နံနက်ခင်းတစ်ခုတွင် ယိုဟန်သည် သူ၏မျက်လုံးများကို ဖွင့်လှစ်လိုက်ရာ သူ၏အကြည့်က ဘေးတွင် အိပ်မောကျနေသော ဒီယာ့ထံသို့ ရောက်ရှိသွားခဲ့သည်။ သူမ၏ နူးညံ့ချောမောလှသော မျက်နှာလေးကို ကြည့်ရှုရင်း သူက သူမ၏နဖူးပြင်လေးကို ခပ်ဖွဖွလေး နမ်းရှိုက်လိုက်ပြီးနောက် ကုတင်ပေါ်မှ ဆင်းခဲ့လိုက်တော့သည်။
သူသည် အဝတ်အစားလဲလှယ်ပြီးနောက် အခန်းထဲမှ ထွက်ခွာခဲ့ပြီး လင်မျိုးနွယ်စုဝန်းအတွင်း လှည့်လည်သွားလာနေမိသည်။
ယနေ့တွင်မူ သူ၏ပတ်ဝန်းကျင်၌ တစ်ခုခု ထူးခြားနေခဲ့ပြီး တစ်မျိုးနွယ်စုလုံး ရှုပ်ယှက်ခတ်နေကာ လူတိုင်းက တစ်စုံတစ်ခုအတွက် ပြင်ဆင်နေကြသည့်အလား ဟိုဟိုဒီဒီ အပြေးအလွှား သွားလာနေကြ၏။
'လင်မျိုးနွယ်စုမှာ တစ်ခုခု မှားယွင်းနေလို့လား၊ ဘာလို့ အားလုံးက ဒီလောက်အထိ အလျင်စလို ဖြစ်နေကြရတာလဲ။ ငါမသိတဲ့ အဖြစ်အပျက်တစ်ခုခု ဒီမှာ ဖြစ်ပျက်နေတာလား'
ယိုဟန်သည် တစ်ယောက်တည်း တွေးတောနေမိစဉ် သူ၏အကြည့်က အာနာထံသို့ ရောက်ရှိသွားခဲ့သည်။
သူက နောက်ဘက်မှနေ၍ အာနာကို လှမ်းခေါ်လိုက်ရာ တစ်စုံတစ်ဦး မိမိကို ခေါ်နေကြောင်း ကြားလိုက်ရသဖြင့် အာနာသည် ဦးခေါင်းကို လှည့်ကြည့်လိုက်ရာ သူမ၏နောက်ကွယ်တွင် ရပ်နေသော ယိုဟန်ကို တွေ့ရှိလိုက်ရသည်။ ယိုဟန်ကို မြင်လိုက်ရသည့်အခါ သူမ၏ မျက်နှာအမူအရာမှာ တောင့်တင်းသွားခဲ့ပြီး တံတွေးကို အသာမြိုချလိုက်မိ၏။
"သခင်လေး... အခန်းပြင်မှာ ဘာထွက်လုပ်နေတာလဲ၊ သခင်လေးက ကုတင်ပေါ်မှာပဲ နားနေရမှာလေ။ တကယ်လို့ အရှင်စုလင်နဲ့ သခင်မကြီးအလီနာတို့ သခင်လေးကို ဒီမှာတွေ့ရင်... သခင်လေးကို အကြီးအကျယ် စိတ်ဆိုးကြလိမ့်မယ်"
အာနာသည် သူ့ကိုကြည့်ရင်း စိုးရိမ်တုန်လှုပ်သွားခဲ့ပြီး ပတ်ဝန်းကျင်တွင် လူရှိမရှိကို ဟိုဟိုဒီဒီ လှမ်း၍ ကြည့်ရှုနေမိသည်။
အာနာ၏ စိုးရိမ်ပူပန်နေသော မျက်နှာလေးကို မြင်ရသောအခါ ယိုဟန်က ခပ်တိုးတိုး ရယ်မောလိုက်မိပြီး သူမ၏ဦးခေါင်းလေးကို အသာအယာ ပွတ်သပ်ပေးလိုက်၏။
"စိတ်မပူပါနဲ့... ငါ နေကောင်းပါတယ်။ ဒါနဲ့ ဒီမှာ ဘာတွေဖြစ်နေကြတာလဲ၊ ဒီနေ့ မျိုးနွယ်စုတစ်ခုလုံးက တကယ့်ကို ထူးထူးခြားခြား ဖြစ်နေတယ်၊ တစ်ခုခု လုပ်နေကြတာလား"
လူတိုင်း အလျင်စလို ဖြစ်နေကြပြီး တစ်မျိုးနွယ်စုလုံးကို အလှဆင်နေကြသည်ကို ကြည့်ကာ ယိုဟန်က အာနာကို မေးမြန်းလိုက်သည်။
"သခင်လေးကလည်း နောက်နေပြန်ပြီ၊ မနက်ဖြန်က သခင်မကြီးအလီနာရဲ့ မွေးနေ့လေ။ ဒီအခါသမယမှာ လင်မျိုးနွယ်စုက ကြီးကျယ်ခမ်းနားတဲ့ အောင်ပွဲခံပွဲတော်တစ်ခုကို ကျင်းပလေ့ရှိပြီး မြစ်ကမ်းပါးမြို့တော် ရဲ့ ထိပ်သီးမျိုးနွယ်စုအားလုံး ဒီနေရာကို စုစည်းရောက်ရှိလာကြမှာ။ ဒါကြောင့်မို့လို့ လူတိုင်းက အလုပ်ရှုပ်နေကြတာပေါ့"
အာနာက ယိုဟန်ကို ပြန်လည်ဖြေကြားလိုက်သည်။ ထိုစကားများကို ကြားလိုက်ရသည့်အခါ ယိုဟန်၏ မျက်နှာထက်တွင် အပြုံးပန်းများ ပွင့်လန်းသွားခဲ့ပြီး တောက်ပသော အပြုံးတစ်ခု ပေါ်ထွက်လာခဲ့၏။
"အော်... အမေ့ရဲ့ မွေးနေ့ကိုး၊ ငါ လုံးဝကို မေ့လုနီးပါး ဖြစ်သွားတယ်၊ ငါ သွားပြီးတော့ အမေ့အတွက် မွေးနေ့လက်ဆောင်တစ်ခုခု ရှာရမယ်"
သူက အာနာကို ကြည့်ပြီး ခါးသီးသော အပြုံးတစ်ခုဖြင့် ထိုစကားကို ဆိုလိုက်သည်။ မိမိ၏သားဖြစ်သူက မိခင်၏မွေးနေ့ကို မေ့လျော့နေခဲ့သည်ကို သိလျှင် သူမ မည်သို့တုံ့ပြန်မည်နည်းဟု သူ တွေးတောနေမိသော်လည်း သူ အံ့ဩသွားရသည်မှာ အာနာ၏ အမူအရာက အလွန်ပင် တည်ငြိမ်နေခဲ့ခြင်း ဖြစ်၏။
သူမ၏ အမူအရာကို မြင်ရသောအခါ ယိုဟန်က ဇဝေဇဝါ ဖြစ်သွားခဲ့ပြီး အာန့ကို နက်နက်ရှိုင်းရှိုင်း စိုက်ကြည့်လိုက်သည်။
"ဘာဖြစ်လို့လဲ အာနာ.. ဘာလို့ အဲဒီလောက်တောင် တည်ငြိမ်နေရတာလဲ၊ ငါ ငါ့အမေရဲ့ မွေးနေ့ကို မေ့နေတာကို မင်း မအံ့ဩဘူးလား"
သူမ၏ အမူအရာ ကင်းမဲ့နေသော မျက်နှာလေးကို ကြည့်ရင်း သူက မေးမြန်းလိုက်၏။
"သခင်လေး... ကျွန်မ မအံ့ဩပါဘူး၊ သခင်လေးရဲ့ အကြောင်းပြချက်ကို ကျွန်မ နားလည်ပါတယ်။ မနက်ဖြန်မှာ မတူညီတဲ့ မျိုးနွယ်စုအသီးသီးက ကျင့်ကြံသူ ပညာရှင်အများအပြား ဒီနေရာမှာ စုဝေးကြလိမ့်မယ်၊ ပြီးတော့ သခင်လေးက အရင်တုန်းက အဲဒီပွဲမျိုးကို တစ်ခါမှ မတက်ရောက်ခဲ့ဖူးဘူးလေ။ ဒါကြောင့် သခင်လေးရဲ့ အဖြေကို ကြားရတာ ကျွန်မ မအံ့ဩတာ မဆန်းပါဘူး။ အဲဒါတင်မကသေးဘူး... ဖုန်းမျိုးနွယ်စုက သခင်မလေး 'ရှောင်ဖန်း' ကလည်း သူမရဲ့ မိဘတွေနဲ့အတူ ဒီပွဲတော်ကို တက်ရောက်ဖို့ လာလိမ့်မယ်လေ"
အာနာက ယိုဟန်ကို ကြည့်ကာ ခါးသီးစွာ ပြုံးပြလိုက်သည်။
အာန့၏ စကားကို ကြားလိုက်ရသည့်အခါ ယိုဟန်၏ ကျောပြင်ဆီသို့ လျှပ်စီးတစ်ခု ဖြတ်စီးသွားသကဲ့သို့ ခံစားလိုက်ရပြီး သူ၏ နှလုံးခုန်သံမှာ တစ်ချက်မျှ ရပ်တန့်လုနီးပါး ဖြစ်သွားခဲ့သည်။ သူက အာနာကို တည်ငြိမ်သောအမူအရာဖြင့် ပြန်လည်စိုက်ကြည့်လိုက်ရင်း—
'အဲဒီကောင်စုတ်က... မိခင်ဖြစ်သူရဲ့ မွေးနေ့ကိုတောင် မေ့လျော့ထားရုံတင်မကဘဲ ဘဝရဲ့ ထူးခြားတဲ့နေ့ရက်မှာတောင် မျက်နှာပြဖို့ ပျက်ကွက်ခဲ့တာလား'
ယိုဟန်သည် စိတ်ထဲမှနေ၍ ကို အပြင်းအထန် ကျိန်ဆဲရင်း လက်သီးကို တင်းတင်းဆုပ်ထားမိသည်။ သို့သော် အာန့၏ နှုတ်မှ ထွက်ပေါ်လာသော နောက်ဆုံးစကားလုံးကြောင့် သူ ပိုမို၍ ဇဝေဇဝါ ဖြစ်သွားခဲ့ရပြန်၏။
"အဲဒီ ရှောင်ဖန်း ဆိုတာက ဘယ်သူလဲ၊ ပြီးတော့ မင်းက ဘာလို့ သူ့အကြောင်းကို ငါ့ကို လာပြောနေရတာလဲ။ သူက အဲဒီလောက်တောင် နာမည်ကြီးနေတဲ့သူမို့လို့လား"
သူက အာနာကို ဂရုမစိုက်ဟန်ဖြင့် ပြန်လည်ပြောဆိုလိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူသည် ရှောင်ဖန်း ဖြစ်စေ၊ မည်သူဖြစ်စေ စိုးစဉ်းမျှ ဂရုမစိုက်သောကြောင့်ပင်။ သူ တွေးတောနေမိသည်မှာ ယခင်က ယိုဟန်၏ အပြုအမူများသာဖြစ်ပြီး မိခင်၏ မွေးနေ့ကိုပင် မှတ်မိခြင်းမရှိသည့်အတွက်သာ ကျိန်ဆဲနေမိခြင်း ဖြစ်၏။
သို့သော် သူ အံ့ဩသွားရသည်မှာ ယိုဟန်၏ နှုတ်မှ ထွက်ပေါ်လာသော ထိုစကားများကို ကြားလိုက်ရသည့်အခါ အာန့၏ မျက်နှာလေးမှာ ဖြူလျော်သွားခဲ့ပြီး အံ့ဩလွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ရရှာသည်။ ယိုဟန်က ဤသည်ကို သတိပြုမိလိုက်ပြီး အာန့ကို ပြုံးပြလိုက်ရင်း—
"မင်း တစ်ခုခု မှားယွင်းနေလို့လား၊ အဲဒီ ရှောင်ဖန်းက အဲဒီလောက်တောင် နာမည်ကြီးပြီး လူသိများနေလို့လား၊ ဘာဖြစ်လို့ ငါ့ကို အဲဒီလို မျက်လုံးမျိုးနဲ့ လာကြည့်နေရတာလဲ"
"သခင်လေး... သခင်လေး တစ်နေရာရာမှာ ဒဏ်ရာရထားလို့လား ဟင်၊ သခင်လေးရဲ့ တစ်ဘဝလုံးမှာ အမြတ်နိုးဆုံး၊ အစွဲလမ်းဆုံး ဖြစ်ခဲ့ရတဲ့ မိန်းကလေးကို ဘယ်လိုလုပ်ပြီး မေ့သွားနိုင်ရတာလဲ။ အဲဒါတင်မကသေးဘူး... ဖုန်းမျိုးနွယ်စုဆိုတာ ဒီမြောက်ပိုင်းဒေသရဲ့ ဖုန်းမြို့တော်ကို အုပ်ချုပ်နေတဲ့ ထိပ်သီးမျိုးနွယ်စုကြီးတွေထဲက တစ်ခုလေ၊ ပြီးတော့ ကျွန်မတို့ လင်မျိုးနွယ်စုကလည်း ဖုန်းမျိုးနွယ်စုနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိကြတာပဲဟာကို"
အာနာက လှပသော မျက်နှာလေးထက်တွင် အလွန်ပင် တည်ကြည်လေးနက်သော အမူအရာဖြင့် ယိုဟန်ကို ပြန်လည်ဖြေကြားလိုက်သည်။
'ငါ အမြတ်နိုးဆုံး မိန်းကလေး ဟုတ်လား... ငါ့ဖင်ပဲ။ ငါ ဒီယာကလွဲရင် တခြား ဘယ်မိန်းကလေးကိုမှ မသိဘူး၊ ဒါပေမဲ့... ဘာဖြစ်လို့ ဒီ ရှောင်ဖန်း ဆိုတဲ့ နာမည်က နားထဲမှာ ရင်းနှီးနေရတာလဲ'
ယိုဟန်သည် မိမိကိုယ်မိမိ တွေးတောနေမိရင်း... မိမိအား သနားဂရုဏာ သက်နေသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေသည့် အာနာထံသို့ လှမ်းကြည့်လိုက်သည်။
"သခင်လေး... သခင်လေး သူမအပေါ် ဘယ်လို သဘောထားတယ်ဆိုတာ ကျွန်မ နားလည်ပါတယ်၊ ဒါပေမဲ့ သူမက မြောက်ပိုင်းဒေသတစ်ခုလုံးက လူတိုင်း အမြတ်နိုးဆုံး ဖြစ်ရတဲ့ လှပတဲ့ နတ်သမီးတစ်ပါးလေ။ အဲဒါတင်မကသေးဘူး... သူမက အစွမ်းထက်တဲ့ ကျင့်ကြံသူ ပညာရှင်တစ်ယောက်လည်း ဖြစ်တယ်။ သူမက သခင်လေးကို ငြင်းပယ်ခဲ့ပြီး 'နတ်ဘုရားပွင့်လန်းဂိုဏ်း' တစ်ခုလုံးရဲ့ ရှေ့မှောက်မှာ အရှက်ခွဲခဲ့တာကြောင့် သခင်လေးက အခုလိုမျိုး ဟန်ဆောင်ပြုမူနေတာကို ကျွန်မ နားလည်ပေးနိုင်ပါတယ်"
သူမက ယိုဟန်ကို ကြည့်ရင်း သူ၏ကိုယ်စား စိတ်မကောင်း ဖြစ်နေမိရှာသည်။ သို့သော် ထိုစကားများကို ကြားနေရသော ယိုဟန်ကမူ သူ၏ စိတ်ထဲတွင် ယခင်က မိမိကိုယ်ကိုယ်သာ အထပ်ထပ်အခါခါ ကျိန်ဆဲနေမိတော့သည်။
"ရှောင်ဖန်း... ဟုတ်လား"
ယိုဟန်က တိုးတိုးလေး ရေရွတ်လိုက်ပြီးနောက် နောက်သို့ လှည့်မကြည့်တော့ဘဲ ထိုစင်္ကြံလမ်းထက်တွင် အာနာကို တစ်ယောက်တည်း ထားရစ်ခဲ့ကာ ထွက်ခွာလာခဲ့တော့သည်။
"သခင်လေး ဘာဖြစ်သွားတာလဲ မသိဘူး... သူ ပြုမူနေပုံက တကယ်ကို ထူးဆန်းနေတယ်။ ဒါက ဟိုနေ့က အတိုက်ခိုက်ခံရတဲ့ ဒဏ်ရာရဲ့ ဘေးထွက်ဆိုးကျိုးများလား... ငါ သခင်မကြီးအလီနာကို သွားပြီး သတင်းပို့ရမလား မသိဘူး"
အာနာသည် စင်္ကြံလမ်းမှ ထွက်ခွာသွားသော ယိုဟန်၏ ကျောပြင်ကို ကြည့်ရင်း ခပ်တိုးတိုးလေး ရေရွတ်လိုက်မိပါတော့သည်။