အီဗလင်းနှင့် အဘိုးအို လင်တို့သည် အခန်းတံခါးခေါက်သံနှင့်အတူ အပြင်ဘက်မှ ရင်းနှီးနေသော အသံတစ်ခုကို ကြားလိုက်ရသဖြင့်— "ဝင်ခဲ့ပါ" ဟု အီဗလင်းက ကာနာကို ပြန်လည်ထူးလိုက်ရာ... နောက်တစ်စက္ကန့်တွင် ၎င်းတို့နှစ်ဦးစလုံးသည် ယိုဟန်နှင့်အတူ အခန်းထဲသို့ ဝင်ရောက်လာခဲ့ကြသည်။
သူမသည် အတန်ငယ် စိတ်ကြည်လင်နေပုံရသော ယိုဟန်ကို လှမ်းကြည့်လိုက်သည်။ သူက အီဗလင်းနှင့် သူ၏အဖိုးဖြစ်သူထံသို့ ချဉ်းကပ်လာခဲ့ရာ— "မင်းအမေအတွက် ကောင်းမွန်တဲ့ လက်ဆောင်တစ်ခုခု ရှာတွေ့ခဲ့ရဲ့လား" ဟု အဘိုးအို လင်က ယိုဟန်ကို ကြည့်ကာ မေးမြန်းလိုက်၏။
ထိုစကားကို ကြားလိုက်ရသည့်အခါ သူက ပြုံးပြလျက် ဦးခေါင်းညိတ်လိုက်ပြီး— "ဟုတ်ကဲ့ အဖိုး... ကျွန်တော် ကောင်းမွန်တဲ့ အရာတစ်ခုကို ရှာတွေ့ခဲ့ပါတယ်" ဟု ဆိုကာ သူ၏ ကင်းလွတ်ရပ်ဝန်းလက်စွပ် ထဲမှ သေတ္တာငယ်လေးတစ်လုံးကို ထုတ်ယူ၍ အဖိုးဖြစ်သူကို ပြသလိုက်ရာ... အီဗလင်းသည်လည်း ထိုသေတ္တာငယ်လေးဆီသို့ အသာအယာ လှမ်းမျှော်ကြည့်လိုက်သည်။
"မင်းရဲ့ ရွေးချယ်မှုက တကယ်ကို ကောင်းမွန်တာပဲ၊ ဒါက ကောင်းကင်နယ်ပယ်အောက်ရှိတဲ့ ဘယ်လိုတိုက်ခိုက်မှုမျိုးကိုမဆို ခုခံနိုင်စွမ်းရှိတဲ့ အသက်ကယ်ရတနာတစ်ခုပဲ... မင်း တကယ်ကို ပစ္စည်းရွေးချယ်တတ်တာပဲ" ဟု သူမက သူ့ကို ဆိုလိုက်၏။
ထိုစကားများကို ကြားလိုက်ရသည့်အခါ ယိုဟန်က ဦးခေါင်းညိတ်ပြလိုက်ရင်း "ဒီရတနာအတွက် ကျေးဇူးတင်ပါတယ် သခင်မကြီး၊ အခုဆိုရင် ကျွန်တော့်အနေနဲ့ လက်ဆောင်လိုက်ရှာဖို့ မြို့ထဲကို သွားနေစရာမလိုတော့ဘူးပေါ့။ ဒါက တကယ်ကို လှပလွန်းလှသလို... သခင်မကြီးရဲ့ ပါးစပ်ဖျားကနေ ဒီရတနာမှာ အဲဒီလိုမျိုး စွမ်းပကားရှိတယ်လို့ ကြားလိုက်ရတဲ့အတွက် ဤနေရာကို လာခဲ့ရတာ တကယ်ကို တန်သွားပါပြီ" ဟု သူမကို ပြန်လည်တုံ့ပြန်လိုက်သည်။
အဘိုးအို လင်သည် ထိုစကားကို ကြားရသောအခါ သဘောကျစွာ ရယ်မောလိုက်ရင်း— "မင်းအမေအတွက် စိတ်ဝင်စားစရာကောင်းတဲ့ အရာတစ်ခုကို ရှာဖွေတွေ့ရှိခဲ့လို့ ငါ ဝမ်းသာပါတယ်၊ သူမကတော့ ဒီလက်ဆောင်ကို သေချာပေါက် ကြိုက်နှစ်သက်မှာပါ" ဟု သူ့ကို ဆိုလိုက်၏။
ယိုဟန်သည် အဖိုးဖြစ်သူ၏ စကားကို ကြားပြီးနောက် ဦးခေါင်းညိတ်ပြလိုက်ကာ "ကျွန်တော်တို့ ပြန်ကြရအောင်စို့လား အဖိုး... အခုဆိုရင် မိုးတောင် ချုပ်တော့မယ်" ဟု ဆိုလိုက်သည်။
ထိုစကားကို ကြားလိုက်ရသည့်အခါ အကြီးအကဲ လင်က ဦးခေါင်းညိတ်ပြလိုက်ရင်း— "သခင်မကြီး အီဗလင်းက မင်းနဲ့ သီးသန့်စကားပြောချင်လို့တဲ့... ငါ မင်းကို စံအိမ်ရဲ့ အပြင်ဘက်မှာ စောင့်နေပါ့မယ်" ဟု ယိုဟန်ကို ဆိုလိုက်ပြီးနောက် နောက်တစ်စက္ကန့်တွင် သူ၏ အကြည့်များက အီဗလင်းထံသို့ ရောက်ရှိသွားခဲ့သည်။
"သခင်မကြီး... အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ်ဗျာ၊ ကျွန်တော့်အနေနဲ့ ဤနေရာကို လာရောက်ခွင့်ရခဲ့တဲ့အတွက် ဝမ်းမြောက်မိပါတယ်" ဟု မိမိ၏ ရှေ့မှောက်တွင် တည်ငြိမ်စွာ ထိုင်နေသော အီဗလင်းကို ကြည့်ကာ ဆိုလိုက်၏။
သူမက ဦးခေါင်းညိတ်ပြလိုက်ရင်း— "ရှင့်ရဲ့ မြေးဖြစ်သူနဲ့အတူ တို့ကို လာရောက်တွေ့ဆုံတဲ့အတွက် တို့လည်း ဝမ်းသာပါတယ်။
သူလည်း မကြာခင် ရှင့်ဆီကို လိုက်လာခဲ့ပါလိမ့်မယ်" ဟု အဘိုးအိုကို ပြန်လည်တုံ့ပြန်လိုက်ပြီး... နောက်တစ်စက္ကန့်တွင် သူမ၏ အကြည့်များက အာနားနှင့် ကာနာတို့ထံသို့ ရောက်ရှိသွားခဲ့သည်။
"အကြီးအကဲ လင်ကို စံအိမ်ရဲ့ အပြင်ဘက်အထိ လိုက်ပါပို့ဆောင်ပေးလိုက်ကြ" ဟု သူမက ထိုအမျိုးသမီးနှစ်ဦးကို ကြည့်ကာ မိန့်မှာလိုက်ရာ... ထိုစကားကို ကြားလိုက်ရသည့်အခါ ၎င်းတို့နှစ်ဦးစလုံး ဦးခေါင်းညိတ်ပြလိုက်ကြပြီးနောက် အဘိုးအိုကို လှမ်းကြည့်လိုက်ကြသည်။ နောက်တစ်စက္ကန့်တွင် အဘိုးအိုသည် ထိုအမျိုးသမီးနှစ်ဦးနှင့်အတူ အခန်းအတွင်းမှ ထွက်ခွာသွားခဲ့တော့ရာ... ယိုဟန်နှင့် သခင်မကြီး အီဗလင်းတို့နှစ်ဦးတည်းသာ ကျန်ရစ်ခဲ့တော့သည်။
ယိုဟန်သည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီးနောက် အီဗလင်းက မိမိအား ဘာများပြောလိုသနည်းဟူသည်ကို စိတ်ဝင်စားနေမိသဖြင့် သူမကို စပ်စုလိုသော အကြည့်များဖြင့် စိုက်ကြည့်လိုက်သည်။ သူ၏ အကြည့်ကို မြင်လိုက်ရသည့်အခါ အီဗလင်းက သက်ပြင်းတစ်ချက်ချလိုက်ရင်း— "မင်း နတ်ဘုရားပွင့်လန်းခြင်းဂိုဏ်းကို ဘယ်တော့ ပြန်ဝင်မှာလဲ... မင်း ဂိုဏ်းကနေ ထွက်ခွာသွားခဲ့တာ တစ်လတောင် ရှိနေပြီ" ဟု သူမက သူ့ကို တိုက်ရိုက်ပင် မေးမြန်းလိုက်တော့သည်။
ထိုစကားများကို ကြားလိုက်ရသည့်အခါ သူသည် အလွန်ပင် ဆွံ့အသွားခဲ့ရသလို တစ်ပြိုင်နက်တည်းမှာပင် အံ့ဩသွားခဲ့ရ၏။ သူမက မိမိကို ဤကဲ့သို့သော မေးခွန်းမျိုး ဘာဖြစ်လို့ မေးမြန်းနေရသနည်းဟူသည်ကို သူ ဇဝေဇဝါ ဖြစ်သွားခဲ့ရသည်။ ၎င်းမှာ လုံးဝဥဿုံ သက်ဆိုင်ခြင်းမရှိသော အရာတစ်ခု ဖြစ်သော်လည်း... သူက ဦးခေါင်းကို ယမ်းခါလိုက်ရင်း— "ကျွန်တော် နတ်ဘုရားပွင့်လန်းခြင်းဂိုဏ်းကို ဘယ်တော့မှ ပြန်မဝင်တော့ပါဘူး၊ ဂိုဏ်းကနေ ထွက်ခွာဖို့ ကျွန်တော် ဆုံးဖြတ်ပြီးသားပါ... အဲဒီဂိုဏ်းက ကျွန်တော့်ကို ဘာတစ်ခုမှ မပေးစွမ်းနိုင်ပါဘူး" ဟု သူက အီဗလင်းကို ပွင့်ပွင့်လင်းလင်းပင် တုံ့ပြန်လိုက်လေသည်။
ယိုဟန်၏ ပါးစပ်ဖျားမှ ထိုကဲ့သို့သော မှတ်ချက်စကားကို ကြားလိုက်ရသည့်အခါ သူမသည် အံ့ဩလွန်းသဖြင့် မေးရိုးပင် အောက်သို့ ပြုတ်ကျလုမတတ် ဖြစ်သွားခဲ့ရ၏။ သူမသည် လွန်ခဲ့သည့် စက္ကန့်ပိုင်းက ကြားလိုက်ရသော အရာကို လုံးဝမယုံကြည်နိုင်ဘဲ ရှိနေခဲ့ရသည်။ သူသည် မည်သည့်အရာကိုမျှ စဉ်းစားတွေးတောခြင်းမရှိဘဲ ဤမျှအထိ ပွင့်လင်းပြတ်သားစွာ တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။
ခဏမျှ ကြာပြီးနောက်မှ သူမ သတိပြန်ဝင်လာခဲ့ပြီး သူ့ကို စိုက်ကြည့်လိုက်ရင်း— "နတ်ဘုရားပွင့်လန်းခြင်းဂိုဏ်းက မင်းကို ဘာမှမပေးစွမ်းနိုင်ဘူးဆိုတာ ဘာကို ဆိုလိုတာလဲ... တကယ်လို့ မင်းက ကျင့်ကြံဖော်တစ်ယောက်ကို အလိုရှိနေတာဆိုရင် တို့ မင်းအတွက် စီစဉ်ပေးပါ့မယ်" ဟု သူမက သူ့ကို ဆိုလိုက်သည်။
ယိုဟန်က သူမကို စိတ်ရှုပ်ထွေးနေသော မျက်နှာအမူအရာဖြင့် စိုက်ကြည့်လိုက်မိရာမှ... ရုတ်တရက်ဆိုသလို သူ၏ အသိစိတ်ထဲသို့ တစ်စုံတစ်ခု ဝင်ရောက်လာခဲ့သည်။
သူ၏ ယခင်ဘဝ အမှတ်ရမှုများထဲတွင် သခင်မကြီး အီဗလင်းဟူသော နာမည်ကို သူ ကြားဖူးခဲ့ဖူးသဖြင့်... ရုတ်တရက်ဆိုသလို သူ၏ သံသယများမှာ ရှင်းလင်းသွားခဲ့ရတော့သည်။ "သခင်မကြီးက နတ်ဘုရားပွင့်လန်းခြင်းဂိုဏ်းရဲ့ ဂိုဏ်းချုပ် မဟုတ်လား" ဟု သူက မျက်နှာထက်တွင် အပြုံးတစ်ခုဖြင့် ဆိုလိုက်မိသည်။
ဤအကြိမ်တွင် ထိုစကားများကို ကြားလိုက်ရသည့်အခါ အီဗလင်းက ဆွံ့အသွားခဲ့ရပြီး— "မင်းလို အရှက်မရှိတဲ့ ကောင်စုတ်လေးက... ငါ့ကို မသိသလိုမျိုး တမင်ဟန်ဆောင်နေတာကိုး" ဟု သူမက သူ့ကို စူးစိုက်ကြည့်လိုက်သည်။
သို့သော် နောက်တစ်စက္ကန့်တွင် ယိုဟန်၏ မျက်နှာထက်မှ ဟာလာဟင်းလင်းဖြစ်နေသော မျက်နှာအမူအရာကို မြင်လိုက်ရသည့်အခါ သူမ၏ မျက်နှာလေးမှာ ပျက်ယွင်းသွားခဲ့ရ၏။ သူက ခါးသီးစွာ ပြုံးလိုက်မိသည်။ သူ၏ အသိစိတ်ထဲတွင် ယခင်ဘဝက အမှတ်ရမှုအချို့ ရှိနေပါသော်လည်း ၎င်းတို့ထဲမှ အချို့မှာ ရှင်းလင်းပြတ်သားခြင်း မရှိချေ။ အဘယ်ကြောင့်ဆိုသော် ယခင်က ယိုဟန်သည် မည်သည့်အရာကိုမျှ ဂရုမစိုက်ဘဲ အချိန်ဖြုန်းကာ လျှောက်သွားနေခဲ့ခြင်းကြောင့် ဖြစ်၏။
"ကျွတ်... မင်းက ငါ့ကို အလစ်အငိုက် ဖမ်းလိုက်တာပဲ" ဟု သူမက သူ့ကို ဆိုလိုက်သည်။ သူမသည် သူ မိမိ၏ မည်သူမည်ဝါဖြစ်ကြောင်းကို မသိရှိထားဘဲ ရှိနေလိမ့်မည်ဟု လုံးဝထင်မှတ်မထားခဲ့မိချေ။ သူမက အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ရင်း—
"ဒါဆို မင်း ဘာတွေးထားလဲ... နတ်ဘုရားပွင့်လန်းခြင်းဂိုဏ်းကို ပြန်ဝင်မှာလား" ဟု သူမက သူ့ကို ထပ်မံမေးမြန်းလိုက်ပြန်သည်။
ယိုဟန်သည် တိတ်ဆိတ်သွားခဲ့ပြီး မျက်လုံးများကို ပိတ်လိုက်မိကာ နောက်တစ်စက္ကန့်တွင်မှ ပြန်လည်ဖွင့်လှစ်လိုက်ရင်း— "ကျွန်တော် ဂိုဏ်းကို ဘယ်တော့မှ ပြန်မဝင်တော့ပါဘူး၊ ဒါက ဂိုဏ်းတစ်ခုတည်းနဲ့တင် မသက်ဆိုင်ပါဘူး... ကျွန်တော့်အနေနဲ့ တခြားဘယ်လိုမျိုး ဂိုဏ်းကိုမှ ဝင်ရောက်ဖို့ အစီအစဉ်မရှိပါဘူး" ဟု သူက သူမကို တည်ကြည်လေးနက်သော မျက်နှာအမူအရာဖြင့် ဆိုလိုက်လေသည်။
"မင်း ဘာဖြစ်လို့ ဘယ်ဂိုဏ်းကိုမှ မဝင်ချင်ရတာလဲဆိုတဲ့ အကြောင်းအရင်းကို တို့ သိခွင့်ရှိမလား... မင်းက ငယ်ရွယ်သေးသလို တစ်နေ့ကျရင် လင်မျိုးနွယ်စုကို ဦးဆောင်ရမယ့်သူပဲဥစ္စာ..."
"ကျွန်တော့်မှာ ကိုယ်ပိုင်အကြောင်းပြချက် ရှိပါတယ်" သူက အီဗလင်းကို လှမ်းကြည့်လိုက်ရင်း ပြုံးပြလိုက်၏။
'သေစမ်း... ကောင်လေး၊ မင်း ငါ့ရဲ့ စိတ်ရှည်နိုင်စွမ်းကို စမ်းသပ်နေတာပဲ' တစ်ခုလုံးသော အခန်းအတွင်း၌ သတ်ဖြတ်လိုသော စိတ်ဆန္ဒများဖြင့် ပြည့်နှက်သွားခဲ့တော့သည်။
တီ...
[အလွန်ပြင်းထန်သော သတ်ဖြတ်လိုသည့် စိတ်ဆန္ဒကို ထောက်လှမ်းမိပါသည်]