"နေဦး... ဘာကြီးလဲ။ ကျိန်စာသင့်ဓားနဲ့ ကစာချုပ် ချုပ်ရမယ် ဟုတ်လား။ အခုချက်ချင်း လုပ်လိုက်မယ်။ စာချုပ်ချုပ်လို့ရမယ့် အခြေအနေရှိနေရင် ငါက အလကားနေရင်း ငတုံးအဖြစ်မခံနိုင်ဘူး။ ဒါက ဓားသိုင်းအတတ်ပညာတစ်ခုကို လေ့လာဖို့ ငါ့အတွက် ရွှေရောင်အခွင့်အလမ်းပဲ။ အဲဒီနည်းနဲ့ အနည်းဆုံးတော့ ငါ့ကိုယ်ငါ ဘေးအန္တရာယ်တွေကနေ ကာကွယ်နိုင်လိမ့်မယ်။" ယိုဟန်သည် သူ၏ ညာဘက်လက်ဖြင့် ထိုကျိန်စာသင့်ဓားကို ဆုပ်ကိုင်ထားရင်း စိတ်ထဲကနေ ရေရွတ်လိုက်မိသည်။ ဓားတော်သည် သူ၏ လက်ခုပ်တွင်း၌ ပြင်းထန်စွာ တုန်ခါလာခဲ့၏။
"တောက်... မလှုပ်ရှားဘဲ ငြိမ်ငြိမ်နေပြီး ငါနဲ့ စာချုပ်ချုပ်စမ်း။ ဘုရားရေ... တစ်ချက်လောက် ငြိမ်ငြိမ်နေပေးစမ်းပါ" သူက တိုးတိုးလေး ညည်းတွားလိုက်ရင်း မိမိ၏ လက်နှစ်ဖက်စလုံးဖြင့် ထိုဓားကို စတင်ထိန်းချုပ်လိုက်တော့သည်။
တီ—
[ကျိန်စာသင့်ဓားနှင့် စာချုပ်ချုပ်ဆိုရန် သတ်မှတ်ချက်အားလုံး ပြည့်မှီပါသည်။ အိမ်ရှင်သည် မည်သည့်ကျိန်စာမျိုးကိုမဆို ခုခံနိုင်စွမ်း ရှိပါသည်။ မိစ္ဆာဓား 'အသူရာ' နှင့် စာချုပ်ချုပ်ဆိုခြင်းကို စတင်နေပြီဖြစ်၍ ကျေးဇူးပြု၍ ခေတ္တစောင့်ဆိုင်းပေးပါ]
ထိုစကားများကို ကြားလိုက်ရသည့်အခါ သူ၏ မျက်နှာထက်တွင် ကောက်ကျစ်သော အပြုံးတစ်ခု ထွက်ပေါ်လာခဲ့သည်။
ဓားတော်သည် သူ၏ ဆုပ်ကိုင်မှုအတွင်းမှ ရုန်းထွက်ပြေးရန် ကြိုးစားနေသော်လည်း... သူက မိမိ၏ အသက်နှင့်လဲ၍ ထိုဓားကို အစွမ်းကုန် အတင်းအကြပ် ဆုပ်ကိုင်ထားခဲ့သည်။ ထိုဓားနှင့်အတူ အလကားရရှိမည့် ဓားသိုင်းအတတ်ပညာကို လေ့လာခွင့်ရမည့် အခွင့်အရေးမျိုးကို မည်သူက လက်လွတ်ခံချင်ပါအံ့နည်း။ ထို့ထက်ပို၍ ထိုဓား၏ အမည်နာမကလည်း အတော်ပင် ခန့်ညားထည်ဝါလှသည်။
ခဏမျှ ကြာပြီးနောက်တွင်မူ သူ၏ လက်ထဲရှိ ဓားတော်သည် တုန်ခါနေခြင်းကို ရပ်တန့်သွားခဲ့ပြီး ဓားမျက်နှာပြင်ထက်တွင် နက်မှောင်သော မီးလျှံများ စတင်ထွက်ပေါ်လာခဲ့သည်။ ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ ယိုဟန်သည် တံတွေးကို အားယူမြိုချလိုက်မိစဉ်... နောက်တစ်စက္ကန့်တွင် သူ၏ အသိစိတ်အာရုံအတွင်း၌ ရင်းနှီးနေသော အသံတစ်ခုကို ကြားလိုက်ရပြန်သည်။
[မိစ္ဆာဓား 'အသူရာ' နှင့် စာချုပ်ချုပ်ဆိုခြင်း အောင်မြင်ခဲ့သည့်အတွက် အိမ်ရှင်အား ဂုဏ်ယူပါသည်၊ ယိုဟန် အမည်ရှိ ကျင့်ကြံသူနှင့် မိစ္ဆာဓား 'အသူရာ' အကြား ဝိညာဉ်ရေးရာ နှောင်ကြိုးတစ်ခု စတင်ဖြစ်တည်သွားခဲ့ပါပြီ။ ယခုအချိန်မှစ၍ သင်သည် ဤဓားတော်၏ အရှင်သခင် ဖြစ်ပါသည်]
[ဝှက်ဖုံးနေသော လုပ်ငန်းစဉ်ကို ပြီးမြောက်ခဲ့သည့်အတွက် အိမ်ရှင်အား ဂုဏ်ယူပါသည်၊ သင်သည် ဆုလာဘ်အဖြစ် 'ခြေလှမ်းတစ်ထောင် ဓားသိုင်းအတတ်ပညာ' ကို ရရှိပါသည်]
"သင်သည် စနစ်မျက်နှာပြင်ကို ဖွင့်လှစ်ပြီး မိမိ၏ အခြေအနေပြစာရင်းအတွင်း၌ ဝိညာဉ်လက်နက် ၏ အဆင့်အတန်းကို စစ်ဆေးနိုင်ပါသည်" ထိုအကြောင်းကြားချက်များက သူ၏ အသိစိတ်အာရုံအတွင်း၌ တစ်ခုပြီးတစ်ခု ပဲ့တင်ထပ်၍ ထွက်ပေါ်လာခဲ့သဖြင့် သူသည် သိပ်ကို စိတ်လှုပ်ရှားတက်ကြွပြီး အံ့အားသင့်သွားခဲ့ရသည်။
သူက လှပတင့်တယ်လှသော ဓားတော်ကို လှမ်း၍ ကြည့်လိုက်မိရာ... ဓားတော်သည် သိပ်ကို ကြောက်မက်ဖွယ်ကောင်းလှသော အငွေ့အသက်များကို ထုတ်လွှင့်နေခဲ့ပြီး ခဏအကြာတွင် ဓား၏ ဘေးပတ်လည်ရှိ နက်မှောင်သော မီးလျှံများက တဖြည်းဖြည်းချင်း ကွယ်ပျောက်သွားခဲ့သည်။ ဤဓားတွင် ထူးခြားဆန်းပြားသော အချက်တစ်ခု ရှိနေသည်ကို သူ သတိပြုမိသွားခဲ့ရာ... ၎င်းမှာ ဤအခန်းအတွင်း၌ တည်ရှိနေသော သာမန်ဓားများနှင့် လုံးဝမတူဘဲ တစ်ကိုယ်လုံး စုတ်ချက်သဖွယ် နက်မှောင်နေခြင်း ဖြစ်၏။ သို့သော်လည်း သူ၏ တစ်သက်တာတွင် တစ်ခါမျှ မကြားဖူးခဲ့သော 'ဝိညာဉ်လက်နက်' ဟူသည့် ဝေါဟာရအသစ်ကို ကြားလိုက်ရသဖြင့် သူ သိပ်ကို စိတ်လှုပ်ရှားနေခဲ့သည်။
'ဝိညာဉ်လက်နက် ဟုတ်လား... အဲဒါနဲ့ပတ်သက်ပြီး ဘာတစ်ခုမှ မကြားဖူးပါဘူး၊ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် နောက်ဆုံးတော့ ငါ့အတွက် ခြေလှမ်းတစ်ထောင် ဓားသိုင်းအတတ်ပညာနဲ့အတူ ဒီဓားကို ရရှိခဲ့ပြီပဲ။ ဒါပေမဲ့ အခုက အောင်ပွဲခံရမယ့် အချိန်မဟုတ်သေးဘူး... အဲဒီအတတ်ပညာကို ဘယ်လိုလေ့လာရမလဲဆိုတာ ငါ သိဖို့လိုတယ်' သူက မိမိကိုယ်ကိုယ် တွေးတောလိုက်မိစဉ်... နောက်တစ်စက္ကန့်တွင် သူ့ကို အံ့အားသင့်သွားစေမည့် အရာတစ်ခု ထပ်မံဖြစ်ပွားခဲ့ပြန်သည်။
တီ—
[အရှင်အနေဖြင့် 'ခြေလှမ်းတစ်ထောင် ဓားသိုင်းအတတ်ပညာ' ကို လေ့လာလိုပါသလား = ဟုတ်ကဲ့ / မလုပ်ဆောင်ပါ]
"နေဦး... ဘာကြီးလဲ။ ငါက ဘာမှမလုပ်ဘဲနဲ့ အဲဒီအတတ်ပညာကို တန်းပြီး လေ့လာလို့ရတာလား" သူ၏ အသိစိတ်အာရုံအတွင်း၌ ထိုအကြောင်းကြားချက်ကို ကြားလိုက်ရသည့်အခါ သူက တိုးတိုးလေး ရေရွတ်လိုက်မိသည်။
သူသည် မိမိ၏ အတွေးများကို စုစည်းရန် ခဏမျှ အချိန်ယူလိုက်ပြီးနောက်... အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ရင်း— "ဟုတ်ကဲ့... ကျွန်တော် ခြေလှမ်းတစ်ထောင် ဓားသိုင်းအတတ်ပညာကို လေ့လာချင်ပါတယ်"
တီ—
[အရှင်သည် 'ခြေလှမ်းတစ်ထောင် ဓားသိုင်းအတတ်ပညာ' ကို လေ့လာရန် အမိန့်ပေးချက်ကို လက်ခံရရှိပါသည်၊ ကျေးဇူးပြု၍ ခေတ္တစောင့်ဆိုင်းပေးပါ]
ထိုအကြောင်းကြားချက်ကို ကြားလိုက်ရသည့်အခါ ယိုဟန်၏ နှလုံးခုန်သံများက ပိုမိုမြန်ဆန်ကာ ကျယ်လောင်လာခဲ့သည်။ တစ်ရက်တည်းအတွင်းမှာတင် သူ့ထံ၌ ကိစ္စရပ်အမျိုးမျိုး ဆက်တိုက်ဖြစ်ပျက်နေခဲ့ရာ... မိမိ၏ ကံကြမ္မာကောင်းမှုကြောင့် ရယ်ရမလား ငိုရမလားပင် သူ မသိတော့ပါချေ။ ထိုဓားသည် အစောပိုင်းက သူ၏ အသိစိတ်ဝိညာဉ်ကို ဝါးမြိုရန် ကြိုးစားခဲ့သော်လည်း အခုအချိန်တွင်မူ သူက ထိုကျိန်စာသင့်ဓား၏ အရှင်သခင် ဖြစ်လာခဲ့ပြီ ဖြစ်သည်။
ထိုဓား၏ ကျိန်စာတိုက်ခြင်းကို ခံနေရသည်ဟူသော အကြောင်းကြားချက်ကို ကြားလိုက်ရသည့် အချိန်တုန်းက... ရုတ်တရက်ဆိုသလို အကြီးအကဲစုန်၏ စကားများက သူ၏ အာရုံထဲတွင် ပဲ့တင်ထပ်၍ ထွက်ပေါ်လာခဲ့ဖူးသည်။ ထိုအဘိုးကြီးက သူ့ကို သတိပေးခဲ့ရာ... ဤနေရာတွင် လူတစ်ယောက်၏ အသိစိတ်ဝိညာဉ်ကို ဝါးမြိုပြီး အရူးတစ်ယောက်အဖြစ် ပြောင်းလဲပစ်နိုင်သော အရာအချို့ တည်ရှိနေသည်ဟု ဆိုခဲ့သဖြင့်... သူသည် ယခုကဲ့သို့ ငယ်ရွယ်သော သက်တမ်းဖြင့် အရူးတစ်ယောက် ဖြစ်သွားတော့မည်ဟု ထင်မှတ်နေခဲ့ခြင်း ဖြစ်၏။
ယိုဟန်သည် ဤခန်းမဆောင်ကြီး၏ အဆုံးသတ်အရပ်၌ ဓားတော်ကို ဆုပ်ကိုင်ထားရင်း တည်ငြိမ်စွာဖြင့် မတ်တတ်ရပ်နေခဲ့သော်လည်း... သူ၏ အဖိုးနှင့် အကြီးအကဲစုန်တို့မှာမူ ခန်းမဆောင်ကြီး၏ ဝင်ပေါက်နားတွင် တစ်ဦးကိုတစ်ဦး စကားပြောဆိုနေကြဆဲ ဖြစ်သည်။
ထိုအတောအတွင်း—
"ဟေ့... စုန်၊ မင်းရဲ့ မြေးမလေးက ဒီရက်ပိုင်းအတွင်း ဘာတွေလုပ်နေလဲ၊ သူမက မကြာခင်ကျင်းပမယ့် ဂိုဏ်းရဲ့ တပည့်အဆင့်ရွေးချယ်ပွဲ စာမေးပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ငါ ကြားထားတယ်" အဘိုးအိုလင်က အကြီးအကဲစုန်ကို လှမ်းကြည့်ကာ ထိုမေးခွန်းကို မေးမြန်းလိုက်သည်။
"ဟုတ်ပါတယ်... သူမက မကြာခင်ကျင်းပမယ့် ဂိုဏ်းရဲ့ တပည့်အဆင့်ရွေးချယ်ပွဲ စာမေးပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မှာပါ၊ သူမက သိပ်ကို လိမ္မာတဲ့ ကလေးမလေးတစ်ယောက်လေ... သက်တမ်းအားဖြင့်လည်း ယိုဟန်နဲ့ မတိမ်းမယိမ်းပါပဲ" အကြီးအကဲစုန်က အဘိုးအိုလင်ကို ပြန်လည်ဖြေကြားလိုက်ရင်း ပတ်ဝန်းကျင်သို့ ဟိုဟိုဒီဒီ လှည့်လည်ကြည့်ရှုလိုက်သည်။
"ယိုဟန်ကော ဘယ်ရောက်သွားလဲ... တို့တွေ သူ့အကြောင်းကို မေ့သွားကြတာပဲ၊ သူ ဓားကို ရွေးချယ်ပြီးပြီလား မသိဘူး... ဒီတန်းထဲမှာဆိုရင် သိပ်ကို ပြောင်မြောက်လှတဲ့ ဓားအချို့ ရှိနေတာ၊ မင်းရဲ့ မြေးလေးလည်း အဲဒါတွေကို သဘောကျမှာ သေချာတယ်" အကြီးအကဲစုန်က သူ၏ ဘေးနားရှိ တန်းဆီသို့ လက်ညှိုးညွှန်ပြလိုက်ရာ... အဘိုးအိုလင်က ပတ်ဝန်းကျင်သို့ ဟိုဟိုဒီဒီ လှည့်လည်ကြည့်ရှုလိုက်သော်လည်း သူတို့၏ ဘေးပတ်လည်တွင် ယိုဟန်ကို ရှာမတွေ့ခဲ့ပါချေ။
"သူ ခန်းမဆောင်ရဲ့ အတွင်းပိုင်းအထိ နက်နက်ရှိုင်းရှိုင်း လှည့်လည်ကြည့်ရှုနေတာ ဖြစ်ရမယ်... ဒီခန်းမက တော်တော်လေးကို ကျယ်တာဥစ္စာ၊ ပြီးတော့ ငါကိုယ်တိုင်လည်း ဒီနေရာကို မလာဖြစ်တာ နှစ်နှစ်လောက် ရှိသွားပြီပဲ" ဟု အကြီးအကဲစုန်က အဘိုးအိုလင်ကို ဆိုလိုက်သည်။
ထိုစကားကို ကြားလိုက်ရသည့်အခါ အဘိုးအိုလင်က သူ၏ ရှည်လျားလှသော မုတ်ဆိတ်ဖြူကြီးကို ပွတ်သပ်လိုက်ရင်း အကြီးအကဲစုန်ကို ကြည့်ကာ ပြုံးလျက်— "မင်းက ဒီရက်ပိုင်းအတွင်း သိပ်ကို အလုပ်ရှုပ်နေတာကိုး... အခုလိုမျိုး အချိန်အကြာကြီးရှိမှ မင်းနဲ့ ပြန်ဆုံရတာ တကယ့်ကို ဝမ်းမြောက်မိပါတယ်၊ မနက်ဖြန်ကျရင် ကျင်းပမယ့် အောင်ပွဲခံအခမ်းအနားပွဲကို မင်းရဲ့ မိသားစုနဲ့အတူ လက်တွဲပြီး မဖြစ်မနေ လာခဲ့ရမယ်နော်" ဟု အဘိုးအိုက ဆိုလိုက်၏။
"ဟားဟား... လာခဲ့မှာပေါ့၊ သွားကြစို့... မင်းရဲ့ မြေးလေး ဒီအထဲမှာ ဘာတွေလုပ်နေလဲဆိုတာ သွားကြည့်ရအောင်၊ ဒီလက်နက်တွေကို မြင်ရင် သူ ဇဝေဇဝါ ဖြစ်နေလောက်ပြီ... ဒီမှာ လက်နက်တွေက သိပ်ကို များလွန်းတာကိုး၊ ပြီးတော့ အဲဒီအထဲမှာ သိပ်ကို အန္တရာယ်များတဲ့ လက်နက်တစ်ခုလည်း ရှိနေသေးတယ်" သူက အဘိုးအိုလင်ကို ကြည့်ကာ ပြုံးလျက် ထိုစကားကို ဆိုလိုက်သည်။
အကြီးအကဲစုန်၏ ပါးစပ်ဖျားမှ ထိုစကားကို ကြားလိုက်ရသည့်အခါ အဘိုးအိုလင်၏ မျက်နှာတစ်ခုလုံး ချက်ချင်း ဖြူဖျော့သွားခဲ့ရပြီး— "မင်း အခုထက်ထိ အဲဒီကျိန်စာသင့်ဓားကို မင်းရဲ့ လက်ဝယ်မှာ သိမ်းဆည်းထားတုန်းလို့တော့ ငါ့ကို မပြောပါနဲ့နဲ့ဦးနော်" ဟု ဆိုလိုက်ရာ... အဘိုးအိုလင်၏ မျက်နှာထက်တွင် အေးစက်သော ချွေးစေးများ ထွက်ပေါ်လာခဲ့တော့သည်။
အဘိုးအိုလင်၏ ပါးစပ်ဖျားမှ ထိုစကားကို ကြားလိုက်ရသည့်အခါ အကြီးအကဲစုန်၏ မျက်နှာထက်တွင် ကောက်ကျစ်သော အပြုံးတစ်ခု ထွက်ပေါ်လာခဲ့သည်။
ထိုအပြုံးကို မြင်လိုက်ရသဖြင့် အဘိုးအိုလင်က အသက်ကို ပြင်းပြင်းရှူသွင်းလိုက်မိရင်း အကြီးအကဲစုန်ကို စိုက်ကြည့်ကာ— "တောက်... စုန်အဘိုးကြီး၊ မင်းကတော့ အဲဒီလက်နက်အပေါ် အခုထက်ထိ စွဲလမ်းနေတုန်းပဲကိုး... ငါ မင်းကို အဲဒီဓားကို အမြန်ဆုံး စွန့်ပစ်ဖို့ ပြောခဲ့သားပဲ၊ မင်းက ဘုရင့်နိုင်ငံတော်အချင်းချင်း စစ်ပွဲတွေ ဖြစ်ပွားအောင် ဆွဲမီးမွှေးချင်နေတာလား" ဟု ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။