ယိုဟန်၏ အိပ်ဆောင်တံခါးပွင့်လာပြီး ထိုတံခါးဝမှ သမားတော်အဘိုးအို ထွက်ပေါ်လာခဲ့ရာ သူ၏မျက်နှာတွင် အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေသော အရိပ်အယောင်များ စွန်းထင်နေသည်။ ထိုအဘိုးအို၏ ပျာပျာသလဲ ဖြစ်နေမှုကို မြင်လိုက်ရသည့်အခါ လူတိုင်း၏ မျက်နှာများ သွေးဆုတ်ဖြူလျော်သွားခဲ့ကြ၏။ အလီနာ၊ လင်စုလင်နှင့်အတူ လင်စုဝမ်တို့သည်လည်း ပိုမိုတည်ကြည်လေးနက်သော မျက်နှာထားများ ဖြစ်သွားကြတော့သည်။
"ငါ့သား ဘာဖြစ်လို့လဲ... သူ အဆင်ပြေရဲ့လား၊ ငါ့ကို အမှန်အတိုင်း ပြောစမ်း"
အလီနာက ထိုအဘိုးအိုကို စိုက်ကြည့်ကာ ဒေါသတကြီး အော်ဟစ်မေးမြန်းလိုက်သည်။
"သခင်မကြီး အလီနာ... သခင်လေးယိုဟန် ဘေးကင်းသွားပါပြီ၊ အခုတော့ အန္တရာယ်ကနေ ကျော်လွန်သွားပါပြီခင်ဗျာ။ သူ လောလောဆယ် အနားယူဖို့ပဲ လိုအပ်ပါတော့တယ်"
သမားတော်အဘိုးအိုက အလီနာကို ပြန်လည်ဖြေကြားလိုက်ပြီး စိုးရိမ်စရာမရှိတော့ကြောင်း အဘိုးအို စုဝမ်နှင့် စုလင်တို့ကိုပါ ခေါင်းညိတ်ပြလိုက်၏။
ထိုစကားကို ကြားလိုက်ရသည့်အခါ အလီနာ၏ မျက်နှာလေး ချက်ချင်းပင် ဝင်းပသွားခဲ့ရပြီး ဒီယာမှာမူ ထိုစကားကြောင့် မျက်ဝန်းအစုံမှ မဆီမဆိုင် မျက်ရည်များ ဝေစီကျလာကာ ဘာကိုမျှ ထပ်မံမစဉ်းစားတော့ဘဲ ယိုဟန်၏ အိပ်ဆောင်ထဲသို့ အပြေးအလွှား ဝင်ရောက်သွားခဲ့တော့သည်။
ဤသည်ကို မြင်ရသော စုလင်က သက်ပြင်းရှည်ကြီးတစ်ချက်ကို ချလိုက်မိရင်း—
"အဲဒီကောင်စုတ်လေး... သူ့အပေါ် တကယ်ဂရုစိုက်မယ့်လူကို ရှာတွေ့သွားတာပဲ၊ ဒါပေမဲ့ အဲဒီမိန်းကလေးက သူ့ထက် အသက်ကြီးနေသလိုပဲ" ဟု တိုးတိုးလေး ရေရွတ်လိုက်မိသည်။ မိမိခင်ပွန်း၏ နှုတ်မှ ထိုစကားကို ကြားလိုက်ရသောအခါ အလီနာ သဘောကျစွာ တဟားဟား ရယ်မောလိုက်မိပြီး ဒီယာ့နောက်သို့ ထပ်ကြပ်မကွာ လိုက်ပါသွားခဲ့တော့သည်။
ထိုအတောအတွင်း စုဝမ်သည် သမားတော်၏အနားသို့ ချဉ်းကပ်လာပြီး သူ့ကို စူးစမ်းစွာ စိုက်ကြည့်ကာ—
"ဘာဖြစ်တာလဲ... မင်း ဒီလိုသတင်းကောင်းကို ပြောနေရင်းနဲ့ ဘာဖြစ်လို့ အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေရတာလဲ။ ငါ့မြေးမှာ တစ်ခုခု ချို့ယွင်းချက် ရှိနေသေးလို့လား" ဟု ထိုသမားတော်အဘိုးအိုကို ကြည့်ကာ ဆိုလိုက်သည်။ ထိုစကားကြောင့် သမားတော်အဘိုးအို တုန်လှုပ်ချောက်ချားသွားခဲ့ရ၏။
"အရှင်... ကျွန်တော်မျိုး သက်တမ်းတစ်လျှောက်မှာ 'ချိုင့်ဝှမ်းရာပြည့်အဆိပ်' မိပြီး ပြန်လည်သက်သာလာတဲ့သူကို တစ်ခါမျှ မမြင်ဖူးခဲ့လို့ပါ။ အဲဒါကြောင့်မို့လို့ ကျွန်တော်မျိုး အလွန်အမင်း အံ့အားသင့်ပြီး တုန်လှုပ်မိသွားခြင်း ဖြစ်ပါတယ်ခင်ဗျာ"
သမားတော်အဘိုးအိုက အဘိုးအို စုဝမ်ကို ပြန်လည်ဖြေကြားလိုက်သည်။ ထိုစကားကို ကြားလိုက်ရသည့်အခါ စုဝမ်၏ တစ်ကိုယ်လုံး တွန့်ခနဲ ဖြစ်သွားပြီး ကြက်သီးမွေးညင်းများပင် ထောင်ထသွားခဲ့ရ၏။
"မင်း ဘာပြောလိုက်တယ်... သူ မိသွားတာ ချိုင့်ဝှမ်းရာပြည့်အဆိပ် ဟုတ်လား၊ အဲဒါကို ငါ့မြေးက အသက်ရှင်သေးတယ် အဆင်ပြေတယ် ဟုတ်လား... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
စုဝမ် တိုးတိုးလေး ရေရွတ်လိုက်မိရင်း သူ၏ နဖူးထက်တွင် စီးကျလာသော ချွေးစေးများကို အသာအယာ သုတ်လိုက်မိသည်။
သူသည် ဆွံ့အမှင်သက်နေမိခြင်း ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ချိုင့်ဝှမ်းရာပြည့်အဆိပ်ကို မိပြီးနောက် မည်သူမျှ အသက်ရှင်သန်နိုင်ခြင်း မရှိသည်ကို သူ ကောင်းကောင်းသိရှိထားသောကြောင့်ပင်။ သို့သော် သူသည် လေကို ဝဝရှူသွင်းလိုက်ရင်း တည်ကြည်လေးနက်သော မျက်နှာထားဖြင့် သမားတော်အဘိုးအိုကို စိုက်ကြည့်ကာ—
"ဒီအကြောင်းကို ဘယ်သူ့ကိုမှ မပြောပါနဲ့။ အကယ်၍ ဒီနေ့ဖြစ်ပျက်ခဲ့တာကို တစ်စုံတစ်ဦးက သိရှိသွားခဲ့ရင် ငါ မင်းကို ငါ့လက်နဲ့ကိုယ်တိုင် ဧကန်မုချ သတ်ပစ်မယ်။ ငါ့မြေးရဲ့ အသက်အန္တရာယ်ကို နောက်တစ်ကြိမ် ထပ်ပြီး စွန့်စားရမှာကို ငါ အလိုမရှိဘူး"
စုဝမ်က သမားတော်အဘိုးအိုကို ကြည့်ကာ ခြိမ်းခြောက်လိုက်ရာ သူက အလန့်တကြား ခေါင်းယမ်းပြရှာသည်။
"သခင်ကြီး... ကျွန်တော်မျိုး ဒီနေ့ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေကို ဘယ်သူ့ကိုမှ စိုးစဉ်းမျှ ဖွင့်ဟပြောဆိုရဲမှာ မဟုတ်ပါဘူး၊ ကျွန်တော်မျိုးကို ယုံကြည်ပေးပါ" ဟု သူက တိုးတိုးလေး ညည်းတွားရင်း အဘိုးအို စုဝမ်ကို ရိုသေစွာ ဦးညွှတ်လိုက်၏။
"ကောင်းပြီ... ဒါဆိုရင်လည်း"
စုဝမ်သည် သူ၏ သိုလှောင်မှုလက်စွပ် ထဲမှ ရွှေဒင်္ဂါးပြား ရာပေါင်းများစွာကို ထုတ်ယူကာ ထိုအဘိုးအို၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။ ထိုရွှေဒင်္ဂါးပြားများကို မြင်လိုက်ရသောအခါ သမားတော်၏ မျက်လုံးများမှာ အရောင်တောက်သွားခဲ့ရပြီး စုဝမ်ကို ထပ်ဖန်တလဲလဲ ဦးညွှတ်ရင်း နောက်သို့ပင် လှည့်မကြည့်တော့ဘဲ ထိုနေရာမှ ချက်ချင်း ထွက်ခွာသွားတော့သည်။
"ဟူး... နောက်ဆုံးတော့ အဲဒီငရဲခန်းလို အခြေအနေကနေ ဘေးကင်းကင်းနဲ့ လွတ်မြောက်ခဲ့ပြီပဲ။ ဘာမှတောင် မလုပ်ရဘဲ ဆုလာဘ်တွေ အများကြီး ရခဲ့သေးတယ်။ ဒါပေမဲ့... အဲဒီချိုင့်ဝှမ်းရာပြည့်အဆိပ်ကို မိပြီးတော့တောင် အသက်ရှင်ကျန်ရစ်ခဲ့တဲ့ အဲဒီကလေးက ဘယ်လိုမိစ္ဆာမျိုးပါလိမ့်။ လူတွေကတော့ သူ့ကို အမှိုက်ကောင်လို့ ပြောနေကြပေမဲ့... ငါ့မျက်စိထဲမှာတော့ သူက စစ်မှန်တဲ့ မိစ္ဆာအစစ်ပဲ"
သမားတော်အဘိုးအိုသည် တစ်ယောက်တည်း ရေရွတ်ရင်း ထိုနေရာမှ ထွက်ခွာသွားခဲ့တော့သည်။
ထိုအတောအတွင်း...
ဒီယာသည် ယိုဟန်၏ ကုတင်ဘေးသို့ ချဉ်းကပ်လာခဲ့ပြီး အလီနာနှင့် စုလင်တို့ကလည်း သူမ၏နောက်မှ လိုက်ပါလာခဲ့ကြသည်။ ယိုဟန်၏ သတိမေ့မြောနေသော မျက်နှာလေးကို ကြည့်ရင်း သူမသည် မိမိကိုယ်ကိုယ် စိတ်ထဲကနေ အထပ်ထပ်အခါခါ ကျိန်ဆဲနေမိကာ မျက်ဝန်းအစုံမှ မျက်ရည်များ တလိမ့်လိမ့် စီးကျလာပြန်သည်။ သူမ ဤကဲ့သို့ ပူဆွေးငိုကြွေးနေသည်ကို မြင်သောအခါ အလီနာသည် သူမ၏အနားသို့ ချဉ်းကပ်သွားလိုက်၏။
"သူ့အတွက် စိတ်မပူပါနဲ့ ကလေးမရယ်... သူ မကြာခင် ပြန်လည်ကောင်းမွန်လာမှာပါ။ မင်းက ဒီယာ ဟုတ်တယ်မလား... သူ ဒီမနက်တင် ငါ့အခန်းကို လာခဲ့သေးတယ်။ မင်းအကြောင်းကို ပြောနေတုန်းက သူ တကယ်ကို ပျော်ရွှင်နေပုံရတယ်"
အလီနာက ဒီယာ၏ ခေါင်းကို အသာအယာ ပွတ်သပ်ပေးလိုက်ပြီး စုလင်သည်လည်း ယိုဟန်ကို ကြည့်ကာ ရင်ထဲတွင် မကောင်းဖြစ်နေမိသည်။
"ဒါ ကျွန်မကြောင့် ဖြစ်ရတာပါ။ ကျွန်မကို ကယ်တင်ရင်းနဲ့ သူ ဒဏ်ရာရသွားခဲ့တာ... တစ်စုံတစ်ဦးက ကျွန်မကို သတ်ချင်နေခဲ့တာကို ယိုဟန်က အချိန်မီ တွန်းဖယ်ပေးခဲ့လို့ သူကိုယ်တိုင် အဲဒီမြားချက်ကို ခံလိုက်ရတာ။ ဒါတွေအားလုံးက ကျွန်မရဲ့ အပြစ်တွေပါ"
သူမသည် ထိုစကားလုံးများကို ဆိုရင်း ရှိုက်ကြီးတငင် ငိုကြွေးနေရှာသည်။
အလီနာနှင့် စုလင်တို့သည် ထိုစကားကို ကြားလိုက်ရသည့်အခါ တစ်ဦးကိုတစ်ဦး စိုက်ကြည့်လိုက်ကြမိ၏။ မိမိတို့၏ သားဖြစ်သူက အခြားလူတစ်ဦး၏ အသက်ကို ကယ်တင်ရန်အတွက် မိမိ၏ အသက်ကိုပင် ပဓာနမထားဘဲ စွန့်စားခဲ့လိမ့်မည်ဟု သူတို့ တစ်ခါမျှ မတွေးခဲ့ဖူးချေ။ မိဘများအနေဖြင့် သူတို့၏ ရင်ထဲ၌ ဂုဏ်ယူဝင့်ကြွားမှုများ လျှံတက်လာခဲ့ရသည်။
"စိတ်မပူပါနဲ့ ကလေးမရယ်... ဒါ မင်းရဲ့အပြစ် မဟုတ်ပါဘူး"
လင်စုက ဒီယာ့ကို ပြန်လည်နှစ်သိမ့်လိုက်ရင်း သူမ၏အနားသို့ ချဉ်းကပ်ကာ ခေါင်းကို အသာအယာ ပွတ်သပ်ပေးလိုက်သည်။
"ဟုတ်တယ်... ငါ့ခင်ပွန်းပြောတာ မှန်တယ်။ ဒါ မင်းရဲ့အပြစ် မဟုတ်တာမို့လို့ အဲဒီကိစ္စတွေကို စိတ်ထဲမထားပါနဲ့တော့။ သူ့ရဲ့အနားမှာပဲ နေပေးလိုက်ပါဦး... ငါတို့ ခေတ္တမျှ အပြင်ထွက်ပေးပါ့မယ်၊ သူ လောလောဆယ် အနားယူဖို့ လိုအပ်နေလို့ပါ"
အလီနာက ဒီယာ့ကို ကြည့်ကာ ဆိုလိုက်ပြီးနောက် စုလင်ဘက်သို့ အကြည့်ကို ရွှေ့လိုက်၏။
"အေးပေါ့... သူ့အနားမှာပဲ ရှိနေပေးပါ"
စုလင်သည် အိပ်ပျော်နေသော ယိုဟန်ကို နောက်ဆုံးတစ်ကြိမ် လှမ်းကြည့်လိုက်ပြီးနောက် ဒီယာ့ထံသို့ အကြည့်ကို ရွှေ့ကာ ထိုစကားကို ဆိုလိုက်ပြီး နောက်တစ်စက္ကန့်တွင် အလီနာနှင့်အတူ ထိုနေရာမှ ထွက်ခွာသွားခဲ့ကြတော့သည်။
သူတို့ ထွက်ခွာသွားပြီးနောက် ဒီယာသည် ကုတင်ဘေးတွင် ဝင်ထိုင်လိုက်ပြီး ယိုဟန်ကို စူးစိုက်စွာ ငေးမောကြည့်ရှုနေမိသည်။ သူမ၏ မျက်ဝန်းအစုံမှာ မျက်ရည်များဖြင့် စိုစွတ်နေဆဲဖြစ်ပြီး သူ့ကို ကြည့်ရင်း မိမိကိုယ်ကိုယ် အလွန်အမင်း အသုံးမကျဟု ခံစားနေမိ၏။ သူသည် သူမကို နှစ်ကြိမ်တိုင်တိုင် ကယ်တင်ခဲ့ဖူးသော်လည်း ယခုမူ သူမကြောင့်ပင် ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့ရပြီ ဖြစ်သည်။
"ကျွန်မ တောင်းပန်ပါတယ်... ကျွန်မကြောင့် ယိုဟန် ဤကဲ့သို့ အခြေအနေမျိုးကို ရောက်ရှိသွားရတာ၊ ကျွန်မကိုယ်ကျွန်မ ဘယ်တော့မှ ခွင့်လွှတ်နိုင်မှာ မဟုတ်ဘူး"
သူမက တိုးတိုးလေး ရေရွတ်လိုက်ရင်း ယိုဟန်၏ လက်ဖဝါးကို မိမိ၏ လက်နှစ်ဖက်ဖြင့် အသာအယာ ဆုပ်ကိုင်လိုက်မိသည်။ ထိုအတောအတွင်း ယိုဟန်မှာမူ အသိစိတ် ပြန်လည်ပွင့်လန်းလာခဲ့ပြီ ဖြစ်ရာ သူမပြောသမျှ စကားလုံးအားလုံးကို ကြားနေရသဖြင့် သူမအပေါ် အားနာစိတ်များ ဖြစ်ပေါ်နေမိသည်။
မိမိကြောင့်နှင့် သူမတစ်ယောက် အသိစိတ်များ လွတ်မြောက်လုနီးပါး ဖြစ်သွားခဲ့ရသည် မဟုတ်ပါလား။ ဤမိန်းကလေးသည် ဤမျှအထိ သိမ်မွေ့နူးညံ့ပြီး ဖြူစင်သော နှလုံးသား ရှိလိမ့်မည်ဟု သူ တစ်ခါမျှ မတွေးခဲ့ဖူးချေ။ ထို့ပြင် သူမက သူ့အပေါ် စစ်မှန်စွာ ဂရုစိုက်နေသည်ကို သိရသဖြင့် သူ၏ရင်ထဲ၌ ကြည်နူးမှုများ ဖြစ်ပေါ်လာခဲ့ပြီး နောက်တစ်စက္ကန့်တွင် မိမိ၏ လက်ဖဝါးကို တင်းတင်းမတ်မတ် ပြန်လည်ဆုပ်ကိုင်လိုက်သည်။ ဒီယာသည် ဤသည်ကို သတိပြုမိသွားခဲ့ပြီးနောက် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လှစ်လာသော ယိုဟန်ကို အံ့အားသင့်စွာ စိုက်ကြည့်လိုက်မိတော့သည်။
"မင်း အဆင်ပြေရဲ့လား ဒီယာ... ငါ မင်းကို စိတ်အနှောင့်အယှက် မဖြစ်စေခဲ့ဘူးလို့ မျှော်လင့်ပါတယ်"
သူသည် မျက်လုံးများကို ဖွင့်လှစ်လိုက်ပြီး မိမိ၏ ကုတင်ဘေးတွင် ထိုင်နေသော ဒီယာ့ကို ကြည့်ကာ မျက်နှာထက်တွင် ခါးသီးသော အပြုံးလေးတစ်ခုဖြင့် ထိုစကားကို ဆိုလိုက်ရာ ထိုစကားကြောင့် သူမ၏ မျက်ဝန်းအစုံမှ မျက်ရည်များ ထပ်မံစီးကျလာပြန်သည်။
"မငိုပါနဲ့တော့ ဒီယာရယ်... ဒါ မင်းရဲ့အပြစ် မဟုတ်ပါဘူး။ မင်းကို တိုက်ခိုက်ဖို့ သတ္တိရှိလှတဲ့ အဲဒီလူယုတ်မာကို ငါကိုယ်တိုင် ဖမ်းဆီးပြီး အပိုင်းပိုင်း စုတ်ဖြဲပစ်မယ်"
သူက ဆိုကာ မိမိ၏ ကျောဘက်တွင် မှီခိုနိုင်ရန် ခေါင်းအုံးအချို့ကို အသာအယာ ဆွဲယူလိုက်ပြီး သူမ၏ အနားတွင် သက်တောင့်သက်သာ ထိုင်လိုက်၏။
"ဟင့်အင်း... ကျေးဇူးပြုပြီး အဲဒီလိုမျိုး ထပ်ပြီး မလုပ်ပါနဲ့တော့၊ ကျွန်မ ယိုဟန်ကို ထပ်ပြီး မဆုံးရှုံးချင်တော့ဘူး။ ယိုဟန်က ကျွန်မကို နှစ်ကြိမ်တိုင်တိုင် ကယ်တင်ခဲ့ပြီးပြီ... ကျွန်မက ယိုဟန်အတွက် တကယ်ကို ကံဆိုးစေတဲ့ မိန်းကလေးပဲ။
အကယ်၍ ကျွန်မ ဒီနေရာမှာ ဆက်ပြီး ရှိနေမယ်ဆိုရင် ယိုဟန် နောက်ထပ် အန္တရာယ်တွေနဲ့ ထပ်ပြီး ရင်ဆိုင်ရဦးမှာ။ ကျွန်မ ဤမျိုးနွယ်စုဝန်းထဲကနေ ထွက်ခွာသွားပါ့မယ်... ယိုဟန်ကို နောက်ဘယ်တော့မှ စိတ်အနှောင့်အယှက် မပေးတော့ပါဘူး"
သူမက သူ့ကို စိုက်ကြည့်ရင်း ထိုစကားလုံးများကို ဆိုလိုက်ရာ သူမ၏ မျက်ဝန်းအစုံမှာ ငိုလွန်းသဖြင့် နီမြန်းအစ်အာနေခဲ့ပြီ ဖြစ်သည်။
"မင်းက ကံဆိုးစေတဲ့ မိန်းကလေးလို့ ဘယ်သူပြောလဲ။ အကယ်၍ တစ်စုံတစ်ဦးက အဲဒီလို စကားမျိုး ပြောရဲရင်... ငါ သူ့ကို ဖင်လှန်ရိုက်ပြီး အလဲလဲအပြိုပြို ဖြစ်အောင် ဆုံးမပစ်မယ်"
သူသည် ခေါင်းကို သူမ၏ဘက်သို့ အသာအယာ စောင်းလိုက်ရင်း မိမိ၏ ညာဘက်လက်ဖြင့် သူမ၏ ပါးပြင်လေးကို ဖွဖွလေး ထိတွေ့ကိုင်တွယ်ကာ သူမ၏ မျက်ဝန်းများကို စိုက်ကြည့်လိုက်သည်။
"ကျေးဇူးပြုပြီး... ငါ့နားမှာပဲ နေပေးပါ။ ဘာဖြစ်လို့လဲတော့ ငါလည်း မသိဘူး... ဒါပေမဲ့ မင်းကို ငါ့အနားကနေ ထွက်သွားခွင့် မပေးနိုင်ဘူး"
သူက ဆိုလိုက်ရင်း သူ၏ မျက်နှာသည် ဒီယာ့၏ မျက်နှာလေးနှင့် တဖြည်းဖြည်း နီးကပ်လာခဲ့သည်။ ဤသည်ကို မြင်ရသောအခါ သူမသည် သူ၏ မျက်ဝန်းများကို စိုက်ကြည့်ရင်း မိမိ၏ လက်နှစ်ဖက်လုံးဖြင့် သူ၏ မျက်နှာကို အသာအယာ ဆွဲကိုင်လိုက်မိ၏။
နောက်တစ်စက္ကန့်တွင်... ဒီယာ့၏ နှုတ်ခမ်းအစုံမှာ သူ၏ နှုတ်ခမ်းအစုံထက်သို့ ကျရောက်သွားခဲ့ရသည်။ သူသည် ဒီယာ့၏ ဦးခေါင်းနောက်စေ့ကို အသာအယာ ထိန်းကိုင်လိုက်ပြီး သူမကို စိတ်အားထက်သန်စွာဖြင့် အငမ်းမရ ပြန်လည်နမ်းရှိုက်လိုက်တော့သည်။ ၎င်းသည် စက္ကန့်ပိုင်းမျှအတွင်းမှာပင် ရုတ်တရက် ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သဖြင့် မိမိတို့၏ နှုတ်ခမ်းများ မည်သည့်အချိန်တွင် ဆုံစည်းသွားခဲ့သည်ကို ထိုလူသားနှစ်ဦးစလုံး သတိမထားမိလိုက်ကြချေ။ သို့သော် သူတို့နှစ်ဦးစလုံး၏ ခန္ဓာကိုယ်အတွင်း၌မူ ထူးဆန်းဆန်းပြားလှသော စွမ်းအင်လှိုင်းအသစ်တစ်ခု စီးဆင်းသွားခဲ့ရပြီး ထိုစွဲမက်ဖွယ်ကောင်းလှသော အခိုက်အတန့်ကို အချိန်အတော်ကြာအောင် ပူးတွဲမျှဝေခံစားနေမိကြပါတော့သည်။