စက္ကန့်တွင်မူ ကွဲပြားခြားနားလှသော သတင်းအချက်အလက်အမြောက်အမြားသည် သူ၏ ဦးနှောက်အတွင်းသို့ အလုံးအရင်းနှင့် စတင်ဝင်ရောက်လာခဲ့သည်။
ထိုအချက်အလက်များအားလုံးမှာ ခြေလှမ်းတစ်ထောင် ဓားသိုင်းအတတ်ပညာနှင့် သက်ဆိုင်နေခဲ့ရာ... မိမိ၏ မျက်စိရှေ့မှောက်၌ ထွက်ပေါ်လာသော ထိုအရာများကို ကြည့်ရင်း သူသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် တံတွေးကို အားယူမြိုချလိုက်မိတော့သည်။
[အရှင်အား ဂုဏ်ယူပါသည်... သင်သည် ခြေလှမ်းတစ်ထောင် ဓားသိုင်းအတတ်ပညာကို တတ်မြောက်သွားခဲ့ပါပြီ]
<ခြေလှမ်းတစ်ထောင် ဓားသိုင်းအတတ်ပညာ>
<အဆင့်အတန်း - နတ်ဘုရားအဆင့် >
<ဖော်ပြချက် - အပြည့်အဝ တတ်မြောက်နားလည်သွားသည့်အခါ ရွေ့လျားမှု တစ်ချက်တည်းဖြင့်ပင် တိုက်ခိုက်မှုပေါင်း ထောင်နှင့်ချီ၍ ထုတ်ဖော်နိုင်စွမ်းရှိသော အစွမ်းထက်လှသည့် ဓားသိုင်းအတတ်ပညာတစ်ခု ဖြစ်သည်>
<အခြေအနေ - အဆင့်မြှင့်တင်နိုင်ပါသည်>
ယိုဟန်၏ မျက်စိရှေ့မှောက်တွင် အပြာရောင် စနစ်မျက်နှာပြင်တစ်ခု ထွက်ပေါ်လာခဲ့ပြီး ထိုမျက်နှာပြင်ထက်၌ ခြေလှမ်းတစ်ထောင် ဓားသိုင်းအတတ်ပညာနှင့် ပတ်သက်သည့် အချက်အလက်များကို အထင်အရှား မြင်တွေ့နေရခြင်း ဖြစ်သည်။
ယိုဟန်သည် မိမိ၏ အတတ်ပညာအသစ်နှင့် ပတ်သက်သည့် ထိုဖော်ပြချက်များကို ဖတ်ရှုပြီးနောက် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်မိရင်း— "အိမ်ပြန်ရောက်တာနဲ့ ဒီဓားသိုင်းအတတ်ပညာကို သေသေချာချာ လေ့ကျင့်ရမယ်... ဒါပေမဲ့ အဲဒါမတိုင်ခင် အသူရာရဲ့ အခြေအနေကို အရင်ဆုံး ကြည့်လိုက်ဦးမှပဲ" ဟု ဆိုကာ သူ၏ ဆုပ်ကိုင်မှုအတွင်းရှိ ဓားတော်ကို လှမ်း၍ ကြည့်လိုက်သည်။
<အသူရာ>
<အဆင့် - ၁>
<အမျိုးအစား - ဝိညာဉ်လက်နက် >
<အဆင့်အတန်း - ကောင်းကင်အဆင့် >
<ကြီးထွားမှု - အဆင့်မြှင့်တင်နိုင်ပါသည်>
<ဖော်ပြချက် - ???>
"ကောင်းကင်အဆင့် ဟုတ်လား... မင်းရဲ့ မူလအစက ဘာများလဲ" ယိုဟန်သည် သူ၏ လက်ခုပ်တွင်းရှိ ဓားတော်ကို စိုက်ကြည့်ရင်း မေးမြန်းလိုက်မိသည်။ သူသည် အသူရာဓါးနှင့် ပတ်သက်၍ အလွန်ပင် စူးစမ်းလိုစိတ် ပြင်းပြနေခဲ့၏။ အမှန်စင်စစ် ထိုဓားတော်သည် သိပ်ကို ဆန်းကြယ်နက်နဲလွန်းပုံရသဖြင့် ဤလှပသော လက်နက်၏ နောက်ကွယ်မှ လျှို့ဝှက်ချက်များကို သူ ဖော်ထုတ်ချင်နေခဲ့ခြင်း ဖြစ်သည်။
ယိုဟန်သည် မိမိ၏ ဓားတော်ကို ကြည့်ရင်း အာရုံဝင်စားနေခဲ့သော်လည်း... ရုတ်တရက်ဆိုသလို သူ့ကို ကြိုတင်ပြင်ဆင်ခွင့်မပေးဘဲ အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့သည်။
"ယိုဟန်... မင်းနဲ့ သင့်တော်မယ့်အရာတစ်ခုခုကို ရှာတွေ့ပြီလား" ရင်းနှီးနေသော အသံတစ်ခုက သူ၏ နောက်ကွယ်မှနေ၍ ထွက်ပေါ်လာခဲ့သဖြင့် ထိုအသံကို ကြားလိုက်ရသည့်အခါ ယိုဟန် ပြာပြာသလဲ ဖြစ်သွားခဲ့ရတော့သည်။
ထိုအတောအတွင်း—
"တောက်... အဲဒီ ခွေးကောင်ကြောင့် ငါ့ရဲ့ အသက်က အခုလိုမျိုး ကြီးမားတဲ့ ဘေးအန္တရာယ်နဲ့ ရင်ဆိုင်နေရတာ။ ဒီတစ်ကြိမ်တော့ သူ့ကို သေသေချာချာ နှိပ်စက်ပြီး အသေ သတ်ပစ်ရမယ်... ဒါပေမဲ့ သူ့ကို သတ်ပစ်ဖို့ အခွင့်အရေးကို ဘယ်မှာ ရှာရမလဲ၊ ဒီလို အချိန်မျိုးမှာ လင်မျိုးနွယ်စုရဲ့ ဝင်းခြံထဲကို တိတ်တဆိတ် ခိုးဝင်ဖို့ဆိုတာ သိပ်ကို အန္တရာယ်များလွန်းတယ်" အမျိုးသားတစ်ဦးသည် လင်မျိုးနွယ်စု၏ စံအိမ်တော်နှင့် မီတာရာနှင့်ချီ၍ ဝေးကွာသော အရပ်၌ မတ်တတ်ရပ်နေခဲ့သည်။
သူသည် အဆိပ်တစ်ထောင်ချိုင့်ဝှမ်း မှ လူသတ်သမား ဖြစ်၏။ သူသည် လူအများ၏ သတိပြုမိခြင်းကို မခံရစေရန်အတွက် သာမန်ဝတ်စုံကို ဆင်မြန်းထားခဲ့ပြီး သူ၏ အကြည့်များက လင်မျိုးနွယ်စု၏ စံအိမ်တော်ထံသို့ ရောက်ရှိနေခဲ့သည်။
သူသည် လင်မျိုးနွယ်စု၏ စံအိမ်တော်ကို သေသေချာချာ စောင့်ကြည့်နေခဲ့ပြီး ယိုဟန်ကို သတ်ဖြတ်ကာ မိမိ၏ လုပ်ငန်းစဉ်ကို ပြီးမြောက်အောင်မြင်စေမည့် နည်းလမ်းကို ရှာဖွေနေခဲ့ခြင်း ဖြစ်သည်။ အကယ်၍ ဤတစ်ကြိမ်သာ သူ ကျရှုံးခဲ့မည်ဆိုပါက... နီကိုလပ်စ် ၏ လက်ချက်ဖြင့် မလွဲမသွေ သေဆုံးရတော့မည်ကို သူ ကောင်းကောင်းသိရှိထား၏။
"မင်း ငါ့ကို ခဏလောက်ပဲ စောင့်နေလိုက်စမ်းပါ အရှက်မရှိတဲ့ ခွေးကောင်... ဒီညကျရင် မင်းကို သတ်ပစ်ပြီး မင်းရဲ့ ခေါင်းကို သခင်ကြီး နီကိုလပ်စ်ထံ ပူဇော်ဖို့ ယူဆောင်သွားရမယ်" သူက မိမိ၏ လက်သီးကို တင်းတင်းဆုပ်လိုက်ရင်း စိတ်ထဲကနေ ရေရွတ်လိုက်မိပြီး ယိုဟန်ကို နှလုံးသားထဲကနေ၍ လှိုက်လှိုက်လှဲလှဲ ကျိန်ဆဲနေခဲ့တော့သည်။
------------------
ထိုအတောအတွင်း—
စုလင်နှင့် အလီနာတို့သည် ဖုန်းမိသားစုကို ၎င်းတို့၏ စံအိမ်တော်အတွင်းသို့ ဦးဆောင်ခေါ်ယူခဲ့ကြပြီး ၎င်းတို့အားလုံးသည် ဧည့်ခန်းမဆောင်အတွင်း၌ နေရာယူလိုက်ကြသည်။
သို့သော်လည်း စုလင်သည် တစ်စုံတစ်ခုကို စူးစမ်းလိုသည့် အမူအရာ ရှိနေခဲ့သည်။ သူက အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး ရှောင်ဖုန်းကို လှမ်း၍ ကြည့်လိုက်၏။
"ရှောင်ဖန်း... သမီး ဂိုဏ်းရဲ့ အတွင်းစည်းတပည့် ဖြစ်သွားပြီဆိုတာ တကယ်ပဲလား" သူက သံသယရှိနေခဲ့သော်လည်း အတည်ပြုလိုသည့်အတွက် သူမကို မေးမြန်းလိုက်ခြင်း ဖြစ်သည်။
"ဟုတ်ပါတယ် အစ်ကိုကြီး စုလင်... မင်း ကြားတာ တကယ့်ကို မှန်ပါတယ်၊ သမီးလေးက အတွင်းစည်းတပည့် ဖြစ်သွားခဲ့ပါပြီ" ရုတ်တရက်ဆိုသလို ဖုန်းယွမ်က ထိုစကားကို စိတ်လှုပ်ရှားတက်ကြွစွာဖြင့် ဝင်ရောက်ပြောကြားလိုက်သည်။
သူသည် သူ၏ သမီးဖြစ်သူ ပြန်လည်ဖြေကြားမည့် အချိန်ကိုပင် စောင့်ဆိုင်းမနေခဲ့ပါချေ။ ၎င်းကို မြင်လိုက်ရသည့်အခါ ဖုန်းမင်က သဘောကျစွာ ပြုံးလိုက်မိသည်။
စုလင်၏ မျက်နှာအမူအရာမှာ အနည်းငယ် တောင့်တင်းသွားခဲ့ရသည်။ ရှောင်ဖန်းအနေဖြင့် နတ်ဘုရားပွင့်လန်းခြင်းဂိုဏ်း ၏ အတွင်းစည်းသို့ ဝင်ရောက်ခွင့်ရရှိသွားခဲ့ပြီဖြစ်ကြောင်း သိရှိလိုက်ရသောကြောင့် ဖြစ်၏။
ရှောင်ဖန်းသည် နတ်ဘုရားပွင့်လန်းခြင်းဂိုဏ်း၏ အတွင်းစည်းတပည့် ဖြစ်သွားခဲ့ပြီဟူသော အကြောင်းအရာကို ကြားလိုက်ရသည့်အခါ သူသည် အလွန်ပင် အံ့အားသင့်ကာ မှင်တက်သွားခဲ့ရသည်။
ဖုန်းမင်နှင့် ဖုန်းယွမ်တို့နှစ်ဦးစလုံးမှာ မိမိတို့၏ သမီးဖြစ်သူကို ကြည့်ကာ အလွန်ပင် ဂုဏ်ယူဝင့်ကြွားနေကြသည့် အမူအရာ ရှိနေခဲ့ကြသည်။
ရှောင်ဖန်းက ဦးခေါင်းညိတ်ပြလိုက်ပြီး စုလင်ကို လှမ်းကြည့်ကာ—
"ဟုတ်ပါတယ် ဦးလေးလင်... လာမယ့်လကစပြီး သမီး ဂိုဏ်းရဲ့ အတွင်းစည်းကို ဝင်ရောက်တော့မှာပါ၊ ဂိုဏ်းရဲ့ အထွတ်အထိပ်အကြီးအကဲ ကိုယ်တိုင် သမီးကို ကိုယ်တိုင်ကိုယ်ကျ ထောက်ခံပေးခဲ့တာပါ" ရှောင်ဖန်းက စုလင်ကို စိုက်ကြည့်ရင်း ထိုစကားကို ဆိုလိုက်သည်။
အလီနာသည်လည်း စုလင်၏ ဘေးနားတွင် ထိုင်နေခဲ့ရာ... ထိုစကားများကို ကြားလိုက်ရသည့်အခါ သူမက ရှောင်ဖန်းကို ကြည့်ကာ ပြုံးလျက်— "ဒေါ်လေး သမီးအတွက် တကယ့်ကို ဂုဏ်ယူပါတယ် ရှောင်ဖန်းရယ်... လူအများစုက အိပ်မက်ထဲမှာပဲ စိတ်ကူးယဉ်နိုင်တဲ့ ကြီးမားတဲ့ အောင်မြင်မှုအဆင့်အတန်းမျိုးကို သမီးက ဆွတ်ခူးနိုင်ခဲ့တာပဲ၊ သမီးက ဖုန်းမြို့တော်ရဲ့ ဂုဏ်ဆောင်ပဲဥစ္စာ" ဟု အလီနာက သူမကို ဆိုလိုက်၏။
"မှန်တာပေါ့... သူမက ဖုန်းမြို့တော်ရဲ့ ဂုဏ်ဆောင်ပါပဲ" ဖုန်းယွမ်က ရှောင်ဖန်းကို ကြည့်ကာ ပြုံးလျက် ထိုစကားကို ဆိုလိုက်ပြီး... ဖုန်းမင်ကလည်း မိမိ၏ ကလေးငယ်၏ အောင်မြင်မှုအပေါ် အသိအမှတ်ပြုသည့်အနေဖြင့် ဦးခေါင်းညိတ်ပြလိုက်သည်။
သို့သော်လည်း ရုတ်တရက်ဆိုသလို ဖုန်းမင်က အလီနာကို လှမ်းကြည့်လိုက်ရင်း— "အစ်မ အလီနာ... ယိုဟန်လေးကော ဘယ်လိုလဲ၊ သူကလည်း နတ်ဘုရားပွင့်လန်းခြင်းဂိုဏ်းရဲ့ ပြင်ပစည်းတပည့် တစ်ယောက်ပဲ မဟုတ်လား... သူ့အနေနဲ့ကော ဂိုဏ်းကို ပြန်သွားဖို့ မရှိတော့ဘူးလား၊ သူ ဂိုဏ်းကနေ ထွက်ပြေး— ဟွတ်... ငါဆိုလိုတာက သူ လွန်ခဲ့တဲ့ တစ်လလောက်က လင်မျိုးနွယ်စုဆီ ပြန်လာပြီးကတည်းက ဂိုဏ်းကို ပြန်မသွားတော့ဘူးလို့ ကြားထားလို့ပါ" ဖုန်းမင်က အလီနာကို လှမ်းကြည့်ကာ မေးမြန်းလိုက်ပြီး... နောက်တစ်စက္ကန့်တွင် သူမ၏ အကြည့်များကို စုလင်ထံသို့ ရွှေ့ပြောင်းလိုက်သည်။
ဖုန်းယွမ်နှင့် ရှောင်ဖန်းတို့သည် ဖုန်းမင်၏ စကားကို ကြားလိုက်ရသည့်အခါ ခါးသီးစွာ ပြုံးလိုက်ကြမိပြီး... အထူးသဖြင့် ဖုန်းယွမ်မှာမူ အလွန်ပင် မျက်နှာပျက်သွားခဲ့ရသည်။ မိမိ၏ ဇနီးဖြစ်သူက ဤကဲ့သို့သော အခမ်းအနားမျိုးတွင် ယခုကဲ့သို့သော ကိစ္စကို မေးမြန်းလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့မိသောကြောင့် ဖြစ်၏။
သို့သော်လည်း မိမိ၏ ဇနီးသည်တွင် မကောင်းသော ရည်ရွယ်ချက် မရှိကြောင်းကိုမူ သူ ကောင်းကောင်းနားလည်ထားသည်။ သူမသည် စကားပြောရုံသက်သက်သာဖြစ်ပြီး တစ်ခါတရံတွင် မိမိ ဘာတွေ ပြောဆိုနေမိသည်ကို သေသေချာချာ တွေးတောတတ်သူ မဟုတ်ပါချေ။
ထိုစကားများကို ကြားလိုက်ရသည့်အခါ အလီနာက ဖုန်းမင်ကို လှမ်း၍ ကြည့်လိုက်ရာ... စကားလုံးများကြောင့် သူမ ဒေါသအနည်းငယ် ထွက်သွားခဲ့ရသော်လည်း... ဖုန်းမင်၏ ပေါ့ပါးသွက်လက်ပြီး ကလေးဆန်သော သဘာဝကို သိရှိထားသဖြင့် မိမိကိုယ်ကိုယ် ပြန်လည်တည်ငြိမ်အောင် ထိန်းချုပ်လိုက်သည်။
သူမက ပြုံးလိုက်ပြီး ဖုန်းမင်ကို လှမ်းကြည့်ကာ— "ဟုတ်ပါတယ်... သူ လွန်ခဲ့တဲ့ တစ်လက နတ်ဘုရားပွင့်လန်းခြင်းဂိုဏ်းကနေ ထွက်ခွာခဲ့ပြီးကတည်းက ဂိုဏ်းကို ပြန်မသွားတော့ပါဘူး" သူမက ဖုန်းမင်နှင့် ဖုန်းယွမ်တို့ကို ကြည့်ကာ ထိုစကားကို ဆိုလိုက်သော်လည်း သူမ၏ တည်ငြိမ်မှုကိုမူ လုံးဝ ပျက်ပြားမခံခဲ့ပါချေ။
ထို့နောက် သူမက ဆက်လက်၍— "ပြီးတော့ သူ့အနေနဲ့ ဂိုဏ်းကို ပြန်သွားလိမ့်မယ်လို့လည်း ဒေါ်လေး မထင်ပါဘူး... ဒေါ်လေးအနေနဲ့လည်း အဲဒီကိစ္စအပေါ် လုံးဝ စိတ်မရှိပါဘူး၊ သူ့ကို ဂိုဏ်းထဲဝင်ဖို့ အတင်းအကြပ် ဖိအားပေးမှာ မဟုတ်သလို... ဒါက သူ့ရဲ့ ရွေးချယ်မှုပဲလေ" သူမက ဖုန်းမင်ကို ပြန်လည်ဖြေကြားလိုက်ရင်း ပြုံးပြလိုက်တော့သည်။
ထိုစကားများကို ကြားလိုက်ရသည့်အခါ ဖုန်းမိသားစုတစ်ခုလုံး အံ့အားသင့်သွားခဲ့ကြရသည်။ အလီနာအနေဖြင့် ဤကဲ့သို့သော ကိစ္စရပ်ကြီးကို ဘာမှမဟုတ်သည့်အလား လွယ်လွယ်ကူကူ ဖွင့်ဟပြောဆိုလိမ့်မည်ဟု ၎င်းတို့ လုံးဝ ထင်မှတ်မထားခဲ့မိသောကြောင့် ဖြစ်တော့သည်။