"သေစမ်း... ဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်ရတာလဲ" ဖန်လုံးကြီးက အညိုရောင်အဖြစ် ပြောင်းလဲသွားသည်ကို မြင်လိုက်ရသည့်အခါ အီဗလင်းသည် အံ့ဩတုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်မိသည်။ ၎င်းမှာ သူမ၏ တစ်ဘဝတာသက်တမ်းအတွင်း မြင်ဖူးသမျှထဲတွင် အမြင့်မားဆုံးသော အရောင်ဖြစ်ပြီး ယိုဟန်၏ ကန့်သတ်ချက်မဲ့ ပါရမီစွမ်းရည်ကို ထင်ဟပ်ပြသနေခြင်း ဖြစ်၏။
အနည်းငယ်သော လူသားအချို့သာလျှင် ဤအရောင်ကို နိုးထစေနိုင်စွမ်းရှိကြပြီး ၎င်းတို့ကို ကောင်းကင်ဘုံ၏ ကောင်းချီးမင်္ဂလာ ခံယူထားသူများနှင့် အနှိုင်းမဲ့ ပါရမီရှင်များဟု ခေါ်ဆိုကြသည်။
အီဗလင်းသည် အလွန်အမင်း မှင်တက်သွားခဲ့ရသော်လည်း ထူးဆန်းသော အရာတစ်ခုက ထပ်မံ၍ ဖြစ်ပျက်လာခဲ့ပြန်သည်။
ဖန်လုံးကြီးသည် တဖျတ်ဖျတ် ထပ်မံတောက်ပလာခဲ့ပြီး ထိုအညိုရောင်မှာ ရွှေနီရောင်အဖြစ်သို့ ကူးပြောင်းသွားခဲ့ပြန်၏။ အီဗလင်းအနေဖြင့် ဤနေရာတွင် ဘာတွေ ဖြစ်ပျက်နေသည်ကို လုံးဝနားမလည်နိုင်တော့ချေ။ သူမသည် ဤကဲ့သို့သော အရောင်မျိုးအကြောင်း တစ်ခါမျှမကြားဖူးခဲ့သဖြင့် မျက်လုံးအစုံ ပြူးကျယ်လျက် ယိုဟန်ကို စိုက်ကြည့်လိုက်မိတော့သည်။
'သူက ဘယ်လိုလုပ်ပြီး ဒီလိုမျိုး စွမ်းဆောင်ရည်အဆင့်ကို ရောက်ရှိနိုင်ရတာလဲ၊ လူတွေက သူ့ကို အမှိုက်တစ်ယောက်လို့ ခေါ်ခဲ့ကြပေမဲ့ သူက တကယ်တော့ လုံးဝဥဿုံ ကွဲပြားခြားနားနေတာပဲ' အီဗလင်းသည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်မိပြီး နောက်တစ်စက္ကန့်တွင်မူ ထိုဖန်လုံးကြီးသည် အစိတ်စိတ်အမြွှာမြွှာ ကွဲအက်ပျက်စီးသွားခဲ့လေတော့သည်။
ထိုအခါ အီဗလင်း၏ မျက်နှာထက်တွင် အပြုံးတစ်ခု ထွက်ပေါ်လာခဲ့သော်လည်း ယိုဟန်ကမူ ပျက်စီးသွားသော ဖန်လုံးကို ကြည့်ကာ လန့်ဖျန့်သွားခဲ့ရ၏။ ဤဖန်လုံးကြီးက ဤမျှအထိ လွယ်လွယ်ကူကူ ပေါက်ကွဲသွားလိမ့်မည်ဟု သူ လုံးဝမထင်မှတ်ထားခဲ့ချေ။ 'ငါ မှော်စွမ်းအင်တွေ အများကြီး ထည့်သွင်းမိသွားလို့လား၊ အဲဒါကြောင့်မို့လို့ ဒီမိန်းမကြီးက ငါ့ကို သတ်ပစ်တော့မှာလား မသိဘူး' သူက အီဗလင်းကို ထိတ်လန့်စွာ လှမ်းကြည့်လိုက်သော်လည်း သူမကမူ အလွန်ပင် တည်ငြိမ်အေးဆေးစွာ စိုက်ကြည့်နေသည်ကို အံ့ဩဖွယ်ရာ မြင်တွေ့လိုက်ရသည်။
"ကျွန်တော် တောင်းပန်ပါတယ် သခင်မကြီး၊ ကျွန်တော့်ဘက်က မှော်စွမ်းအင်ကို ပြင်းပြင်းထန်ထန် ထည့်သွင်းမိသွားလို့ ထင်တယ်... အဲဒါကြောင့်မို့လို့ ဒီဖန်လုံးက ကွဲသွားရတာပါ။ ကျေးဇူးပြုပြီး စိတ်မပူပါနဲ့... ကျွန်တော်တို့ လင်မျိုးနွယ်စုကနေ ဒါအတွက် ပြန်လည်ပေးလျော်ပါ့မယ်" သူက ပျာပျာသလဲ ပြောကြားလိုက်၏။
ထိုစကားကို ကြားလိုက်ရသည့်အခါ သူမက သူ့ကို တည်ကြည်လေးနက်သော အကြည့်များဖြင့် စိုက်ကြည့်လိုက်ရင်း— "ဒီဖန်လုံးက ရှေးဟောင်းရတနာတစ်ခု ဖြစ်ပြီးတော့ တစ်နိုင်ငံလုံးမှာ ဤတစ်လုံးတည်းသာ ရှိတာ။ မင်းတို့ မျိုးနွယ်စုတစ်ခုလုံးရဲ့ ပိုင်ဆိုင်မှုအားလုံးကို ပေါင်းလိုက်ရင်တောင် ဒီဖန်လုံးအတွက် တန်ဖိုးမဖြတ်နိုင်ဘူး။ ဒါပေမဲ့ ကိစ္စမရှိပါဘူး... မင်း ငါ့အပေါ်မှာ အကြွေးအကြီးအကျယ် တင်သွားပြီ ဖြစ်လို့... ဒီနေ့ မင်းလုပ်ခဲ့တဲ့ ပျက်စီးဆုံးရှုံးမှုအတွက် ငါ့ကို ပြန်လည်ပေးဆပ်ရလိမ့်မယ်"
'. ဒီမိန်းမယုတ်က ငါ့ကို ကစားနေတာပဲ၊ ငါ ဘယ်လိုဖြစ်ပြီး ဒီလိုအခြေအနေမျိုးနဲ့ လာပိတ်မိနေရတာလဲ' သူသည် စိတ်ထဲမှနေ၍ ဤအမျိုးသမီးကို အားရပါးရ ကျိန်ဆဲနေမိတော့သည်။ သူမသည် မိမိထံမှ တစ်စုံတစ်ခုကို အလိုရှိနေသောကြောင့် ဤကဲ့သို့ တမင်တကာ ပြုမူနေခြင်း ဖြစ်ကြောင်း သူ ကောင်းကောင်းကြီး သိရှိသွားခဲ့ပြီ ဖြစ်၏။
"ငါ့နောက်ကို လိုက်ခဲ့... အခု စမ်းသပ်မှု ပြီးဆုံးသွားပြီဖြစ်လို့ မင်း ဒီနေရာကနေ ထွက်ခွာနိုင်ပြီ" သူမက ဆိုလိုက်သည်။
ထိုစကားများကို ကြားလိုက်ရသည့်အခါမှ သူသည် နောက်ဆုံး၌ သက်ပြင်းချနိုင်တော့သော်လည်း စိတ်ထဲတွင်မူ ဝေခွဲမရ ဖြစ်နေခဲ့ရ၏။ မိမိတွင် မည်သို့သော ပါရမီအရည်အချင်းမျိုး ရှိသည်ကို သူ ကိုယ်တိုင်မသိရှိရသေးချေ။
စမ်းသပ်မှုအတွင်း တစ်ချိန်လုံး သူ၏ မျက်လုံးများကို မှိတ်ထားခဲ့ခြင်း ဖြစ်ပြီး တစ်ခုခု ကွဲအက်သွားသော အသံကို ကြားလိုက်ရသည့်အခါမှ မျက်လုံးဖွင့်ကြည့်လိုက်ရာ ဖန်လုံးကြီးမှာ ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။
"ဟို... သခင်မကြီး၊ ကျွန်တော့်မှာ ဘယ်လို ပါရမီမျိုး ရှိတယ်ဆိုတာ... ကျွန်တော် သိခွင့်ရှိမလားခင်ဗျာ" သူသည် အီဗလင်းနှင့်အတူ ထွက်ပေါက်ဆီသို့ အတူတူ လျှောက်လှမ်းသွားရင်း မေးမြန်းလိုက်မိသည်။
အီဗလင်းက သူ့ကို လှမ်းကြည့်လိုက်ပြီး သက်ပြင်းတစ်ချက်ချကာ "ဘယ်သူ သိမှာလဲ... ဖန်လုံးက ကွဲသွားပြီဆိုတော့ ဖြစ်နိုင်တာကတော့ အဝါရောင်လောက်ပဲ ပြသဖို့ ရှိမှာပါ။ လူတွေ မင်းကို ခေါ်နေကြတဲ့ အမှိုက်တစ်ယောက် မဟုတ်ဘူးဆိုတာကိုပဲ မင်းအနေနဲ့ ဝမ်းသာသင့်ပါတယ်" ဟု အီဗလင်းက ပြန်လည်တုံ့ပြန်လိုက်၏။
ယိုဟန်က သူမကို ကြည့်ကာ ပြုံးလိုက်ရင်း— "လူတွေ ကျွန်တော့်ကို ဘယ်လိုပဲ ခေါ်ခေါ်၊ ကျွန်တော့်အပေါ် ဘယ်လိုပဲ ထင်ထင်... ကျွန်တော် စိုးစဉ်းမျှ ဂရုမစိုက်ပါဘူးဗျာ၊ ကျွန်တော်ကတော့ ကျွန်တော့်ရဲ့ မိသားစုနဲ့အတူ ဘာပူပန်မှုမှမရှိဘဲ အေးအေးချမ်းချမ်းနဲ့ပဲ ရှင်သန်နေထိုင်သွားချင်တာပါ" ဟု သာမန်ကာလျှံကာ ပြောကြားလိုက်လေသည်။
"အေးအေးချမ်းချမ်း ရှင်သန်ခြင်းပေါ့ ဟုတ်လား..." ထိုစကားကို ကြားလိုက်ရသည့်အခါ သူမက သူ့ကို ကြည့်ကာ နူးညံ့စွာ ပြုံးပြလိုက်ရာ... ၎င်းမှာ ယိုဟန်အနေဖြင့် သူမ မည်မျှအထိ လှပချောမောကြောင်း ပထမဆုံးအကြိမ် သတိပြုမိလိုက်ခြင်း ဖြစ်သလို... သူမက သူ့အပေါ် စိတ်ရင်းမှန်ဖြင့် ပထမဆုံးအကြိမ် ပြုံးပြလိုက်ခြင်းလည်း ဖြစ်သည်။
"ကျွန်တော်က အေးအေးချမ်းချမ်း နေချင်တာ... တစ်ခုခု မှားယွင်းနေလို့လားဗျာ" သူက ထပ်မံမေးမြန်းလိုက်ရာ... သူမက ဦးခေါင်းကို အသာအယာ ယမ်းခါလိုက်ရင်း သူ့ကို စိုက်ကြည့်လိုက်သည်။
"ယိုဟန်... ဒီလောကကြီးက သိပ်ကို ဟာကွက်များပြီး ခန့်မှန်းရခက်လွန်းလှတယ်၊ အနာဂတ်မှာ မင်းကို ဘာတွေ စောင့်ကြိုနေမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။
အဲဒါကြောင့်မို့လို့ ဘာကိုမှ ကြိုတင်ပြီး ဆုံးဖြတ်ချက်မချထားပါနဲ့ဦး... မင်း ဘယ်လိုပဲ ရှင်သန်နေထိုင်ချင်ပါစေ၊ ကံကြမ္မာက မင်းအတွက် တခြားသော လမ်းစဉ်တစ်ခုကို ပြင်ဆင်ထားပြီးသား ဖြစ်လိမ့်မယ်" သူမက ထိုစကားကို ဆိုလိုက်ပြီးနောက် နောက်တစ်စက္ကန့်တွင်မူ နောက်သို့ ပြန်လည်လှည့်မကြည့်တော့ဘဲ အကြီးအကဲများ၏ ခန်းမဆောင်အတွင်းမှ ထွက်ခွာသွားခဲ့တော့သည်။
'ဒီမိန်းမ ဘာတွေ ရူးနေတာလဲ မသိဘူး... ဒါ ငါ့ဘဝပဲ၊ ငါ့နည်းငါ့ဟန်နဲ့ပဲ ငါ ရှင်သန်မှာပေါ့။ သူမက တကယ့်ကို ထူးဆန်းတဲ့ မိန်းမတစ်ယောက်ပဲ... သူမရဲ့ နောက်ခံက ဘာလဲဆိုတာ မသိရပေမဲ့... သူမက ငါ မြင်ဖူးသမျှထဲမှာတော့ အလှပဆုံးသော အမျိုးသမီးပဲ' သူက စိတ်ထဲမှနေ၍ တွေးတောလိုက်မိစဉ် သူ၏ မျက်နှာလေးမှာ ခရမ်းချဉ်သီးတစ်လုံးအလား ရဲတက်သွားခဲ့ရသည်။ ၎င်းမှာ သူမက သူ့ကို 'ကလေး' ဟု မခေါ်ဆိုတော့ဘဲ သူ၏ နာမည်ကို ပထမဆုံးအကြိမ် ခေါ်ဆိုခဲ့ခြင်း ဖြစ်သဖြင့် သူ အလွန်ပင် ဝမ်းမြောက်မိသွားခဲ့ခြင်း ဖြစ်၏။
ထို့နောက်တွင်မူ... သူသည်လည်း အကြီးအကဲများ၏ ခန်းမဆောင်အတွင်းမှ ထွက်ခွာခဲ့လိုက်ပြီး အီဗလင်း၏ နောက်ကွယ်မှနေ၍ ချက်ချင်း လိုက်ပါသွားခဲ့တော့သည်။
ထိုအတောအတွင်း—
အကြီးအကဲ လင်နှင့် အမျိုးသမီးနှစ်ဦးတို့သည် အကြီးအကဲများ၏ ခန်းမဆောင်ရှေ့တွင် မတ်တတ်ရပ်လျက် သခင်မကြီး အီဗလင်းနှင့် ယိုဟန်တို့ကို စောင့်ဆိုင်းနေခဲ့ကြသည်။ ၎င်းတို့ အခန်းအတွင်းသို့ ဝင်ရောက်သွားခဲ့သည်မှာ နာရီအနည်းငယ်မျှ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း ယခုထက်တိုင် ပြန်လည်ထွက်ခွာလာခြင်း မရှိသေးသဖြင့် အကြီးအကဲ လင်မှာ ယိုဟန်အတွက် အလွန်ပင် စိုးရိမ်ပူပန်နေခဲ့ရ၏။
သို့သော် ရုတ်တရက်ဆိုသလို သူ ရင်းနှီးကျွမ်းဝင်နေသော ရုပ်သွင်များကို မြင်တွေ့လိုက်ရသည်။ ၎င်းတို့မှာ ယိုဟန်နှင့် သခင်မကြီး အီဗလင်းတို့ ဖြစ်ကြပြီး... ၎င်းတို့ နောက်ဆုံးတွင် ခန်းမဆောင်အတွင်းမှ ထွက်ခွာလာခဲ့ကြပြီ ဖြစ်သဖြင့် အကြီးအကဲ လင်သည် ထိုအမျိုးသမီးနှစ်ဦးနှင့်အတူ သခင်မကြီး အီဗလင်း၏ထံသို့ အပြေးအလွှား ချဉ်းကပ်သွားခဲ့သည်။
သူ တစ်စုံတစ်ခုကို မပြောဆိုနိုင်မီမှာပင် အီဗလင်းက ထိုအမျိုးသမီးနှစ်ဦးကို လှမ်း၍ ကြည့်လိုက်ရင်း—
"ယိုဟန်ကို ငါ့ရဲ့ ရတနာသိုက်ခန်းမဆောင် ဆီကို ခေါ်သွားလိုက်ကြ... သူ ကြိုက်နှစ်သက်ရာတစ်ခုခုကို သူ့အမေအတွက် ရွေးချယ်နိုင်တယ်" ဟု သူမက ထိုအမျိုးသမီးများကို ကြည့်ကာ မိန့်မှာလိုက်လေသည်။
၎င်းတို့နှစ်ဦးစလုံး အံ့ဩမှင်တက်သွားခဲ့ကြသော်လည်း ဦးခေါင်းညိတ်ပြလိုက်ကြပြီးနောက် ယိုဟန်ကို လှမ်းကြည့်ကာ— "ကျွန်မတို့နဲ့အတူ လိုက်ခဲ့ပါ" ဟု ဆိုလိုက်ကြ၏။
ယိုဟန်သည်လည်း အီဗလင်း၏ စကားကို ကြားလိုက်ရသည့်အခါ အံ့ဩသွားခဲ့ရပြီး... သူမ ဤကဲ့သို့သော အရာမျိုးကို ပြောဆိုလိမ့်မည်ဟု သူ လုံးဝမျှော်လင့်မထားခဲ့ချေ။ သူသည် အဖိုးဖြစ်သူကို လှမ်း၍ ကြည့်လိုက်ရာ... ယိုဟန်၏ အကြည့်ကို မြင်ရသောအခါ အဘိုးအိုက ပြုံးပြလိုက်ပြီး ထိုအမျိုးသမီးများနှင့်အတူ လိုက်ပါသွားရန် ခွင့်ပြုချက်ပေးသည့်အနေဖြင့် ဦးခေါင်းညိတ်ပြလိုက်သည်။
နောက်တစ်စက္ကန့်တွင် သူသည် ထိုအမျိုးသမီးနှစ်ဦးနှင့်အတူ ရတနာသိုက်ခန်းမဆောင်ဆီသို့ ထွက်ခွာခဲ့လိုက်တော့သည်။ ဤအမျိုးသမီးကြီးမှာ အလွန်ပင် ချမ်းသာကြွယ်ဝသူတစ်ဦး ဖြစ်ကြောင်း သူ သိရှိထားသလို... သူမအနေဖြင့် မိမိ၏အဖိုးနှင့် သီးသန့်စကားပြောဆိုလိုသဖြင့် မိမိကို တမင်တကာ မောင်းထုတ်လိုက်ခြင်း ဖြစ်ကြောင်းလည်း သူ ရိပ်မိလိုက်သည်။ မည်သည့်အကြောင်းအရင်းကြောင့်ပဲဖြစ်ဖြစ် ယိုဟန်သည် ဤနေရာမှနေ၍ အမြန်ဆုံး ထွက်ခွာလိုနေခဲ့သဖြင့် ထိုအမျိုးသမီးနှစ်ဦး၏ နောက်ကွယ်မှနေ၍ ငြိမ်သက်စွာ လိုက်ပါသွားခဲ့တော့သည်။