ကြီးမားလှတဲ့ တံခါးမကြီးရှေ့မှာ အဘိုးအိုတစ်ယောက် ရုတ်တရက် ပေါ်လာပါတယ်။ ထိုတံခါးကြီးက အလွန်တရာ ထည်ဝါလှပြီး ဘေးတစ်ဖက်တစ်ချက်စီမှာ နဂါးရုပ်တုကြီး နှစ်ခုကို ခန့်ညားထည်ဝါစွာ တွေ့မြင်နိုင်ပါတယ်။ ဒါကတော့ လင်မျိုးနွယ်စုရဲ့ ပင်မဝင်ပေါက်တံခါးကြီးပဲ ဖြစ်ပါတယ်။ အဘိုးအိုကို မြင်လိုက်ရတာနဲ့ ကင်းစောင့်နှစ်ယောက်ဟာ ပျာပျာသလဲ ချဉ်းကပ်လာပြီး အဘိုးအိုရဲ့ လက်ထဲက ကောင်လေးကို လှမ်းကြည့်လိုက်ကြပါတယ်။
"အကြီးအကဲ... ပြန်ကြွလာပါပြီလား"
ကင်းစောင့်နှစ်ယောက်လုံးက အဘိုးအိုကို ရိုသေစွာ ဦးညွှတ်အရိုအသေပြုကြပါတယ်။ အဘိုးအိုကတော့ ခေါင်းကို အသာအယာငြိမ့်ပြပြီး ကင်းစောင့်တွေကို တစ်ချက်ပင် လှည့်မကြည့်ဘဲ လင်မျိုးနွယ်စုဝန်းထဲကို ဝင်သွားခဲ့ပါတယ်။
အဘိုးအိုရဲ့ အရိပ်အယောင် ပျောက်ကွယ်သွားတော့မှ ကင်းစောင့်နှစ်ယောက်ဟာ သက်ပြင်းအရှည်ကြီးကို ချလိုက်နိုင်ကြပါတော့တယ်။
"ဟူး... ဒီအသုံးမကျတဲ့ သခင်လေးကတော့လေ၊ ဒီတစ်ခါရော ဘာပြဿနာတွေ ရှာလာပြန်ပြီလဲမသိဘူး။ သူ့ရဲ့ အပြစ်ကင်းစင်ပုံရတဲ့ မျက်နှာလေးကိုကြည့်ပြီး တန်ခိုးကြီးလှတဲ့ လင်မျိုးနွယ်စုရဲ့ အမှိုက်တစ်စလို့ ဘယ်သူက ထင်မှာလဲ" ကင်းစောင့်တစ်ယောက်က သူ့ဘေးကလူကို လှမ်းပြီး တိုးတိုးတိတ်တိတ် ပြောလိုက်ပါတယ်။
"မင်း အသက်ရှင်ရတာ ငြီးငွေ့နေပြီလား... ဒီစကားကို တစ်ယောက်ယောက် ကြားသွားလို့ကတော့ မင်းတင်မကဘူး မင်းရဲ့မိသားစုပါ အသက်ပျောက်သွားလိမ့်မယ်။ ပါးစပ်ကို ပိတ်ထားစမ်း။ သူက ဘယ်လောက်ပဲ အသုံးမကျတဲ့ကောင် ဖြစ်နေပါစေ... လင်မျိုးနွယ်စုရဲ့ သွေးသားပဲကွ" နောက်ကင်းစောင့်တစ်ယောက်က အေးစက်စက် လေသံနဲ့ သတိပေးလိုက်ပါတယ်။
"အေးပါ... မင်းပြောတာ မှတ်ပါတယ။် ငါ စကားဆင်ခြင်ရမယ်... ဒုက္ခမရှာချင်ဘူး" သူက တိုးတိုးလေး ရေရွတ်လိုက်ပါတယ်။
တစ်ဖက်မှာလည်း...
အဘိုးအိုဟာ ယိုဟန်ကို ပွေ့ချီပြီး သူ့ရဲ့ အိပ်ဆောင်ဆီကို ခေါ်ဆောင်သွားပါတယ်။ လင်မျိုးနွယ်စုရဲ့ နယ်မြေဟာ ဘောလုံးကွင်း ဆယ်ကွင်းစာခန့်အထိ အလွန်ကျယ်ဝန်းလှပြီး ခန့်ညားထည်ဝါတဲ့ အဆောက်အအုံမျိုးစုံက ထူးခြားဆန်းကြယ်တဲ့ စွမ်းအားရိပ်တွေကို ထုတ်လွှင့်နေကြပါတယ်။
မီတာအနည်းငယ်လောက် လျှောက်လှမ်းပြီးနောက်မှာတော့ အဘိုးအိုဟာ ယိုဟန်ကို အလွန်လှပတဲ့ စံအိမ်တော်တစ်ခုဆီ ခေါ်လာခဲ့ပါတယ်။ ဒီစံအိမ်တော်ဟာ စိမ်းလန်းစိုပြည်တဲ့ သစ်ပင်ပန်းမာန်တွေ ဝန်းရံထားပြီး ကာကွယ်ရေးအစောင့်အရှောက်တွေ အပြည့်ချထားပါတယ်။ အဘိုးအိုကို မြင်တာနဲ့ အစောင့်အားလုံးက ဦးညွှတ် အလေးပြုကြပေမဲ့ ယိုဟန်ကိုတော့ လုံးဝဥပေက္ခာပြုထားကြပါတယ်။
အဘိုးအိုဟာ အစောင့်တွေကို ဂရုမစိုက်ဘဲ သူ့ရဲ့မြေးဖြစ်သူကို ပွေ့ချီလျက် စံအိမ်ထဲကို ဝင်လာခဲ့ပါတယ်။
"ဖခင်... သမီးရဲ့ ကလေး ဘာဖြစ်လာတာလဲ" အသက် ၃၅ နှစ်ဝန်းကျင်ခန့်ရှိတဲ့ လှပချောမောလွန်းတဲ့ အမျိုးသမီးတစ်ယောက်ဟာ သူမရဲ့သားဆီကို ပျာပျာသလဲ ပြေးလာပါတယ်။ သူမဟာ လှပတဲ့မျက်နှာ၊ နက်မှောင်တဲ့ဆံကေသာနဲ့ နက်ရှိုင်းတဲ့ နီပြာရောင်မျက်ဝန်းတွေကို ပိုင်ဆိုင်ထားပြီး နတ်သမီးတစ်ပါးအလား အလှသွေးကြွယ်နေသူပါ။ ဒါပေမဲ့ သူမရဲ့ သားဖြစ်သူကို ဒီလိုအခြေအနေနဲ့ မြင်လိုက်ရတဲ့အခါမှာတော့ သူမရဲ့ နှလုံးခုန်သံတွေ ရပ်တန့်မတတ် ဖြစ်သွားရပါတယ်။
"ဖခင်... ယိုဟန် ဘာဖြစ်တာလဲ၊ ဘာလို့ ဒီလိုအခြေအနေအထိ ဖြစ်သွားရတာလဲ" သူမရဲ့သားကို ရင်ခွင်ထဲပွေ့ပိုက်ရင်း မျက်ရည်တွေ တလိမ့်လိမ့် စီးကျလာပါတော့တယ်။
"ဟူး... သူက ဂိုဏ်းကို မသွားဘဲ လစ်ထွက်ပြီး မြို့ထဲမှာ သွားပုန်းနေတာလေ။ စုလင် သိသွားတော့ ဒေါသအိုးပေါက်ကွဲပြီး ပြဿနာရှာတော့တာပဲ" အဘိုးအိုက သက်ပြင်းရှည်ကြီးချရင်း အဖြစ်အပျက်အားလုံးကို ရှင်းပြလိုက်ပါတယ်။
"စုလင်က ဒါကို လုပ်လိုက်တာလား..." သူမက အဘိုးအိုကို တည်ကြည်တဲ့ အကြည့်နဲ့ ကြည့်လိုက်ရာ အဘိုးအိုက ခေါင်းကို ခါယမ်းပြပါတယ်။
"အလီနာ... မင်း နားလည်ပေးရမယ်။ သူက အသက် ၁၇ နှစ်တောင် ရှိနေပြီ၊ ပြီးတော့ မင်းရဲ့ တစ်ဦးတည်းသော သားလေ။ သူက တခြားသူတွေနဲ့ယှဉ်ရင် အလွန်အားနည်းလွန်းနေတာတောင် အလုပ်မလုပ်ဘဲ ပေတေနေပြီး လူပုံအလယ်မှာ ငါတို့ရဲ့ တန်ခိုးကြီး မျိုးနွယ်စုကို အရှက်ခွဲနေတုန်းပဲ။ တစ်ခါတလေ သူ ဒီလို ဆက်လုပ်နေရင် အနာဂတ်မှာ ဘာတွေဖြစ်လာမလဲဆိုတာ ငါ တွေးပြီး ရင်လေးမိတယ်။ လင်မျိုးနွယ်စုရဲ့ အမွေအနှစ်အတွက် ငါ တကယ်စိုးရိမ်တယ်" သူက ဘေးနားက အမျိုးသမီးကို ကြည့်ပြီး ပြောလိုက်ပါတယ်။
"ဒါပေမဲ့... ဖခင်..." သူမ တစ်စုံတစ်ခုကို ပြောချင်ပေမဲ့ သူမသားဘက်က ကာကွယ်ပြောဆိုဖို့ စကားလုံး မရှိရှာပါဘူး။ အဘိုးအိုက မျက်မှောင်ကုတ်ပြီး ယိုဟန်ကို လှမ်းကြည့်လိုက်ပါတယ်။
"သူက မိန်းကလေးတွေနောက်ပဲ လိုက်နေပြီး မြို့ထဲမှာ လျှောက်သွားနေတာ။ သူ့ရဲ့ ပထမဆုံး ကျင့်စဉ်အဆင့်ကိုတောင် အောင်မြင်အောင် မလုပ်နိုင်သေးဘူး။ သူ 'နတ်ဘုရားပွင့်လန်းဂိုဏ်း' ကို ဝင်ခဲ့တာ ခြောက်လကျော်နေပြီ၊ ကျင့်စဉ်ပိုင်းမှာ ဘာပါရမီမှ မရှိဘူး။ ဂိုဏ်းထဲမှာလည်း လှောင်ပြောင်စရာ လူပြက်ကြီး ဖြစ်နေပြီ။ သူ့ကြောင့် ငါတို့ မျက်နှာပျက်နေရတာ" အဘိုးအိုက မျက်လုံးတွေကို မှိတ်ရင်း ဝမ်းနည်းရိပ် အပြည့်နဲ့ ပြောရှာပါတယ်။
"သမီးကတော့ သူ 'ဖိုမကျင့်စဉ်' သမားတစ်ယောက်အနေနဲ့ အဆင်ပြေလိမ့်မယ် ထင်ခဲ့တာ... ဒါပေမဲ့ သမီးမှားသွားတယ် ဖခင်။ သူက သမီးရဲ့ တစ်ဦးတည်းသော သားမို့လို့ သူ့အပေါ် မရက်စက်နိုင်ဘူး။ တစ်နေ့နေ့တော့ သူလည်း သူ့အမှားသူသိပြီး ဒီတန်ခိုးကြီးတဲ့ လင်မျိုးနွယ်စုကို ဦးဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်" သူမက ခါးသီးတဲ့ အပြုံးနဲ့ ပြန်ပြောပါတယ်။
"အဲဒီနေ့က ဘယ်တော့မှ ရောက်လာမှာလဲကွယ်" အဘိုးအိုက တိုးတိုးလေး ရေရွတ်ရင်း အေးချမ်းစွာ အိပ်ပျော်နေတဲ့ ယိုဟန်ကို လှမ်းကြည့်လိုက်ပါတယ်။
"သူ့ကို သေချာစောင့်ရှောက်လိုက်ဦး၊ ငါ အကြီးအကဲများခန်းမမှာ လုပ်စရာကိစ္စလေးတွေ ရှိသေးလို့ နောက်မှ ပြန်လာခဲ့မယ်" အဘိုးအိုက အလီနာကို ပြောပြီးနောက် တစ်စက္ကန့်အတွင်းမှာပဲ သူမရဲ့ မြင်ကွင်းကနေ ပျောက်ကွယ်သွားပါတယ်။
"ဟူး... ငါ့သားရယ်၊ မင်းမှာ မျိုးနွယ်စုအတွက် တာဝန်တွေ အများကြီးရှိတယ်ဆိုတာ ဘာလို့ နားမလည်ရတာလဲ။ မင်းရဲ့ လုပ်ရပ်တွေနဲ့ မင်းရဲ့အဖေရော အဘိုးကိုပါ ဘာလို့ စိတ်ဆင်းရဲအောင် လုပ်နေရတာလဲ" သူမက တိုးညှင်းတဲ့လေသံနဲ့ ရေရွတ်ရင်း ယိုဟန်ရဲ့ နဖူးပြင်ကို အသာအယာ နမ်းရှိုက်လိုက်ပါတယ်။
"အမေ..." ယိုဟန်က အိပ်မက်ထဲကနေ တိုးတိုးလေး ယောင်ယမ်းလိုက်ရာ အလီနာက သားဖြစ်သူကို ကြည့်ပြီး သဘောကျစွာ ပြုံးလိုက်မိပါတယ်။
"အမေ့ရင်ထဲမှာတော့... တစ်နေ့နေ့မှာ မင်းက ငါတို့ကို ဂုဏ်ယူစေရမယ်လို့ ခံစားနေရတယ်" သူမက သားဖြစ်သူရဲ့ ပါးပြင်ကို အသာအယာပွတ်သပ်ရင်း မေတ္တာအပြည့်နဲ့ ရေရွတ်လိုက်ပါတယ်။
တစ်ဖက်မှာလည်း...
"စုလင်..." ပြတင်းပေါက်နားမှာ ရပ်ပြီး အပြင်ဘက်ကို ငေးကြည့်နေတဲ့ လူတစ်ယောက်ဟာ သူ့နောက်ကနေ ထွက်ပေါ်လာတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ အသံကြောင့် လှည့်ကြည့်လိုက်ပါတယ်။
စုလင်က ထိုအသံကို ကြားလိုက်ရတဲ့အခါ ခေါင်းကိုအသာစောင်းပြီး သူ့နောက်မှာ ရပ်နေတဲ့ အဘိုးအိုကို မြင်တော့ သက်ပြင်းအရှည်ကြီး ချလိုက်ပါတယ်။
"ဖခင်..." သူက ဝမ်းနည်းပူဆွေးတဲ့ မျက်နှာထားနဲ့ ပြောလိုက်ရာ အဘိုးအိုက ခေါင်းငြိမ့်ပြပြီး သူ့ရဲ့ အဖြူရောင် မုတ်ဆိတ်ရှည်ကြီးကို အသာအယာ ပွတ်သပ်လိုက်ပါတယ်။
"သူက မင်းရဲ့ တစ်ဦးတည်းသောသားပဲ၊ မင်း ဘာလို့ သူ့အပေါ် ဒီလောက်အထိ ကြမ်းတမ်းနေရတာလဲ။ မင်း အခု ဘာတွေးနေလဲဆိုတာ ငါနားလည်ပါတယ်၊ ဒါပေမဲ့ သူက ငယ်သေးလို့ပါ၊ တစ်နေ့တော့ သူလည်း သူ့အမှားသူ သိလာမှာပါ" အဘိုးအိုက သားဖြစ်သူကို ချော့မော့ပြောဆိုပါတယ်။
"ဒါပေမဲ့ ဖခင်... ကျွန်တော်တို့က ကျင့်ကြံသူတွေလေ။ အမှားတစ်ခုတည်းနဲ့တင် ကျွန်တော်တို့ရဲ့ မိသားစုတစ်ခုလုံး ပျက်စီးသွားနိုင်တယ်။ ပြင်ပကမ္ဘာက အလွန်တရာ ကမောက်ကမဖြစ်ပြီး ရက်စက်လွန်းလှပါတယ်" သူက အဘိုးအိုကို ကြည့်ပြီး ပြန်ပြောလိုက်ပါတယ်။
"ငါ နားလည်ပါတယ်။ ကဲ... ဒီကိစ္စကို အခုလောလောဆယ် ထားလိုက်ပါဦး။ ငါတို့မှာ အရေးကြီးတဲ့ ကိစ္စတစ်ခု ရှိသေးလို့ အစည်းအဝေးခန်းမကို သွားကြစို့" အဘိုးအိုက သားဖြစ်သူကို ကြည့်ကာ ပြောပြီးနောက် ချက်ချင်း ပျောက်ကွယ်သွားပါတယ်။ စုလင်လည်း သက်ပြင်းအရှည်ကြီးချ၊ လက်သီးကို တင်းတင်းဆုပ်ပြီး နောက်တစ်စက္ကန့်မှာပဲ ထိုနေရာကနေ ပျောက်ကွယ်သွားပါတော့တယ်။
တစ်ဖက်မှာလည်း...
"ငါ့ကိုမသတ်ပါနဲ့ ဗျာ... ကျွန်တော်က အဖေရဲ့ တစ်ဦးတည်းသော သားပါ" ယိုဟန်က အသံကုန်ဟစ်အော်ရင်း သူ့ရဲ့ နီပြာရောင်မျက်ဝန်းတွေကို ဖြတ်ခနဲ ဖွင့်လိုက်ပါတယ်။ သူက ကုတင်ပေါ်ကနေ ကပျာကယာ ထထိုင်ပြီး သူ့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို စစ်ဆေးလိုက်ပါတယ်။
"ဟူး... တော်သေးတယ်၊ ငါ အသက်ရှင်နေသေးသားပဲ။ ဒါ ငါ့ဘဝမှာ အဆိုးရွားဆုံး မက်ခဲ့တဲ့ အိပ်မက်ဆိုးပဲ" သူက ကိုယ့်ကိုယ်ကိုယ် ရေရွတ်လိုက်ရင်း အခန်းထောင့်ကို လှမ်းကြည့်လိုက်မိပါတယ်။ အဲဒီအခန်းထောင့်မှာ အမျိုးသမီးတစ်ယောက် ရပ်နေပြီး သူမဟာ အံ့အားသင့်လွန်းလို့ ပါးစပ်အဟောင်းသားနဲ့ သူ့ကို စိုက်ကြည့်နေတာကို တွေ့လိုက်ရပါတယ်။
"ဟူး... ဒါ ဘာတွေလဲကွာ..." ယိုဟန်တစ်ယောက် ထိုလှပလွန်းတဲ့ အမျိုးသမီးကို ကြည့်ရင်း ခါးသီးစွာနဲ့ပဲ ပြုံးလိုက်ပါတော့တယ်။