"ယိုဟန်... ကျွန်မနားမှာပဲ နေပေးပါ၊ ကျွန်မကို ပစ်မသွားပါနဲ့ဦး... ရှင် ဘာလို့ အဲဒီလို လုပ်ခဲ့ရတာလဲ"
ဒီယာသည် ရှိုက်ကြီးတငင် ငိုကြွေးရင်း ထိုစကားလုံးများကို တိုးတိုးလေး ရေရွတ်နေမိသည်။ သို့သော်လည်း နှမြောစရာကောင်းလှသည်မှာ ယိုဟန်သည် ထိုအဆိပ်မြားချက်ကြောင့် အသိစိတ်များ လွတ်မြောက်ကာ မေ့မြောသွားခဲ့ပြီ ဖြစ်၏။
အိမ်တွင်းမှ ရုန်းရင်းဆန်ခတ် အသံများကို ကြားလိုက်ရသဖြင့် အာနား ယိုဟန်၏ အိပ်ဆောင်အတွင်းသို့ အပြေးအလွှား ဝင်ရောက်လာခဲ့ရာ မြေပြင်ပေါ်တွင် လဲကျနေသော သူ့ကို မြင်လိုက်ရသဖြင့် သူမ၏ မျက်နှာထားတစ်ခုလုံး ဆတ်ခနဲ တောင့်တင်းသွားပြီး ယိုဟန်ရှိရာသို့ အပြေးအလွှား ချဉ်းကပ်သွားခဲ့တော့သည်။
"သခင်လေး ဘာဖြစ်တာလဲ"
သူမက ဒီယာ့ကို လှမ်းကြည့်ကာ မေးမြန်းလိုက်သည်။ သို့သော်လည်း ပူဆွေးမှုများကြောင့် ဒီယာတစ်ယောက် ပြန်လည်ဖြေကြားနိုင်မည့် အခြေအနေတွင် မရှိတော့ချေ။ သူမသည် ယိုဟန်ကို ပွေ့ဖက်ထားရင်း ကြောင်အမ်းနေမိကာ ယိုဟန်၏ ရင်ဘတ်တွင် စိုက်ဝင်နေသော မြှားချက်ကို မြင်လိုက်ရသောအခါ အာနာ၏ နှလုံးခုန်သံများမှာလည်း အဆမတန် မြန်ဆန်လာခဲ့ရသည်။
သူမသည် သခင်မကြီး အလီနာ၏ အဆောင်ရှိရာသို့ အားကုန်ပြေးထွက်သွားခဲ့ပြီး ခေတ္တမျှ ကြာပြီးနောက် ထိုနေရာသို့ ရောက်ရှိသွားကာ ရှိသမျှ အသံကုန်ဟစ်အော်တော့သည်။
"သခင်မကြီး... တံခါးဖွင့်ပေးပါဦး၊ အရေးကြီးတဲ့ ကိစ္စတစ်ခု ဖြစ်ပျက်လို့ပါရှင်" သူမက အော်ဟစ်လိုက်၏။
သခင်မကြီး အလီနာက တံခါးချပ်ကို ဖွင့်လှစ်လိုက်ရာ ချွေးစေးများ ပျံတက်လျက် အသက်ကို ပြင်းထန်စွာ ရှူသွင်းနေရရှာသော အာနာကို တွေ့မြင်လိုက်ရသည်။
"ဘာဖြစ်လို့ ဤမျှအထိ အော်ဟစ်နေရတာလဲ"
အလီနာက အာနားကို စိုက်ကြည့်ရင်း မေးမြန်းလိုက်၏။
"တစ်စုံတစ်ဦးက... သခင်လေးယိုဟန်ကို လုပ်ကြံဖို့ ကြိုးစားခဲ့ပါတယ်၊ သခင်လေး ဒဏ်ရာအပြင်းအထန် ရသွားပါတယ်ရှင်"
သူမက သခင်မကြီးကို ပြန်လည်ဖြေကြားရင်း မျက်ဝန်းအစုံမှ မျက်ရည်များ တလိမ့်လိမ့် စီးကျလာပြန်သည်။
"ဘာပြောတယ်..."
ထိုစကားကို ကြားလိုက်ရသည့်အခါ သူမ၏ ရင်ဘတ်ထဲတွင် ထိတ်ခနဲ ဖြစ်သွားခဲ့ရပြီး ယိုဟန်၏ အိပ်ဆောင်ရှိရာသို့ အပြေးအလွှား ဦးတည်သွားခဲ့တော့သည်။ ထိုအချိန်တွင် သူမ၏ ခင်ပွန်းဖြစ်သူ စုလင်သည်လည်း မိမိ၏ ဇနီးဖြစ်သူ ပျာပျာသလဲ ပြေးသွားသည်ကို လှမ်းမြင်လိုက်ရ၏။
"သူမက ဘာဖြစ်လို့ ဤမျှအထိ စိုးရိမ်တကြီး ပြေးသွားရတာလဲ"
သူ တိုးတိုးလေး ရေရွတ်လိုက်မိရင်း ဇနီးဖြစ်သူ၏ နောက်သို့ ထပ်ကြပ်မကွာ လိုက်ပါသွားခဲ့တော့သည်။
ထိုအတောအတွင်း...
အခန်းတစ်ခု၏ အလယ်တွင် အဘိုးအိုတစ်ဦးသည် ကမ္ဘာဦးကြာပန်းပုံစံဖြင့် ထိုင်လျက် ကျင့်ကြံနေသော်လည်း ရုတ်တရက် သူ၏ မျက်လုံးများကို ပွင့်လှစ်လိုက်သည်။
"ငါ့မြေး... ယိုဟန်..."
သူ တိုးတိုးလေး ရေရွတ်လိုက်မိရင်း သူ၏ မျက်ဝန်းအစုံမှာ မီးလျှံပမာ နီမြန်းလာခဲ့ပြီး နောက်တစ်စက္ကန့်တွင် ထိုနေရာမှနေ၍ သရဲတစ္ဆေတစ်ကောင်ကဲ့သို့ ရုတ်တရက် ပျောက်ကွယ်သွားခဲ့တော့သည်။
"ဘာဖြစ်လို့ ဤမျှအထိ အလျင်စလို ပြေးနေရတာလဲ အလီနာ"
စုလင်သည် ဇနီးဖြစ်သူ အလီနာ၏ အနားသို့ အမီလိုက်လာခဲ့သည်။ မိမိ၏ ခင်ပွန်းဖြစ်သူ ရောက်ရှိလာသည်ကို မြင်သောအခါ အလီနာသည် ရှိုက်ကြီးတငင် ငိုကြွေးတော့၏။ သူမသည် ဘာစကားမျှ မဆိုဘဲ လင်စု၏ လက်ကို ဆွဲကိုင်ကာ ယိုဟန်၏ အိပ်ဆောင်ရှိရာသို့ အတင်းအဓမ္မ ခေါ်ဆောင်သွားခဲ့သည်။
ခေတ္တမျှ ကြာပြီးနောက် သူတို့နှစ်ဦး ယိုဟန်၏ အိပ်ဆောင်အတွင်းသို့ ရောက်ရှိလာခဲ့ကြသော်လည်း မြေပြင်ပေါ်တွင် လဲကျနေသော သားဖြစ်သူကို မြင်လိုက်ရသည့်အခါ ဆွံ့အမှင်သက်သွားခဲ့ရသည်။ နောက်တစ်စက္ကန့်တွင် သူတို့၏ အကြည့်များက ယိုဟန်၏ ရင်ဘတ်ဆီသို့ ကျရောက်သွားရာ ထိုနေရာ၌ စိုက်ဝင်နေသော မြှားတစ်စင်းကို တွေ့မြင်လိုက်ရတော့သည်။
"ယိုဟန်... ငါ့သားလေး..."
အလီနာသည် သူ့ထံသို့ အပြေးအလွှား ချဉ်းကပ်သွားခဲ့ပြီး မြေပြင်ပေါ်သို့ ဒူးထောက်ချလိုက်ကာ ယိုဟန်၏ ခန္ဓာကိုယ်ကို ဆွဲပွေ့လိုက်မိသည်။
"အာနာ.. မျိုးနွယ်စုရဲ့ သမားတော်ကို အမြန်ဆုံး သွားခေါ်ချေ"
စုလင်က အစေခံမလေးကို ကြည့်ကာ ပြတ်သားစွာ အော်ဟစ်အမိန့်ပေးလိုက်သည်။ ထိုစကားကြောင့် အာနား အသိစိတ်ပြန်ဝင်လာခဲ့ပြီး ခေါင်းညိတ်ပြကာ လင်မျိုးနွယ်စု၏ သမားတော်ကို ပင့်ဖိတ်ရန် သမားတော်ဆောင်ရှိရာသို့ အားကုန်ပြေးထွက်သွားခဲ့တော့သည်။ လင်စုလင်၏ အကြည့်ကတော့ ယိုဟန်ကို ပွေ့ဖက်ထားရင်း အသိစိတ်များ လွတ်မြောက်ကာ ရှိုက်ကြီးတငင် ငိုကြွေးနေရှာသော ဒီယာထံသို့ ကျရောက်နေ၏။
"ဘယ်လို တိရစ္ဆာန်ထက် ယုတ်ညံ့တဲ့ကောင်က ငါ့ရဲ့ မြေးဦးလေးကို လက်ရဲဇက်ရဲ လုပ်ကြံရဲတာလဲ... ငါ သူ့ရဲ့ မျိုးနွယ်စုတစ်ခုလုံးကို အမြစ်ပြတ် သတ်ပစ်မယ်"
ရုတ်တရက် အဘိုးအိုတစ်ဦး အခန်းအတွင်းသို့ ပေါ်ထွက်လာခဲ့သည်။ သူ၏ ခန္ဓာကိုယ်ထက်မှ သတ်ဖြတ်လိုသော အငွေ့အသက်များ တစ်ဟုန်ထိုး ထွက်ပေါ်နေသဖြင့် မိမိ၏ ခမည်းတော် ဒေါသအမျက်ချောင်းချောင်း ထွက်နေသည်ကို မြင်ရသော စုလင်ပင် တံတွေးကို အသာမျိုချလိုက်မိကာ—
"ခမည်းတော်... စိတ်အေးအေးထားပါဦးခင်ဗျာ" ဟု ဆိုလျက် ယိုဟန်၏ အနားသို့ ချဉ်းကပ်သွားလိုက်သည်။
"ငါ့သား... မင်းကို လုပ်ကြံဖို့ ကြိုးစားခဲ့တဲ့သူကို ငါ အဆတစ်ရာ ပြန်လည်ပေးဆပ်စေရမယ်"
သူ တိုးတိုးလေး ရေရွတ်လိုက်ရင်း ယိုဟန်ကို ကုတင်ထက်သို့ ပွေ့ချီတင်ပေးလိုက်သည်။ ထိုအချိန်တွင် ဒီယာမှာမူ မြေပြင်ပေါ်တွင် အသိစိတ်မဲ့စွာ ထိုင်နေဆဲဖြစ်ပြီး ယိုဟန်၏ နာမည်ကိုသာ တတွတ်တွတ် ရေရွတ်နေရှာ၏။ ထိုမိန်းကလေးကို ကြည့်ရင်း အလီနာသည် သူမကို ယိုဟန်၏ ဘေးနားသို့ တွဲခေါ်လာခဲ့သည်။
"စိတ်မပူပါနဲ့ အမေကြီးရယ်... သူ အဆင်ပြေသွားမှာပါ"
စုလင်က ဇနီးဖြစ်သူကို အားပေးနှစ်သိမ့်ရန် ကြိုးစားလိုက်သော်လည်း သူ၏ဖခင်ဖြစ်သူကတော့ ယိုဟန်၏ အခြေအနေကို ကြည့်ကာ လက်သီးကို တင်းတင်းဆုပ်ထားဆဲ ဖြစ်၏။
"သခင်ကြီး... သခင်လေး ဘာဖြစ်တာလဲခင်ဗျာ"
ရုတ်တရက် အဘိုးအိုတစ်ဦး ယိုဟန်၏ အိပ်ဆောင်အတွင်းသို့ ဝင်ရောက်လာခဲ့ပြီး သူ၏ ဘေးတွင် မိန်းကလေးတစ်ဦးလည်း ပါလာခဲ့သည်။
"တစ်စုံတစ်ဦးက သူ့ကို လုပ်ကြံဖို့ ကြိုးစားခဲ့တာ။ အချိန်မဖြုန်းနဲ့တော့... သူ့ကို သေချာစစ်ဆေးပြီး အမြန်ဆုံး ကုသပေးစမ်း"
လင်စုက ထိုသမားတော်ကို ကြည့်ကာ ဒေါသတကြီး အော်ဟစ်လိုက်ပြီး အဖိုးကြီးလင်စုဝမ် ကလည်း သူ့ကို ခြိမ်းခြောက်သောအကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။ သူတို့၏ အကြည့်များကြောင့် သမားတော်၏ ရင်ထဲ၌ ထိတ်လန့်တုန်လှုပ်သွားခဲ့ရပြီး ယိုဟန်၏ အနားသို့ အပြေးအလွှား ချဉ်းကပ်ကာ စတင်ကုသပေးတော့သည်။
"ကျေးဇူးပြုပြီး... အားလုံး အပြင်မှာ ခဏလောက် စောင့်ဆိုင်းပေးကြပါ"
သူက အခန်းထဲရှိ လူအားလုံးကို ကြည့်ကာ ဆိုလိုက်ပြီးနောက် မိမိ၏ လက်ထောက်မိန်းကလေးကို အဆိပ်မြားကို ဖယ်ရှားပြီး ဒဏ်ရာကို စစ်ဆေးနိုင်ရန် ယိုဟန်၏ အဝတ်အစားများကို ချွတ်ပစ်ရန် အချက်ပြလိုက်သည်။
ထိုစကားကို ကြားရသောအခါ လူအားလုံး အခန်းထဲမှ စတင်ထွက်ခွာသွားကြပြီး အလီနာသည်လည်း လက်ရှိတွင် အသိစိတ်များ လွတ်မြောက်နေရှာသော ဒီယာ့ကို တွဲခေါ်လျက် ထွက်ခွာသွားခဲ့တော့သည်။
လူအားလုံး ထွက်ခွာသွားပြီးနောက် သမားတော်အဘိုးအိုသည် ဒဏ်ရာများကို စတင်စစ်ဆေးကာ ထိုနေရာကို စတင်သန့်စင်ပေးလိုက်သော်လည်း ခေတ္တမျှ ကြာပြီးနောက် သူ၏ မျက်နှာထားတစ်ခုလုံး အုံ့မှိုင်းသွားခဲ့ရပြီး ခန္ဓာကိုယ်တစ်ခုလုံး ကြောက်လန့်တကြား တုန်ရီလာခဲ့သည်။
"သူ... သူ မကြာခင် သေရတော့မယ်၊ သူ မိသွားတဲ့ အဆိပ်က ကုသမရတဲ့ သေစေနိုင်တဲ့ အဆိပ်စွမ်းအင်ပဲ"
သူ တိုးတိုးလေး ရေရွတ်လိုက်ရင်း မိမိ၏ လက်ထောက်မိန်းကလေးကို လှမ်းကြည့်လိုက်၏။
ထိုစကားကို ကြားလိုက်ရသည့်အခါ သူမ၏ တစ်ကိုယ်လုံးတွင်လည်း ချွေးစေးများ ပျံတက်လာပြီး သမားတော်အဘိုးအိုကို စိုက်ကြည့်ကာ—
"သူ သေတော့မှာလား... ဘယ်သူမှ သူ့ကို ကယ်တင်နိုင်မှာ မဟုတ်ဘူးပေါ့။ ဒါဆိုရင် ကျွန်မတို့ရဲ့ သေခြင်းတရားကလည်း ရှောင်လွှဲလို့မရတော့ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ သူက လင်မျိုးနွယ်စုရဲ့ တစ်ဦးတည်းသော ဆက်ခံသူလေ... သူတို့ ကျွန်မတို့ကို သတ်ပစ်ကြမှာ သေချာတယ်" ဟု သူမက တိုးတိုးလေး ညည်းတွားလိုက်သည်။
ထိုစကားကြောင့် သမားတော်အဘိုးအို မြေပြင်ပေါ်သို့ အားလျော့စွာ လဲကျသွားခဲ့ရပြီး—
"မင်းပြောတာ မှန်ပါတယ်... သူ မကြာခင် သေရတော့မှာ။ ဒါပေမဲ့ ငါတို့ သူ့ကို မကုသပေးနိုင်ရင် ဘယ်သူက ငါတို့ကို ကယ်တင်ပေးမှာလဲ။ အဲဒီအဘိုးအိုကြီးက ငါတို့ သူ့ရဲ့ မြေးဦးလေးကို မကယ်တင်နိုင်ခဲ့ဘူးဆိုတာ သိတာနဲ့ နောက်တစ်စက္ကန့်မှာတင် ငါတို့ကို သတ်ပစ်လိမ့်မယ်" ဟု သမားတော်အဘိုးအိုက မိမိ၏ လက်ထောက်ကို ပြန်လည်ပြောကြားလိုက်သည်။
"ကျွန်မတော့ အသေမခံနိုင်ဘူး"
သူမက ဆိုကာ ပြတင်းပေါက်ရှိရာသို့ လှမ်းကြည့်လိုက်ပြီး မိမိ၏ ဆရာသမားကို ခါးသီးသော အပြုံးလေးတစ်ခု ပြုံးပြလိုက်ကာ နောက်တစ်စက္ကန့်တွင် ပြတင်းပေါက်မှနေ၍ ခုန်ချကာ ထိုနေရာမှ အသက်လု၍ ထွက်ပြေးသွားခဲ့တော့သည်။
"မင်းလို အရှက်မရှိတဲ့ တပည့်ယုတ်... ငါ့ကို ဒီနေရာမှာ တစ်ယောက်တည်း ပစ်ထားခဲ့ရလား၊ ငါ့ကိုပါ တစ်ပါတည်း ခေါ်သွားဦးလေ"
မိမိ၏ လက်ထောက်က မိမိကို တစ်ယောက်တည်း ပစ်ထားခဲ့ကာ ထွက်ပြေးသွားသည်ကို မြင်ရသောအခါ ထိုသမားတော်အဘိုးအိုသည် အသံကုန်ဟစ်အော်ကျန်ရစ်ခဲ့ပြီး တစ်ကိုယ်လုံးတွင်လည်း ချွေးစေးများ တစ်ရွှဲရွှဲ ပျံတက်နေခဲ့တော့သည်။
ထိုအတောအတွင်း...
တီ
[အဆိပ်ဖြေဆေးကို ဖော်စပ်ရရှိပြီးဖြစ်သဖြင့်၊ ဒဏ်ရာကုသခြင်းလုပ်ငန်းစဉ်ကို စတင်နေပါသည်]
နောက်တစ်စက္ကန့်တွင် ယိုဟန်၏ ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ခါလာခဲ့ပြီး သူ၏ ဒဏ်ရာများမှာ အလိုအလျောက် ပြန်လည်ကျန်းမာလာခဲ့သည်။ ဤသည်ကို မြင်ရသောအခါ သမားတော်အဘိုးအိုမှာ အံ့အားသင့်လွန်းသဖြင့် ပါးစပ်အဟောင်းသားဖြင့် မြေပြင်ပေါ်သို့ ကြောင်အမ်းစွာ လဲကျသွားခဲ့ရပြီး ဤကဲ့သို့သော အရာမျိုးကို တစ်ခါမျှ မမြင်ဖူးခဲ့ချေ။
"ငါ အသက်ရှင်သေးတာပဲ"
ယိုဟန် တိုးတိုးလေး ရေရွတ်လိုက်ရင်း ကုတင်ထက်တွင် ထိုင်လိုက်ကာ မိမိကို ပါးစပ်အဟောင်းသားဖြင့် ငေးစိုက်ကြည့်နေသော သမားတော်အဘိုးအိုထံသို့ အကြည့်ကို ရွှေ့လိုက်သည်။
"မိစ္ဆာ... မိစ္ဆာတစ်ကောင်လား"
မိမိရှေ့မှောက်တွင် ဘေးကင်းလုံခြုံစွာ ထိုင်နေသော ယိုဟန်ကို ကြည့်ရင်း သူ တိုးတိုးလေး ရေရွတ်လိုက်မိသည်။ သမားတော်အဘိုးအိုက သူ့ကို ကြည့်နေသည်ကို မြင်သောအခါ ယိုဟန်က ပြုံးလိုက်ပြီး—
"ငါတို့ စကားအနည်းငယ်လောက် ပြောကြရအောင်" ဟု ထိုအဘိုးအိုကို ကြည့်ကာ ဆိုလိုက်၏။
ထိုစကားကြောင့် သူ အသိစိတ်ပြန်ဝင်လာခဲ့ပြီး ယိုဟန်ကို စိုက်ကြည့်ကာ—
"သခင်လေး အဆင်ပြေသွားတာ ဝမ်းသာရပါတယ်... ဒါပေမဲ့ သခင်လေး ဒါကို ဘယ်လိုနည်းနဲ့ လုပ်ဆောင်ခဲ့တာလဲခင်ဗျာ" ဟု မေးမြန်းလိုက်သည်။
"မင်းက ဘာဖြစ်လို့ သိချင်ရတာလဲ။ လွန်ခဲ့တဲ့ မိနစ်ပိုင်းကတင် မင်းတို့တွေ ငါ့ရဲ့ မျိုးနွယ်စုကို ကျိန်ဆဲနေခဲ့ကြတာပဲမဟုတ်လား... မင်းရဲ့ လက်ထောက်တစ်ယောက်တောင် ထွက်ပြေးသွားခဲ့ပြီလေ"
သူက သမားတော်အဘိုးအိုကို ကြည့်ကာ မျက်နှာထက်တွင် ကျေနပ်သော အပြုံးကြီးတစ်ခုဖြင့် ဆိုလိုက်၏။
ထိုစကားကို ကြားလိုက်ရသည့်အခါ သမားတော်အဘိုးအို၏ ခန္ဓာကိုယ်လေး ဆတ်ခနဲ တောင့်တင်းသွားခဲ့ရသည်။ အကယ်၍ ဤအကြောင်းကို တစ်စုံတစ်ဦးက သိရှိသွားပါက သူ ဧကန်မုချ သေရမည် ဖြစ်သည်။
"ကျေးဇူးပြုပြီး ကျွန်တော့်ကို ကယ်တင်ပေးပါ သခင်လေးယိုဟန်..."
သူသည် ယိုဟန်၏ ခြေဖဝါးကို ဆွဲကိုင်ကာ သူ၏ အသက်ကို ချမ်းသာပေးရန် အသနားခံတော့သည်။
"ဟူး... ကောင်းပါပြီ၊ ငါ မင်းကို အသက်ရှင်သန်ခွင့် အခွင့်အရေးတစ်ခု ပေးပါ့မယ်။ ဒါပေမဲ့ မင်း ငါ့အတွက် အကူအညီတစ်ခုတော့ ပြန်လုပ်ပေးရမယ်"
ယိုဟန်က သူ့ကို ကြည့်ကာ ပြုံးလိုက်၏။
"ဟုတ်ကဲ့... သခင်လေး၊ သခင်လေး ခိုင်းစေသမျှကို ကျွန်တော် အကုန်လုပ်ပါ့မယ်"
သမားတော်အဘိုးအိုက ပြန်လည်ဖြေကြားလိုက်သည့် နောက်တစ်စက္ကန့်တွင် ယိုဟန်သည် သူ၏ နားအနီးသို့ ချဉ်းကပ်ကာ စကားလုံးအချို့ကို တိုးတိုးလေး ကပ်၍ မှာကြားလိုက်ပါတော့သည်။