"အဲဒီ ခွေးကောင်ရဲ့ နောက်ကို လိုက်သွားပြီး မျက်ခြေမပြတ် စောင့်ကြည့်ထားကြ... သူ အဲဒီကောင်မစားလေး ယိုဟန်ကို သတ်ပြီးတာနဲ့ တစ်ပြိုင်နက်... သူ့ကိုပါ အပြတ်ရှင်းပစ်လိုက်၊ ဘာအထောက်အထားမှ ချန်မထားခဲ့နဲ့။ ငါ ဒုက္ခမရောက်ချင်ဘူး... အခု ဖေဖေနဲ့ အစ်ကိုကြီးက နီကိုးလ်စ်မျိုးနွယ်စုမှာ မရှိကြဘူး၊ သူတို့ ပြန်လာလို့ စိတ်အနှောင့်အယှက် ဖြစ်သွားတာမျိုး ငါ လုံးဝမလိုလားဘူး" နီကိုးလ်စ်သည် မိမိ၏ ရှေ့မှောက်တွင် မတ်တတ်ရပ်နေသော အမျိုးသားနှစ်ဦးကို စိုက်ကြည့်ရင်း အမိန့်ပေးလိုက်၏။
"စိတ်မပူပါနဲ့ သခင်ကြီး... ကျွန်တော်တို့ရဲ့ အလုပ်ကို ဘယ်သူမှရိပ်မိမှာ မဟုတ်စေရပါဘူး" ဝတ်ရုံနက် ခြုံလွှာဆောင်းထားသော အမျိုးသားနှစ်ဦးစလုံးက နီကိုးလ်စ်ကို ဦးခေါင်းညိတ်ပြလိုက်ကြပြီးနောက် အခန်းအတွင်းမှ ထွက်ခွာသွားခဲ့ကြတော့သည်။
"ကျွတ်... အဲဒီ ခွေးကောင်က လွန်ခဲ့တဲ့ အချိန်တုန်းက အဲဒီအမှိုက်ကို သတ်ဖို့ ပျက်ကွက်ခဲ့လို့သာ အခုလို အရာအားလုံး ရှုပ်ထွေးကုန်ရတာ" သူက ထိုစကားကို ဆိုလိုက်ရင်း စိတ်ပျက်လက်ပျက်ဖြင့် ရေရွတ်လိုက်မိသည်။
ထိုအတောအတွင်း—
"အဖိုး... ကျွန်တော်တို့ ဘယ်ကို သွားနေကြတာလဲ၊ ဒါက ကျွန်တော်တို့ မျိုးနွယ်စုရှိတဲ့ အရပ်မျက်နှာ မဟုတ်ဘူးလေ" ယိုဟန်သည် သူ၏ ဦးခေါင်းကို အသာအယာ စောင်းလိုက်ရင်း အဖိုးဖြစ်သူကို လှမ်း၍ မေးမြန်းလိုက်မိသည်။ သူသည် ကျင့်ကြံခြင်းအဆင့်အရ မပျံသန်းနိုင်သေးသဖြင့် အဖိုးဖြစ်သူ၏ ရင်ခွင်အတွင်း၌ အပွေ့ချီခံထားရခြင်း ဖြစ်သော်လည်း... မိမိတို့ သွားနေသော လမ်းကြောင်းမှာ မိမိတို့ မျိုးနွယ်စု တည်ရှိရာ အရပ်မျက်နှာ မဟုတ်သည်ကို သတိပြုမိလိုက်သဖြင့် ဇဝေဇဝါ ဖြစ်သွားခဲ့ရခြင်း ဖြစ်၏။
ထိုစကားများကို ကြားလိုက်ရသည့်အခါ အဘိုးအို လင်က ယိုဟန်ကို ပြုံးပြလိုက်ရင်း— "မြေးလေး... အဖိုး ဒီနေ့ သိပ်ကို ပျော်နေတာ၊ အဲဒါကြောင့်မို့လို့ ဒီလိုမျိုး အခါသမယမှာ မြေးလေးကို တစ်ခုခု ပေးချင်လို့ပါ... စိတ်ရှည်ရှည်နဲ့သာ စောင့်နေစမ်းပါ၊ မကြာခင် မင်း သိရလိမ့်မယ်" ဟု အဘိုးအိုက ယိုဟန်ကို ပြန်လည်ဖြေကြားလိုက်ပြီးနောက် သီးသန့်အရပ်မျက်နှာတစ်ခုဆီသို့ သူ၏ ခြေလှမ်းများကို ပိုမိုအရှိန်မြှင့်တင်လိုက်တော့သည်။
ယိုဟန်သည် ထိတ်လန့်တုန်လှုပ်စွာဖြင့် တံတွေးကို အားယူမြိုချလိုက်မိသော်လည်း... အဆုံးသတ်တွင်မူ သူ ဘာမျှမတတ်နိုင်ပါချေ။ သူသည် ထိုကဲ့သို့သော ရူးသွပ်သည့် အမျိုးသမီးများ ရှင်သန်နေထိုင်ရာ စံအိမ်ကြီးအတွင်းမှ ထွက်ခွာခွင့် ရရှိခဲ့သည့်အတွက် ဝမ်းမြောက်နေမိသော်လည်း... အီဗလင်းနှင့် ပတ်သက်၍မူ စိတ်ထဲတွင် ကောင်းသော ခံစားချက်မျိုး လုံးဝ မရရှိခဲ့ပါချေ။
သူသည် သူမ၏အကြောင်းကို တွေးတောနေမိသည်။ ထိုအမျိုးသမီးသည် မိမိအား ဤနေရာမှနေ၍ အလွန်ပင် လွယ်လွယ်ကူကူနှင့် ထွက်ခွာခွင့် ပြုလိုက်ရုံတင်မကဘဲ... မိမိအား အတင်းအကျပ် တိုက်တွန်းခြင်းမျိုးလည်း မပြုလုပ်ခဲ့ချေ။ သူမအနေဖြင့် အင်အားသုံး၍ ဖိအားပေးလိမ့်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း သူမ ဘာတစ်ခုမှ မလုပ်ဆောင်ခဲ့ပါလား။
'အဲဒီမိန်းမရဲ့ အပြုအမူက တစ်ခုခုတော့ ပုံမှန်မဟုတ်တာ သေချာတယ်... သူမ ဘာတွေ ကြံစည်နေလဲ မသိဘူး၊ ငါ့ရဲ့ တစ်သက်တာမှာ သူမနဲ့ ထပ်ပြီး မဆုံတွေ့ချင်တော့ဘူး... သူမက တကယ့်ကို ပြဿနာအိုးပဲ။ ပြီးတော့ အာနာနဲ့ ကာနာဆိုတဲ့ အဲဒီအမျိုးသမီးနှစ်ယောက်ကလည်း သာမန်လူတွေ မဟုတ်ကြဘူး... သူတို့က ငါ့အဖိုးလိုပဲ သူတို့ရဲ့ စွမ်းရည်အမှန်ကို ဖုံးကွယ်ထားကြတာ' သူက ထိုအမျိုးသမီးများ၏အကြောင်းကို တွေးတောနေမိရင်း သူ၏ အကြည့်များက အဖိုးဖြစ်သူထံသို့ ရောက်ရှိသွားခဲ့သည်။
သူ၏ အကြည့်ကို မြင်လိုက်ရသည့်အခါ အဘိုးအိုက သဘောကျစွာ ရယ်မောလိုက်ရင်း— "မင်း သခင်မကြီး အီဗလင်းအတွက် စိုးရိမ်နေတာလား" ဟု အဘိုးအိုက မိမိ၏ မြေးဖြစ်သူကို ကြည့်ကာ ဆိုလိုက်ရာ... ထိုစကားကို ကြားလိုက်ရသည့်အခါ ယိုဟန်မှာ ဆွံ့အသွားခဲ့ရပြီး... အဖိုးဖြစ်သူက မိမိ ဘာတွေးနေသည်ကို သိရှိနေခြင်းကြောင့် သူ၏ မျက်နှာလေးမှာ ဖြူလျော်သွားခဲ့ရတော့သည်။
"နားထောင်စမ်း မြေးလေး... ကျင့်ကြံခြင်းလောကမှာ ရွှေရောင်စည်းမျဉ်းတစ်ခု ရှိတယ်၊ ကိုယ် မမြိုနိုင်တဲ့ အရာကို အတင်းအကျပ် မဝါးပါနဲ့ တဲ့... အဲဒါကြောင့် အဲဒီကိစ္စတွေကို သွားပြီး စိတ်အနှောင့်အယှက် ခံမနေပါနဲ့ဦး၊ မင်းရဲ့ ကိုယ်ပိုင်ကျင့်ကြံခြင်းလမ်းစဉ်အပေါ်မှာပဲ အာရုံစိုက်တာက ပိုပြီး ကောင်းမွန်ပါတယ်။
မင်းအနေနဲ့ နတ်ဘုရားပွင့်လန်းခြင်းဂိုဏ်းကို မဝင်ချင်ဘူးဆိုတာ မင်းရဲ့ ဆုံးဖြတ်ချက်ပဲမို့ အဖိုးက မင်းရဲ့ ဆန္ဒကို လေးစားပါတယ်... အဲဒါကြောင့် ဘာကိုမှ စိုးရိမ်ပူပန်မနေပါနဲ့၊ ပြီးတော့ သခင်မကြီး အီဗလင်းနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို... မင်းရဲ့ အဖေနဲ့ အမေအပါအဝင် ဘယ်သူ့ကိုမှ ဖွင့်ဟမပြောပါနဲ့" ဟု အဘိုးအိုက တည်ကြည်လေးနက်သော လေသံဖြင့် ဆိုလိုက်၏။
ယိုဟန်သည် အဖိုးဖြစ်သူ၏ စကားကို ကြားပြီးနောက် ဦးခေါင်းညိတ်ပြလိုက်သည်။ ယခုအချိန်တွင် မိမိ၌ အားကိုးယုံကြည်ရဆုံးသော ပုဂ္ဂိုလ်မှာ အဖိုးဖြစ်သူသာ ဖြစ်ကြောင်း သူ ကောင်းကောင်းသိရှိထားသလို... အဖိုးဖြစ်သူအနေဖြင့် ယနေ့ ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို ဖုံးကွယ်ထားလိုခြင်း၌ ခိုင်လုံသော အကြောင်းပြချက် ကောင်းကောင်းရှိလိမ့်မည်ဟု သူ ယုံကြည်နေမိတော့သည်။
ထိုအတောအတွင်း—
"မင်း သူ့အတွက် စိုးရိမ်နေတယ် မဟုတ်လား" အမျိုးသားတစ်ဦးသည် ပြတင်းပေါက်၏ ဘေးတွင် မတ်တတ်ရပ်နေသော လှပတင့်တယ်လှသည့် အမျိုးသမီးတစ်ဦးထံသို့ ချဉ်းကပ်သွားခဲ့ရာ... ထိုစကားများကို ကြားလိုက်ရသည့်အခါ သူမက ခင်ပွန်းဖြစ်သူဘက်သို့ ဦးခေါင်းကို အသာအယာ စောင်းလျက် လှည့်ကြည့်လိုက်မိသည်။
"တစ်နေ့လုံး ကုန်လွန်သွားခဲ့ပြီ... သူတို့ အခုထက်ထိ ပြန်မလာကြသေးဘူး၊ ဖေဖေနဲ့အတူ သူ အဆင်ပြေပြေ ရှိပါစေလို့ပဲ မျှော်လင့်ရတာပဲ" အလီနာက သူမ၏ ဘေးနားတွင် မတ်တတ်ရပ်နေသော စုလင်ကို ပြန်လည်ဖြေကြားလိုက်၏။
"သူ့အတွက် စိတ်မပူပါနဲ့... သူ အဆင်ပြေမှာပါ၊ ဖေဖေ ကိုယ်တိုင် သူ့နောက်ကို လိုက်ပါသွားတာပဲဥစ္စာ... ဒါက ကောင်းတဲ့အချက်ပဲပေါ့၊ မင်း သူ့အတွက် စိုးရိမ်မနေသင့်ပါဘူး... ဖေဖေ့အကြောင်းကို မင်းလည်း သိတာပဲမလား၊ ဘယ်သူမှ သူ့ကို ရန်ပြုဖို့ မဝံ့ရဲကြပါဘူး" စုလင်က အလီနာကို ပြန်လည်နှစ်သိမ့်ပေးလိုက်ရင်း သူမ၏ ပုခုံးကို အသာအယာ ပုတ်ပေးလိုက်သည်။
ထို့နောက် သူက ဆက်လက်၍— "အစည်းအဝေးပွဲကလည်း မကြာခင် စတင်တော့မှာမို့... မျက်နှာပျက်မနေပါနဲ့ဦး၊ အခုလိုမျိုး ဝမ်းနည်းပူဆွေးနေတဲ့ အမူအရာက မင်းရဲ့ မျက်နှာထက်မှာ မလှပပါဘူး။ ကိုယ့်မှာ လုပ်စရာ အရေးကြီးတဲ့ အလုပ်အချို့ ရှိနေသေးလို့... ဂိုဏ်းချုပ် ခန်းမဆောင် ဆီကို အရင်သွားနှင့်တော့မယ်၊ သူ့အတွက် စိတ်မပူပါနဲ့... သူ မကြာခင် ဤနေရာကို ရောက်လာပါလိမ့်မယ်" ဟု စုလင်က အလီနာကို ဆိုလိုက်ပြီးနောက် နောက်တစ်စက္ကန့်တွင် အခန်းအတွင်းမှ ထွက်ခွာသွားခဲ့တော့သည်။
အလီနာသည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး ခင်ပွန်းဖြစ်သူ ထွက်ခွာသွားသည့် လမ်းကြောင်းဆီသို့ လှမ်းကြည့်လိုက်ရင်း— "ဘယ်လို ရှင်းပြရမှန်း မသိတော့ပါဘူး... ဒါပေမဲ့ အဲဒီလုပ်ကြံသတ်ဖြတ်မှု ဖြစ်ပြီးကတည်းက သူ့အတွက် အရင်ကထက် ပိုပြီးတော့ စိုးရိမ်ပူပန်နေမိတာ။
သူ့အပေါ်မှာ တစ်ခုခု ထပ်ပြီး ဖြစ်ပျက်လာမှာကို... ကျွန်မ လုံးဝ အဖြစ်မခံနိုင်တော့ဘူး၊ သူက ကျွန်မမှာ ရှိတဲ့ တစ်ဦးတည်းသော သားလေးပဲဥစ္စာ... တစ်စုံတစ်ယောက်က ကျွန်မရဲ့ သားကို နာကျင်အောင် လုပ်ချင်နေကြတာကို သိလျက်နဲ့... ကျွန်မ ဘယ်လိုလုပ်ပြီး စိတ်အေးအေးထားနိုင်မှာလဲ" သူမက ထိုစကားများကို ဆိုလိုက်ရင်း လက်သီးကို တင်းတင်းဆုပ်လိုက်မိစဉ်... နောက်တစ်စက္ကန့်တွင် အခန်းတံခါးကို လာရောက်ခေါက်သည့် အသံကို ကြားလိုက်ရပြန်သည်။
"သခင်မကြီး... အထဲမှာ ရှိပါသလားရှင့်" အခန်း၏ ပြင်ပမှ အသံတစ်ခု ထွက်ပေါ်လာခဲ့ရာ... ထိုအသံကို ကြားလိုက်ရသည့်အခါ အလီနာက အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်မိသည်။ ၎င်းမှာ အာနာ၏ အသံ ဖြစ်၏။
"အင်း... အထဲကို ဝင်ခဲ့ပါ အာနာ" အာလီနာက အာနာကို လှမ်း၍ ပြန်ထူးလိုက်ရာ... နောက်တစ်စက္ကန့်တွင် အာနာသည် အလီနာ၏ အခန်းတွင်းသို့ ဝင်ရောက်လာခဲ့သည်။ သူမသည် ခြေလှမ်းများကို နှေးကွေးစွာ လျှောက်လှမ်းလာခဲ့ပြီး တစ်စုံတစ်ခုကို စိုးရိမ်ပူပန်နေပုံရသဖြင့်... အလီနာ ဇဝေဇဝါ ဖြစ်သွားခဲ့ရပြီး အာနာကို စိုက်ကြည့်လိုက်မိ၏။
"တစ်ခုခု မှားယွင်းနေလို့လား... မင်း ဘာဖြစ်လို့ အခုလိုမျိုး ပျာပျာသလဲ ဖြစ်နေရတာလဲ" အာလီနာက သူမကို မေးမြန်းလိုက်သည်။
ခဏမျှ တိတ်ဆိတ်သွားပြီးနောက်တွင်မှ အာနာက ဦးခေါင်းကို ယမ်းခါလိုက်ရင်း အာလီနာကို လှမ်းကြည့်ကာ— "သခင်မကြီး... သူတို့ ပြန်လည်ရောက်ရှိလာကြပါပြီရှင့်"