"ဒါဆို... ဒါကပဲ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ နာမည်ကျော်ကြားလှတဲ့ ရှင့်ရဲ့မြေးလေး ယိုဟန်ပေါ့၊ ရှင့်မြေးနဲ့ ပတ်သက်ပြီး အမျိုးမျိုးသော ကောလာဟလတွေကို ငါ ကြားထားမိတယ်" အီဗလင်းက စုဝမ်ကို လှမ်းကြည့်လိုက်ပြီးနောက်... နောက်တစ်စက္ကန့်တွင် သူမ၏ အကြည့်များက ယိုဟန်ထံသို့ ရောက်ရှိသွားခဲ့သည်။
ထိုစကားများကို ကြားလိုက်ရသည့်အခါ ယိုဟန်၏ မျက်နှာလေးမှာ ရှက်သွေးဖြန်းပြီး ရဲတက်သွားခဲ့ရ၏။ သူမ ဘာအကြောင်းကို ပြောဆိုနေသည်ကို သူ ကောင်းကောင်းကြီး သိရှိထားသည်။ လင်မျိုးနွယ်စုတွင် ဘာတစ်ခုမှ အသုံးမကျသော အမွေဆက်ခံသူတစ်ဦး ရှိနေကြောင်း ဖီးနစ်နိုင်ငံတစ်ခုလုံးက သိရှိထားကြပြီး... သူသည် မည်သည့်ကျင့်ကြံခြင်း ပါရမီမျိုးမျှ မရှိသည့်အပြင် လုံးဝဥဿုံ အမှိုက်တစ်ခုသာ ဖြစ်သည်ဟူ၍ ကျော်ကြားလှသည်။
"မှန်ပါတယ် သခင်မကြီး... သူက ကျွန်တော့်ရဲ့ မြေးလေးပါပဲ၊ ဒါပေမဲ့ သူ့အပေါ် ထွက်ပေါ်နေတဲ့ ကောလာဟလတွေကိုတော့ ကျွန်တော် စိုးစဉ်းမျှ ဂရုမစိုက်ပါဘူး" သူက ပြုံးလိုက်ပြီး ယိုဟန်ကို လှမ်း၍ ကြည့်လိုက်၏။
သခင်မကြီး အီဗလင်းသည်လည်း ယိုဟန်ကို တစ်ချက်မျှ အကဲခတ်ကြည့်ရှုလိုက်ပြီးနောက် အံ့ဩမှင်တက်သွားခဲ့ရသည်။ ယခင်က သူမ သတိမပြုမိခဲ့သော်လည်း... ယခု ယိုဟန်ကို စိုက်ကြည့်လိုက်သည့်အခါ သူမ၏ မျက်ဝန်းအစုံမှာ အရောင်တောက်လာခဲ့ရတော့သည်။
"အို... ရှင် ဘာကို ပြောချင်တာလဲဆိုတာ ငါ နားလည်သွားပြီ။ သူက ကောလာဟလတွေ ပြောနေကြသလိုမျိုး အမှိုက်တစ်ယောက် မဟုတ်ဘဲ... ခန္ဓာကိုယ်ကြံ့ခိုင်ခြင်းနယ်ပယ် ကိုတောင် ရောက်ရှိနေပြီပဲ။ ရှင့်ရဲ့မြေးက တကယ့်ကို ပါရမီရှင်တစ်ယောက်ပဲ... သူ့မှာ ကောင်းမွန်တဲ့ အနာဂတ်တစ်ခု စောင့်ကြိုနေပါတယ်" သခင်မကြီး အီဗလင်းက အဘိုးအိုကို ကြည့်ကာ ထိုစကားများကို ဆိုလိုက်၏။
"သခင်မကြီးရဲ့ ထံကနေ ဤကဲ့သို့သော စကားလုံးမျိုးကို ကြားရတာ အလွန်ပင် ဂုဏ်ယူစရာကောင်းပါတယ်... ဒါပေမဲ့ ကျွန်တော် ဒီနေရာကို ရောက်လာရတဲ့ အကြောင်းအရင်းက တခြားကြောင့်ပါ" စုဝမ်က အီဗလင်းကို စိုက်ကြည့်ရင်း ဆိုလိုက်သည်။
"ဘာကိစ္စရှိလို့လဲ... ရှင် ပြောချင်တဲ့အရာတစ်ခုခု ရှိနေတယ်ဆိုရင် စိုးရိမ်မနေပါနဲ့၊ လွတ်လွတ်လပ်လပ်သာ ပြောပါ" အီဗလင်းက အဘိုးအိုကို လှမ်းကြည့်ကာ ပြုံးလျက် ဆိုလိုက်၏။
အဘိုးအိုက သူ၏ လည်ချောင်းကို တစ်ချက်မျှ ရှင်းလိုက်ပြီးနောက် သခင်မကြီး အီဗလင်းကို ကြည့်ကာ— "သခင်မကြီး... လွန်ခဲ့တဲ့ ရက်အနည်းငယ်က တစ်စုံတစ်ယောက်က ယိုဟန်ကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားခဲ့ပြီး... ချိုင့်ဝှမ်းအဆိပ်တစ်ရာ နဲ့ တိုက်ခိုက်ခဲ့ပါတယ်။ ဒါပေမဲ့ ထူးဆန်းစွာပဲ... သူက အဲဒီတိုက်ခိုက်မှုကနေ အသက်ရှင် လွတ်မြောက်ခဲ့ပါတယ်" ဟု စုဝမ်က အီဗလင်းကို စိုက်ကြည့်ရင်း ပြောကြားလိုက်လေသည်။
အီဗလင်းသည် အဘိုးအိုကို မျက်နှာအမူအရာ ကင်းမဲ့စွာဖြင့် စိုက်ကြည့်နေခဲ့ပြီး... သူမက အသက်ကို ပြင်းပြင်းရှူသွင်းကာ ယိုဟန်ကို လှမ်းကြည့်လိုက်ပြီးနောက်၊ နောက်တစ်စက္ကန့်တွင် သူမ၏ အကြည့်များကို အဘိုးအို၏ထံသို့ ပြန်လည်ရွှေ့ပြောင်းလိုက်ပြန်သည်။
"ရှင် တစ်ခုခုကို အထင်မှားမနေဘူးလို့ ငါ မျှော်လင့်ပါတယ် စုဝမ်... ငါက အရွှန်းဖောက်တာတွေကို မနှစ်သက်ဘူး။
ရှင်က ဒီမြို့တစ်မြို့လုံးမှာ ငါ ရိုသေလေးစားရတဲ့ တစ်ဦးတည်းသောသူ ဖြစ်ပြီး... ရှင် ငါ့အကြောင်းကို အကောင်းဆုံး သိပါတယ်။ ရှင် အခု ဘာတွေ ပြောနေတာလဲဆိုတာကိုကော သိရဲ့လား... 'ချိုင့်ဝှမ်းရာပြည့်အဆိပ်တစ်ရာ' မိထားတဲ့လူတစ်ယောက်က ဘယ်လိုလုပ်ပြီး အသက်ရှင်ကျန်ရစ်နိုင်မှာလဲ၊ အဲဒီအဆိပ်က အလွန်ပင် ပြင်းထန်လွန်းလှတာ" အီဗလင်းက အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ရင်း တည်ကြည်လေးနက်သော အကြည့်များဖြင့် စုဝမ်ကို စိုက်ကြည့်လိုက်သည်။
ယိုဟန်၏ နှလုံးခုန်သံမှာ ပိုမိုမြန်ဆန်ကျယ်လောင်လာခဲ့ပြီး... သူသည် စိတ်ထဲမှနေ၍ ထိုအဘိုးကြီးကို အားရပါးရ ကျိန်ဆဲနေမိတော့သည်။ ဤအမျိုးသမီးမှာ အလွန်ပင် ထက်မြက်လွန်းလှသော်လည်း သဘာဝအားဖြင့် ကောက်ကျစ်သူတစ်ဦး ဖြစ်နိုင်ပြီး... သူမ စိတ်ဆိုးဒေါသထွက်လာကာ ၎င်းတို့နှစ်ဦးစလုံးကို သတ်ဖြတ်ပစ်လိုက်မည်လား မည်သူမျှ မသိနိုင်ချေ။ သူမ၏ မျက်နှာထက်မှ ခြိမ်းခြောက်လိုသော အမူအရာကို မြင်တွေ့လိုက်ရသည့်အခါ သူ၏ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုများ အားလုံး ပျောက်ဆုံးသွားခဲ့ရသည်။
"သခင်မကြီး... ကျွန်တော် အရွှန်းဖောက်နေတာမဟုတ်ပါဘူး၊ အဲဒါကြောင့်မို့လို့လည်း သခင်မကြီးကို လာရောက်ရှာဖွေရတာပါ။ သူက အဆိပ်ကနေ အသက်ရှင် လွတ်မြောက်ခဲ့ရုံတင်မကသေးဘဲ... သူက—" ရုတ်တရက်ဆိုသလို အဘိုးအိုသည် စကားစကို ဖြတ်တောက်လိုက်မိသည်။ မိမိ၏မြေးဖြစ်သူက တစ်ညတည်းနှင့်တင် အဆင့်ငယ် ခြောက်ဆင့်အထိ အဆင့်ချိုးဖျက် ကျင့်ကြံနိုင်ခဲ့ကြောင်းနှင့်... သူ၏အဖော်ဖြစ်သူ ဒီယာသည်လည်း ခန္ဓာကိုယ်နိုးထခြင်းနယ်ပယ် ၏ စတုတ္ထအဆင့်သို့ ရောက်ရှိသွားခဲ့ကြောင်းကိုသာ ပြောပြလိုက်ပါက မည်သို့သော အကျိုးဆက်များ ဖြစ်ပေါ်လာမည်နည်းဟူသည်ကို သူ မသိရှိနိုင်သောကြောင့် ဖြစ်၏။
သခင်မကြီး အီဗလင်းသည် ဤရုတ်တရက် ပြောင်းလဲသွားသော အမူအရာကို သတိပြုမိသွားသော်လည်း အဘိုးအို လင်ကို ဘာတစ်ခုမှ ထပ်မံ၍ မမေးမြန်းတော့ဘဲ... ယိုဟန်ကိုသာ စပ်စုလိုသော အကြည့်များဖြင့် စိုက်ကြည့်လိုက်တော့သည်။ အဘိုးအို လင်သည် ဤကဲ့သို့သော အရာမျိုးနှင့် ပတ်သက်၍ နောက်ပြောင်မည့် လူမျိုးမဟုတ်ကြောင်း သူမ ကောင်းကောင်းကြီး သိရှိထားသောကြောင့်ပင်။
"ကောင်းပြီ... ငါ့နောက်ကို လိုက်ခဲ့ကြ၊ ရှင့်ရဲ့ စကားတွေသာ မှန်ကန်နေမယ်ဆိုရင် မကြာခင်မှာပဲ ငါတို့ အဖြေရှာတွေ့လိမ့်မယ်။ ငါကိုယ်တိုင်ပဲ သူ့ရဲ့ ခန္ဓာကိုယ်ကို စစ်ဆေးပေးမယ်" အီဗလင်းက ထိုစကားကို ဆိုရင်း အဘိုးအိုကို လှမ်းကြည့်လိုက်ပြီး... နောက်တစ်စက္ကန့်တွင် အမျိုးသမီးနှစ်ဦးသည် မည်သည့်နေရာမှ ရောက်ရှိလာသည်မသိဘဲ သူမ၏ ဘေးနားတွင် ရုတ်တရက် ပေါ်ထွက်လာခဲ့ကြသည်။
"သခင်မကြီး... ကျွန်တော်မျိုးမတို့ကို ခေါ်ယူလိုက်တာလား" အမျိုးသမီးနှစ်ဦးစလုံး အီဗလင်းကို ဦးခေါင်းညွှတ် အလေးပြုရင်း ထိုစကားကို ဆိုလိုက်ကြ၏။
"ခန်းမဆောင်ကြီးကို ဖွင့်လှစ်လိုက်ပြီး ယဇ်ပလ္လင်ကို ပြင်ဆင်ထားကြ... ငါ အဲဒီကောင်လေးအပေါ်မှာ စမ်းသပ်မှုအချို့ ပြုလုပ်ဖို့ လိုအပ်တယ်" သူမက ထိုအမျိုးသမီးနှစ်ဦးကို ကြည့်ကာ အမိန့်ပေးလိုက်သည်။ ထို့နောက်တွင်မူ ထိုအမျိုးသမီးနှစ်ဦးသည် ဦးခေါင်းညိတ်ပြလိုက်ကြပြီးနောက် ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့ကြသော်လည်း... ယိုဟန်အနေဖြင့်မူ ထိုအမျိုးသမီးများ၏ မျက်နှာထက်မှ မထင်မရှားသော အပြုံးဆန်းကြီးကို သတိပြုမိလိုက်သည်။
'ဒုတ်ခပဲဟ... သူမက အဲဒီအမျိုးသမီးနှစ်ယောက်ကို ဘယ်အချိန်မှာ လှမ်းပြီး ခေါ်လိုက်တာလဲ၊ ငါတော့ သူမ ခေါ်လိုက်တာကို လုံးဝမမြင်လိုက်မိပါဘူး။ ပြီးတော့ သူမ ပြောနေတဲ့ စမ်းသပ်မှုဆိုတာကကော ဘာလဲ' သူက ဖြူလျော်နေသော မျက်နှာလေးဖြင့် အီဗလင်းကို လှမ်း၍ ကြည့်လိုက်မိသည်။
"နှစ်ယောက်စလုံး ငါ့နောက်ကို လိုက်ခဲ့ကြ" အီဗလင်းက အဘိုးအိုကို လှမ်းကြည့်လိုက်ပြီးမှ သူမ၏ အကြည့်များကို ယိုဟန်ထံသို့ ရွှေ့ပြောင်းလိုက်ကာ... နောက်သို့ လှည့်မကြည့်တော့ဘဲ တံခါးအပြင်ဘက်သို့ စတင်ထွက်ခွာသွားခဲ့တော့သည်။ အဘိုးအိုသည်လည်း သူမ၏ နောက်ကွယ်မှနေ၍ ချက်ချင်း လိုက်ပါသွားခဲ့ပြီး ယိုဟန်ကိုလည်း မိမိနောက်မှ လိုက်ခဲ့ရန် လှမ်း၍ အချက်ပြလိုက်၏။
'ငါ့ကို ခွင့်လွှတ်ပါတော့ ဒီယာရယ်... တကယ်လို့ ငါ ဤအရာကနေ အသက်ရှင် လွတ်မြောက်ခဲ့မယ်ဆိုရင်... မင်းကို ပြန်လာတွေ့ပါဦးမယ်၊ ငါ့ကို စောင့်နေပါနော်' ထိုနေရာမှ ပျောက်ကွယ်မသွားမီ ထိုအမျိုးသမီးနှစ်ဦးက သူ့ကို ပေးအပ်ခဲ့သော ကြောက်မက်ဖွယ်ရာ အပြုံးဆန်းကြီးကို တွေးတောမိရင်း သူက စိတ်ထဲမှနေ၍ ငိုကြွေးမြည်တမ်းနေမိသည်။
ယိုဟန်သည် ဤအရာနှင့် ပတ်သက်၍ ကောင်းမွန်သော ခံစားချက်မျိုး လုံးဝမရရှိတော့ချေ။ သူသည် မွေးနေ့လက်ဆောင်ကိုသာ စိတ်ဝင်စားခဲ့သဖြင့် အဖိုးဖြစ်သူ၏နောက်သို့ လိုက်ပါလာခဲ့ခြင်း ဖြစ်သော်လည်း... ဤအသုံးမကျသော အဖိုးကြီးက သူ့ကို ဤကဲ့သို့သော အဆင့်မြင့် ဩဇာအာဏာရှိပြီး စိတ်ကောက်ကျစ်လှသော မိန်းမကြီးတစ်ဦးနှင့် တွေ့ဆုံရန် ခေါ်ဆောင်လာလိမ့်မည်ဟု လုံးဝမထင်မှတ်ထားခဲ့မိပါချေ။
ယိုဟန်နှင့် အဘိုးအို နှစ်ဦးစလုံးသည် အီဗလင်း၏ နောက်ကွယ်မှနေ၍ လိုက်ပါသွားခဲ့ကြသည်။ ထိုအမျိုးသမီး၏ နောက်မှ လိုက်ပါသွားစဉ်အတွင်း ယိုဟန်၏ မျက်နှာအမူအရာမှာ တောင့်တင်းခါးသီးနေခဲ့ပြီး... သူ၏ နှလုံးသားကလည်း ဤနေရာမှနေ၍ အမြန်ဆုံး ထွက်ပြေးလွတ်မြောက်ရန် တိုက်တွန်းနေခဲ့သော်လည်း... သူကမူ ထိုကဲ့သို့ ပြုလုပ်ရန် လုံးဝ (လုံးဝ) မရဲဝံ့ခဲ့ပါချေ။