အခန်း (၈) နော့တင်းအခြေခံဝိညာဉ်သခင်အကယ်ဒမီ
အချိန်ရေယာဉ်သည် မြှားတစ်စင်းပမာ တရိပ်ရိပ် နှင်ခဲ့ပြီး နေ့ရက်များ လအနည်းငယ်သည် ရက်ကန်းလွန်းပျံသဖွယ် ကုန်လွန်သွားခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ကျူကျုံးတစ်ယောက် မိမိ၏ ဝိညာဉ်ကို နိုးထခွင့်ရခဲ့သည်မှာ သုံးလတာမျှ ရှိခဲ့ပြီ ဖြစ်သည်။
ဖာစီနို ပြည်နယ် နော့တင်းမြို့ရှိ ‘နော့တင်းအခြေခံဝိညာဉ်သခင်အကယ်ဒမီ’ ကြီးသည်လည်း စာသင်နှစ်အသစ်ကို ကြိုဆိုရန်အတွက် တံခါးမကြီးကို ဖွင့်လှစ်ထားခဲ့ပြီ ဖြစ်သည်။
ဧကရာဇ်ဝိညာဉ်ရွာမှ အဘိုးအိုတွမ်နှင့် သူတော်စင်ဝိညာဉ်ရွာမှ အဘိုးအိုဂျက်တို့သည် ရွာနှစ်ရွာလုံး၏ နှစ်ရာစုအတွင်း တစ်ကြိမ်သာ ပေါ်ထွန်းဖူးသည့် ထိပ်သီးပါရမီရှင်လေး နှစ်ယောက်ကို ကိုယ်စီလက်ဆွဲကာ အကယ်ဒမီတွင် ကျောင်းအပ်နှံရန်အတွက် စိတ်လှုပ်ရှားစွာဖြင့် ထွက်ခွာလာခဲ့ကြသည်။
လမ်းခရီးတွင် ထန်ဆန်းတစ်ယောက် ကျူကျုံးကို မြင်သည်နှင့် သွားခဲကြိတ်ကာ အခုချက်ချင်းပင် မြေလှန်ထုပစ်ချင်စိတ် ပေါက်နေသော်လည်း... စောစောကကဲ့သို့ ကိစ္စကြီးကြီးမားမား ထပ်မံမဖြစ်ပွားစေရန်အတွက် ဒေါသကို အံကြိတ်၍ အောင့်အီးသည်းခံနေရရှာသည်။
ထန်ဆန်းက သည်းခံနိုင်သော်လည်း ကျူကျုံးကမူ ထိုသို့မဟုတ်ချေ။ သူသည် အိတာချီ၏ စွမ်းအားများကို ရရှိထားပြီးဖြစ်သဖြင့် ယခင်ကထက် သတ္တိများ ပိုကောင်းနေကာ လမ်းတစ်လျှောက်လုံး ထန်ဆန်းကို မနားတမ်း ဆွပေးနေတော့သည်။
"အော်... ဟို ကောင်လေး ထန်ဆန်း။ ငါကြားတာတော့ ပြီးခဲ့တဲ့အပတ်က မဟာဆရာကြီး ဆူယွင်ထောင်း ပြန်သွားပြီးတာနဲ့ မင်း တစ်ယောက်တည်း ထိုင်ငိုနေတယ်ဆို... ဟုတ်လား။"
"ထန်ဆန်းလေး... မင်းမျက်နှာက ဘာဖြစ်တာလဲ။ လက်ဝါးရာကြီး ထင်နေသလိုပဲနော်။ တော်သေးတာပေါ့ အမာရွတ် သိပ်မထင်လို့ မဟုတ်ရင် ငါ့မျက်နှာလောက်တောင် ချောမှာ မဟုတ်တော့ဘူး။"
"ထန်ဆန်း... အိမ်နီးနားချင်း အာယာ ပြောတာတော့ မင်းအိမ်ပြန်ရောက်တဲ့နေ့က မင်းအဖေဆီကနေ လက်ဆောင်အဖြစ် ပါးရိုက်ချက် အပြင်းစားတစ်ချက် ရလိုက်တယ်ဆို... တကယ်ပဲလား။"
"အဖေဖြစ်သူက တကယ်ကို ရက်စက်လွန်းတာပဲ။ ဒါနဲ့... အဲ့ဒီလက်ဝါးရာကြီးက သုံးလရှိပြီဖြစ်တာတောင် အခုထိ မပျောက်သေးဘူးလား။ စိတ်မပူပါနဲ့... နောင်တစ်ချိန် မင်းအဖေ အသက်ကြီးလို့ အောက်ဆီဂျင်ပိုက် လျှောက်တပ်ရတဲ့အခါကျရင် ငါကိုယ်တိုင် သွားဖြုတ်ပေးပါ့မယ်။"
"ထန်ဆန်း... မင်းမျက်နှာတစ်ခုလုံး နီမြန်းပြီး သွားတွေ ဘာလို့ ကြိတ်နေတာလဲ။ ခွေးရူးပြန်ရောဂါ ထပ်ကြွလာပြန်ပြီလား။"
"ထန်ဆန်းလေးရေ... ဟဲ့... ထန်ဆန်း..."
ထန်ဆန်း စိတ်ထဲတွင် ကျိန်ဆဲနေမိသည် 'ငါ သည်းခံမယ်... ငါ အစွမ်းကုန် သည်းခံမယ် နော့တင်းအကယ်ဒမီကို ရောက်တဲ့အခါကျမှ မင်းကို အရင်းအနှီးနဲ့တကွ အကြွေးပြန်တောင်းမယ် အား... တောက် ငါ ဘယ်လိုမှ သည်းမခံနိုင်တော့ဘူး'
ထန်ဆန်းတစ်ယောက် ဒေါသအရှိန်ကြောင့် ရင်ကွဲနာကျပြီး သေလုမတတ် ဖြစ်သွားရရှာသည်။ (တကယ်တော့ ဥပမာပေးခြင်းသာ ဖြစ်သည်။)
မွန်းတည့်ချိန်နီးပါး ရောက်ရှိလာသောအခါ သူတို့လေးဦးသည် နော့တင်းမြို့သို့ နောက်ဆုံးတွင် ဆိုက်ဆိုက်မြွက်မြွက် ရောက်ရှိလာခဲ့ကြသည်။
အဘိုးအိုဂျက်သည် ထန်ဆန်းကို လက်ဆွဲကာ ဝိညာဉ်နန်းတော်သို့ အရင်သွားပြီး ဆူယွင်ထောင်းကို တောင်းပန်ရန် ထွက်ခွာသွားခဲ့သည်။ တောင်းပန်တိုးလျှိုးရန်အတွက် ယူဆောင်လာသော လက်ဆောင်မွန်မှာမူ... အဘိုးအိုဂျက်၏ ကိုယ်ပိုင်ဝိညာဉ်ဖြစ်သော ‘၁၀ ပေါင်နီးပါးလေးသည့် မုန်လာဥဖြူကြီး ၅ ဥ’ ပင် ဖြစ်သည်။
အဘိုးအိုတွမ်နှင့် ကျူကျုံးတို့မှာမူ ထိုသို့သွားရန် အကြောင်းရင်းမရှိသဖြင့် နော့တင်းအကယ်ဒမီသို့ တန်းတန်းမတ်မတ် အရင်သွားခဲ့ကြသည်။
မူရင်းဇာတ်လမ်းအတိုင်းပင်... အကယ်ဒမီတံခါးဝသို့ ရောက်သောအခါ တံခါးစောင့်က လာဘ်ငွေလိုချင်သဖြင့် မျက်နှာအိုကြီးဖြင့် ဆီးကြိုလေတော့သည်။
ကျူကျုံးသည် မည်သို့မျှ တုံ့ဆိုင်းမနေဘဲ... သူ၏ ‘ရှာရင်ဂန်’ မျက်ဝန်းကို အသာအယာ ဖော်ထုတ်ကာ တံခါးစောင့်ကို တစ်ချက် ဖြတ်ကြည့်လိုက်သည်။
တံခါးစောင့်မှာ သာမန်လူတစ်ဦးမျှသာ ဖြစ်ရာ ကျူကျုံး၏ ရှာရင်ဂန်မှ ထွက်ပေါ်လာသော စိတ်မှော်ရိပ်ယောင်အတတ်ကို မည်သို့ ကြံ့ကြံ့ခံနိုင်ပါမည်နည်း။ သူသည် ချက်ချင်းပင် မျက်လုံးများ ဝေဝါးသွားပြီး အလွန်အမင်း ရိုသေကိုင်းညွတ်သော အမူအရာဖြင့် ကျူကျုံးနှင့် အဘိုးအိုတွမ်တို့ကို နော့တင်းအကယ်ဒမီအတွင်းသို့ ဖိတ်ခေါ်တော့သည်။
တံခါးစောင့်က လက်နှစ်ဖက်ကို စုံမိုးကာ ဦးညွှတ်လျက် ဆိုသည်။
"အိုမောင်... ကျွန်တော်မျိုး မျက်စိမှောက်သွားလို့ ခွင့်လွှတ်ပါ အခုမှ သေချာကြည့်မိတော့မှ... ဒါက တစ်နိုင်ငံလုံးမှာ အုန်းအုန်းခြွက်ခြွက် ကျော်ကြားလှတဲ့ ဧကရာဇ်ဝိညာဉ်ရွာရဲ့ ရွာလူကြီးမင်း မဟုတ်ပါလား။ ပြီးတော့... ရွာရဲ့ နှစ်ရာစုမဟုတ်ဘဲ နှစ်ထောင်စုအတွင်းမှာ တစ်ကြိမ်သာ ပေါ်ထွန်းဖူးတဲ့ ပါရမီရှင် သခင်လေးကိုပါ ခေါ်ဆောင်လာခဲ့တာကိုး။ ကျွန်တော်မျိုးတို့ နော့တင်းအကယ်ဒမီကို အခုလို လာရောက်ချီးမြှင့်ပေးတဲ့အတွက် တကယ်ပဲ ဂုဏ်ယူဝမ်းမြောက်ရပါတယ် "
တံခါးစောင့်၏ စောစောက အမူအရာပျက်နေမှုကို မြင်ရသဖြင့် အဘိုးအိုတွမ်သည် အနှိမ်ခံရတော့မည် သို့မဟုတ် ကိစ္စအေးငြိမ်းရန်အတွက် ငွေကြေးအချို့ ပေးဆောင်ရတော့မည်ဟု စိုးရိမ်နေခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခုကဲ့သို့ မိမိတို့ရွာ၏ ဂုဏ်သတင်းက ဤမျှအထိ ကျော်ကြားနေသည်ကို ကြားလိုက်ရသောအခါ အလွန်ပင် အံ့အားသင့်ကာ ဝမ်းသာသွားရတော့သည်။
ဟွန့် ကြည့်ရတာ... ငါတို့ ဧကရာဇ်ဝိညာဉ်ရွာကနေ ‘ဝိညာဉ်ဧကရာဇ် ’ တစ်ဦး တကယ် ထွက်ပေါ်ခဲ့ဖူးတယ်ဆိုတာ မှန်ကန်တာပဲ
အဘိုးအိုတွမ်သည်လည်း အားကျမခံ လက်နှစ်ဖက်ကို စုံမိုးကာ ပြန်လည်နှုတ်ဆက်ရင်း ဆိုလိုက်သည်။
"ချီးမွမ်းစကားအတွက် ကျေးဇူးတင်ပါတယ်...။ ဒါက ကျွန်တော့်အိမ်က... အို... မဟုတ်ပါဘူး ကျူကျုံးလေးရဲ့ ဝိညာဉ်သခင် သက်သေခံလက်မှတ်ပါပဲ။ တစ်ချက်လောက် ကြည့်ပေးပါဦး။" ထို့နောက် သူက စံနှုန်းမီ စက္ကူစာရွက်လေးကို ကမ်းပေးလိုက်သည်။
အဘိုးအိုတွမ် စိတ်ထဲတွင် ရေရွတ်မိသည် 'သေစမ်း... လျှာကို ကိုက်မိတော့မလို့ပဲ အိမ်မှာ ‘ကောင်စုတ်လေး’ လို့ပဲ ခေါ်ရတာ ကျင့်သားရနေတော့... လူပုံအလယ်မှာ ကျူကျုံးရဲ့ အမည်ရင်းကို အနိုင်နိုင် ခေါ်လိုက်ရတယ်။' (ကျူကျုံး : 'ဒါဆိုလည်း အခု ဘာလို့ ထပ်ခေါ်နေသေးတာလဲ အဘိုးကြီးရဲ့...')
တံခါးစောင့်သည် လက်မှတ်ကို ယူကာ အပေါ်ယံမျှ ကြည့်လိုက်ပြီး ကျူကျုံး၏ လက်ထဲသို့ ရိုသေစွာဖြင့် ပြန်လည်ကမ်းပေးလိုက်သည်။ ထို့နောက် အဘိုးအိုတွမ်ကို ဆိုသည်။
"ရွာလူကြီးမင်းကို ကျွန်တော်က မယုံကြည်ဘဲ နေပါ့မလား ။ လက်မှတ်ကို သခင်လေးဆီမှာပဲ ထားလိုက်ပါတော့။ သခင်လေးကို အထဲသို့ ခေါ်ဆောင်သွားပါ မှတ်ပုံတင်ဖို့အတွက် ဆရာတစ်ယောက်ယောက်က ကူညီပေးပါလိမ့်မယ်။"
ပြင်ပလူများ အကယ်ဒမီအတွင်းသို့ ဝင်ရောက်ခွင့် မရှိသည့်အပြင် အတွင်း၌လည်း ဆရာ ဆရာမများစွာ ရှိနေသဖြင့် ကျူကျုံးသည် တံခါးဝ၌ပင် အဘိုးအိုတွမ်ကို နှုတ်ဆက်လိုက်တော့သည်။ မထွက်ခွာမီ... သူက အဘိုးအိုတွမ်အား အိမ်ပြန်ရောက်လျှင် ခေါင်းအုံးအောက်ကို သေချာကြည့်ရန် မှာကြားခဲ့သည်။ အကြောင်းမှာ သူက အဘိုးအိုအတွက် ရွှေဒင်္ဂါး အပြားပေါင်းများစွာကို တိတ်တဆိတ် ချန်ထားခဲ့သောကြောင့် ဖြစ်သည်။
ထို့အပြင်... ကျူကျုံးသည် တံခါးစောင့်၏ စိတ်ကို ထိန်းချုပ်ထားသော မှော်ရိပ်ယောင်အတွင်း၌ နောက်ထပ် ကလေးကလားဆန်သော စုန်းကဝေအတတ်လေးတစ်ခုကိုပါ တိတ်တဆိတ် ထပ်မံထည့်သွင်းပေးခဲ့သေးသည်။
မွန်းလွဲပိုင်းအချိန်တွင်... အဘိုးအိုဂျက်သည် ဆူယွင်ထောင်းထံ၌ ဘိုးဘွားများကို တိုင်တည်၍ နတ်ဘုရားများကို အသနားခံသကဲ့သို့ နာရီပေါင်းများစွာ ကြိုးစားပန်ကြားခဲ့ရသည်။ မောက်မာလှသော ထန်ဆန်းကိုပင် အဘိုးအိုဂျက်က အတင်းအကြပ် ဖိအားပေးကာ ဒူးသုံးကြိမ်ထောက်၍ ၁၀ ပေါင်ရှိ မုန်လာဥဖြူကြီး ၅ ဥကို လက်ဆောင်ပေးအပ်ကာ အနူးအညွတ် တောင်းပန်ခိုင်းပြီးနောက်တွင်မူ... မဟာဆရာကြီး ဆူယွင်ထောင်းသည် နောက်ဆုံး၌ ထန်ဆန်းကို ခွင့်လွှတ်ပေးလိုက်တော့သည်။
ဝိညာဉ်သခင် သက်သေခံလက်မှတ်ကိုလည်း ထန်ဆန်းထံသို့ ပြန်လည်ပေးအပ်ခဲ့သည်။
အဘိုးအိုဂျက်သည် ထန်ဆန်း၏ လက်ကို ဆွဲကိုင်ကာ နှစ်ဦးသား နော့တင်းအကယ်ဒမီသို့ ရောက်ရှိလာခဲ့ကြသည်။
မူရင်းဇာတ်လမ်းထဲကကဲ့သို့ နှိမ့်ချစော်ကားခံရခြင်းမျိုး လုံးဝမရှိဘဲ... တံခါးစောင့်သည် သူတို့ကို အလွန်ပင် ဖော်ရွေပျူငှာစွာ ခရီးဦးကြိုပြုခဲ့သည်။ သူသည် အဘိုးအိုဂျက်ကို စနစ်တကျ ပြန်လည်ပို့ဆောင်ပေးခဲ့သည့်အပြင် ထန်ဆန်းကို မှတ်ပုံတင်မည့်နေရာသို့ ကိုယ်တိုင်လိုက်လံ ပို့ဆောင်ပေးမည်ဟုပင် ကမ်းလှမ်းခဲ့သဖြင့် ထန်ဆန်းတို့ မြေးအဘိုးနှစ်ဦးမှာ အလွန်ပင် စိတ်ကြည်လင်သွားရတော့သည်။
ထန်ဆန်း စိတ်ထဲတွင် တွေးမိသည် 'ကြည့်ရတာ... ဒီကမ္ဘာပေါ်မှာ လူကောင်းတွေ အများကြီး ရှိနေသေးတာပဲ'
တစ်ချိန်တည်းမှာပင်... ထန်ဆန်းသည် မိမိအား မတရားသဖြင့် အနိုင်ကျင့်ခဲ့သော ဆူယွင်ထောင်းကို စိတ်နာသွားပြီး ကျောင်းပြီးသည့်နေ့ကျမှ ထိုကောင်ကြီးကို သေအောင် ထုပစ်မည်ဟု ကြံစည်နေခဲ့သည်။
တံခါးစောင့်သည် ထန်ဆန်း၏ လက်ကို ဆွဲကာ ကွေ့ကောက်နေသော လမ်းကြားများအတိုင်း ခေါ်ဆောင်သွားခဲ့သည် (အမှန်စင်စစ် အကယ်ဒမီဝန်းအတွင်း၌ လေးငါးပတ်ခန့် ပတ်နေခြင်းသာ ဖြစ်သည်)။ စောစောက ရရှိခဲ့သော နွေးထွေးမှုကြောင့် ထန်ဆန်းသည် မည်သည့်အရာကိုမျှ သံသယမဝင်မိခဲ့ချေ။
တစ်နာရီခန့် ကြာပြီးနောက်... တံခါးစောင့်သည် ထန်ဆန်းကို မှောင်မည်းပြီး လူသူကင်းမဲ့နေသော စာသင်ခန်းအိုလေးတစ်ခုအတွင်းသို့ ခေါ်ဆောင်လာခဲ့သည်။ ထို့နောက် ဖယောင်းတိုင်သေးသေးလေးတစ်တိုင်ကို ထွန်းညှိပေးကာ မကြာမီ ဆရာတစ်ယောက် လာလိမ့်မည်ဟု မှာကြားပြီးနောက် လှည့်ထွက်သွားတော့သည်။
ထန်ဆန်းသည်လည်း မည်သို့မျှ ရိပ်မိခြင်းမရှိဘဲ စောင့်ဆိုင်းနေခဲ့ရာ... မိုးချုပ်၍ မနက်မိုးလင်းခါနီး သန်းခေါင်ကျော် ၃ နာရီအထိ မည်သူတစ်ဦးတစ်ယောက်မျှ ရောက်မလာခဲ့ချေ။ ထန်ဆန်းတစ်ယောက် စိတ်ပျက်အားလျော့စွာဖြင့် နောင်တမျက်ရည်များ ထပ်မံစီးကျလာရပြန်သည်။
သူသည် မိမိကိုယ်မိမိ နောက်တစ်ကြိမ် ထပ်မံ၍ လှည့်စားခံလိုက်ရပြီဖြစ်ကြောင်း ကောင်းကောင်း သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။
ဟုတ်ပါသည်... ဒါတွေအားလုံးက ကျူကျုံး၏ စုန်းကဝေအတတ်ကြောင့် ဖြစ်ပြီး နောက်ဆက်တွဲ ကိစ္စရပ်များသာ ဖြစ်ပေသည်။
ကျောင်းအပ်နှံခြင်း ကိစ္စရပ်များ ပြီးဆုံးသွားပြီးနောက်... ကျူကျုံးသည် ကျောင်းအလုပ်လုပ်ရင်း ပညာသင်ရမည့် ‘အလုပ်သင်ကျောင်းသား ’ တစ်ဦးအဖြစ် သတ်မှတ်ခြင်းခံရကာ အဆောင် (၇) သို့ ပို့ဆောင်ခြင်း ခံလိုက်ရသည်။ အခြားနည်းလမ်းမရှိချေ... သူ၏ ရွှေဒင်္ဂါးများအားလုံးကို အဘိုးအိုတွမ်အတွက် ချန်ထားခဲ့သဖြင့် ယခုအခါ သူ၏ လက်ထဲတွင် စားစရိတ်ပင် မရှိတော့လောက်အောင် ပြောင်သလင်းခါနေသောကြောင့် ဖြစ်သည်။
ကျူကျုံးသည် နော့တင်းမြို့၌ နှစ်အနည်းငယ်မျှ ကြာအောင် နေထိုင်ပြီး အခြေခံဝိညာဉ်သီအိုရီများကို အရင်ဆုံး လေ့လာရန် စီစဉ်ထားသည်။
သူသည် ဝိညာဉ်နန်းတော်တွင် ရှိနေမည့် အလှပဂေးလေးများ၏ ခန္ဓာကိုယ်ကို အလွန်ပင် စိတ်ဝင်စားနေမိသော်လည်း (အဟမ်း... တကယ့်ကို အောက်တန်းကျလိုက်တာ) ယခုအချိန်တွင် ဝိညာဉ်နန်းတော်သို့ သွားပါက မိမိ၏ အမြွှာဝိညာဉ်စွမ်းအားကို ထုတ်မပြသရွေ့ အရေးတယူ လုပ်ခြင်းခံရမည် မဟုတ်ချေ။ အလှပဂေးလေးများကို မြင်တွေ့ရဖို့ဆိုသည်မှာ ပို၍ပင် မဖြစ်နိုင်သေးပေ။
၎င်းအပြင် ‘ငွေပြာဧကရာဇ်’ ၏ အစွမ်းကို သိသူမှာ အလွန်ရှားပါးလှသည်။ လူအများစုကမူ သာမန် ‘ငွေပြာနွယ်ပင်’ တစ်ခုက မွေးရာပါ ဝိညာဉ်စွမ်းအား အပြည့်ရှိနေသော်လည်း မည်မျှအထိ သန်မာနိုင်ပါမည်နည်းဟုသာ တွေးတောကြလိမ့်မည်။
သူသည် မိမိ၏ အမြွှာဝိညာဉ်အစွမ်းကို စောစောစီးစီး ထုတ်ပြပြီး လူအများ၏ ပစ်မှတ်အဖြစ် မခံလိုချေ။ တိတ်တဆိတ် ပုန်းကွယ်လျက် စွမ်းအားကို တိုးမြှင့်ခြင်းကသာ အကောင်းဆုံးမဟာဗျူဟာ ဖြစ်သည်။
အဆောင် (၇) အတွင်းသို့ လှမ်းဝင်လိုက်သည်နှင့် ကျူကျုံးသည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်သည်။
'အင်း... မဆိုးပါဘူး။ သက်တမ်းနှစ်ထောင်ချီရှိတဲ့ ယုန်မလေး (ရှောင်ဝူ) အခုထိ ရောက်မလာသေးဘူးပဲ။ ဒါကလည်း ကောင်းပါတယ်လေ... အကယ်၍ ထိုယုန်မလေးနဲ့ ငါနဲ့ကြားထဲမှာ သံယောဇဉ်တွေ ငြိတွယ်ပြီး အချစ်မီးတွေ တောက်လောင်လာခဲ့ရင်... ငါ ၎င်းကို နာကျင်အောင် ဘယ်လိုလုပ် ရက်စက်နိုင်တော့မှာလဲ။ ကိုယ့်မိန်းမကိုယ် နှိပ်စက်တဲ့သူက လူမှမဟုတ်တာ... တိရစ္ဆာန်ပဲဥစ္စာ။'
ယခင်ဘဝကတည်းက ကျူကျုံးသည် ထိုယုန်အိုမလေးအပေါ် သိပ်ပြီး အမြင်ကြည်လင်လှသည် မဟုတ်ချေ။ ထို့ကြောင့် မျက်စိရှေ့တွင် မရှိခြင်းကပင် စိတ်အေးရပေသည်။
စာဖတ်သူများအနေဖြင့်လည်း ၎င်း၏ အကြောင်းရင်းများကို ကိုယ်တိုင်တွေးတောကြည့်နိုင်ပါသည်
"ဟေး... လူသစ် ငါ့ရဲ့ လက်သီးချက်ကို အရင်မြည်းစမ်းကြည့်စမ်း ဝိညာဉ်ပူးကပ်ခြင်း — စစ်ဘုရင်ကျားသစ်"
မျှော်လင့်ထားသည့်အတိုင်းပင်... အဆောင်မှ လူမိုက်ကြီး ‘ဝမ်စိန့် ’ သည် ကျူကျုံးကို စတင်တိုက်ခိုက်လာတော့သည်။
ကျူကျုံးသည် ပြန်လည်တိုက်ခိုက်ရန်ပင် ပျင်းရိနေသဖြင့် ခေါင်းကို အသာခါယမ်းကာ အေးစက်စွာ ဆိုလိုက်သည်။
"နောက်တစ်ခါ လက်မပါခင်... စကားကို အရင်မအော်နဲ့ကွ။"
စကားအဆုံးတွင်... သူသည် ဝမ်စိန့်ကို လေထဲ၌ ၃၆၀ ဒီဂရီ လှည့်ပတ်စေသည့် ‘ကိုယ်ကာယလေ့ကျင့်ခန်း’ အပြင်းစားတစ်စုံနှင့်အတူ ကမ္ဘာမြေဆွဲအားအတိုင်း အလွတ်ပြုတ်ကျခြင်း ဘေးဒုက္ခကို ချက်ချင်းပင် လက်ဆောင်ပေးလိုက်တော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင်... ဝမ်စိန့်တစ်ယောက် မြေပြင်ပေါ်သို့ ဖရိုဖရဲ ပြုတ်ကျသွားပြီး သူ၏ တင်ပါးဆုံကြီးတစ်ခုလုံး ညိုမည်းစုတ်ပြတ်သွားတော့သည်။
တော်သေးသည်မှာ... ကျူကျုံးက သူ၏ ခြေထောက်ဖြင့် ဝမ်စိန့်၏ ဦးခေါင်းကို အချိန်မီ ထိန်းပေးလိုက်သဖြင့်သာ ဖြစ်သည်။ မဟုတ်လျှင် ဝမ်စိန့်တစ်ယောက် တင်ပါးတင်မကဘဲ ခေါင်းပါ ကွဲသွားနိုင်ပေသည်။
ကျူကျုံး၏ အံ့မခန်းလှသော စွမ်းအားကို မြင်လိုက်ရပြီး မိမိ၏ ဝိညာဉ်ပူးကပ်ထားခြင်းကိုပင် တစ်ကွက်တည်းနှင့် အလဲထိုးနိုင်ခဲ့သဖြင့် ဝမ်စိန့်သည် နာကျင်နေသော တင်ပါးကို ပွတ်သပ်ကာ အမြန်ထရပ်ပြီး အသန်အသန် တောင်းပန်တော့သည်။
"အစ်ကိုကြီး... နောက်နောင်ကျရင် အစ်ကိုကြီးကပဲ ကျွန်တော်တို့ အဆောင် (၇) ရဲ့ ခေါင်းဆောင်ကြီး ပါ"
ဤသို့ဖြင့်... ကျူကျုံးသည် အဆောင် (၇) ၏ ခေါင်းဆောင်အသစ် ဖြစ်လာခဲ့တော့သည်။
ထိုနေ့ညတွင်... အဆောင်ရှိလူများ အပြင်ထွက်နေခိုက် ကျူကျုံးသည် စောစောက စနစ်အတွင်းမှ ခိုးယူထားသော အိပ်ရာခင်း စောင်အစုံကို ထုတ်ယူကာ ခုတင်ပေါ်တွင် သေသပ်စွာ ခင်းကျင်းလိုက်သည်။
ညစာ စားသောက်ပြီးနောက်... ကျူကျုံးသည် ခုတင်ပေါ်တွင် တင်ပလ္လင်ခွေထိုင်ကာ ကျင့်ကြံခြင်းကို စတင်တော့သည်။ မနက်ဖြန်တွင်မူ သူသည် ဆူယွင်ထောင်းထံမှ ခွင့်ပြုချက်အမိန့်ပြားကို ခဏမျှ ချေးယူကာ ‘ဝိညာဉ်သားရဲတောအုပ်’ ထဲသို့ ဝင်ရောက်ပြီး ပထမဆုံး ဝိညာဉ်ကွင်းကို ရှာဖွေရန် စီစဉ်ထားသည်။
တစ်ချိန်တည်းမှာပင်... ထန်ဆန်းတစ်ယောက် အလွန် ကံဆိုးမိုးမှောင်ကျနေခဲ့ရှာသည်။ ပတ်ဝန်းကျင်တစ်ခုလုံး မည်းမှောင်နေခဲ့ပြီဖြစ်ပြီး မွန်းတည့်ချိန်က ကိစ္စရပ်များကြောင့်... သူသည် နေ့လယ်စာကိုလည်း မစားခဲ့ရချေ။ သူ ယူဆောင်လာခဲ့သော ရိက္ခာခြောက်များကိုလည်း... တံခါးစောင့်က ဗိုက်ဆာသည်ဟု ဆိုသဖြင့် ပေးကမ်းခဲ့ရသေးသည်။
ဤအချိန်တွင် ထန်ဆန်းသည် ချမ်းလည်းချမ်း ဆာလည်းဆာနေခဲ့ရှာသည်။ သူ၏ ခန္ဓာကိုယ်ထဲတွင် ‘လျှို့ဝှက်ဆန်းကြယ်ကောင်းကင်ကျင့်စဉ် ’ ရှိနေသော်လည်း သူ၏ ဝမ်းဗိုက်ထဲမှ ဆာလောင်လှသဖြင့် တဂွတ်ဂွတ် မြည်ဟည်းနေသော အသံများကိုမူ မတားဆီးနိုင်ခဲ့ချေ။
မနက်မိုးလင်းခါနီး သန်းခေါင်ကျော် ၃ နာရီ ရောက်မှသာ... စာသင်ခန်းအိုလေး၏ တံခါးမကြီးကို တစ်စုံတစ်ဦးက တွန်းဖွင့်လိုက်တော့သည်။
ထန်ဆန်းတစ်ယောက် ဝမ်းနည်းပက်လက်ဖြင့် မျက်ရည်များ ထပ်မံစီးကျလာရပြန်ကာ...
"နောက်ဆုံးတော့... ဆရာ ရောက်လာပြီပေါ့နော် ဝါး..."