မိခင်ဖြစ်သူ၏ မွေးနေ့အကြောင်းကို သိရှိပြီးနောက် ယိုဟန်သည် အာနာ၏ အကြည့်များအောက်မှ ထွက်ခွာလာခဲ့ပြီး သူ၏ ကျင့်ကြံခြင်းအခန်းအတွင်းသို့ တိုက်ရိုက်ဝင်ရောက်ခဲ့လိုက်သည်။ သူသည် အခန်းအတွင်း၌ နေရာယူကာ ထိုင်လိုက်ပြီးနောက် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်မိ၏။
"အဲဒီကောင်စုတ်က ရှောင်ဖန်းကို ဘာတွေလုပ်ခဲ့လို့ နတ်ဘုရားပွင့်လန်းဂိုဏ်းတစ်ခုလုံးရဲ့ ရှေ့မှောက်မှာ အဲဒီလောက်အထိ အရှက်ခွဲတာကို ခံခဲ့ရတာလဲ။ ဒါတင်မကသေးဘူး... သူမက အမေ့ရဲ့ မွေးနေ့ပွဲတော်ကိုပါ တက်ရောက်ဖို့ လာဦးမှာတဲ့လား"
ယိုဟန်သည် ဒေါသအလိပ်လိပ် ထွက်လာသဖြင့် ဘေးနားရှိ နံရံကို လက်သီးဖြင့် ပြင်းထန်စွာ ထုရိုက်လိုက်မိသည်။
ခေတ္တမျှ ကြာပြီးနောက်တွင်မူ သူသည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး မိမိ၏ ဒေါသများကို ပြန်လည်ထိန်းချုပ်ကာ စိတ်ငြိမ်အောင် လုပ်လိုက်၏။
'အဲဒီအကောင်အကြောင်း တွေးနေလို့လည်း ဘာမှထူးလာမှာမဟုတ်ဘူး၊ အတိတ်က ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ ငါဂရုမစိုက်သလို အဲဒီ ရှောင်ဖန်းဆိုတဲ့ မိန်းမအကြောင်းကိုလည်း စိုးစဉ်းမျှ စိတ်ဝင်စားမနေဘူး။ မနက်ဖြန်က ငါ့အမေ့ရဲ့ မွေးနေ့ပဲ... အမေ့အတွက် မွေးနေ့လက်ဆောင်တစ်ခုခု ရှာဖို့ပဲ လိုအပ်တယ်' ဟု သူက မိမိကိုယ်မိမိ ပြောလိုက်သည်။
"အမေ့ကို ဘယ်လိုလက်ဆောင်မျိုး ပေးရမလဲ... သူမရဲ့ တစ်ဘဝလုံးမှာ ဘယ်တော့မှ မေ့နိုင်မှာမဟုတ်တဲ့ အရာမျိုး ဖြစ်ရမယ်။ မြို့ထဲကို ထွက်ပြီးတော့ အမေ့အတွက် ကောင်းမွန်တဲ့ အရာတစ်ခုခု ရနိုင်မလားဆိုတာ ပတ်ပတ်လည် လိုက်ကြည့်ရတာပေါ့။ ဒါပေမဲ့ အဲဒီလိုမလုပ်ခင် အဖိုးဆီ အရင်သွားပြီး အမေ့အတွက် လက်ဆောင်သွားရှာမယ့်အကြောင်း အသိပေးရမယ်၊ မဟုတ်ရင် လူတိုင်း စိုးရိမ်နေကြလိမ့်မယ်"
ယိုဟန်သည် တွေးတောလိုက်ပြီးနောက် သူ၏ အဖိုးဖြစ်သူကို ရှာဖွေရန်အတွက် ကျင့်ကြံခြင်းအခန်းအတွင်းမှ ချက်ချင်း ထွက်ခွာခဲ့လိုက်တော့သည်။
ထိုအတောအတွင်းမှာပင်...
တောအုပ်တစ်ခုအတွင်း၌ မြင်းရထားတစ်စီးသည် တရွေ့ရွေ့ ခရီးနှင်နေခဲ့ပြီး ထိုမြင်းရထား၏ ဘေးပတ်ပတ်လည်တွင်မူ ထူထဲသော သံချပ်ကာဝတ်စုံများကို ဆင်မြန်းထားကြသည့် အစောင့်အရှောက် ရာပေါင်းများစွာက ဝန်းရံလျက် လိုက်ပါစောင့်ရှောက်ပေးနေကြသည်။ မြင်းရထားအတွင်း၌ လူသုံးဦး လိုက်ပါလာခဲ့ပြီး ၎င်းတို့မှာ လင်မယားနှစ်ဦးနှင့်အတူ အလွန်ပင် လှပချောမောလှသော မိန်းမပျိုတစ်ဦးတို့ ဖြစ်ကြ၏။ ထိုမိန်းကလေးတွင် ရှည်လျားသော ဆံနွယ်ဖြူများ၊ နက်မှောင်သော မျက်ဝန်းပြာအစုံနှင့် သွယ်လျနူးညံ့သော ရုပ်သွင်ပြင်တို့ ရှိကြပြီး အပြာရောင် ဝတ်စုံရှည်ကို ဆင်မြန်းထားသည်။
"အမေနဲ့ အဖေကလည်း... သမီးရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို ဘာလို့ ဒီလိုမျိုး ဖြုန်းတီးပစ်နေရတာလဲ။ သမီးအနေနဲ့ ဖုန်းမြို့တော်မှာပဲ နေခဲ့ပြီး ကျင့်ကြံနေတာက ပိုပြီးတော့ ကောင်းဦးမယ်။ မြစ်ကမ်းပါးမြို့တော်ကို သမီးကိုပါ တကူးတက ခေါ်သွားဖို့ တကယ်ပဲ လိုအပ်လို့လား၊ သမီး မသွားချင်ဘူး"
ရှောင်ဖန်းသည် မြင်းရထားအတွင်း မိမိ၏ ရှေ့မှောက်တွင် ထိုင်နေသော လင်မယားနှစ်ဦးကို ကြည့်ကာ ဆိုလိုက်သည်။ ထိုစကားကို ကြားလိုက်ရသည့်အခါ ၎င်းတို့နှစ်ဦးစလုံး အချင်းချင်း စိုက်ကြည့်လိုက်ကြပြီးနောက် အော်ဟစ်ရယ်မောလိုက်ကြတော့သည်။
"ရှောင်ဖန်း... အဲဒါက သမီးရဲ့ အဒေါ်ဖြစ်သူရဲ့ မွေးနေ့လေ၊ ပြီးတော့ မတူညီတဲ့ မျိုးနွယ်စုအသီးသီးကလည်း ပွဲတော်ကို တက်ရောက်ဖို့ လာကြမှာ။ အဲဒါကို သမီးကို ဖုန်းမြို့တော်မှာ တစ်ယောက်တည်း ဘယ်လိုလုပ်ပြီး ထားရစ်ခဲ့လို့ ရမှာလဲ။ နောက်ပြီးတော့ သမီးရဲ့ ကျင့်ကြံခြင်းအတွက်လည်း တစ်ခါတလေကျရင် ခေတ္တမျှ အနားယူပေးတာက ပိုကောင်းပါတယ်၊ မဟုတ်ရင် သမီးရဲ့ ခန္ဓာကိုယ်ကို ထိခိုက်မိလိမ့်မယ်"
သူမ၏ မိခင်ဖြစ်သူက ရှောင်ဖုန်းကို ကြည့်ကာ ပြုံးလျက် ထိုစကားကို ဆိုလိုက်၏။
"သမီးအမေ ပြောတာ မှန်တယ်၊ သမီးရဲ့ ကျင့်ကြံခြင်းကို တစ်ခါတလေကျရင် ခေတ္တမျှ အနားပေးသင့်တယ်၊ မဟုတ်ရင် သမီးရဲ့ ခန္ဓာကိုယ်ကို ထိခိုက်မိလိမ့်မယ်။
ဒါတင်မကသေးဘူး... သမီးရဲ့ ငယ်သူငယ်ချင်းဖြစ်တဲ့ ယိုဟန်ကိုကော သမီး မတွေ့ချင်ဘူးလား"
ဖုန်းယွင် က သမီးဖြစ်သူကို စိုက်ကြည့်ရင်း ဆိုလိုက်သည်။
ဖခင်ဖြစ်သူ၏ နှုတ်မှ ထိုစကား ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည့်အခါ ရှောင်ဖန်း၏ အမူအရာမှာ တောင့်တင်းသွားခဲ့ပြီး သူမက ဖခင်ဖြစ်သူကို အေးစက်သော အကြည့်များဖြင့် ပြန်လည်ကြည့်ရှုလိုက်ရင်း—
"ဟူး... အဲဒီ အမှိုက်က သမီးရဲ့ သူငယ်ချင်း မဟုတ်ပါဘူး၊ သူနဲ့ သမီးနဲ့ ဘာမှမပတ်သက်ဘူး။ သမီးရဲ့ ရှေ့မှောက်မှာ ပုရွက်ဆိတ်တစ်ကောင်မျှသာ ရှိတဲ့ အဲဒီအမှိုက်ကောင်ကို သမီးက ဘာဖြစ်လို့ အလုပ်ရှုပ်ခံပြီး သွားတွေ့ရမှာလဲ။ သူက လင်မျိုးနွယ်စုမှာ ကံကောင်းလို့ လာပြီး လူဖြစ်နေတဲ့ ရှုံးနိမ့်သူတစ်ယောက်သက်သက်ပဲ" ဟု ရှောင်ဖန်းက လင်မယားနှစ်ဦးကို ပြန်လည်ဖြေကြားလိုက်သည်။
ထိုစကားကို ကြားလိုက်ရသည့်အခါ လင်မယားနှစ်ဦး၏ မျက်နှာထက်တွင် ခါးသီးသော အပြုံးတစ်ခု ပေါ်ထွက်လာခဲ့ရသည်။ အမှန်စင်စစ် ၎င်းတို့အနေဖြင့် ရှောင်ဖန်းကို ထိုသို့မပြောရန် တားဆီးပိုင်ခွင့် မရှိကြချေ။ အဘယ်ကြောင့်ဆိုသော် သူမ ပြောသည်မှာ အမှန်တရားဖြစ်ပြီး ယိုဟန်သည် လင်မျိုးနွယ်စု၏ အမှိုက်တစ်ကောင် ဖြစ်ကြောင်း လူတိုင်းက သိရှိထားကြသောကြောင့်ပင်။
"ဟတ်ချိုး... ကျိန်စာတိုက်လိုက်တာ၊ ဘာလဲ... ဘယ်က အကောင်က ငါ့ကွယ်ရာမှာ ငါ့အတင်းကို မကောင်းပြောနေပြန်တာလဲ"
ယိုဟန်သည် နှာချလိုက်ရင်း ကျိန်ဆဲလိုက်မိသည်။ သူသည် သူ၏ အဖိုးဖြစ်သူ၏ အခန်းရှေ့တွင် ရပ်နေခဲ့ခြင်း ဖြစ်ပြီး အခန်းတံခါးကို ခေါက်လိုက်၏။
ဒေါက်... ဒေါက်...
ယိုဟန်သည် အဖိုးဖြစ်သူ၏ အခန်းတံခါးကို ခေါက်လိုက်စဉ် စိတ်ထဲတွင် အလွန်ပင် ထိတ်လန့်တုန်လှုပ်နေမိသော်လည်း မိမိကိုယ်မိမိ စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်သဖြင့် သတ္တိကို မွေးမြူလိုက်သည်။
သူသည် လျှာထွက်ပြတ်သားသော အမှိုက်တစ်ကောင် ဖြစ်နေခဲ့သည့်တိုင်အောင် သူ၏အဖိုးမှာမူ သူ့ကို အစဉ်အမြဲ အားပေးထောက်ပံ့ပေးခဲ့သည့် တစ်ဦးတည်းသော အားကိုးရာဖြစ်ကြောင်း သူ သိရှိထားသည်။ ခေတ္တမျှ ကြာပြီးနောက်တွင် သက်ကြီးရွယ်အို အဘိုးအိုတစ်ဦးက တံခါးကို ဖွင့်လှစ်လိုက်ပြီး သူ၏ ရှည်လျားသော မုတ်ဆိတ်ဖြူကြီးကို သုံးသပ်ရင်း ယိုဟန်ကို စိုက်ကြည့်လိုက်၏။
"အတွင်းကို ဝင်ခဲ့ပါဦး၊ ငါလည်း မင်းကို လာရှာတော့မလို့ပဲ... အခု မင်းကိုယ်တိုင် ရောက်လာတာ ကောင်းတာပေါ့"
သူက ယိုဟန်ကို ကြည့်ကာ ဆိုလိုက်ပြီးနောက် မြှားမှန်ထားခဲ့သော သူ၏ ရင်ဘတ်ဆီသို့ အကြည့်ကို ပို့လိုက်သည်။ သို့သော် သူ အံ့ဩသွားရသည်မှာ ယိုဟန်၏ ဒဏ်ရာမှာ တစ်ညတည်းနှင့်တင် လုံးဝဥဿုံ ပျောက်ကွယ် အနာကျက်သွားခဲ့ပြီ ဖြစ်ခြင်းပင်။
အဖိုးဖြစ်သူ၏ စကားကို ကြားလိုက်ရသည့်အခါ ယိုဟန်သည် ထိတ်လန့်တုန်လှုပ်စွာဖြင့် တံတွေးကို အသာမြိုချလိုက်မိပြီး သူ၏အဖိုးက မိမိကို ဘာကြောင့် တွေ့ချင်နေရသနည်းဟူသော အကြောင်းပြချက်ကို တွေးတောရင်း စိတ်ထဲ၌ အမျိုးမျိုးသော အတွေးစများ ပေါ်ထွက်လာခဲ့ရသည်။ ယိုဟန်က ခေါင်းညိတ်ပြလိုက်ပြီးနောက် အဖိုးဖြစ်သူ၏ နောက်ကွယ်မှနေ၍ လိုက်ပါသွားခဲ့တော့သည်။
သူသည် အဖိုးဖြစ်သူ၏ ရှေ့မှောက်တွင် ဝင်ထိုင်လိုက်ပြီး သူ့ကို ထိတ်လန့်တုန်လှုပ်စွာဖြင့် စိုက်ကြည့်လိုက်ရင်း—
"အဖိုး...ကျွန်တော်တို့ ဆွေးနွေးစရာ အရေးကြီးတဲ့ အကြောင်းအရာတစ်ခုခု ရှိလို့လားဟင်" ဟု သူက အဖိုးဖြစ်သူကို ကြည့်ကာ စိုးရိမ်တကြီး မေးမြန်းလိုက်မိသည်။ အဖိုးဖြစ်သူကို စိုက်ကြည့်နေစဉ်အတွင်း သူ၏ နှလုံးခုန်သံမှာ ပိုမိုမြန်ဆန်ပြီး ကျယ်လောင်လာခဲ့ရ၏။
"မင်း ဒါကို ဘယ်လိုလုပ်လိုက်တာလဲ... တစ်ညတည်းနဲ့တင် ကျင့်ကြံခြင်းအဆင့်ကို နောက်ထပ် အဆင့်ချိုးဖျက်နိုင်ခဲ့ရုံတင်မကဘဲ မင်းဟာ ခန္ဓာကိုယ်ကြံ့ခိုင်ခြင်းနယ်ပယ်ရဲ့ အစောပိုင်းအဆင့် ကို ရောက်ရှိနေပြီပဲ။ ဒါတင်မကသေးဘူး... မင်းရဲ့ ခန္ဓာကိုယ်က အဆိပ်တစ်ရာတောင်ကြား ရဲ့ အဆိပ်တွေကိုတောင် အန်တုနိုင်စွမ်း ရှိနေပြီ"
အဘိုးအိုက ယိုဟန်ကို မျက်နှာအမူအရာ ကင်းမဲ့စွာဖြင့် စိုက်ကြည့်ရင်း ဆိုလိုက်သည်။
ထိုစကားကို ကြားလိုက်ရသည့်အခါ ယိုဟန်၏ မျက်နှာထက်တွင် ခါးသီးသော အပြုံးတစ်ခု ပေါ်ထွက်လာခဲ့ရပြီး—
'သွားပါပြီ... ငါတော့ သွားပြီ၊ ဒီအဖိုးကြီးက တကယ်ကို ရက်စက်တာပဲ... ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်အတန်းကို ကွင်းကွင်းကွက်ကွက် မြင်သာအောင် ကြည့်ရှုနိုင်နေတာပဲ' ဟု ယိုဟန်က စိတ်ထဲမှ တွေးတောလိုက်မိရင်း သူ၏ မျက်နှာလေးမှာ သရဲတစ္ဆေတစ်ကောင်အလား ချက်ချင်းပင် ဖြူလျော်သွားခဲ့ရပါတော့သည်။