"နင် ဘာတွေလုပ်နေတယ်လို့ တွေးနေတာလဲ... ငါ့ရဲ့ ကမ်းလှမ်းချက်ကို ငြင်းပယ်တယ်ပေါ့ ဟုတ်လား။ ဒါကို ကြားရင် နင် ဝမ်းသာအားရ ဖြစ်သွားလိမ့်မယ်လို့ ငါ ထင်ထားခဲ့တာ" အီဗလင်းသည် ယိုဟန်ကို စိုက်ကြည့်ရင်း ဒေါသတကြီး အော်ဟစ်လိုက်မိသည်။
ထိုစကားများကို ကြားလိုက်ရသည့်အခါ ယိုဟန်သည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး အီဗလင်းဘက်သို့ လှည့်ကြည့်လိုက်ရင်း "ကျွန်တော် တောင်းပန်ပါတယ်... ဒါပေမဲ့ ဒါက ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်ပဲ၊ ခင်ဗျား ကျွန်တော့်ကို ထိန်းချုပ်လို့မရပါဘူး" ဟု ပြန်လည်တုံ့ပြန်လိုက်ပြီးနောက် နောက်တစ်စက္ကန့်တွင် သူ ထိုင်နေသော နေရာမှ မတ်တတ်ထရပ်လိုက်၏။
ထို့နောက် သူသည် မိမိအား ဒေါသတကြီး အကြည့်များဖြင့် စိုက်ကြည့်နေသော အီဗလင်းကို နောက်ဆုံးအကြိမ်အဖြစ် လှမ်းကြည့်လိုက်ပြီး ဦးခေါင်းကို ယမ်းခါလိုက်ရင်း "ကျွန်တော့်ဘဝကို ကျွန်တော့်စိတ်ကြိုက်ပဲ ရှင်သန်နေထိုင်သွားချင်တာ၊ နတ်ဘုရားပန်းပွင့်ဂိုဏ်းနဲ့လည်း ကျွန်တော် ဘာမှပတ်သက်စရာမလိုသလို... ဘယ်လိုမျိုး ကျင့်ကြံဖော်ကိုမှလည်း ထပ်ပြီး မလိုအပ်ပါဘူး။
ကျွန်တော့်မှာ အဖော်တစ်ယောက် ရှိနှင့်ပြီးသားမို့ တခြားဘယ်သူ့ကိုမှ မလိုချင်တော့ဘူး" ဟု ဆိုကာ အခန်းအတွင်းမှ ထွက်ခွာမသွားမီ သူမကို နောက်ဆုံးအကြိမ်အဖြစ် တည်ငြိမ်စွာ စိုက်ကြည့်လိုက်သည်။
အီဗလင်းသည် ထိုစကားများကို ကြားလိုက်ရသည့်အခါ ဆွံ့အသွားခဲ့ရပြီး ယခုတင် ဘာတွေ ဖြစ်ပျက်သွားခဲ့သည်ကို လုံးဝမယုံကြည်နိုင်ဘဲ ရှိနေခဲ့ရ၏။ သူသည် ယခင်က ယိုဟန်နှင့် လုံးဝဥဿုံ ကွဲပြားခြားနားနေခဲ့ပြီ ဖြစ်သည်။ "အခုတင် ဘာတွေ ဖြစ်ပျက်သွားတာလဲ... သူက ငါ့ကို အခုတင် ငြင်းပယ်လိုက်တာလား၊ အဲဒီ သောက်ကောင်စုတ်လေးကတော့..." သူမသည် မိမိကိုယ်မိမိ တိုးတိုးလေး ရေရွတ်လိုက်မိရင်း အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ကာ ထွက်ပေါက်ဆီသို့ လှမ်း၍ စိုက်ကြည့်လိုက်သည်။
"ငါက မင်းကို ဒီအတိုင်း လွယ်လွယ်ကူကူနဲ့ လွှတ်ပေးမှာ မဟုတ်ဘူး... ငါ ကိစ္စတချို့အပေါ်မှာ အရမ်း စိတ်လှုပ်ရှားသွားခဲ့မိတယ် ထင်တယ်။ မင်း ငါ့အကြောင်းကို သေချာမသိသေးဘူးပဲ... ဘယ်သူမှ ငါ့ကို ဆန့်ကျင်ဖို့ မဝံ့ရဲကြဘူး၊ တို့တွေ မကြာခင် ပြန်ဆုံကြတာပေါ့ ယိုဟန်" သူမက ရေရွတ်လိုက်ရင်း သက်ပြင်းတစ်ချက်ချလိုက်ရာ... သူမ၏ လှပသော မျက်နှာထက်တွင် အပြုံးတစ်ခု ထွက်ပေါ်လာခဲ့တော့သည်။
ထိုအတောအတွင်း—
ယိုဟန်သည် နောက်သို့ ပြန်လည်လှည့်မကြည့်တော့ဘဲ နောက်တစ်စက္ကန့်တွင် အခန်းအတွင်းမှ ထွက်ခွာခဲ့လိုက်ရာ... အတန်ကြာပြီးနောက် စံအိမ်ကြီး၏ အပြင်ဘက်သို့ ရောက်ရှိသွားခဲ့သည်။ အဘိုးအိုသည် သူ့ကို တည်ကြည်လေးနက်သော အကြည့်များဖြင့် လှမ်းကြည့်လိုက်သော်လည်း ဘာတစ်ခုမှ ဖွင့်ဟမပြောဆိုခဲ့ပါချေ။
"မင်း အဆင်ပြေရဲ့လား... ပြန်ဖို့ အဆင်သင့်ဖြစ်ပြီလား" အဘိုးအိုက မေးမြန်းလိုက်ရာ... အဖိုးဖြစ်သူ၏ ပါးစပ်ဖျားမှ ထိုစကားကို ကြားလိုက်ရသည့်အခါ သူက ဦးခေါင်းညိတ်ပြလိုက်ရင်း— "ဟုတ်ကဲ့ အဖိုး... ကျွန်တော် အဆင်သင့်ပါပဲ" ဟု ဆိုလိုက်သည်။
အာနားနှင့် ကာနာတို့သည် ထိုနေရာတွင် မတ်တတ်ရပ်လျက် သူ့ကို စိုက်ကြည့်နေကြသဖြင့် သူက ၎င်းတို့ဘက်သို့ လှည့်ကြည့်ကာ ဦးခေါင်းအသာယမ်းလိုက်ရင်း— "ကျွန်တော့်အမေအတွက် လက်ဆောင်ရှာဖွေရမှာ ကူညီပေးခဲ့လို့ ခင်ဗျားတို့နှစ်ယောက်စလုံးကို ကျေးဇူးတင်ပါတယ်ဗျာ" ဟု ဆိုလိုက်၏။
၎င်းတို့နှစ်ဦးစလုံး အကြည့်ချင်းဖလှယ်လိုက်ကြပြီးနောက် ယိုဟန်ကို လှမ်းကြည့်ကာ ဦးခေါင်းညိတ်ပြလိုက်ကြရင်း— "ကံကောင်းပါစေ ကောင်လေး" ဟု ၎င်းတို့နှစ်ဦးစလုံးက သူ့ကို ဆိုလိုက်ကြသည်။
ထိုစကားကို ကြားလိုက်ရသည့်အခါ သူက သက်ပြင်းတစ်ချက်ချလိုက်ရင်း အဖိုးဖြစ်သူဘက်သို့ လှည့်ကြည့်လိုက်ကာ"သွားကြရအောင်စို့ အဖိုး... အခုဆိုရင် သိပ်ကို နောက်ကျနေပြီ" ဟု ဆိုလိုက်ရာ... ထိုစကားကို ကြားသောအခါ အဘိုးအိုက ဦးခေါင်းညိတ်ပြလိုက်ပြီးနောက် နောက်တစ်စက္ကန့်တွင် ယိုဟန်ကို ပွေ့ချီလျက် လင်မျိုးနွယ်စု တည်ရှိရာ အရပ်မျက်နှာဆီသို့ ချက်ချင်း ပျံသန်းထွက်ခွာသွားခဲ့ကြတော့သည်။
အမျိုးသမီးတစ်ဦးသည် ဝရန်တာတွင် မတ်တတ်ရပ်လျက် ကောင်းကင်ယံဆီသို့ လှမ်း၍ မျှော်ကြည့်နေခဲ့ပြီး သူမ၏ အကြည့်များမှာ ယိုဟန်၏ထံသို့ ရောက်ရှိနေခဲ့ခြင်း ဖြစ်၏။ "မင်းနဲ့ ထပ်ပြီး ဆုံတွေ့ရမယ့် အချိန်ကို ငါ မျှော်လင့်နေပါ့မယ်..." အီဗလင်းက တိုးတိုးလေး ရေရွတ်လိုက်စဉ်... နောက်တစ်စက္ကန့်တွင် သူမ၏ နောက်ကွယ်၌ အမျိုးသမီးနှစ်ဦး ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်။
"သခင်မကြီး... အချိန်နီးကပ်လာပါပြီ" ကာနာက အီဗလင်းကို ကြည့်ကာ ဆိုလိုက်၏။
ထိုစကားကို ကြားလိုက်ရသည့်အခါ အီဗလင်းက အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး လက်သီးကို တင်းတင်းဆုပ်လိုက်ရင်း "ငါ့ရဲ့ ချပ်ဝတ်တန်ဆာနဲ့ ဓားကို ပြင်ဆင်ထားလိုက်ကြ... ငါ စိတ်ဖိစီးမှုတွေကို လျှော့ချပစ်ချင်တယ်" ဟု သူမက ကာနာနှင့် အာနားတို့ကို ပြန်လည်မိန့်မှာလိုက်ရာ... သူမ၏ မျက်နှာထက်တွင် ကောက်ကျစ်သော အပြုံးတစ်ခု ထွက်ပေါ်လာခဲ့တော့သည်။
သူမ၏ မျက်နှာထက်မှ ထိုအပြုံးကို မြင်လိုက်ရသည့်အခါ အမျိုးသမီးနှစ်ဦးစလုံး တံတွေးကို အားယူမြိုချလိုက်မိကြပြီး တစ်ဦးကိုတစ်ဦး လှမ်း၍ ကြည့်လိုက်မိကြကာ... အီဗလင်းကို ကြည့်လျက် ဦးခေါင်းညိတ်ပြလိုက်ကြပြီးနောက် နောက်တစ်စက္ကန့်တွင် ၎င်းတို့သုံးဦးစလုံး ထိုနေရာမှနေ၍ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ကြတော့သည်။
ထိုအတောအတွင်း—
ဝတ်ရုံနက် ခြုံလွှာဆောင်းထားသော အမျိုးသားတစ်ဦးသည် အခန်းတွင်းသို့ ဝင်ရောက်လာခဲ့ပြီး တံခါးကို အတွင်းမှနေ၍ သေသေချာချာ ပိတ်လိုက်ကာ... သူ၏ အကြည့်များက အမျိုးသားတစ်ဦး ထိုင်နေပြီး သူ၏ ဘေးတစ်ဖက်တစ်ချက်တွင် ဝတ်ရုံခြုံထားသော အမျိုးသားနှစ်ဦး မတ်တတ်ရပ်နေသည့် စားပွဲဝိုင်းဆီသို့ ရောက်ရှိသွားခဲ့သည်။
"မင်း နောက်ဆုံးတော့ ရောက်လာခဲ့ပြီပဲ... မင်း ဘာဖြစ်လို့ ငါ့ကို ဒီလိုအချိန်မျိုးမှာ လာပြီး တွေ့ချင်ရတာလဲ၊ ငါ့ကို ပြောပြစရာ အရေးကြီးတဲ့ ကိစ္စတစ်ခုခု ရှိလို့လား" ထိုအမျိုးသားက ဝတ်ရုံခြုံထားသူကို လှမ်းကြည့်ကာ တည်ကြည်လေးနက်သော လေသံဖြင့် မေးမြန်းလိုက်၏။
ထိုစကားများကို ကြားလိုက်ရသည့်အခါ သူက ခဏမျှ တုံ့ဆိုင်းသွားခဲ့ပြီး အသက်ကို ပြင်းပြင်းရှူသွင်းလိုက်မိသည်။
သူသည် တစ်စုံတစ်ခုကို စိုးရိမ်ပူပန်နေပုံရသော်လည်း သတ္တိကို အားယူမွေးမြူလိုက်ရင်း ပါးစပ်ဟလိုက်ကာ "သခင်ကြီး... သူက အခုထက်ထိ သက်ရှိထင်ရှား ရှင်သန်နေတုန်းပါပဲ" ဟု ဝတ်ရုံခြုံထားသူက မိမိ၏ ရှေ့မှောက်တွင် ထိုင်နေသော အမျိုးသားကို ကြည့်ကာ ဆိုလိုက်သည်။
ထိုစကားကို ကြားလိုက်ရသည့်အခါ စားပွဲဘေးတွင် ထိုင်နေသောအမျိုးသားမှာ ဇဝေဇဝါ ဖြစ်သွားခဲ့ရပြီး— "မင်း ဘာတွေ လာပြောနေတာလဲ... ဘယ်သူက သက်ရှိထင်ရှား ရှင်သန်နေသေးတာလဲ" ဟု သူက စိတ်အနှောင့်အယှက်ဖြစ်ရသော အမူအရာဖြင့် မေးမြန်းလိုက်၏။
"သခင်ကြီး နီကိုးလ်စ်... သခင်ကြီးရဲ့ လူတွေကို ရိုက်နှက်ပြီး နီကိုးလ်စ်မျိုးနွယ်စုကို စောင့်ညှောက်ခဲ့တဲ့ကောင်၊ လင်မျိုးနွယ်စုရဲ့ အမွေခံ... ယိုဟန်လင်က အခုထက်ထိ သက်ရှိထင်ရှား ရှင်သန်နေတုန်းပါပဲဗျာ။ သူက အဲဒီလုပ်ကြံသတ်ဖြတ်သူရဲ့ လက်ချက်နဲ့ သေဆုံးမသွားခဲ့ပါဘူး... အဲဒီလုပ်ကြံသတ်ဖြတ်သူက သခင်ကြီးကို မုသားစကားတွေ ပြောပြီး လှည့်စားခဲ့တာ ဖြစ်ရမယ်၊ သို့မဟုတ်ရင် သူက ရာပြည့်ချိုင့်ဝှမ်းတစ်ရာအဆိပ် အထိမှန်ခဲ့ပြီးတဲ့နောက်မှာ... ဘယ်လိုလုပ်ပြီး အခုထက်ထိ အသက်ရှင်နေနိုင်ဦးမှာလဲ"
"မင်း ဘာတွေ လာပြီး လျှောက်ပြောနေတာလဲ... အဲဒီ ကောင်လေးက အခုထက်ထိ အသက်ရှင်နေသေးတယ် ဟုတ်လား" သခင်ကြီး နီကိုးလ်စ်သည် ထိုစကားများကို ကြားလိုက်ရသည့်အခါ ဒေါသတကြီး ဖြစ်သွားခဲ့ရပြီး သူ၏ ဘေးနားရှိ တံခါးကို ဗုန်းခနဲ မြည်အောင် ပြင်းထန်စွာ ဆောင့်တွန်းလိုက်မိတော့သည်။
"ဟုတ်ပါတယ် သခင်ကြီး... ကျွန်တော့်ဘက်က ရာခိုင်နှုန်းပြည့် သေချာပါတယ်၊ သူက တကယ်ကို အသက်ရှင်နေတုန်းပါ... ပြီးတော့ လင်မျိုးနွယ်စုက မနက်ဖြန်မှာ အစည်းအဝေးပွဲတစ်ခု ကျင်းပဖို့ ပြင်ဆင်နေကြပါတယ်" ဟု ဝတ်ရုံခြုံထားသော အမျိုးသားက သခင်ကြီး နီကိုးလ်စ်ကို ကြည့်ကာ တုန်လှုပ်စွာဖြင့် လျှောက်တင်လိုက်၏။
"အဲဒီ ကောင်လေး သေဆုံးသွားပြီလို့ ငါ့ကို မုသားစကား လာပြောခဲ့တဲ့အတွက်... ငါ အဲဒီ လုပ်ကြံသတ်ဖြတ်သူ အောက်တန်းစားကောင်ကို ကိုယ်တိုင် သတ်ပစ်မယ်။ အဲဒီကောင်ကို ငါ့ရဲ့ ရှေ့မှောက်ကို ချက်ချင်း ခေါ်ဆောင်လာခဲ့ကြစမ်း" သခင်ကြီး နီကိုးလ်စ်က သူ၏ နောက်ကွယ်သို့ လှည့်ကြည့်ကာ အမိန့်ပေးလိုက်ရာ... ထိုစကားကို ကြားလိုက်ရသည့်အခါ သူ၏ နောက်ကွယ်တွင် မတ်တတ်ရပ်နေကြသော အမျိုးသားနှစ်ဦးစလုံး ဦးခေါင်းညိတ်ပြလိုက်ကြပြီးနောက်... နီကိုးလ်စ်၏ မျက်နှာထက်တွင် ကောက်ကျစ်ရက်စက်သော အပြုံးတစ်ခု ထွက်ပေါ်လာခဲ့လေတော့သည်။