"ကျွန်တော်တို့ ဘယ်သွားနေကြတာလဲ အဖိုး၊ မြောက်ဘက်ကို ဦးတည်ပြီး ခရီးနှင်လာတာ တစ်နာရီတောင် ရှိနေပြီ" ယိုဟန်က ထိုအဘိုးအိုကို ကြည့်ကာ မေးမြန်းလိုက်သည်။
ထိုစကားကို ကြားလိုက်ရသည့်အခါ အဘိုးအို၏ မျက်နှာထက်တွင် ကြောက်မက်ဖွယ်ရာ အပြုံးတစ်ခု ပေါ်ထွက်လာခဲ့ပြီး သူက ယိုဟန်ကို စိုက်ကြည့်ရင်း— "မကြာခင် မင်းသိရမှာပါ... စိတ်ရှည်စမ်းပါ မြေးလေး" ဟု ပြုံးလျက် ဆိုလိုက်၏။
ထိုစကားကြောင့် ယိုဟန်သည် ထိတ်လန့်တုန်လှုပ်စွာဖြင့် တံတွေးကို အသာမြိုချလိုက်မိသည်။ သူ စိုးရိမ်ပူပန်မိသည်မှာ အဖိုးဖြစ်သူ၏ စကားလုံးများကြောင့်မဟုတ်ဘဲ ထိုစကားကို ဆိုနေစဉ်အတွင်း ဖြစ်ပေါ်နေသော အဖိုးဖြစ်သူ၏ မျက်နှာအမူအရာကြောင့်သာ ဖြစ်၏။
'တစ်ခုခုတော့ မှားနေပြီ... ဒီအဖိုးကြီး တစ်ခုခုကို ဖုံးကွယ်ထားတာ သေချာတယ်။ ဒါပေမဲ့ ကျိန်စာတိုက်လိုက်တာပဲ... ငါက ဘာတစ်ခုမှတောင် ပြန်ပြီး မလုပ်ဆောင်နိုင်ဘူး' သူက အဖိုးဖြစ်သူကို စိတ်ထဲမှနေ၍ အားရပါးရ ကျိန်ဆဲရင်း တွေးတောနေမိသည်။
ခေတ္တမျှ ကြာပြီးနောက်တွင်မူ တောအုပ်ကြီး၏ အလယ်၌ တည်ရှိနေသော ဧရာမ စံအိမ်ကြီးတစ်အိမ်ထံသို့ ယိုဟန်၏ အကြည့်များ ရောက်ရှိသွားခဲ့သည်။ ထိုစံအိမ်ကြီးမှာ တောင်တန်းများနှင့် တောအုပ်ကြီး၏ ဝန်းရံခြင်းကို ခံထားရပြီး အလွန်ပင် ကြီးမားကျယ်ဝန်းလှသော ရုပ်သွင်ရှိ၏။ ၎င်းကို မြင်လိုက်ရသည့်အခါ ယိုဟန်၏ မျက်နှာလေးမှာ ဖြူလျော်သွားခဲ့ရသည်။ သူသည် မိမိ၏ ဘဝသက်တမ်းတစ်လျှောက် ဤကဲ့သို့သော အရာမျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ချေ။
'ဟူး.. ဘယ်လို စိတ်မမှန်တဲ့လူမျိုးက တောထဲတောင်ထဲမှာ လာနေတာလဲ၊ ဒီလောက် ဧရာမ စံအိမ်ကြီးကလွဲလို့ ပတ်ဝန်းကျင်မှာ ဘာတစ်ခုမှလည်း မရှိဘဲနဲ့' သူက မိမိကိုယ်မိမိ တွေးတောလိုက်မိသည်။
"ငါတို့ ရောက်ပြီ မြေးလေး၊ စံအိမ်ထဲကို ဝင်ကြရအောင်" အဘိုးအိုက ယိုဟန်ကို ကြည့်ကာ ပြုံးလိုက်ပြီး သူ၏ အရှိန်အဟုန်ကို မြှင့်တင်လိုက်သည်။ စံအိမ်ကြီးကို ကြည့်ရင်း ယိုဟန်တစ်ယောက် နေရခက်သော ခံစားချက်မျိုး ခံစားနေရကာ ထိုစံအိမ်ကြီးနှင့် ပတ်သက်၍ ကောင်းမွန်သော ခံစားချက်မျိုး လုံးဝမရရှိချေ။ ၎င်းတို့နှစ်ဦးစလုံး စံအိမ်ကြီးထံသို့ ချဉ်းကပ်မိလာသည်နှင့်အမျှ သူ၏ နှလုံးခုန်သံမှာ ပိုမိုမြန်ဆန်ကျယ်လောင်လာခဲ့ရသည်။
အဘိုးအိုသည် ယိုဟန်နှင့်အတူ ကောင်းကင်ယံမှနေ၍ ရဲတိုက်ကြီး၏ အဝင်ဝအနားသို့ ဖြည်းညှင်းစွာ ဆင်းသက်လိုက်သည်။ ထိုလူနှစ်ဦးကို မြင်လိုက်ရသည့်အခါ အစောင့်နှစ်ဦးက အဘိုးအိုနှင့် ယိုဟန်၏ အနားသို့ ချဉ်းကပ်လာခဲ့ကြပြီး ရိုသေကိုင်းညွတ်စွာဖြင့် ဦးခေါင်းညွှတ် အလေးပြုလိုက်ကြ၏။
"ကျွန်တော်တို့ ဘာများ ကူညီပေးရမလဲခင်ဗျာ" အစောင့်တစ်ဦးက အဘိုးအိုကို ကြည့်ကာ ရိုသေလေးစားစွာဖြင့် မေးမြန်းလိုက်သည်။ အဘယ်ကြောင့်ဆိုသော် အဆင့်မြင့် ကျင့်ကြံသူ ပညာရှင်များသာလျှင် ပျံသန်းနိုင်စွမ်း ရှိကြသည်ကို သူ ကောင်းကောင်းကြီး သိရှိထားသောကြောင့်ပင်။
"ငါ ဂိုဏ်းချုပ် သခင်မကြီး အီဗလင်း နဲ့ တွေ့ချင်တယ်၊ လင်မျိုးနွယ်စုရဲ့ အရှင်က လာရောက်တွေ့ဆုံတယ်လို့ သွားပြီး သတင်းပို့လိုက်ပါ" အဘိုးအိုက လေးနက်ခိုင်မာသော အသံဖြင့် ဆိုလိုက်ရာ ထိုအဘိုးအို၏ နှုတ်မှ စကားလုံးများကို ကြားလိုက်ရသည့်အခါ အစောင့်နှစ်ဦးစလုံး၏ တစ်ကိုယ်လုံးမှာ ချမ်းစိမ့်သွားသကဲ့သို့ ခံစားလိုက်ရပြီး ချက်ချင်းပင် ခေါင်းညိတ်ပြလိုက်ကြသည်။
"ခေတ္တမျှ စောင့်ဆိုင်းပေးပါ အကြီးအကဲ" အစောင့်နှစ်ဦးစလုံး စံအိမ်ကြီးအတွင်းသို့ အပြေးအလွှား ဝင်ရောက်သွားကြတော့သည်။ အဘိုးအို၏ စကားကို ကြားလိုက်ရသည့်အခါ ယိုဟန်သည်လည်း ထိတ်လန့်စွာဖြင့် တံတွေးကို အသာမြိုချလိုက်မိ၏။
'ငါ့အဖိုးက တကယ့်ကို ဩဇာအာဏာကြီးတာပဲ... ဒီအဖိုးကြီးက ဘယ်သူ့ကိုမှ စိုးစဉ်းမျှ ဂရုစိုက်ပုံမရဘူး' ယိုဟန်က အဖိုးဖြစ်သူကို တည်ကြည်လေးနက်သော အမူအရာဖြင့် စိုက်ကြည့်လိုက်ရင်း တွေးတောနေမိသည်။ သူသည် ဤအဘိုးအိုကို လုံးဝ သွားရောက်၍ မရှုပ်ရဲပါချေ။
သူ ဤကမ္ဘာသို့ ပထမဆုံး ရောက်ရှိလာခဲ့စဉ်က ဤအဘိုးအိုသည် ဖခင်ဖြစ်သူ၏ လက်မှ သူ့ကို ကယ်တင်ပေးခဲ့သည့် တစ်ဦးတည်းသောသူ ဖြစ်သည်။ သူ၏ဖခင်ဖြစ်သူ လင်စုလင် ၏ မျက်နှာကို ဖခင်ဖြစ်သူ၏ ရှေ့မှောက်တွင် တွေ့မြင်လိုက်ရခြင်းက သူ၏ သံသယအတော်များများကို ရှင်းလင်းသွားစေခဲ့ပြီး... သူ၏ဖခင် လင်စုလင်ကိုယ်တိုင်ပင်လျှင် ဤအဘိုးအိုကို သွားရောက်၍ မရှုပ်ရဲချေ။ သို့သော် ယိုဟန်၏ အသုံးမကျသော လုပ်ရပ်များ ရှိနေခဲ့သည့်တိုင်အောင် ဤအဘိုးအိုက သူ့ကို ရတနာတစ်ခုကဲ့သို့ မြတ်နိုးတန်ဖိုးထားကြောင်း သူ သိရှိထားသည်။
အဘိုးအိုသည် မိမိအား စိုက်ကြည့်နေသော ယိုဟန်၏ အကြည့်ကို သတိပြုမိသွားကာ— "မင်း တစ်ခုခု မေးချင်လို့လား" ဟု မျက်နှာအမူအရာ ကင်းမဲ့စွာဖြင့် ယိုဟန်ကို လှမ်း၍ မေးမြန်းလိုက်သည်။
"အဖိုး... ကျွန်တော် ခန္ဓာကိုယ်ကြံ့ခိုင်ခြင်းနယ်ပယ်ကို အဆင့်ချိုးဖျက်ပြီးတဲ့နောက် ကျွန်တော့်ရဲ့ စွမ်းအားတွေက တဟုန်ထိုး တိုးတက်လာခဲ့တာ မှန်ပေမဲ့... ကျွန်တော့်ရဲ့ ခန္ဓာကိုယ်ပြင်ပကို အရှိန်အဝါ ထုတ်လွှတ်ပြီး ပုံဖော်လို့ မရသေးဘူး။ ကျွန်တော် အကြိမ်ကြိမ် ကြိုးစားကြည့်ခဲ့ပေမဲ့ မလုပ်နိုင်သေးဘူး ဖြစ်နေတယ်၊ ကျွန်တော် ဘာလုပ်သင့်လဲဟင်" သူက အဖိုးဖြစ်သူ၏ မျက်နှာကို စိုက်ကြည့်ရင်း မေးမြန်းလိုက်၏။
အဘိုးအိုက ပြုံးလိုက်ပြီး သူ၏ မုတ်ဆိတ်ဖြူကြီးကို သုံးသပ်ကာ— "ဒါက အချိန်အနည်းငယ်တော့ ယူရလိမ့်မယ်... မင်းက အစပျိုးတဲ့ အဆင့်မှာပဲ ရှိနေသေးတာကိုး။ အခုကစပြီး မင်းရဲ့ ချီစွမ်းအင် စုဆောင်းခြင်း ကျင့်ကြံမှု မှာ အဖိုးကိုယ်တိုင် ကူညီပေးသွားမယ်၊ အဲဒီလိုဆိုရင် မင်းအနေနဲ့ အမျိုးမျိုးသော အရာတွေကို သင်ယူနိုင်လိမ့်မယ်။ ပြီးတော့ ဖိုမပူးတွဲကျင့်ကြံခြင်းအတွက်ကတော့ မင်းမှာ ဒီယာဆိုတဲ့ မိန်းကလေး ရှိနေပြီပဲ၊ နောင်အနာဂတ်မှာလည်း တခြားသော ကျင့်ကြံခြင်းအဖော်တွေကို မင်း ထပ်ပြီး ရှာဖွေနိုင်ပါသေးတယ်" အဘိုးအိုက ယိုဟန်ကို သာမန်ကာလျှံကာပင် ပြန်လည်ဖြေကြားလိုက်ရာ ၎င်းကို ကြားရသောအခါ ယိုဟန်က ခေါင်းညိတ်ပြလိုက်မိသည်။
ထိုအတောအတွင်း ယိုဟန်၏ အကြည့်က မိမိတို့ထံသို့ အပြေးအလွှား ပြန်လည်ဦးတည်လာနေကြသော အစောင့်များထံသို့ ရောက်ရှိသွားခဲ့ရာ ထိုအစောင့်များကို ကြည့်ရင်း ယိုဟန်က ခါးသီးစွာ ပြုံးလိုက်မိ၏။
"စောင့်ဆိုင်းပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် အကြီးအကဲ... ဂိုဏ်းချုပ် သခင်မကြီးက အကြီးအကဲတို့ကို ဂိုဏ်းချုပ်ခန်းမ အတွင်းမှာ စောင့်ဆိုင်းနေပါတယ်၊ ကျွန်တော်တို့နောက်ကို လိုက်ခဲ့ပေးပါ" ထိုအစောင့်နှစ်ဦးက အသက်ပင် ဝဝမရှူနိုင်ဘဲ တဆက်တည်း ဆိုလိုက်ကြသည်။ ၎င်းတို့နှစ်ဦးစလုံး၏ မျက်နှာထက်တွင် အံ့ဩတုန်လှုပ်နေသော အမူအရာများ ရှိနေကြပြီး... ဂိုဏ်းချုပ် သခင်မကြီးအနေဖြင့် မည်သူ့ကိုမဆို ဤနေရာ၌ လာရောက်တွေ့ဆုံခွင့် ပေးလိမ့်မည်ဟု ၎င်းတို့ လုံးဝမထင်မှတ်ထားခဲ့ကြချေ။
အဘယ်ကြောင့်ဆိုသော် ဤနေရာမှာ သခင်မကြီး အီဗလင်း ကျင့်ကြံခြင်း ပြုလုပ်ရန်အတွက်သာ အသုံးပြုသော နေရာဖြစ်ပြီး မည်သည့် ဧည့်သည်ကိုမျှ လာရောက်လည်ပတ်ခွင့် မပြုသောကြောင့် ဖြစ်၏။
အဘိုးအိုနှင့် ယိုဟန်တို့သည် ထိုအစောင့်နှစ်ဦး၏ နောက်ကွယ်မှနေ၍ လိုက်ပါသွားခဲ့ကြစဉ်... အဘိုးအိုက ဦးခေါင်းကို ယိုဟန်၏ဘက်သို့ အသာအယာ လှည့်လိုက်ပြီး သူ့ကို တည်ကြည်လေးနက်သော အမူအရာဖြင့် စူးစိုက်ကြည့်လိုက်သည်။
"ဘာဖြစ်လို့လဲ အဖိုး... အားလုံး အဆင်ပြေရဲ့လား" အဖိုးဖြစ်သူ၏ အကြည့်ကို မြင်လိုက်ရသည့်အခါ ယိုဟန်က စိုးရိမ်တုန်လှုပ်စွာဖြင့် မေးမြန်းလိုက်မိ၏။
"အဲဒီမိန်းမရဲ့ အနားမှာ ရှိနေတဲ့အချိန်မှာ သတိဝီရိယကို လုံးဝမလျှော့ပါနဲ့၊ ပြီးတော့ သူမရဲ့ ရှေ့မှောက်မှာ စကားလုံးတွေကို သေချာဆင်ခြင်ပြီးတော့ ပြောဆို။ မလိုအပ်တဲ့ မေးခွန်းတွေကိုလည်း လုံးဝမမေးမြန်းမိစေနဲ့" အဘိုးအိုက ယိုဟန်ကို ပြင်းထန်စွာ သတိပေးလိုက်သည်။ ထိုစကားကို ကြားလိုက်ရသည့်အခါ သူ၏ နှလုံးသားမှာ နစ်မြုပ်သွားသကဲ့သို့ ခံစားလိုက်ရပြီး မျက်နှာထက်တွင်လည်း ချွေးစေးများ ထွက်ပေါ်လာခဲ့ရ၏။
'ချီးသေစမ်း... ဒီအဖိုးကြီး ဘာတွေ ဖြစ်နေတာလဲ၊ ဘာဖြစ်လို့ အခုမှ ငါ့ကို လာပြောနေရတာလဲ။ ပြီးတော့ သူ ငါ့ကို ဘယ်ခေါ်သွားနေတာလဲ... အဲဒီလို မိန်းမမျိုးကို ဘာဖြစ်လို့ အလုပ်ရှုပ်ခံပြီး သွားတွေ့နေရတာလဲ။ သူမက တစ်ခုခုသော ဂိုဏ်းကြီးထဲမှာ အဆင့်မြင့် အာဏာကို ဆုပ်ကိုင်ထားတဲ့ အဘွားကြီးတစ်ယောက် ဖြစ်ရမယ်၊ ပြီးတော့ ဤကဲ့သို့သော နေရာမျိုးမှာ လာနေထိုင်နေတာကို ကြည့်ရင်... သူမက လူတွေနဲ့ တွေ့ဆုံရတာကို မနှစ်သက်တဲ့ လူတောမတိုးတဲ့သူတစ်ယောက် ဖြစ်မှာ သေချာတယ်' ယိုဟန်သည် စိတ်ထဲမှနေ၍ အမျိုးမျိုးသော ဖြစ်နိုင်ခြေများကို တွေးတောနေမိရင်း... သူ၏ မျက်နှာလေးမှာ ချက်ချင်းပင် မည်းမှောင်သွားခဲ့ရပါတော့သည်။