အဖိုးဖြစ်သူ၏ စကားများကို ကြားလိုက်ရသည့်အခါ ယိုဟန်၏ မျက်နှာအမူအရာမှာ သိသိသာသာကြီး ပြောင်းလဲသွားခဲ့ပြီး ထိုအဘိုးအိုကို ကြည့်ကာ ခါးသီးစွာ ပြုံးပြလိုက်မိသည်။
"ကျွန်တော် ဒီယာနဲ့ တစ်ညတာ အတူတူ ဖြတ်သန်းခဲ့ပြီးမှ အခုလို အဆင့်ချိုးဖျက်နိုင်ခဲ့တာပါ။ ဖိုမပူးတွဲကျင့်ကြံခြင်းကို ပြုလုပ်ပြီးနောက် ကျွန်တော့်ရဲ့ ကျင့်ကြံခြင်းအဆင့်အတန်းကို ကိုယ်တိုင်ပြန်ကြည့်ပြီးတော့တောင် ကျွန်တော် တော်တော်လေး အံ့ဩသွားခဲ့ရတာ" သူက အဖိုးဖြစ်သူကို စိုက်ကြည့်ရင်း ဆိုလိုက်၏။
ထိုစကားကို ကြားရသောအခါ အဘိုးအိုသည် မျက်လုံးများကို မှိတ်လိုက်ပြီး သူ၏ ရှည်လျားသော မုတ်ဆိတ်ဖြူကြီးကို သုံးသပ်ရင်း ယိုဟန်ကို ပြန်လည်ကြည့်ရှုလိုက်သည်။
"အဲဒီမိန်းကလေးရဲ့ ကျင့်ကြံခြင်းအဆင့်ကလည်း ကြောက်ခမန်းလိလိ အရှိန်အဟုန်နဲ့ မြင့်တက်သွားတာ အမှန်ပဲ၊ အဖိုး တစ်ခါမှ အဲဒီလိုမျိုး မမြင်ဖူးခဲ့ဘူး။ ဒါပေမဲ့... အဲဒါက မင်းရဲ့ခန္ဓာကိုယ်က အဆိပ်တစ်ရာတောင်ကြားရဲ့ အဆိပ်ကို ဘယ်လိုမျိုး ကြံ့ကြံခံနိုင်သွားလဲဆိုတာကိုတော့ အကြောင်းပြချက် မပေးနိုင်သေးဘူး" အဘိုးအိုက ယိုဟန်ကို စူးစိုက်ကြည့်ကာ ဆိုလိုက်သည်။
"ကျွန်တော်လည်း မသိဘူး အဖိုး၊ ကျွန်တော့်ရဲ့ ဒဏ်ရာတွေက ကောင်းကောင်းမွန်မွန် အနားယူလိုက်ပြီးတဲ့နောက် သူ့အလိုလို ပြန်ပြီး အနာကျက်သွားတာပဲ။ ပြီးတော့ အဖိုးပြောတဲ့ အဆိပ်က ဘာအဆိပ်လဲဟင်... အဆိပ်တစ်ရာတောင်ကြားဆိုတာ ဘာလဲ၊ ကျွန်တော် တစ်ခါမှ မကြားဖူးဘူး" ယိုဟန်က အဆိပ်အကြောင်းကို ဘာတစ်ခုမှ မသိရှိသည့်အလား ဟန်ဆောင်ကာ လိမ်ညာလိုက်သည်။
သူသည် အမိဖမ်းမခံလိုသဖြင့် အကောင်းဆုံးနည်းလမ်းမှာ မိမိအနေဖြင့် ဘာကိုမျှ မသိရှိကြောင်း သူ၏အဖိုးအား ယုံကြည်သွားစေရန် ပြုလုပ်ခြင်းသာ ဖြစ်၏။ ယိုဟန်၏ စကားကို ကြားလိုက်ရသည့်အခါ အဘိုးအိုသည် လည်ချောင်းကို တစ်ချက်ဟန့်လိုက်သည်။ သူသည် အဆိပ်တစ်ရာတောင်ကြားအကြောင်းကို ထုတ်ဖော်မပြောလိုသော်လည်း မိမိ၏မြေးဖြစ်သူမှာ ထိုပြင်းထန်လှသောအဆိပ်ဘေးမှ အသက်ရှင်လွတ်မြောက်လာခဲ့သည့်အတွက် ဝမ်းမြောက်စိတ်လှုပ်ရှားသွားမိသဖြင့် နှုတ်မှ မတော်တဆ ထွက်ကျသွားခဲ့ခြင်းသာ ဖြစ်၏။
"အော်... ဘာမှမဟုတ်ပါဘူး မြေးလေးရဲ့၊ အဖိုးက မင်းရဲ့ ကျင့်ကြံခြင်းအဆင့်ကို ကြည့်ပြီး အံ့ဩသွားလို့ပါ။ အဖိုးထင်တယ်... အဲဒီမိန်းကလေးက မင်းအတွက် ကံကောင်းခြင်းတွေ သယ်ဆောင်လာပေးတာပဲ။ သူမကို တန်ဖိုးထားစောင့်ရှောက်ပါ... သူမက ကလေးကောင်းလေးတစ်ယောက်ပါ၊ မင်းရဲ့ ပထမဆုံး ကျင့်ကြံခြင်းအဖော် အဖြစ် သူမကို ရွေးချယ်ခဲ့တဲ့အတွက် အဖိုး တကယ်ပဲ ဝမ်းသာမိပါတယ်" အဘိုးအိုက ယိုဟန်ကို စိုက်ကြည့်ရင်း ပြုံးလျက် ဆိုလိုက်သည်။
"ဟုတ်ကဲ့ပါ အဖိုး... ကျွန်တော်သူ့ကို တန်ဖိုးထားပြီး ကျွန်တော့်ရဲ့ အသက်နဲ့လဲလို့ ကာကွယ်စောင့်ရှောက်သွားမှာပါ" ယိုဟန်က အဖိုးဖြစ်သူကို ပြန်လည်ကတိပေးလိုက်၏။ အဘိုးအိုက ယိုဟန်ကို စိုက်ကြည့်ရင်း အသက်ကို ပြင်းပြင်းရှူသွင်းလိုက်သည်။
"ငါတို့ တစ်နေရာရာကို သွားရမယ်၊ ငါ့နောက်ကို လိုက်ခဲ့" အဘိုးအိုက ယိုဟန်ကို ကြည့်ကာ ထိုစကားကို ဆိုလိုက်ရာ ၎င်းကို ကြားလိုက်ရသည့်အခါ သူသည် ဇဝေဇဝါ ဖြစ်သွားခဲ့ရပြီး နှလုံးခုန်သံများမှာလည်း ပိုမိုမြန်ဆန်ကျယ်လောင်လာခဲ့သည်။ မိမိနှင့် ပတ်သက်သောအရာ အတော်များများမှာ သံသယဖြစ်စရာ ကောင်းနေသဖြင့် အမိမခံရစေရန်အတွက် ကြိုတင်ကာကွယ်မှုများစွာ ပြုလုပ်ထားရမည်ဖြစ်ကြောင်း သူ ကောင်းကောင်းကြီး သိရှိထားသည်။
ထို့ကြောင့်ပင် သူသည် အဖိုးဖြစ်သူနှင့် ဖခင်ဖြစ်သူတို့၏ အနားတွင် ရှိနေသည့်အချိန်တိုင်း အစဉ်အမြဲ စိုးရိမ်ထိတ်လန့်နေရခြင်း ဖြစ်၏။ အမှိုက်ကောင်တစ်ယောက်က တစ်ညတည်းနှင့်တင် သူတော်စင်တစ်ပါးအလား ပြောင်းလဲသွားသည်ဟူသောအချက်ကို မည်သူက ယုံကြည်နိုင်မည်နည်း။ အထူးသဖြင့် သူ၏အဖိုးမှာ ရိုးရှင်းသောလူတစ်ယောက်မဟုတ်ဘဲ လျှို့ဝှက်ချက်များစွာကို ဖုံးကွယ်ထားသည့်အလား ထူးခြားဆန်းပြားသော အရှိန်အဝါမျိုးကို အမြဲတမ်း ထုတ်လွှတ်နေတတ်သောကြောင့် ဖြစ်သည်။
"မင်း ငါပြောတာကို ကြားရဲ့လား... ဘာတွေ တွေဝေပြီး တွေးနေတာလဲ!!" စိတ်ကူးယဉ်အာရုံထဲတွင် နစ်မြုပ်နေသော ယိုဟန်ကို ကြည့်ကာ အဘိုးအိုက သတိပေးလိုက်၏။ ထိုစကားကို ကြားမှပင် သူသည် သတိပြန်ဝင်လာခဲ့ပြီး အဖိုးဖြစ်သူကို လှမ်းကြည့်လိုက်သည်။
"ဘာမှမဟုတ်ပါဘူး အဖိုး... ကျွန်တော် အမေ့အတွက် ဘယ်လိုမွေးနေ့လက်ဆောင်မျိုး ပေးရင် ကောင်းမလဲဆိုတာ တွေးနေတာပါ။ ဘာပေးရမလဲဆိုတာ ဇဝေဇဝါ ဖြစ်နေလို့... ဒါကြောင့် အမေ့အတွက် မွေးနေ့လက်ဆောင် ထွက်ရှာဖို့ အဖိုးဆီကနေ ခွင့်ပြုချက်လာတောင်းတာပါ" ယိုဟန်က အဘိုးအိုကို ကြည့်ကာ ဆိုလိုက်၏။
ထိုစကားကို ကြားလိုက်ရသည့်အခါ အဘိုးအို၏ မျက်နှာအမူအရာမှာ ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။ ယိုဟန်၏ နှုတ်မှ ဤကဲ့သို့သော စကားမျိုး ထွက်ပေါ်လာလိမ့်မည်ဟု သူ လုံးဝမမျှော်လင့်ထားခဲ့ချေ။ သူသည် ယိုဟန်ကို ခြေဆုံးခေါင်းဆုံး စိုက်ကြည့်လိုက်ပြီးနောက် ဦးခေါင်းကို ရမ်းလိုက်မိရင်း—
"မင်းက မနက်ဖြန်ပွဲတော်ကို တက်ရောက်တော့မှာပေါ့၊ မင်းဆီကနေ ဒီလိုစကားမျိုး ကြားရလိမ့်မယ်လို့ အဖိုး တစ်ခါမှ မတွေးခဲ့မိဘူး။ အဖိုး တကယ်ပဲ အံ့ဩမိပါတယ်... ဒါပေမဲ့ မင်းသာ ပွဲတော်ကို တက်ရောက်မယ်ဆိုရင် အလီနာတော့ တကယ်ကို ဝမ်းသာသွားမှာ အမှန်ပဲ"
အဘိုးအိုက အသက်ကို ပြင်းပြင်းရှူသွင်းရင်း ယိုဟန်ကို ပြန်လည်ပြောဆိုလိုက်သည်။
ထိုစကားကြောင့် ယိုဟန်၏ မျက်နှာထက်တွင် ခါးသီးသော အပြုံးတစ်ခု ပေါ်ထွက်လာခဲ့ရပြန်သည်။ မိမိ ပြုမူလိုက်သမျှ အရာအားလုံးက ဤလူများကို အံ့ဩတုန်လှုပ်သွားစေသည်ကို သူ သိရှိထားသည်။ အဘိုးအိုက ထိုခါးသီးသော အပြုံးကို သတိပြုမိသွားပြီး ခပ်တိုးတိုး ရယ်မောလိုက်ကာ—
"ကောင်းပြီလေ... ဒါဆိုရင် ငါ့နောက်ကို လိုက်ခဲ့၊ မင်းနဲ့အတူ မြို့ထဲကို ငါကိုယ်တိုင် လိုက်ပါပေးမယ်။ မင်းတစ်ယောက်တည်း သွားဖို့ဆိုတာ အလွန်အမင်း အန္တရာယ်များလွန်းတယ်၊ တကယ်လို့ မင်းရဲ့အဖေ စုလင်သာ မင်း မျိုးနွယ်စုဝန်းထဲကနေ ထွက်သွားတာကို သိရင် မင်းကို သတ်ပစ်လိမ့်မယ်။
ဒါပေမဲ့ အဲဒီလိုမလုပ်ခင်... ငါတို့ အရင်ဆုံး တစ်နေရာရာကို သွားဖို့ လိုအပ်တယ်" အဘိုးအိုက သူ့ကို စိုက်ကြည့်ရင်း ဆိုလိုက်ရာ ယိုဟန်က ခေါင်းညိတ်ပြလိုက်ပြီး... နောက်တစ်စက္ကန့်တွင် ၎င်းတို့နှစ်ဦး အခန်းထဲမှ ထွက်ခွာခဲ့ကြကာ ယိုဟန်သည် အဖိုးဖြစ်သူ၏ နောက်ကွယ်မှနေ၍ လိုက်ပါသွားခဲ့တော့သည်။
"အာနာ... ယိုဟန် ဘယ်သွားလဲ သိလား၊ သူ သူ့အခန်းထဲမှာ မရှိတော့ဘူး" ဒီယာသည် အာနာကို ကြည့်ကာ မေးမြန်းလိုက်၏။ ထိုစကားကို ကြားရသောအခါ အာနာက ဦးခေါင်းကို ခါယမ်းပြလိုက်ရင်း— "ကျွန်မ လွန်ခဲ့တဲ့ ခေတ္တမျှက သခင်လေးကို တွေ့လိုက်မိသေးတယ်၊ သူက အကြီးအကဲတွေရဲ့ ခန်းမ ဘက်ကို ဦးတည်သွားနေတာ။ စိတ်မပူပါနဲ့... သူ မျိုးနွယ်စုဝန်းထဲမှာပဲ ရှိနေပါတယ်"
အာနာက ဒီယာ့ကို ယဉ်ကျေးပျူငှာစွာ ပြန်လည်ဖြေကြားလိုက်သည်။ ယိုဟန်သည် ဤမိန်းကလေးကို သူ၏ ပထမဆုံး ကျင့်ကြံခြင်းအဖော်အဖြစ် ရွေးချယ်ခဲ့သည်ကို သူမ သိရှိထားသဖြင့် သူမကို ပိုမို၍ ရိုသေကိုင်းညွတ်စွာ တုံ့ပြန်နေခြင်း ဖြစ်၏။
ကျင့်ကြံခြင်းလောကတွင် ပထမဆုံး ကျင့်ကြံခြင်းအဖော်အဖြစ် ရွေးချယ်ခံရခြင်းမှာ မည်မျှအထိ အဓိပ္ပာယ်လေးနက်သည်ကို သူမ ကောင်းကောင်းကြီး သိရှိထားသည်။ အခြားတစ်ဖက်တွင်မူ ဒီယာသည် မိမိ၏ အဆင့်အတန်း ဂုဏ်ဒြပ်များကို စိုးစဉ်းမျှ ဂရုမစိုက်ဘဲ သူ၏ဘေးကင်းလုံခြုံမှုအတွက်သာ စိုးရိမ်ပူပန်နေမိသည်။
သို့သော် ရုတ်တရက်ဆိုသလို ၎င်းတို့နှစ်ဦးစလုံး၏ အကြည့်များက ကောင်းကင်ယံထံသို့ ရောက်ရှိသွားခဲ့ကြသည်။
အဘိုးအိုတစ်ဦးသည် လူငယ်တစ်ဦးကို သူ၏ ရင်ခွင်အတွင်း၌ ပွေ့ပိုက်ထားလျက် သီးခြားလမ်းကြောင်းတစ်ခုဆီသို့ ပျံသန်းသွားနေခဲ့ခြင်း ဖြစ်ပြီး ထိုသူမှာ ယိုဟန်၏ အဖိုးဖြစ်သူ စုဝမ် ပင် ဖြစ်တော့သည်။ ယိုဟန်ကမူ ခါးသီးစွာ ပြုံးနေမိပြီး ဤသည်မှာ သူ့အတွက် အလွန်ပင် နေရထိုင်ရ ခက်ခဲသောအခြေအနေ ဖြစ်သော်လည်း အဆင့်နိမ့်နယ်ပယ်၌သာ ရှိနေသေးသဖြင့် ကိုယ်တိုင်မပျံသန်းနိုင်သည့်အတွက် ဘာမျှတတ်နိုင်ခြင်းမရှိချေ။
ဤသည်ကို မြင်ရသောအခါ ဒီယာသည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်မိရင်း— "တော်သေးတာပေါ့... သူ ဘေးကင်းရဲ့" ဟု ဆိုကာ သူ့ကိုကြည့်ရင်း ခပ်တိုးတိုး ရယ်မောလိုက်မိသည်။ သူ၏ အဖိုးမှာ အလွန်အမင်း အစွမ်းထက်သော ပညာရှင်တစ်ဦး ဖြစ်ကြောင်း သူမ သိရှိထားသဖြင့် သူမအနေဖြင့် ယိုဟန်အတွက် စိုးရိမ်ပူပန်မနေတော့ပါချေ။