အီဗလင်းသည် သူမ၏ ဘေးနားတွင် အမြဲတစေ ခစားနေတတ်သော အမျိုးသမီးနှစ်ဦး ခြံရံလျက် ထွက်ခွာသွားသည့် ယိုဟန်၏ ကျောပြင်ကို လှမ်း၍ စိုက်ကြည့်နေခဲ့သည်။
အဘိုးအို လင်သည် ယိုဟန်ကို စပ်စုလိုသော အကြည့်များဖြင့် စိုက်ကြည့်နေသည့် အီဗလင်းကို တစ်လှည့်ကြည့်လိုက်ပြီးနောက်... သူမ၏ထံမှ စိတ်မရှည်နိုင်စရာ အမူအရာအချို့ကို သတိပြုမိလိုက်သဖြင့် အကြည့်လွှဲလိုက်မိ၏။
"ငါ့နောက်ကို လိုက်ခဲ့ ဆူဝမ်..." အီဗလင်းက အဘိုးအိုကို ဆိုလိုက်ပြီးနောက် နောက်တစ်စက္ကန့်တွင် သူမ၏ အခန်းဆီသို့ ဦးတည်ကာ စတင်လျှောက်လှမ်းသွားခဲ့တော့ရာ... အဘိုးအိုသည်လည်း သူမ၏ နောက်ကွယ်မှနေ၍ တိတ်ဆိတ်စွာ လိုက်ပါသွားခဲ့ရသည်။ အကြီးအကဲများ၏ ခန်းမဆောင်အတွင်း၌ ဘာတွေ ဖြစ်ပျက်ခဲ့သလဲဟူသည်ကို သူ အလွန်ပင် စပ်စုချင်နေခဲ့ပြီ ဖြစ်၏။
ထိုအတောအတွင်း—
ထိုအမျိုးသမီးနှစ်ဦးသည် ယိုဟန်၏ ဘေးတစ်ဖက်တစ်ချက်စီမှ နေ၍ လျှောက်လှမ်းလာခဲ့ကြပြီး ယိုဟန်ကမူ ၎င်းတို့နှစ်ဦး၏ အလယ်တွင် လျှောက်လှမ်းနေခဲ့ရသည်။ သို့သော် ထိုအမျိုးသမီးနှစ်ဦးစလုံးက သူ့ကို စပ်စုလိုသော အကြည့်များဖြင့် တစိမ့်စိမ့် စိုက်ကြည့်နေကြသဖြင့် သူ စိတ်အနှောင့်အယှက် ဖြစ်လာခဲ့ရ၏။ သူ အဖိုးဖြစ်သူနှင့်အတူ ပထမဆုံး ရောက်ရှိလာခဲ့စဉ်က... ၎င်းတို့သည် သူ့ကို အခြားသော အမျိုးသားများနည်းတူ သခင်မကြီး အီဗလင်း၏ အလှအပတွင် မိန်းမောတွေဝေနေသည့် ကာမရူးတစ်ဦးဟူ၍သာ သတ်မှတ်ထားခဲ့ကြသော်လည်း... ယခုအခါတွင်မူ သူတို့၏ အမြင်များမှာ လုံးဝဥဿုံ ပြောင်းလဲသွားခဲ့ကြပြီ ဖြစ်သည်။ သူသည် အကြီးအကဲများ၏ ခန်းမဆောင်အတွင်းသို့ ဝင်ရောက်ခွင့် ရရှိခဲ့ရုံတင်မကသေးဘဲ... ယခုအခါတွင် သခင်မကြီး အီဗလင်းကိုယ်တိုင်က ဤနိုင်ငံ၏ အဖိုးတန်ဆုံးနှင့် အရှားပါးဆုံးသော ရတနာများ တည်ရှိရာ 'ရတနာသိုက်ခန်းမဆောင်' အတွင်းသို့ ဝင်ရောက်ခွင့် ပြုလိုက်ပြီ မဟုတ်ပါလား။
"ကျေးဇူးပြုပြီး ကျွန်တော့်ကို အဲဒီလိုမျိုးကြီး စိုက်မကြည့်ကြပါနဲ့ဗျာ... နေရတာ တစ်မျိုးကြီးပဲ" သူက ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ထိုအမျိုးသမီးနှစ်ဦးကို လှမ်း၍ စိုက်ကြည့်လိုက်သည်။ သူ ရတနာသိုက်ခန်းမဆောင်အတွင်းသို့ ဝင်ရောက်ခွင့် ရရှိသွားကြောင်း ကြားသိရပြီးကတည်းက ၎င်းတို့သည် သူ့ကို မပြတ်စိုက်ကြည့်နေခဲ့ကြခြင်း ဖြစ်၏။
"တို့က နင့်ကို စိုက်ကြည့်မနေပါဘူး... ဟုတ်တယ်မလား အာနာ" အမျိုးသမီးတစ်ဦးက ယိုဟန်၏ စကားကို ကြားလိုက်ရသည့်အခါ အခြားတစ်ဦးကို လှမ်းကြည့်ရင်း ဆိုလိုက်သည်။ သူမသည် အခြားတစ်ဖက်သို့ အသာအယာ အကြည့်လွှဲရန် ကြိုးစားလိုက်သော်လည်း တရွေ့ရွေ့နှင့် သူ့ထံသို့သာ ခဏခဏ အကြည့်များ ရောက်ရှိသွားခဲ့ရပြန်သည်။
"ဟုတ်ပတ် ကာနာရယ်... တို့တွေက သူ့ကို ဘာဖြစ်လို့ စိုက်ကြည့်နေရမှာလဲ၊ သူ တစ်ခုခုကို အထင်မှားနေတာ ဖြစ်ရမယ်" သူ၏ လက်ဝဲဘက်မှ အခြားအမျိုးသမီးတစ်ဦးဖြစ်သူ အာနာက ကာနာကို ပြန်လည်တုံ့ပြန်လိုက်၏။
၎င်းတို့၏ ထူးဆန်းသောအမူအရာကို မြင်လိုက်ရသည့်အခါ ယိုဟန်က ခါးသီးစွာ ပြုံးလိုက်ပြီး ဦးခေါင်းကို ယမ်းခါလိုက်ရင်း— "ခင်ဗျားတို့ ကျွန်တော့်ကို စိုက်ကြည့်နေတာ ကျွန်တော် သိတာပေါ့ဗျာ... ဒါနဲ့ ဘာဖြစ်လို့လဲ၊ ကျွန်တော့်မျက်နှာမှာ တစ်ခုခု မှားယွင်းနေလို့လား... ဒါမှမဟုတ် ခင်ဗျားတို့ မျက်စိထဲမှာ ကျွန်တော်က ဆွဲဆောင်မှုရှိနေလို့လား" ဟု သူက ကောက်ကျစ်သော အပြုံးတစ်ခုဖြင့် ဆိုလိုက်သည်။
"သေစမ်း... အနုကြမ်းစီးတဲ့ ကာမရူးကောင်၊ ငါ ထင်တာ တကယ်မှန်နေတာပဲ... သူက ကာမရူးပဲ။ နင့်လို ကောင်မျိုးကို ဘယ်သူက စိတ်ဝင်စားမှာလဲ... နင်က အသုံးမကျတဲ့ ကောင်လေးတစ်ယောက်ပဲဥစ္စာ၊ သခင်မကြီး အီဗလင်းက ဘာဖြစ်လို့ နင့်ကို ရတနာသိုက်ခန်းမဆောင်ထဲ ပေးဝင်လိုက်ရတာလဲဆိုတာ ငါ တကယ်ကို စဉ်းစားလို့မရဘူး" ကာနာဟု အမည်ရသော အမျိုးသမီးသည် သူ၏ မျက်နှာထက်မှ ကြောက်မက်ဖွယ်ရာ အပြုံးဆန်းကြီးကို မြင်တွေ့လိုက်ရသည့်အခါ ဒေါသတကြီး ဖြစ်သွားခဲ့ရသည်။
"အာ... အခုမှပဲ ငါ သဘောပေါက်တော့တယ်။ ဒါကြောင့်မို့လို့ ခင်ဗျားတို့က ငါ့အပေါ်မှာ စိတ်တိုနေကြတာကိုး... သခင်မကြီး အီဗလင်းက ငါ့ကို ရတနာသိုက်ခန်းမဆောင်ထဲ ဝင်ခွင့်ပြုလိုက်လို့မလား" သူက အာနာနှင့် ကာနာတို့ကို စိုက်ကြည့်ရင်း ထိုစကားများကို ဆိုလိုက်၏။
ယိုဟန်၏ ပါးစပ်ဖျားမှ ထိုစကားများကို ကြားလိုက်ရသည့်အခါ အမျိုးသမီးနှစ်ဦးစလုံးမှာ ဆွံ့အသွားခဲ့ကြပြီး တစ်ဦးနှင့်တစ်ဦး မျက်နှာချင်းဆိုင် စိုက်ကြည့်လိုက်မိကြကာ... နောက်တစ်စက္ကန့်တွင် ၎င်းတို့နှစ်ဦးစလုံးက သူ့ကို စူးစိုက်ကြည့်လိုက်ကြရင်း— "မှန်တယ်... နင့်လို စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းတဲ့ ကောင်လေးတစ်ယောက်က ရတနာသိုက်ခန်းမဆောင်ထဲကို ဝင်ရောက်ဖို့ အရည်အချင်း လုံးဝမပြည့်မီဘူး၊ ဒါပေမဲ့ ဒါက သခင်မကြီး အီဗလင်းရဲ့ အမိန့်ဖြစ်နေလို့သာ တို့တွေ ငြင်းဆန်လို့မရတာ" ဟု ၎င်းတို့နှစ်ဦးစလုံးက သူ့ကို ဒေါသတကြီး အကြည့်များဖြင့် စိုက်ကြည့်ရင်း ပြောကြားလိုက်ကြလေသည်။
"ကဲပါ... ဘာပဲဖြစ်ဖြစ် အခု သွားကြရအောင် စို့၊ ကျွန်တော် နောက်ကျနေပြီဗျာ... မနက်ဖြန်က ကျွန်တော့်အမေရဲ့ မွေးနေ့ဖြစ်လို့ ခင်ဗျားတို့နဲ့ အချိန်ဖြုန်းမနေချင်တော့ဘူး" သူက ထိုအမျိုးသမီးနှစ်ဦးကို ပြန်လည်တုံ့ပြန်လိုက်၏။
၎င်းတို့နှစ်ဦးစလုံးသည် သူ၏ ပါးစပ်ဖျားမှ ထိုစကားများကို ကြားလိုက်ရသည့်အခါ သွားများကို တင်းတင်းကြိတ်လိုက်မိကြသော်လည်း ယခုအချိန်တွင် ဘာမျှမတတ်နိုင်တော့ချေ။ "ကျွတ်... တို့နောက်ကပဲ လိုက်ခဲ့စမ်းပါ၊ နောက်မှာ ကျန်မနေခဲ့နဲ့ဦး... နင့်လို ကောင်လေးတစ်ယောက်အတွက်နဲ့ တို့တွေ အချိန်ဖြုန်းမနေနိုင်ဘူး" ကာနာက ပြန်လည်ပြောကြားလိုက်ပြီး... နောက်တစ်စက္ကန့်တွင် ထိုအမျိုးသမီးနှစ်ဦးစလုံးသည် သူ့ကို ကျောခိုင်းလျက် အလွန်ပင် လျင်မြန်သော ခြေလှမ်းများဖြင့် ထွက်ခွာသွားခဲ့ကြတော့သည်။
'ကျိန်စာတိုက်လိုက်တာ...' ယိုဟန်သည် ထိုအမျိုးသမီးနှစ်ဦးကို စိတ်ထဲမှ ကျိန်ဆဲလိုက်ရင်း သူသည်လည်း ခြေလှမ်းများကို အရှိန်မြှင့်တင်လိုက်ကာ... ရတနာသိုက်ခန်းမဆောင်ဆီသို့ အာနာနှင့် ကာနာတို့၏ နောက်ကွယ်မှနေ၍ ချက်ချင်း လိုက်ပါသွားခဲ့တော့သည်။ မိနစ်အနည်းငယ်မျှ ထပ်မံလျှောက်လှမ်းပြီးနောက် ၎င်းတို့သည် ခန်းမဆောင်ကြီး၏ ရှေ့မှောက်သို့ ရောက်ရှိသွားခဲ့ကြပြီး... ထိုနေရာတွင် ရွှေရောင်ချပ်ဝတ်တန်ဆာများ ဝတ်ဆင်ထားကာ ဤနေရာကို စောင့်ကြပ်နေကြသည့် အမျိုးသားနှစ်ဦးကို မြင်တွေ့လိုက်ရ၏။
၎င်းတို့သည် အာနာနှင့် ကာနာတို့ကို မြင်သောအခါ ဦးခေါင်းညွှတ် အလေးပြုလိုက်ကြပြီးနောက်... ၎င်းတို့နှစ်ဦး၏ အလယ်တွင် လိုက်ပါလာသော ယိုဟန်၏ထံသို့ အကြည့်များ ရောက်ရှိသွားခဲ့ကြသည်။
"ရတနာသိုက်ခန်းမဆောင်ကို ဖွင့်လှစ်လိုက်ကြ... သခင်မကြီး အီဗလင်းက သူ့ကို ရတနာသိုက်ခန်းမဆောင်ထဲ ပေးဝင်ဖို့ တို့တွေကို အမိန့်ပေးလိုက်တယ်" အာနာက အစောင့်များကို ကြည့်ကာ ထိုစကားကို ဆိုလိုက်ရာ... ထိုစကားကို ကြားလိုက်ရသည့်အခါ အစောင့်နှစ်ဦးစလုံး ဦးခေါင်းညိတ်ပြလိုက်ကြပြီးနောက် နောက်တစ်စက္ကန့်တွင် ခန်းမဆောင်ကြီးကို ဖွင့်လှစ်ပေးလိုက်ကြတော့သည်။
ထိုအတောအတွင်း—
"ဘာ... ကောင်းကင်ဘုံရဲ့ ဖန်လုံးကြီး ပျက်စီးသွားတယ် ဟုတ်လား၊ အဲဒီဖန်လုံးက သူ့ရဲ့ ပါရမီအရည်အချင်းကို တောင်မှ မဆုံးဖြတ်ပေးနိုင်ခဲ့ဘူးဆိုတာ... ဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ" အီဗလင်း၏ ရှင်းပြချက်ကို ကြားလိုက်ရပြီးနောက် အဘိုးအိုသည် အံ့ဩတုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်မိပြီး နေရာမှ ချက်ချင်း ထရပ်လိုက်မိတော့သည်။
"တကယ်ပါပဲ... သူက တကယ့်ကို ပါရမီရှင်တစ်ယောက်ပဲ၊ ရှင့်ရဲ့မြေးက အမှိုက်တစ်ယောက် မဟုတ်ဘူးဆိုတာကိုပဲ ရှင် ဝမ်းသာသင့်ပါတယ်။ ဒါပေမဲ့ သူ့အပေါ်မှာ ရုတ်တရက် ဘာတွေ ဖြစ်ပျက်ခဲ့တာလဲ... ငါ သူ့ရဲ့ ဘေးနားမှာ မှော်စွမ်းအင် လှိုင်းထန်မှုအချို့ကို အာရုံခံမိလိုက်တယ်၊ ဒါက ပုံမှန်မဟုတ်ဘူး... သူ လတ်တလောမှာပဲ အဆင့်ချိုးဖျက် ကျင့်ကြံနိုင်ခဲ့တာလား" အီဗလင်းက အဘိုးအိုကို စပ်စုလိုသော အကြည့်များဖြင့် စိုက်ကြည့်ရင်း မေးမြန်းလိုက်၏။
ထိုစကားများကို ကြားလိုက်ရသည့်အခါ အဘိုးအို၏ မျက်နှာလေးမှာ ဖြူလျော်သွားခဲ့ရသည်။ ယိုဟန်အနေဖြင့် တစ်ညတည်းနှင့်တင် မဟာနယ်ပယ်တစ်ခုလုံးကို ကျော်လွန်၍ အဆင့်ချိုးဖျက် ကျင့်ကြံနိုင်ခဲ့ကြောင်းနှင့်... သူတင်မကသေးဘဲ သူ၏အဖော်ဖြစ်သူ ဒီယာသည်လည်း တစ်ညတာ အတူတူ ကုန်ဆုံးပြီးနောက်တွင် အဆင့်ငယ် လေးဆင့်အထိ အဆင့်ချိုးဖျက်နိုင်ခဲ့ကြောင်းကို သူ ဖွင့်ဟမပြောကြားလိုပါချေ...။