အဖိုးဖြစ်သူ၏ သတိပေးစကားများကြောင့် ယိုဟန်၏ မျက်နှာမှာ ချက်ချင်းပင် မည်းမှောင်သွားခဲ့ပြီး ထိုမိန်းမကြီးအကြောင်း တွေးတောမိရုံမျှဖြင့် တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ တဖြန်းဖြန်း ထလာခဲ့တော့သည်။
ယိုဟန်နှင့် သူ၏အဖိုးဖြစ်သူတို့သည် ဂိုဏ်းချုပ် သခင်မကြီး အီဗလင်းနှင့် တွေ့ဆုံရန်အတွက် အစောင့်နှစ်ဦး၏ နောက်ကွယ်မှနေ၍ လိုက်ပါလာခဲ့ကြသည်။ ထိုအမျိုးသမီး၏ ရှေ့မှောက်တွင် မည်သည့်အမှားမျိုးမျှ မလုပ်မိစေရန် အဖိုးဖြစ်သူက ပြင်းထန်စွာ သတိပေးထားခဲ့သဖြင့် ယိုဟန်တစ်ယောက် စိတ်သက်သာရာရမှု လုံးဝမရှိဘဲ နေရခက်နေခဲ့၏။
၎င်းတို့သည် စံအိမ်ကြီးအတွင်းရှိ ဧရာမ ခန်းမကျယ်ကြီးတစ်ခုထဲသို့ ဝင်ရောက်လာခဲ့ကြသည်။ ထိုခန်းမကြီးမှာ အလွန်ပင် လှပဆန်းပြားပြီး သားနားထည်ဝါလှသဖြင့် ခန်းမ၏ အတွင်းပိုင်းအပြင်အဆင်ကို မြင်လိုက်ရသည့်အခါ ယိုဟန်မှာ အံ့ဩလွန်း၍ ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ရပြီး ထိတ်လန့်စွာဖြင့် တံတွေးကို အသာမြိုချလိုက်မိသည်။
'အံ့သြစရာပဲ. ငါ့ဘဝသက်တမ်းတစ်ခုလုံးမှာ ဒီလိုမျိုး တစ်ခါမှမမြင်ဖူးဘူး၊ အဲဒီမိန်းမက ဘယ်လိုတောင် သားနားအိန္ဒြေရှိတဲ့ ဘဝမျိုးမှာ နေထိုင်နေတာလဲ။ ငါတို့ လင်မျိုးနွယ်စုတောင်မှ ဒီလိုမျိုး လှပခမ်းနားမှုနဲ့ ယှဉ်လို့မရဘူး။ အရာအားလုံးက တန်ဖိုးကြီးပြီးတော့ တစ်မူထူးခြားနေတာပဲ' ဟု သူက စိတ်ထဲမှ တွေးတောနေမိသည်။
ယိုဟန် ပါးစပ်အဟောင်းသား ဖြစ်နေသည်ကို မြင်ရသောအခါ အဘိုးအိုက ခပ်တိုးတိုး ရယ်မောလိုက်သည်။ သူသည် ယိုဟန် ဘာတွေးနေသည်ကို ကောင်းကောင်းကြီး နားလည်နိုင်သဖြင့် ယိုဟန်၏ ပုခုံးကို အသာအယာ ပွတ်သပ်ပေးလိုက်ရင်း—
"မြေးလေး... အဲဒီသခင်မကြီးက သာမန်လူတစ်ယောက်မဟုတ်ဘူး၊ သူမက ဖီးနစ်နိုင်ငံ တစ်ခုလုံးမှာ အလွန်ပင် ရိုသေလေးစားခြင်း ခံရတဲ့ သခင်မကြီးတစ်ဦးဖြစ်ပြီး အလွန်လည်း အစွမ်းထက်တယ်။ ဘယ်သူမှ သူမကို သွားပြီးတော့ မရှုပ်ရဲကြဘူး... ဒီမြောက်ပိုင်းဒေသကို အုပ်ချုပ်နေတဲ့ ဖီးနစ်တော်ဝင်မျိုးနွယ်စု ကိုယ်တိုင်တောင်မှ သူမကို မဆန့်ကျင်ရဲဘူး။ ဒါကြောင့်မို့လို့ သူမရဲ့ ရှေ့မှောက်မှာ ရိုရိုသေသေ ရှိနေဖို့ သေချာဂရုစိုက်ပါ"
အဖိုးဖြစ်သူ စုဝမ်က ယိုဟန်ကို ရှင်းပြလိုက်ရာ ထိုစကားများကို ကြားလိုက်ရသည့်အခါ သူ၏ မျက်နှာအမူအရာမှာ ချက်ချင်း ပြောင်းလဲသွားခဲ့ရသည်။
"အဖိုး... ဖီးနစ်တော်ဝင်မျိုးနွယ်စုတောင်မှ ဟုတ်လား"
သူသည် ထိုစကားကြောင့် အလွန်အမင်း အံ့ဩတုန်လှုပ်သွားခဲ့ရသည်။ ဖီးနစ်နိုင်ငံသည် အမျိုးမျိုးသော မျိုးနွယ်စုများနှင့် ဂိုဏ်းအသီးသီးကို အုပ်ချုပ်စိုးစံနေခြင်း ဖြစ်ကြောင်း သူ သိရှိထားသည်။
လင်မျိုးနွယ်စုသည်လည်း ဖီးနစ်နိုင်ငံ၏ လက်အောက်တွင် အမှုထမ်းနေရသော အဓိက မျိုးနွယ်စုကြီးတစ်ခု ဖြစ်သော်လည်း... တော်ဝင်မျိုးနွယ်စုကိုပင် ဆန့်ကျင်နိုင်စွမ်းရှိသော အာဏာရှိသူတစ်ဦးနှင့် ဤနေရာ၌ ဆုံတွေ့ရလိမ့်မည်ဟု သူ လုံးဝမထင်မှတ်ထားခဲ့ချေ။
ယခုအခါတွင်မူ သူ၏အဖိုးက သူ့ကို အဘယ်ကြောင့် ဤမျှအထိ ပြင်းပြင်းထန်ထန် သတိပေးနေခဲ့ရသည်ကို သူ အပြည့်အဝ နားလည်သွားခဲ့ပြီ ဖြစ်သည်။ ယိုဟန်သည် သူ၏အဖိုးကို လှမ်းကြည့်လိုက်ရင်း စိတ်ထဲမှနေ၍—
'ငါ့ရဲ့ အဖိုးကြီးက ဘယ်လို နောက်ခံအကြောင်းအရင်းမျိုး ရှိနေလို့ အခုလိုမျိုး သခင်မကြီးနဲ့ သိကျွမ်းနေရတာလဲ၊ ဒါတင်မကသေးဘူး... သူမက သူတို့ကို လာရောက်တွေ့ဆုံခွင့်ပါ ပေးထားသေးတယ်'
သူက မိမိကိုယ်မိမိ တွေးတောလိုက်မိပြီးမှ ထိုအစောင့်များက ၎င်းတို့နှစ်ဦးကို ဘာဖြစ်လို့ မျက်လုံးအဝိုင်းသားဖြင့် အံ့ဩတုန်လှုပ်စွာ စိုက်ကြည့်နေခဲ့ကြသည်ကို သဘောပေါက်သွားခဲ့တော့သည်။
ခေတ္တမျှ ကြာပြီးနောက်တွင်မူ အစောင့်များသည် အခန်းတစ်ခု၏ ရှေ့မှောက်တွင် ၎င်းတို့၏ ခြေလှမ်းများကို ရပ်တန့်လိုက်ကြပြီး အဘိုးအို စုဝမ်ကို လှမ်း၍ ကြည့်လိုက်ကြ၏။
"အကြီးအကဲ... ဂိုဏ်းချုပ် သခင်မကြီးက ဧည့်ခန်းဆောင်အတွင်းမှာ စောင့်ဆိုင်းနေပါတယ်"
၎င်းတို့နှစ်ဦးစလုံး အဘိုးအို စုဝမ်ကို ဦးခေါင်းညွှတ် အလေးပြုလိုက်ကြပြီးနောက်... ယိုဟန်နှင့် အဘိုးအိုကို ဧည့်ခန်းဆောင်၏ ရှေ့မှောက်တွင် ထားရစ်ခဲ့ကာ ထိုနေရာမှ ထွက်ခွာသွားခဲ့ကြတော့သည်။
အဘိုးအိုသည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး သူ၏ မျက်နှာထက်တွင် ချွေးစေးများ ထွက်ပေါ်လာခဲ့သည်။
သူ၏အဖိုး ဤကဲ့သို့ ဖြစ်ပျက်နေသည်ကို မြင်လိုက်ရသည့်အခါ ယိုဟန်၏ နှလုံးခုန်သံမှာ တစ်ချက်မျှ ရပ်တန့်လုနီးပါး ဖြစ်သွားခဲ့ရ၏။ သူက ဤအဖိုးကြီးကို ဒေါသကြီးပြီး ကြောက်စရာကောင်းသော အရှိန်အဝါရှိသူတစ်ဦးဟု ထင်မှတ်ထားခဲ့သော်လည်း... ယခုမူ သူသည် ဧည့်ခန်းဆောင်အတွင်းသို့ ဝင်ရောက်ရန်အတွက် အချိန်ဆွဲနေခဲ့ပြီး သူ၏ မျက်နှာထက်တွင်လည်း ထိတ်လန့်တုန်လှုပ်မှုများကို အထင်အရှား မြင်တွေ့နေရသည်။
'အဲဒီမိန်းမက ဘယ်လိုအကောင်မျိုးမို့လို့ ဒီလောက်တောင် ကြောက်စရာကောင်းနေရတာလဲ၊ ငါ့အဖိုးကိုတောင် ဒီလောက်အထိ ထိတ်လန့်သွားစေနိုင်ရတာလဲ။ ဒီမှာ ဘာတွေဖြစ်ပျက်နေတာလဲ... ပြီးတော့ ငါကကော ဒီနေရာမှာ ဘာလာလုပ်နေတာလဲ။ ငါ့အဖိုးက ငါ့ကို ဒီနေရာကို ဘာလို့ ခေါ်လာတာလဲ... ငါက အမေ့အတွက် မွေးနေ့လက်ဆောင် ထွက်ရှာရမှာလေ၊ အခုတော့ ဒီနေရာကို ရောက်နေရတယ်'
သူက စိတ်ထဲမှနေ၍ အဖိုးဖြစ်သူကို အဆက်မပြတ် ကျိန်ဆဲနေမိတော့သည်။
ထိုအတောအတွင်းမှာပင်... လင်မျိုးနွယ်စုဝန်းအတွင်း၌ အမျိုးသမီးတစ်ဦးသည် ပြတင်းပေါက်၏ ဘေးတွင် ရပ်နေခဲ့ပြီး ရုတ်တရက် အသံတစ်ခုကို ကြားလိုက်ရသဖြင့် သူမ၏ ဦးခေါင်းကို နောက်သို့ အသာအယာ လှည့်ကြည့်လိုက်သည်။
"သခင်မကြီး အလီနာ... သခင်မကြီး ဒီမှာ ရှိနေတာကိုး"
ဒီယာသည် မိမိ၏ ရှေ့မှောက်တွင် ရပ်နေသော သခင်မကြီး အလီနာကို မြင်တွေ့လိုက်ရသဖြင့် အံ့ဩသွားခဲ့ရရှာသည်။
ဒီယာ့၏ တုံ့ပြန်မှုကို မြင်ရသောအခါ သခင်မကြီး အလီနာက ပြုံးလိုက်ပြီး ဒီယာ့ထံသို့ ချဉ်းကပ်လာခဲ့၏။
"သမီး ယိုဟန်အတွက် စိုးရိမ်နေတာ မဟုတ်လား... သူ့ကို စောင့်နေတာမလား"
အလီနာက ဒီယာ့၏ စိုးရိမ်ပူပန်နေသော မျက်နှာလေးကို ကြည့်ကာ... သူမ ပြတင်းပေါက်အပြင်ဘက်သို့ အဘယ်ကြောင့် လှမ်း၍ ကြည့်ရှုနေသည်ကို နားလည်သဖြင့် မေးမြန်းလိုက်ခြင်း ဖြစ်သည်။
ဒီယာက ခေါင်းညိတ်ပြလိုက်ပြီး အလီနာကို ကြည့်ကာ ခါးသီးစွာ ပြုံးပြလိုက်မိရင်း— "ကျွန်မ သူ့အတွက် တကယ်ပဲ စိုးရိမ်မိပါတယ်၊ သူ မျိုးနွယ်စုကနေ ထွက်ခွာသွားတာ ငါးနာရီကျော်တောင် ရှိနေပြီ" ဟု ဒီယာက စိုးရိမ်ပူပန်နေသော အမူအရာဖြင့် အလီနာကို လှမ်း၍ ကြည့်ကာ ဆိုလိုက်သည်။
အလီနာက ခပ်တိုးတိုး ရယ်မောလိုက်ပြီး သူမ၏ ဦးခေါင်းလေးကို အသာအယာ ပွတ်သပ်ပေးလိုက်ကာ... သူမ၏ ညာဘက်လက်ကို မြှောက်၍ ဒီယာ့၏ ပါးပြင်လေးကို ဖွဖွလေး ထိတွေ့လိုက်ရင်း—
"သူ့အတွက် စိတ်မပူပါနဲ့ ကလေးရယ်... သူက သူ့ရဲ့ အဖိုးနဲ့အတူ ရှိနေတာပဲ၊ ဘယ်သူမှ သူ့ကို သွားပြီးတော့ မထိရဲပါဘူး။ တကယ်လို့ တစ်စုံတစ်ယောက်က သူ့ကို ထိခိုက်အောင် လုပ်ဖို့ ကြိုးစားမယ်ဆိုရင်... အဲဒီလူက သေမင်းကို ဖိတ်ခေါ်နေတာနဲ့ အတူတူပဲ။ ပြီးတော့ ငါ့သမီးလေး... သမီးအနေနဲ့ ကြံ့ခိုင်တဲ့ အမျိုးသမီးတစ်ယောက် ဖြစ်လာရမယ်။ သူက ကျင့်ကြံသူ ပညာရှင်တစ်ယောက် ဖြစ်သလို လင်မျိုးနွယ်စုရဲ့ အမွေဆက်ခံသူတစ်ယောက်လည်း ဖြစ်တယ်၊ သူ လျှောက်လှမ်းရမယ့် လမ်းက လွယ်ကူမှာမဟုတ်ဘူး။ အဲဒါကြောင့် သူ့ရဲ့ ကျင့်ကြံခြင်းအဖော်တစ်ယောက်အနေနဲ့ သမီးက အဲဒီအရာတွေကို နားလည်ပေးထားရမယ်"
အလီနာက ဒီယာ့၏ ပါးပြင်လေးကို နူးညံ့စွာ ပွတ်သပ်ပေးရင်း ထိုစကားကို ဆိုလိုက်ရာ သူမ၏ မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်ထွက်လာခဲ့ရသည်။
ယိုဟန် မည်သို့ပင် ပြုမူနေပါစေ မိမိအနေဖြင့် သူ့ကို အစဉ်အမြဲ ချစ်ခင်မြတ်နိုးနေဆဲဖြစ်ကြောင်း သူမက မည်သူ့ထက်မဆို ပိုမို၍ သိရှိထားပြီး... တစ်ဦးတည်းသော သားသမီးကို ပိုင်ဆိုင်ထားရသည့် မိခင်တစ်ယောက်၏ ခံစားချက်မျိုးကို သူမ ကောင်းကောင်းကြီး နားလည်ထားသည်။
သူမသည် ဒီယာ မည်သို့ ခံစားနေရသည်ကို သိရှိသော်လည်း... သမီးဖြစ်သူအနေဖြင့် ယိုဟန်ကို အစဉ်အမြဲ ထိန်းချုပ်ထား၍ မရနိုင်ကြောင်းနှင့် အမျိုးသမီးတစ်ယောက်အနေဖြင့် မိမိ၏ အဖော်ကို အမြဲတမ်း ပံ့ပိုးကူညီပေးရမည်ဖြစ်ကြောင်း နားလည်သွားစေလိုခြင်း ဖြစ်၏။
"ကျွန်မ တောင်းပန်ပါတယ် အမေ... ကျွန်မက ရိုးရိုးလေးပဲ..."
ဒီယာသည် စကားစကို ရပ်တန့်လိုက်ပြီး မည်သို့ ပြန်လည်ရှင်းပြရမည်ကို သင့်တော်သော စကားလုံး ရှာမတွေ့ ဖြစ်နေခဲ့ရာ... ဤသည်ကို မြင်ရသောအခါ အလီနာက ခပ်တိုးတိုး ရယ်မောလိုက်မိသည်။
"စိတ်မပူပါနဲ့... အမေ နားလည်ပါတယ်။ သူက သမီးရဲ့ အသက်ကို ကယ်တင်ပေးခဲ့တာ ဖြစ်သလို... အဲဒီတိုက်ခိုက်မှု ဖြစ်ပွားပြီးတဲ့နောက်မှာ သမီး သူ့အတွက် စိုးရိမ်ပူပန်နေရတာ မဆန်းပါဘူး။ ရပါတယ် သမီးလေးရယ်... အမေနဲ့အတူ လိုက်ခဲ့ပါဦး၊ သမီးကို လင်မျိုးနွယ်စုလုံး လိုက်ပြီးတော့ ပြပေးမယ်"
အလီနာက ပြုံးလိုက်ပြီး ဒီယာ့၏ ဦးခေါင်းလေးကို အသာအယာ ပွတ်သပ်ပေးလိုက်တော့သည်။
ထိုအချိန်ရဲတိုက်အတွင်းခန်းမတောင်၌!
"ယိုဟန်... သွားကြစို့"
အဘိုးအိုက ယိုဟန်ကို လှမ်းကြည့်လိုက်ပြီးနောက်... နောက်တစ်စက္ကန့်တွင် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ကာ အခန်းတံခါးကို ခေါက်လိုက်လေတော့သည်။