ယိုဟန်သည် အီဗလင်းနှင့် သူ၏အဖိုးဖြစ်သူနောက်သို့ တိတ်ဆိတ်စွာ လိုက်ပါလာခဲ့သော်လည်း... ဖြစ်လာနိုင်ခြေရှိသော ဘေးဒုက္ခအမျိုးမျိုးကို တွေးတောမိရင်း သူ၏ နှလုံးခုန်သံမှာ ပိုမိုမြန်ဆန်ကျယ်လောင်လာခဲ့ရသည်။ အတန်ကြာ လျှောက်လှမ်းပြီးနောက် ၎င်းတို့သည် တစ်မူထူးခြားသော အရှိန်အဝါများ ထွက်ပေါ်နေသည့် သီးသန့်အခန်းတစ်ခု၏ ရှေ့မှောက်သို့ ရောက်ရှိလာခဲ့ကြ၏။ အီဗလင်းက သူမ၏ ခြေလှမ်းများကို ရပ်တန့်လိုက်ရာ နောက်တစ်စက္ကန့်တွင် အမျိုးသမီးနှစ်ဦးသည် သူမ၏ မျက်စိရှေ့မှောက်၌ ရုတ်တရက် ပေါ်ထွက်လာခဲ့ကြပြန်သည်။
"သခင်မကြီး... သခင်မကြီး အလိုရှိတဲ့အတိုင်း အရာအားလုံးကို ပြင်ဆင်ပြီးပါပြီ" ၎င်းတို့နှစ်ဦးစလုံး အီဗလင်းကို ဦးခေါင်းညွှတ် အလေးပြုလိုက်ကြရင်း... သူမ၏ထံသို့ သော့တစ်ချောင်းကို ကမ်းပေးလိုက်ကြသည်။ အီဗလင်းသည် ထိုအမျိုးသမီးနှစ်ဦးထံမှ သော့ကို လှမ်းယူလိုက်ရင်း အသက်ကို ပြင်းပြင်းရှူသွင်းလိုက်၏။
"ဘာပဲဖြစ်ဖြစ်... ဘယ်သူ့ကိုမှ အကြီးအကဲတွေရဲ့ ခန်းမဆောင်ထဲကို ပေးမဝင်စေနဲ့၊ ငါ ဒီကောင်လေးကိုပဲ ငါနဲ့အတူ ခေါ်သွားမယ်။ မင်းတို့နှစ်ယောက်ကတော့ အကြီးအကဲ လင်ရဲ့ ဘေးနားမှာပဲ နေခဲ့ကြ" အီဗလင်းက ထိုအမျိုးသမီးနှစ်ဦးကို လှမ်း၍ အမိန့်ပေးလိုက်ပြီးနောက်... သူမ၏ ဦးခေါင်းကို အဘိုးအို လင်၏ဘက်သို့ လှည့်ကြည့်လိုက်သည်။
သခင်မကြီး အီဗလင်း၏ အကြည့်ကို မြင်လိုက်ရသည့်အခါ အဘိုးအိုသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် တံတွေးကို အသာမြိုချလိုက်မိသည်။ သူသည် သခင်မကြီး အီဗလင်း၏နောက်သို့ လိုက်ပါရန် ရည်ရွယ်ထားခဲ့သော်လည်း ထိုစကားများကို ကြားလိုက်ရပြီးနောက်တွင်မူ သူ့၌ ရွေးချယ်စရာ လုံးဝမရှိတော့ချေ။ သူ နာခံရုံမှတစ်ပါး အခြားမရှိပြီ ဖြစ်၏။ သူမအနေဖြင့် ၎င်းတို့သုံးဦးစလုံးကို ပေးမဝင်ရသည့် ခိုင်လုံသော အကြောင်းအရင်းတစ်ခုခု ရှိနေလိမ့်မည်ဟု သူ သိရှိထားသည်။
ထိုအတောအတွင်း ယိုဟန်ကမူ အီဗလင်းကို လူသားစားသော မိန်းမရိုင်းကြီးတစ်ကောင်အလား စိုက်ကြည့်နေခဲ့ပြီး... မိမိ၏အဖိုးပင်လျှင် မိမိနှင့်အတူ လိုက်ပါခွင့်မရတော့ကြောင်း ကြားလိုက်ရသည့်အခါ သူ၏ မျက်လုံးအစုံမှာ အံ့ဩလွန်း၍ ပြူးထွက်သွားခဲ့ရတော့သည်။
'တောက် အဖိုးကြီးရဲ့... ခင်ဗျားက လူယုတ်မာပဲ၊ ကျွန်တော်က ခင်ဗျားရဲ့ တစ်ဦးတည်းသော မြေးအရင်းခေါက်ခေါက်ကြီးလေ... ဗျာ၊ ကျွန်တော့်အပေါ် ဘယ်လိုလုပ်ပြီး ဒီလိုမျိုး ရက်ရက်စက်စက် ပြုမူရက်ရတာလဲ' သူက အဖိုးဖြစ်သူကို စိုက်ကြည့်ရင်း စိတ်ထဲမှနေ၍ အားရပါးရ ကျိန်ဆဲနေမိတော့သည်။
အဘိုးအို လင်သည် ယိုဟန်၏ အကြည့်ကို သတိပြုမိသွားသဖြင့် နောက်တစ်စက္ကန့်တွင် ယိုဟန်နှင့် မျက်လုံးချင်းမဆုံမိစေရန် အခြားတစ်ဖက်သို့ အသာအယာ လှည့်ကြည့်လိုက်မိ၏။
'ငါတော့ သေရချေပြီ' သူက မိမိကိုယ်မိမိ တွေးတောလိုက်မိရင်း... မိမိ၏ ရှေ့မှောက်တွင် ရှိနေသော လှပချောမောလွန်းလှသည့် အမျိုးသမီးကြီးကို ကြည့်ကာ ခါးသီးစွာ ပြုံးပြလိုက်မိသည်။ ယိုဟန်ကို မြင်သောအခါ အီဗလင်းက သူ့ကို တည်ကြည်လေးနက်သော အကြည့်များဖြင့် စိုက်ကြည့်လိုက်ရင်း—
"ငါ့နောက်ကို လိုက်ခဲ့" ဟု ဆိုလိုက်၏။
"ဟုတ်ကဲ့... အရှင်သခင်မကြီး" နောက်တစ်စက္ကန့်တွင် ထိုစကားလုံးများသည် ကြောက်လန့်တုန်လှုပ်မှုများကြောင့် သူ၏ ပါးစပ်ဖျားမှနေ၍ အလိုအလျောက် ကျွံထွက်သွားခဲ့ရသည်။
ထိုစကားကို ဆိုလိုက်မိစဉ် သူ၏ ဦးခေါင်းထက်တွင် ချွေးစေးများ ထွက်ပေါ်လာခဲ့ပြီး... နောက်တစ်စက္ကန့်တွင် သူသည် တံခါးအတွင်းသို့ အီဗလင်းနှင့်အတူ ဝင်ရောက်သွားခဲ့ကာ အီဗလင်းက တံခါးကို အတွင်းဘက်မှနေ၍ ချက်ချင်း ပိတ်လိုက်တော့သည်။
"ငါ တောင်းပန်ပါတယ် မြေးလေး... အဖိုးလည်း ဘာမှမတတ်နိုင်တော့ဘူး" အဘိုးအိုက မိမိကိုယ်မိမိ ခပ်တိုးတိုး ရေရွတ်လိုက်မိသည်။ ထိုစကားကို ကြားရသော်လည်း ထိုအမျိုးသမီးနှစ်ဦးမှာ စိုးစဉ်းမျှ တုံ့ပြန်မှုမရှိကြဘဲ... မည်သည့်အရာကမျှ စိတ်အာရုံကို မပျံ့လွင့်စေဘဲ ပိတ်ထားသော အခန်းတံခါးဆီသို့သာ တည်ကြည်လေးနက်သော အကြည့်များဖြင့် စူးစိုက်ကြည့်ရှုနေခဲ့ကြသည်။
ထိုအတောအတွင်း—
ယိုဟန်သည် သူမ တံခါးကို အတွင်းဘက်မှ သော့ခတ်ပိတ်လိုက်သည်ကို မြင်ရသောအခါ ထိတ်လန့်စွာဖြင့် တံတွေးကို အသာမြိုချလိုက်မိသည်။ သူသည် ဟိုဟိုဒီဒီ လှည့်လည်ကြည့်ရှုလိုက်ရာ မိမိအနေဖြင့် ဖယောင်းတိုင်အချို့ဖြင့်သာ လင်းထိန်နေသော မှောင်မည်းလှသည့် ခန်းမကျယ်ကြီးတစ်ခုအတွင်းသို့ ရောက်ရှိနေကြောင်း တွေ့ရှိလိုက်ရ၏။ တစ်ခန်းမလုံးမှာ အလွန်ပင် ကျယ်ဝန်းလှပြီး ရှေးဟောင်းပန်းချီကားများနှင့် ရှုခင်းပုံအမျိုးမျိုး ခြံရံလျက် ရှိနေသည်။ ခန်းမအတွင်း၌ ရုပ်တုအချို့ကိုလည်း မြင်တွေ့နေရသော်လည်း ရုတ်တရက်ဆိုသလို သူ၏ အကြည့်များက ခန်းမကြီး၏ အဆုံးသတ်ဆီသို့ ရောက်ရှိသွားခဲ့ရသည်။
'... ဒါက ဘာကြီးလဲ၊ ငါ ကမ္ဘာမြေပေါ်မှာ ရှိနေတုန်းက လူတွေကို ယဇ်ပူဇော်လေ့ရှိတဲ့ ရှေးဟောင်းရုပ်ရှင်တွေထဲမှာ မြင်ဖူးခဲ့တဲ့ ယဇ်ပလ္လင်တွေနဲ့ တစ်ပုံစံတည်းပဲ မဟုတ်လား' သူက ထိုယဇ်ပလ္လင်ကြီးကို ထိတ်လန့်တုန်လှုပ်စွာဖြင့် စိုက်ကြည့်နေမိသည်။ အီဗလင်းသည် ယိုဟန်၏ အကြည့်ကို သတိပြုမိသွားခဲ့ပြီး... သူသည် 'ချိုင့်ဝှမ်းရာပြည့်အဆိပ်တစ်ရာ' ကို အာခံနိုင်စွမ်းရှိသည်ဟူသော စကားကြောင့် သူမ၏ နက်မှောင်သော ပြာလဲ့ရောင် မျက်ဝန်းအစုံမှာ မျှော်လင့်ချက်များဖြင့် အရောင်တောက်နေခဲ့၏။
သူမသည် ယိုဟန်ကို စပ်စုလိုသော အကြည့်များဖြင့် စိုက်ကြည့်လိုက်ရင်း သူ၏ထံသို့ တဖြည်းဖြည်း ချဉ်းကပ်လာခဲ့သည်။ ထိုအမျိုးသမီးကြီး မိမိထံသို့ လျှောက်လှမ်းလာသည်ကို မြင်လိုက်ရသည့်အခါ သူ၏ နှလုံးသားမှာ နစ်မြုပ်သွားခဲ့ရပြီး မျက်နှာအမူအရာမှာလည်း တောင့်တင်းသွားခဲ့ရ၏။
"မင်း ဘာကို စိုက်ကြည့်နေတာလဲ... ငါ့နောက်ကိုပဲ လိုက်ခဲ့စမ်းပါ" အီဗလင်းက ယိုဟန်၏ အနားသို့ ချဉ်းကပ်လာခဲ့ပြီးနောက် ထိုစကားကို ဆိုလိုက်ရာ... ထိုကဲ့သို့သော ခက်ထန်ပြင်းထန်လှသည့် စကားလုံးများကို ကြားလိုက်ရသည့်အခါ သူက အီဗလင်းကို တည်ကြည်လေးနက်သော အကြည့်များဖြင့် ပြန်လည်စိုက်ကြည့်လိုက်မိသည်။
သူသည် မိမိကိုယ်မိမိ ထပ်မံ၍ အောင့်အည်းမထားနိုင်တော့ဘဲ အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ရင်း—
"သခင်မကြီးက ကျွန်တော့်အပေါ်မှာ ဘယ်လိုမျိုး စမ်းသပ်မှုတွေ လုပ်မလို့လဲဗျာ၊ ကျွန်တော်က အေးအေးချမ်းချမ်းနဲ့ ပျော်ပျော်ရွှင်ရွှင် နေထိုင်နေတဲ့ သာမန်လူတစ်ယောက်ပါပဲ။ ကျွန်တော့်အဖိုးက အရွယ်လည်း အလွန်အမင်း အိုမင်းရင့်ရော်နေပြီဖြစ်လို့ တစ်ခါတလေကျရင် သူ ဘာလုပ်နေလဲဆိုတာ သူကိုယ်တိုင်တောင် မသိရှာပါဘူး... အဲဒါကြောင့်မို့လို့ ကျွန်တော့်ကို ဒီနေရာကို ခေါ်လာခဲ့တာပါ။
ကျွန်တော် ထိမှန်ခဲ့တာက 'ချိုင့်ဝှမ်းရာပြည့်အဆိပ်တစ်ရာ' မဟုတ်လောက်ပါဘူးဗျာ... တခြားအဆိပ်တစ်ခုခု ဖြစ်နေမှာပါ။ သခင်မကြီး ပြောတာ ရာနှုန်းပြည့် မှန်ကန်ပါတယ်... ကျွန်တော့်အဖိုး တစ်ခုခုကို အထင်မှားသွားတာ ဖြစ်ရပါမယ်" ဟု သူက အသက်ရှူခြင်းမရှိဘဲ တစ်ဆက်တည်း ပြာပြာသလဲ ပြောကြားလိုက်လေတော့သည်။
ထိုစကားများကို ကြားလိုက်ရသော်လည်း သူမသည် မည်သည့်မျက်နှာအမူအရာမျှ ပြသခြင်းမရှိချေ။ ယိုဟန်ကမူ ပြန်လည်တုံ့ပြန်မည့် စကားတစ်ခွန်းကိုသာ မျှော်လင့်နေမိသည်။
"မကြာခင်မှာပဲ ငါ အဖြေရှာတွေ့တော့မှာပါ... မင်းအနေနဲ့ အဲဒီအသေးစိတ်အချက်အလက်တွေအတွက် စိုးရိမ်ပူပန်နေဖို့ မလိုပါဘူး။ ပြီးတော့ မင်းက မင်းရဲ့အဖိုးအကြောင်း ဘာများသိလို့လဲ... မင်းက ဤကျင့်ကြံခြင်းလောကအကြောင်း ဘာတစ်ခုမှ နားမလည်သေးတဲ့ အသက် တစ်ဆယ့်ငါးနှစ်အရွယ် ကလေးတစ်ယောက်မျှသာ ရှိသေးတာပဲ" အီဗလင်းက အေးစက်လှသော အသံဖြင့် ပြန်လည်တုံ့ပြန်လိုက်၏။
'.. မိန်းမကြီး၊ ခင်ဗျား ကျွန်တော် ပြောတာကို ကောင်းကောင်းကြီး ကြားတယ်မဟုတ်လား၊ ဒါပေမဲ့ ခင်ဗျားက ကျွန်တော် ပြောသမျှ အပေါစားစကားတွေကို စိုးစဉ်းမျှ ဂရုမစိုက်တဲ့ပုံစံမျိုးနဲ့ ပြုမူနေတာပဲ... အပုပ်ကောင်မကြီး' သူက စိတ်ထဲမှနေ၍ ကျိန်ဆဲလိုက်မိရင်း... ထိတ်လန့်တုန်လှုပ်စွာဖြင့် တံတွေးကို အသာမြိုချလိုက်ပြီး ဦးခေါင်းကိုသာ ငြိမ်သက်စွာ ညိတ်ပြလိုက်မိတော့သည်။ ဤအမျိုးသမီးမှာ သာမန်လူစားမျိုး လုံးဝမဟုတ်ကြောင်း သူ နောက်ဆုံးတွင် အပြည့်အဝ သဘောပေါက်သွားခဲ့ပြီ ဖြစ်၏။
ထို့နောက်တွင်မူ... သူသည် အီဗလင်း၏ နောက်ကွယ်မှနေ၍ လိုက်ပါသွားခဲ့ရပြီး ခြေလှမ်းတစ်လှမ်းချင်းစီ လှမ်းလိုက်တိုင်း သူ၏ ခြေထောက်များမှာ တုန်လှုပ်ချောက်ချားနေခဲ့ရသည်။ ထိုအမျိုးသမီးကြီးကမူ သူမ၏ နောက်ကွယ်သို့ ပြန်လှည့်ကြည့်ရန်ပင် စိုးစဉ်းမျှ အဖတ်မလုပ်ခဲ့ပါချေ...။