အဘိုးအို လင်စုဝမ်သည် တစ်စုံတစ်ခုကို စိုးရိမ်ထိတ်လန့်နေသည့်အလား သူ၏ မျက်နှာထက်တွင် ချွေးစေးများ ထွက်ပေါ်နေခဲ့ပြီး အသက်ကို ပြင်းပြင်းရှူသွင်းကာ အခန်းတံခါးကို ခေါက်လိုက်သည်။ ယိုဟန်သည်လည်း ထိုတံခါး၏ နောက်ကွယ်တွင် မိမိကို ဘာများ စောင့်ကြိုနေမည်နည်းဟု တွေးတောရင်း ရင်တမမ ဖြစ်နေခဲ့ရသော်လည်း... ရုတ်တရက်ဆိုသလို သူ ဆွံ့အသွားခဲ့ရရှာသည်။
အဘယ်ကြောင့်ဆိုသော် တံခါးနောက်ကွယ်မှနေ၍ အလွန်ပင် ညို့ငင်ဖမ်းစားနိုင်သော မိန်းမပျိုတစ်ဦး၏ အသံ ထွက်ပေါ်လာခဲ့ပြီး... နောက်တစ်စက္ကန့်တွင် အဘိုးအို လင်သည် အခန်းအတွင်းသို့ ဝင်ရောက်သွားကာ သူ၏နောက်မှ လိုက်ခဲ့ရန် ယိုဟန်ကို လက်ဟန်ခြေဟန်ဖြင့် အချက်ပြလိုက်သောကြောင့် ဖြစ်၏။ သို့သော် ယိုဟန်ကမူ ထိုအသံကို ကြားလိုက်ရပြီးကတည်းက စိတ်ကူးယဉ်အာရုံထဲ၌ နစ်မြုပ်နေခဲ့ရသည်။
'... ဒီလောက် ညို့ငင်ဖမ်းစားနိုင်ပြီးတော့ ကျီစယ်လိုတဲ့ အသံမျိုးက အဘွားကြီးတစ်ယောက်ရဲ့ အသံ ဖြစ်နေဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး' သူသည် အလွန်ပင် စပ်စုချင်စိတ် ပြင်းထန်သွားခဲ့ပြီး အဖိုးဖြစ်သူနှင့်အတူ အခန်းအတွင်းသို့ ဝင်ရောက်ခဲ့လိုက်သည်။ သူတို့နှစ်ဦးကို စိုက်ကြည့်ရင်း ဆိုဖာပေါ်တွင် ထိုင်နေသော အမျိုးသမီးကို မြင်လိုက်ရသည့်အခါ ယိုဟန်၏ မေးရိုးမှာ အောက်သို့ ပြုတ်ကျလုမတတ် အံ့ဩမှင်တက်သွားခဲ့ရတော့သည်။
ထိုလှပချောမောလွန်းလှသော အမျိုးသမီးကို စိုက်ကြည့်လိုက်မိစဉ် ယိုဟန်၏ ခြေထောက်များပင် တုန်လှုပ်ချောက်ချားသွားခဲ့ရ၏။ သူမ၏ အသားအရေမှာ ရေခဲတုံးတစ်တုံးအလား ဖြူစင်ဝင်းပနေပြီး... ခါးဆီသို့ တောက်လျှောက် စီးဆင်းဖြာကျနေသည့် ပြာလဲ့လဲ့ ဆံနွယ်ရှည်ကြီးများနှင့် အလွန်ပင် သိသာထင်ရှားစွာ ကွဲပြားလျက်ရှိသည်။ သူမ၏ မျက်ဝန်းအစုံမှာ နက်မှောင်သော ပြာလဲ့ရောင် ရှိပြီး... ယိုဟန်နှင့် ပတ်သက်၍ တစ်စုံတစ်ခုကို သတိပြုမိသွားသည့်အလား သူ့ကို တည်ကြည်လေးနက်သော အကြည့်များဖြင့် စိုက်ကြည့်နေခဲ့သည်။ သူမသည် ပြာလောင်သော ဝတ်စုံရှည်ကြီးကို ဆင်မြန်းထားပြီး... သူမ၏ နောက်ကွယ်တွင်မူ လှပချောမောသော အမျိုးသမီးနှစ်ဦး မတ်တတ်ရပ်လျက် ရှိနေကြသည်ကို မြင်တွေ့ရ၏။ ၎င်းတို့သည် စစ်သည်တော်များ၏ ဝတ်စုံကို ဆင်မြန်းထားကြသဖြင့် ယိုဟန်က ၎င်းတို့ကို သူမ၏ အစောင့်အရှောက်များဟု ထင်မှတ်လိုက်မိသည်။
ယိုဟန်သည် မိမိ၏ ဘဝသက်တမ်းတစ်ခုလုံးတွင် ဤမျှအထိ လှပသော အမျိုးသမီးမျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ချေ။ ကမ္ဘာမြေပေါ်တွင် ရှိနေခဲ့စဉ်ကပင်လျှင် ကမ္ဘာပေါ်၌ သူမကဲ့သို့သော အလှတရားမျိုး ပိုင်ဆိုင်ထားသူ ရှိလိမ့်မည်ဟု သူ မမှတ်မိခဲ့ပါချေ။ သူမ၏ ရုပ်သွင်မှာ အသက် နှစ်ဆယ့်ရှစ်နှစ်ဝန်းကျင်မျှသာ ရှိပုံရပြီး... သူသည် အသက်ကြီးရင့်နေသော အဘွားကြီးတစ်ယောက်ကို မျှော်လင့်ထားခဲ့သော်လည်း ယခုမူ ဤကဲ့သို့သော အနှိုင်းမဲ့ အလှပဂေးတစ်ဦးနှင့် ဆုံတွေ့ရလိမ့်မည်ဟု လုံးဝမထင်မှတ်ထားခဲ့ချေ။ ယိုဟန်သည် သူ၏အဖိုးနောက်မှနေ၍ လိုက်ပါသွားရင်း ထိတ်လန့်စွာဖြင့် တံတွေးကို အသာမြိုချလိုက်မိသည်။
"မတွေ့ရတာ ကြာပြီပဲ စုဝမ်... ကျန်းကျန်းမာမာ ရှိရဲ့လား၊ ထိုင်ပါဦး" ထိုအမျိုးသမီးက စုဝမ်ကို ကြည့်ကာ ဆိုလိုက်၏။ ထို့နောက် သူမက ယိုဟန်၏ဘက်သို့ လှည့်၍ ကြည့်လိုက်ရာ... သူမ၏ လှပသော အကြည့်များကို ရင်ဆိုင်လိုက်ရသည့်အခါ ယိုဟန်သည် သူမကို ဦးခေါင်းညွှတ်၍ အရိုအသေပေးလိုက်မိသည်။
"သခင်မကြီး အီဗလင်းကို နောက်တစ်ကြိမ် ပြန်လည်တွေ့ဆုံရတဲ့အတွက် အလွန်ပင် ဝမ်းမြောက်မိပါတယ်၊ သခင်မကြီးက အရင်အတိုင်း မပြောင်းလဲသေးပါဘူးပဲ။ ကျွန်တော်တို့ နောက်ဆုံးတွေ့ခဲ့တာ အနှစ်လေးဆယ် ရှိခဲ့ပြီ ဖြစ်ပေမဲ့ သခင်မကြီးကတော့ စိုးစဉ်းမျှ မပြောင်းလဲသွားဘူး" အဘိုးအိုက အီဗလင်းကို စိုက်ကြည့်ရင်း ထိုစကားကို ဆိုလိုက်သည်။
အဖိုးဖြစ်သူ၏ စကားကို ကြားလိုက်ရသည့်အခါ ယိုဟန်၏ မေးရိုးမှာ မြေပြင်ပေါ်သို့ ပြုတ်ကျလုမတတ် အံ့ဩသွားခဲ့ရပြန်၏။ သူသည် အီဗလင်းကို ခြေဆုံးခေါင်းဆုံး စိုက်ကြည့်လိုက်မိတော့သည်။
အဘယ်ကြောင့်ဆိုသော် သူ၏အဖိုးနှင့် သူမတို့ အနှစ်လေးဆယ် ကြာပြီးမှ ပြန်လည်ဆုံတွေ့ကြခြင်း ဖြစ်သည်ဟူသောအချက်ကို သူ လုံးဝမယုံကြည်နိုင်သောကြောင့်ပင်။ သို့သော် ရုတ်တရက်ဆိုသလို ယိုဟန်သည် အီဗလင်း၏ နောက်ကွယ်တွင် မတ်တတ်ရပ်နေကြသော ထိုအမျိုးသမီး အစောင့်နှစ်ဦးထံမှ ခြိမ်းခြောက်လိုသော အကြည့်များကို ခံစားလိုက်ရသည်။
၎င်းတို့သည် ယိုဟန်က သခင်မကြီး အီဗလင်းကို စူးစိုက်ကြည့်နေသည်ကို သတိပြုမိသွားကြပြီး... သူ့တွင် မကောင်းသော ရည်ရွယ်ချက်တစ်ခုခု ရှိနေသည်ဟု ထင်မှတ်သွားကြခြင်း ဖြစ်၏။ သို့သော် နောက်တစ်စက္ကန့်တွင် အီဗလင်းက သူမ၏ ဦးခေါင်းကို နောက်သို့ အသာအယာ လှည့်လိုက်ပြီး ထိုအမျိုးသမီးနှစ်ဦးကို စိုက်ကြည့်လိုက်သည်။
သခင်မကြီး အီဗလင်း၏ အကြည့်ကို မြင်လိုက်ရသည့်အခါ ၎င်းတို့နှစ်ဦးစလုံးသည် ထိုနန်းတော်ကဲ့သို့သော စံအိမ်ကြီးအတွင်းမှ သရဲတစ္ဆေတစ်ကောင်အလား ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့ကြတော့သည်။ ယိုဟန်သည် မိမိ၏ မျက်စိရှေ့မှောက်တွင် မြင်လိုက်ရသောအရာကို မယုံကြည်နိုင်လောက်အောင် ဖြစ်သွားခဲ့ရသဖြင့် သူ၏ နှလုံးခုန်သံမှာ ပိုမိုမြန်ဆန်ကျယ်လောင်လာခဲ့ရ၏။
လူတစ်ယောက်က ဤကဲ့သို့ ဘယ်လိုလုပ်ပြီး ပျောက်ကွယ်သွားနိုင်ရတာလဲ... သူ ဤကဲ့သို့သော အရာမျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ချေ။ သူသည် မိမိကို စိုက်ကြည့်နေသော အဖိုးဖြစ်သူကို လှမ်းကြည့်လိုက်မိပြီး... နောက်တစ်စက္ကန့်တွင် သူ၏အဖိုးက သခင်မကြီး အီဗလင်းကို ပြန်လည်ကြည့်ရှုလိုက်သည်။
"သခင်မကြီး... သူက ကျွန်တော့်ရဲ့ မြေးလေးပါ၊ သူ အမည်က လင်ယိုဟန် လို့ ခေါ်ပြီး လင်မျိုးနွယ်စုရဲ့ တစ်ဦးတည်းသော အမွေဆက်ခံသူ ဖြစ်ပါတယ်။ သူ့ရဲ့ ရိုင်းစိုင်းမိမှုအတွက် ခွင့်လွှတ်ပေးပါဦး" အဘိုးအိုက အီဗလင်း၏ ရှေ့မှောက်တွင် ဦးခေါင်းညွှတ်လိုက်ရာ... ယိုဟန်သည်လည်း မိမိအနေဖြင့် အလွန်အကျွံ ပြုမူမိသွားခဲ့ပြီး သူမအပေါ် ရိုင်းစိုင်းမိသွားခဲ့ကြောင်း ခံစားလိုက်ရသည်။ သို့သော် သူ၏ စိတ်ခံစားချက်များကို သူ မထိန်းချုပ်နိုင်ခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ဤမျှအထိ လှပသော အမျိုးသမီးမျိုးကို သူ တစ်ခါမျှ မမြင်ဖူးခဲ့ခြင်းကြောင့် ဖြစ်သလို... အဖိုးဖြစ်သူ၏ စကားလုံးများကလည်း သူ့ကို အလွန်ပင် အံ့ဩတုန်လှုပ်သွားစေခဲ့သောကြောင့် ဖြစ်သည်။
"ရပါတယ်... စိတ်မပူပါနဲ့၊ သူက ငါ့ကို အဲဒီလို ရည်ရွယ်ချက်မျိုးနဲ့ ကြည့်နေတာမဟုတ်ပါဘူး။ မင်းရဲ့ စကားတွေကို ကြားပြီးတော့ စပ်စုချင်စိတ် ဖြစ်သွားတာတင်ပါ။ မင်းက ငါတို့ အနှစ်လေးဆယ် ကြာမှ ပြန်တွေ့ကြတာလို့ ပြောလိုက်တာကိုး" အီဗလင်းက ယိုဟန်ကို စိုက်ကြည့်ရင်း ပြုံးလျက်... သူ ဘာတွေးနေသည်ကို အကဲခတ်မိသည့်အလား ရှင်းပြလိုက်၏။
သို့သော် ထိုစကားကို ကြားလိုက်ရသည့်အခါ ယိုဟန်၏ နှလုံးသားမှာ နစ်မြုပ်သွားခဲ့ရပြီး... သူ ဤအရာကို မျှော်လင့်မထားခဲ့သဖြင့် မျက်နှာလေးမှာ ချက်ချင်းပင် မည်းမှောင်သွားခဲ့ရသည်။ မိမိမြေးဖြစ်သူ၏ မျက်နှာအမူအရာကို မြင်ရသောအခါ စုဝမ်က အသက်ကို ပြင်းပြင်းရှူသွင်းလိုက်မိ၏။ သခင်မကြီး အီဗလင်းဆိုသည်မှာ အလွယ်တကူ လှည့်စား၍ရသော လူမျိုးမဟုတ်ဘဲ... တစ်နိုင်ငံလုံးတွင် အထွတ်အထိပ်၌ ရပ်တည်နေပြီး အားလုံး၏ ရိုသေလေးစားခြင်းကို ခံရသော အကြွင်းမဲ့ တည်ရှိမှုကြီး ဖြစ်ကြောင်း သူ ကောင်းကောင်းကြီး သိရှိထားသည်။
တကယ်လို့ သူမသာ အလိုရှိပါက... တစ်နိုင်ငံလုံးကို တစ်ယောက်တည်းနှင့်တင် အမှုန့်ခြေဖျက်ပစ်နိုင်စွမ်း ရှိ၏။ ဤအမျိုးသမီးမှာ ရိုးရှင်းသူတစ်ယောက်မဟုတ်ဘဲ... ၎င်း၏ အဓိက အကြောင်းအရင်းမှာ သူမ၏ ကျင့်ကြံခြင်းအဆင့်အတန်းက မည်သူနှင့်မျှ မနှိုင်းယှဉ်နိုင်အောင် မြင့်မားလွန်းနေသောကြောင့် ဖြစ်ပြီး၊ ဖီးနစ်တော်ဝင်မျိုးနွယ်စု ကိုယ်တိုင်ပင်လျှင် သူမ၏ ဩဇာအာဏာကို မဆန့်ကျင်ရဲဘဲ သွားရောက်၍ မရန်စရဲကြချေ။
သူမသည် နတ်ဘုရားပွင့်လန်းခြင်းဂိုဏ်း ၏ အရှင်သခင်မကြီး ဖြစ်ပြီး... တစ်ဂိုဏ်းလုံးကို တစ်ကိုယ်တော် အုပ်ချုပ်စိုးစံနေခြင်း ဖြစ်သည်။ သူမကိုယ်တိုင်မှာ ဖိုမပူးတွဲကျင့်ကြံသူ တစ်ဦးမဟုတ်ပါသော်လည်း... မည်သူမျှ မသိရှိနိုင်သော အမည်မသိ အကြောင်းအရင်းတစ်ခုကြောင့် နတ်ဘုရားပွင့်လန်းခြင်းဂိုဏ်းကို စတင်တည်ထောင်ခဲ့ခြင်း ဖြစ်၏။ ပြီးတော့ မည်သူမျှလည်း သူမကို ထိုအကြောင်းနှင့် ပတ်သက်၍ သွားရောက်၍ မမေးမြန်းရဲကြချေ။
အဘယ်ကြောင့်ဆိုသော် ယခင်က သွေးဂိုဏ်း ၏ ထိပ်သီးတပည့်တစ်ဦးနှင့် ဧရာမ မျိုးနွယ်စုကြီးတစ်ခု၏ သခင်လေးတစ်ဦးက... သူမကို ၎င်း၏ အဖော်အဖြစ် တောင်းဆိုခဲ့ပြီး ဤနတ်ဘုရားပွင့်လန်းခြင်းဂိုဏ်းကို ဘာဖြစ်လို့ တည်ထောင်ခဲ့ရသလဲဟု မေးမြန်းခဲ့မိသည့်အတွက်ကြောင့်ပင်... သူမက ထိုသွေးဂိုဏ်းတစ်ခုလုံးကို အမှုန့်ခြေဖျက်ပစ်လုနီးပါး ပြုလုပ်ခဲ့ပြီး... ထိုသခင်လေးကိုပါ ကျင့်ကြံခြင်းအဆင့် ချိုးနှိမ်ဖျက်ဆီးပစ်ခဲ့သောကြောင့် ဖြစ်တော့သည်။
ယိုဟန်သည် ထိတ်လန့်စွာဖြင့် တံတွေးကို အသာမြိုချလိုက်မိပြီးနောက် သူမ၏ ရှေ့မှောက်တွင် ဦးခေါင်းညွှတ်လိုက်ရင်း— "သခင်မကြီး... ကျွန်တော် သခင်မကြီးကို စော်ကားမော်ကား ပြုမူလိုတဲ့ ရည်ရွယ်ချက် လုံးဝမရှိပါဘူး" ဟု အီဗလင်းကို ပြန်လည်တောင်းပန်လိုက်သည်။ ဤအမျိုးသမီးမှာ လုံးဝ (လုံးဝ) လျှော့တွက်၍မရသော ပညာရှင်တစ်ဦး ဖြစ်ကြောင်း ယခုအခါတွင် သူ အပြည့်အဝ သဘောပေါက်သွားခဲ့ပြီ ဖြစ်၏။
"ရပါတယ်... မင်းက ငါ့ရဲ့ အသက်အရွယ်ကို စပ်စုချင်နေတာ မဟုတ်လား။ ငါ မင်းကို လျှို့ဝှက်ချက်တစ်ခု ပြောပြမယ်... မင်းအနေနဲ့ ကောင်းကင်ဘုံဝိညာဉ်နယ်ပယ် ကို ရောက်ရှိသွားတဲ့အခါ အသက် နှစ်ရာကျော်အထိ ရှင်သန်နိုင်စွမ်း ရှိလာလိမ့်မယ်၊ ပြီးတော့ တည်ဆောက်စ ဝိညာဉ်နယ်ပယ် ကို ရောက်ရှိသွားတဲ့အခါကျရင်တော့ အသက် သုံးရာကျော်အထိတောင် ရှင်သန်နေထိုင်နိုင်မှာ" သူမက ထိုစကားကို ဆိုရင်း ယိုဟန်ကို ကြည့်ကာ မျက်တောင်တစ်ချက် မှိတ်ပြလိုက်ရာ... သခင်မကြီး အီဗလင်း၏ စကားကို ကြားရသောအခါ စုဝမ်က ခပ်တိုးတိုး ရယ်မောလိုက်မိပါတော့သည်။