အာနာသည် သခင်မကြီး အလီနာကို စိုးရိမ်ပူပန်စွာဖြင့် စိုက်ကြည့်ရင်း အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ကာ— "သခင်မကြီး... ဖုန်းမိသားစု နောက်ဆုံးတော့ ရောက်ရှိလာကြပါပြီရှင်" ဟု ဆိုလိုက်ပြီးနောက် အလီနာကို လှမ်း၍ ကြည့်လိုက်မိသည်။
ထိုစကားကို ကြားလိုက်ရသည့်အခါ အလီနာက အာနာကို လှမ်း၍ ကြည့်လိုက်၏။
"ဖုန်းမိသားစု ရောက်လာပြီပေါ့... ဒါဆို မင်းက ဘာဖြစ်လို့ အဲဒီလောက်တောင် ဝမ်းနည်းပူဆွေးနေရတာလဲ၊ သူတို့ ရောက်လာတာ ကောင်းတဲ့ကိစ္စပဲဥစ္စာ... နောက်ဆုံးတော့ ညီမလေးနဲ့ အစ်ကိုကြီး ဖုန်းယွမ်တို့ကို တွေ့ရတော့မှာပဲ၊ သူတို့နဲ့ မဆုံရတာ နှစ်နှစ်တောင် ရှိသွားပြီပဲကို" အာလီနာက အာနာကို မေးမြန်းလိုက်သည်။
အာနာက သူမ၏ ဦးခေါင်းကို ညိတ်ပြလိုက်ပြီး သခင်မကြီး အလီနာကို လှမ်းကြည့်ကာ— "သခင်မလေး ရှောင်ဖန်းလည်း သူတို့နဲ့အတူ လိုက်ပါလာလို့ပါရှင်" ဟု သူမ ဤမျှ ပျာပျာသလဲ ဖြစ်နေရသည့် အကြောင်းအရင်းကို နောက်ဆုံးတွင် ဖွင့်ဟရှင်းပြလိုက်တော့သည်။
ထိုစကားများကို ကြားလိုက်ရသည့်အခါ အလီနာက အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်မိရင်း— "သူမက သူ့ရဲ့ အတိတ်တစ်ခုပဲလေ... အတိတ်တုန်းက သူ သူမအပေါ် သဘောကျခဲ့ဖူးတာ ဖြစ်နိုင်ပေမဲ့... အခုတော့ အခြေအနေတွေက ပြောင်းလဲသွားခဲ့ပြီပဲ၊ အခု သူ့မှာ ဒီယာ ရှိနေပြီဥစ္စာ... ပြီးတော့ ရှောင်ဖန်းကလည်း သူ့ကို ဘယ်တုန်းကမှ သဘောကျခဲ့တာ မဟုတ်ဘူး။
၎င်းအပြင် အတိတ်က သူတို့ကြားထဲမှာ ဘာတွေ ဖြစ်ပျက်ခဲ့သလဲဆိုတာ တို့တွေလည်း သေသေချာချာ မသိသလို... ဖုန်းမိသားစု ကိုယ်တိုင်လည်း အဲဒီအကြောင်းကို သိတာမဟုတ်ဘူး၊ အဲဒါကြောင့် ဒီကိစ္စကို ထားလိုက်ပြီး သူတို့ကို သွားရောက်ကြိုဆိုရအောင်" အလီနာက ထိုစကားကို ဆိုလိုက်ရင်း အာနာ၏ ဦးခေါင်းကို အသာအယာ ပုတ်ပေးလိုက်၏။
ထိုစကားကို ကြားသောအခါ အာနာက ဦးခေါင်းညိတ်ပြလိုက်ပြီးနောက်... နောက်တစ်စက္ကန့်တွင် ၎င်းတို့နှစ်ဦးစလုံး အခန်းအတွင်းမှ ထွက်ခွာခဲ့ကြကာ ဖုန်းမိသားစုကို သွားရောက်ကြိုဆိုရန် ထွက်လာခဲ့ကြတော့သည်။
ထိုအတောအတွင်း—
"အင်း... သူ့အတွက် သင့်တော်မယ့် လက်နက်တစ်ခုပေါ့လေ" အဘိုးအိုစုန်က အဘိုးအိုလင်ကို လှမ်းကြည့်လိုက်ရင်း သူ၏ ရှည်လျားလှသော မုတ်ဆိတ်ဖြူကြီးကို ပွတ်သပ်လိုက်သည်။
"မြေးလေး... မင်း ဘယ်လို လက်နက်မျိုးကို အလိုရှိတာလဲ" အဘိုးအိုစုန်က သူ၏ ရှေ့မှောက်တွင် ထိုင်နေသော ယိုဟန်ကို လှမ်း၍ မေးမြန်းလိုက်ရာ... ထိုစကားကို ကြားလိုက်ရသည့်အခါ ယိုဟန်က အသက်ကို ပြင်းပြင်းရှူသွင်းလိုက်မိသည်။
"ကျွန်တော် ဓားတစ်လက် လိုချင်ပါတယ်... ကျွန်တော် ဓားသိုင်းကို မလေ့ကျင့်ရသေးပေမဲ့ ဓားတွေကိုတော့ တော်တော်လေး စိတ်ဝင်စားပါတယ်" သူက အဘိုးအိုစုန်ကို စိုက်ကြည့်ရင်း ပြန်လည်ဖြေကြားလိုက်၏။
"ဓားတစ်လက် ဟုတ်လား..." အကြီးအကဲဆုန်က တိုးတိုးလေး ရေရွတ်လိုက်ရင်း ယိုဟန်ကို လှမ်းကြည့်ကာ— "ငါ့နောက်ကို လိုက်ခဲ့ကြ" ဟု ဆိုလျက် ယိုဟန်နှင့် အဘိုးအိုလင်တို့ကို သူ၏ နောက်သို့ လိုက်ပါရန် အချက်ပြလိုက်သည်။ ယိုဟန်က ဦးခေါင်းညိတ်ပြလိုက်ပြီး အကြီးအကဲစုန်၏ နောက်ကွယ်မှနေ၍ အသာအယာ လိုက်ပါသွားခဲ့ကာ... သူ၏ အဖိုးဖြစ်သူကမူ အကြီးအကဲစုန်၏ ဘေးနားတွင် ယှဉ်တွဲလျက် လျှောက်လှမ်းနေခဲ့၏။
၎င်းတို့နှစ်ဦးမှာ ကာလရှည်ကြာကတည်းက တစ်ဦးကိုတစ်ဦး သိကျွမ်းခဲ့ကြသော မိတ်ဆွေဟောင်းကြီးများ ဖြစ်ကြပြီး... အကြီးအကဲဆုန်သည် ဖီးနစ်ဘုရင့်နိုင်ငံတော် တစ်ခုလုံးတွင် လက်နက်သွန်းလုပ်ခြင်းအတတ်ပညာ၌ အလွန်ပင် ကျော်ကြားလှသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။ ၎င်းတို့၌ ဘုရင့်နိုင်ငံတော်တစ်ဝန်းတွင် လက်နက်ဆိုင်ခွဲပေါင်း ရာနှင့်ချီ၍ ရှိနေခဲ့ပြီး... မြစ်ကမ်းနားမြို့တော် ရှိ ဤဆိုင်ခွဲမှာမူ သက်တမ်းအရင့်ဆုံး ဆိုင်ခွဲတစ်ခု ဖြစ်၏။
ထိုအဘိုးအိုသည် အဘိုးအိုလင်ကို မြင်တွေ့လိုက်ရသည့်အတွက် အလွန်ပင် ဝမ်းမြောက်နေခဲ့ပြီး... ယိုဟန်အပေါ် ထားရှိသော သူ၏ သဘောထားမှာလည်း အတူတူပင် ဖြစ်ကာ လူအများက သူ့အပေါ် မည်သို့ ထင်မြင်ယူဆကြသည်ကို သူ လုံးဝ ဂရုမစိုက်ပါချေ။ သူသည် လင်မျိုးနွယ်စုအပေါ် တကယ့်ကို ကောင်းမွန်စွာ ဆက်ဆံတတ်သော လူအနည်းငယ်ထဲမှ တစ်ဦး ဖြစ်သည်။
ယိုဟန်သည် အကြီးအကဲစုန်၏ နောက်ကွယ်မှနေ၍ ခဏမျှ လိုက်ပါသွားခဲ့ပြီးနောက်... အဆုံးသတ်တွင်မူ ကြီးမားကျယ်ဝန်းလှသည့် ခန်းမဆောင်ကြီးတစ်ခု၏ ရှေ့မှောက်သို့ ရောက်ရှိသွားခဲ့ကြသည်။ အကြီးအကဲစုန်က သူ၏ ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ယိုဟန်ကို လှမ်းကြည့်ကာ— "ဒါက ငါ့ရဲ့ အကောင်းဆုံးသော စုဆောင်းမှုတွေပဲ၊ ဒီနေရာမှာ မင်း အလိုရှိတဲ့ ဓားအမျိုးအစားတိုင်းကို ရှာဖွေနိုင်လိမ့်မယ်... သေသေချာချာ ဉာဏ်ပညာရှိရှိ ရွေးချယ်စမ်းပါ မြေးလေး" ဟု ဆိုလိုက်၏။
ယိုဟန်က ဦးခေါင်းညိတ်ပြလိုက်ပြီး တံတွေးကို အားယူမြိုချလိုက်မိသည်။ ဘာဖြစ်လို့လဲတော့မသိဘဲ သူ၏ နှလုံးခုန်သံများက ပိုမိုမြန်ဆန်ကာ ကျယ်လောင်လာခဲ့သော်လည်း... သူက မိမိ၏ စိတ်ခံစားချက်ကို ထိန်းချုပ်လိုက်ရင်း အကြီးအကဲစုန်နှင့် အဖိုးဖြစ်သူတို့၏ နောက်ကွယ်မှနေ၍ တိတ်တဆိတ် လိုက်ပါသွားခဲ့တော့သည်။
သို့သော်လည်း သူ ထိုခန်းမဆောင်ကြီးအတွင်းသို့ ခြေလှမ်းလှမ်းဝင်လိုက်သည့်အခါတွင်မူ အံ့အားသင့်လွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ရရှာသည်။ ခန်းမဆောင်ကြီးအတွင်းရှိ မှန်ဗီရိုများထဲတွင် စနစ်တကျ ခင်းကျင်းပြသထားသော ဓားပေါင်း ထောင်နှင့်ချီ၍ မြင်တွေ့နေရခြင်း ဖြစ်၏။ ၎င်းတွင် တန်းစီလျက် သုံးတန်း ခင်းကျင်းထားပြီး တန်းတစ်တန်းချင်းစီ၌ပင် ဓားပေါင်း သုံးရာကျော်စီ တည်ရှိနေခဲ့သည်။
ယိုဟန်၏ မျက်နှာထက်မှ ထိုကဲ့သို့သော အမူအရာကို မြင်လိုက်ရသည့်အခါ အကြီးအကဲဆုန်က သဘောကျစွာ ရယ်မောလိုက်ရင်း— "ဒီနေရာမှာ မင်း တကယ့်ကို ရှေးဟောင်းအကျဆုံး လက်နက်တွေကို ရှာဖွေနိုင်လိမ့်မယ်... မင်း စိတ်ကြိုက်အရာကို လွတ်လွတ်လပ်လပ် ရွေးချယ်နိုင်ပါတယ်၊ ဒါပေမဲ့ လက်နက်တွေကို ကိုင်တွယ်တဲ့အခါမှာ ပေါ့ဆမှုမရှိစေနဲ့ဦးနော်... ဒီနေရာမှာ ကျိန်စာသင့်နေတဲ့ ဓားအချို့လည်း တည်ရှိနေလို့ပဲ။
တကယ်လို့ မင်းဘက်က ပေါ့ဆသွားခဲ့ရင်... အဲဒီဓားတွေက မင်း၏ အသိစိတ်ဝိညာဉ်ကို ဝါးမြိုသွားပြီး နောက်တစ်စက္ကန့်မှာ မင်းက အရူးတစ်ယောက် ဖြစ်သွားလိမ့်မယ်" ဟု အဘိုးအိုက ထိုစကားကို ဆိုလိုက်ရင်း အားရပါးရ ရယ်မောလိုက်တော့သည်။
သို့သော်လည်း ယိုဟန်ကမူ ၎င်းကို ပြက်လုံးတစ်ခုကဲ့သို့ သဘောမထားနိုင်ခဲ့ပါချေ။ အဘယ်ကြောင့်ဆိုသော် ထိုအဘိုးအို၏ လေသံမှာ သိပ်ကို တည်ကြည်လေးနက်နေခဲ့သလို... ယိုဟန်ကိုယ်တိုင်လည်း ဤလက်နက်ခန်းမဆောင်ကြီးအတွင်းမှနေ၍ တစ်စုံတစ်ခုသော နိမိတ်မကောင်းသည့် အငွေ့အသက်များကို ခံစားသိရှိနေရသောကြောင့် ဖြစ်သည်။ သူက အဘိုးအိုစုန်ကို ဦးခေါင်းညိတ်ပြလိုက်ပြီး သူ၏ အဖိုးဖြစ်သူထံသို့ အကြည့်များ ရွှေ့လိုက်၏။
"မင်း အလိုရှိတဲ့အရာကို စိတ်ကြိုက်ရွေးချယ်စမ်းပါ မြေးလေး... ဒီအဘိုးကြီးက အဖိုးကို အကြွေးအမြောက်အမြား တင်ရှိနေတာ" အဘိုးအိုက ယိုဟန်ကို ကြည့်ကာ ထိုစကားကို ဆိုလိုက်ရင်း သဘောကျစွာ ရယ်မောလိုက်ရာ... အဖိုးဖြစ်သူ၏ စကားကို ကြားလိုက်ရသည့်အခါ သူက ဦးခေါင်းညိတ်ပြလိုက်ပြီး သူ၏ ပတ်ဝန်းကျင်ရှိ လက်နက်များကို စတင်ကြည့်ရှုစူးစမ်းတော့သည်။
"တောက်... ငါက မင်းကို ဘာအကြွေးမှ တင်မနေဘူး" အကြီးအကဲစုန်က အကြီးအကဲလင်ကို လှမ်းကြည့်ကာ ဆိုလိုက်၏။
"ကျွတ်... မင်းကလည်း၊ လွန်ခဲ့တဲ့ နှစ်ပေါင်းရာချီတုန်းက အဲဒီသေမင်းချိုင့်ဝှမ်းသစ်တောထဲမှာ ငါ မင်းရဲ့ အသက်ကို ကယ်တင်ပေးခဲ့တာကို မေ့သွားပြီလား... မင်းက ဘာဖြစ်လို့ ဒီလောက်တောင် အရှက်မရှိရတာလဲ၊ မင်းက မင်းရဲ့ အသက်နဲ့ကို ငါ့ကို အကြွေးတင်နေတာဥစ္စာ" အဘိုးအိုလင်က အကြီးအကဲစုန်ကို ဒေါသတကြီး ပြန်လည်တုံ့ပြန်လိုက်သည်။
"မင်းကမှ တကယ့်ကို အရှက်မရှိတာ... တို့ရဲ့ နတ်ဘုရားအဆင့် လက်နက် ကို မင်းကို ခေတ္တငှားရမ်းပေးခဲ့တာကို မင်းက ဖျက်ဆီးပစ်ခဲ့တဲ့အပြင်... ထိုလက်နက်အတွက် ငါ့မှာ မဟာပမာဏရှိတဲ့ စည်းစိမ်ချမ်းသာတွေ အကုန်အကျခံခဲ့ရတာကို မင်း မေ့နေပြီလား"
"တောက်... မင်းကတော့ တကယ့်ကို ငွေမျက်နှာတစ်ခုတည်းကိုပဲ ကြည့်တတ်တာပဲ၊ တို့တွေ အဲဒီရိုင်းစိုင်းတဲ့ လူရိုင်းတွေရဲ့ ရန်ကနေ မင်းရဲ့ အသက်ကို ကယ်တင်ပေးခဲ့တာကို မင်း မေ့နေပြီလား... အဲဒီအချိန်တုန်းက ငါသာ ဝင်ရောက်မကူညီခဲ့ရင် မင်း သေနေတာ ကြာလှပြီ" အဘိုးအိုလင်က အကြီးအကဲစုန်ကို ပြန်လည်အော်ဟစ်လိုက်မိပြီး... ၎င်းတို့နှစ်ဦးစလုံးသည် ၎င်းတို့၏ ရှုပ်ထွေးလှသော အတိတ်အကြောင်းအရာများနှင့် ပတ်သက်၍ အပြန်အလှန် ငြင်းခုံဆွေးနွေးနေကြတော့သည်။
ထိုအတောအတွင်း ယိုဟန်ကမူ ဤအဘိုးကြီးနှစ်ဦးကို လျစ်လျူရှုထားလိုက်ပြီး လက်နက်ခန်းမဆောင်ကြီးအတွင်း၌ လှည့်လည်စူးစမ်းရှာဖွေမှုကို စတင်လိုက်တော့သည်။
တီ—
[နတ်ဘုရားအဆင့် လက်နက်တစ်ခုကို ရှာဖွေတွေ့ရှိပါသည်... သင်သည် နတ်ဘုရားအဆင့် ကျိန်စာသင့်ဓား၏ စောင့်ကြည့်စစ်ဆေးမှုအောက်သို့ ရောက်ရှိနေပါသည်]
'ဘာကြီးလဲဟ...'