အခန်း (၇) ဒုတိယမြောက် အမြွှာဝိညာဉ်
ရှူး... ရှူး...
ဧကရာဇ်ဝိညာဉ်ရွာနှင့် ကပ်လျက်တည်ရှိသော တောအုပ်ငယ်လေးတစ်ခုအတွင်း...
အမည်းရောင် ခေါင်းစွပ်အင်္ကျီကို ဆင်မြန်းထားသည့် အရိပ်တစ်ခုသည် သစ်ပင်အုပ်များကြားတွင် လေပွေအလား လျင်မြန်ဖြတ်လတ်စွာ တိုးဝှေ့ပြေးလွှားနေသည်။ ရှုပ်ထွေးလှသော သစ်ကိုင်းသစ်ဖျားများပင် ထိုအမည်းရောင်အရိပ်အတွက် လမ်းဖယ်ပေးနေရသကဲ့သို့ သူ၏ လှုပ်ရှားမှုများမှာ တစ်ချက်ကလေးမျှ ထောက်ငြောင့်ခြင်းမရှိဘဲ အလွန်ပင် ချောမွေ့လွန်းလှသည်။
ရုတ်တရက်... ထိုအရိပ်သည် သန်မာသော သစ်ကိုင်းကြီးတစ်ခုပေါ်တွင် အရှိန်သတ်ကာ ဖနောင့်ဖြင့် အသာအယာ ဆောင့်နင်းလိုက်သည်။ ဝူး... ခနဲ အသံနှင့်အတူ ထိုလူရိပ်မှာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားပြီး လေထဲတွင် ဝဲပန်နေသော သစ်ရွက်ခြောက်အချို့သာ ကျန်ရစ်တော့သည်။
နောက်တစ်စက္ကန့်တွင်မူ ထိုလူရိပ်သည် ဟင်းလင်းပြင်ထက်၌ ဇောက်ထိုးအနေအထားဖြင့် ပေါ်လာပြီး ကိုယ်ထည်ကို ၃၆၀ ဒီဂရီ အရှိန်အဟုန်ဖြင့် လှည့်ဖြာလိုက်သည်။
ရှုး... ရှူး... ရှုး...
လက်ဖျားမှ ‘ကူနိုင်း’ ဟုခေါ်သော အနက်ရောင် လွှတ်ဓားမြှား ခုနစ်စင်း ရှစ်စင်းခန့်သည် လျှပ်စီးအလား တစ်ပြိုင်နက်တည်း ပြေးထွက်သွားတော့သည်။
ဗုန်း... ဗုန်း... ဗုန်း...
သစ်ပင်ပင်စည်များကို စူးစိုက်ထိမှန်သွားသော အသံပြင်းပြင်းများ ဆက်တိုက်ထွက်ပေါ်လာပြီးနောက် ထိုလူရိပ်သည် လေထဲတွင် နောက်ပြန်ဂျွမ်းတစ်ပတ်ပစ်ကာ မြေပြင်ပေါ်သို့ အသာအယာ သက်ဆင်းလိုက်သည်။
ပြေးထွက်သွားသော လွှတ်ဓားမြှားများကို ကြည့်လိုက်ရာ... တစ်စင်းချင်းစီသည် သစ်ရွက်တစ်ရွက်စီကို သစ်ပင်ပင်စည်ပေါ်၌ တိတိကျကျ ပင်ထိုးထားသကဲ့သို့ စိုက်ဝင်နေကြလေသည်။
"ဟဲဟဲ... ဒါက ဘယ်လောက်တောင် တိုးတက်လာတာလဲ။"
မိမိ၏ ကိုယ်ပိုင်ဝိညာဉ်ကို နိုးထခွင့်ရခဲ့သည်မှာ နှစ်လမျှ ရှိခဲ့ပြီဖြစ်ရာ ယခုအခါ ကျူကျုံးသည် ဤစွမ်းအားများကို ကောင်းစွာ အသုံးချတတ်နေပြီ ဖြစ်သည်။
သူက ခေါင်းစွပ်ကို ချွတ်လိုက်ရာ ဆွဲဆောင်မှုရှိသော အပြာနုရောင် ဆံနွယ်ရှည်များနှင့်အတူ ဖြူဝင်းနုနယ်သော မျက်နှာလေး ပေါ်ထွက်လာသည်။ ကြည့်မိသူတိုင်း အသည်းယားလောက်စရာ ကောင်လေးတစ်ယောက်ပင်။
ဤသူမှာ အခြားသူမဟုတ်... ကျူကျုံးပင် ဖြစ်သည်။ လွန်ခဲ့သော နှစ်လက အုချီဟာ အိတာချီ၏ ကိုယ်ခံပညာသိုင်းကွက်များနှင့် ချက်ကရာ (ဝိညာဉ်စွမ်းအား) ထိန်းချုပ်မှုစနစ်ကို ခိုးယူပြီးကတည်းက ကျူကျုံးသည် တိုက်ခိုက်ရေးကွက်များကို နေ့စဥ်နှင့်အမျှ လေ့ကျင့်ခဲ့သည့်အပြင် ရေပေါ်လမ်းလျှောက်ခြင်း သစ်ပင်ပေါ် ဒေါင်လိုက်တက်ခြင်း စသည့် အဆင့်မြင့် ထိန်းချုပ်မှုများကိုပါ အစွမ်းကုန် ကျင့်ကြံနေခဲ့ခြင်း ဖြစ်သည်။
ဧကရာဇ်ဝိညာဉ်ရွာတွင်လည်း ပန်းပဲဖိုတစ်ခု ရှိပြီး... ဤကူနိုင်းလွှတ်ဓားမြှားများကို ကျူကျုံး၏ တောင်းဆိုချက်အရ အဘိုးအိုတွမ်က အထူးတလည် သွန်းလုပ်ပေးထားခဲ့ခြင်း ဖြစ်သည်။
ညနေခင်းအချိန်များတွင် ကျူကျုံးသည် ယွီရှောင်ကန်းထံမှ ခိုးယူထားသော ‘လူလိမ်ဗားရှင်း’ ဝိညာဉ်စွမ်းအား တရားထိုင်ခြင်းနည်းလမ်းကို အသုံးပြုကာ ဝိညာဉ်စွမ်းအားများကို စုစည်းလေ့ရှိသည်။ ထို့အပြင် ‘ငွေပြာဧကရာဇ်’ ၏ စွမ်းအားကို ထုတ်လွှတ်ပြီး ပတ်ဝန်းကျင်ရှိ ငွေပြာနွယ်ပင်ငယ်လေးများ၏ အသက်ရှူသံကိုပါ လှမ်းမျှော်ခံစားတတ်သေးသည်။ ‘ငွေပြာဧကရာဇ်’ ဟူသည် ငွေပြာနွယ်ပင်လောကတွင် တစ်ဆူတည်းသော ဘုရင်ဖြစ်သဖြင့် ၎င်း၏ အာရုံခံနိုင်စွမ်းမှာ အံ့မခန်းလှပေ။
ဧကရာဇ်ဝိညာဉ်ရွာ၏ နယ်နိမိတ်အတွင်း ငွေပြာနွယ်ပင် ရှိသမျှ နေရာတိုင်း၌ ဘာတွေဖြစ်ပျက်နေသည်ကို ကျူကျုံး မျက်ဝါးထင်ထင် သိရှိနိုင်သည်။ အကယ်၍ သူတော်စင်ဝိညာဉ်ရွာတွင် အစွမ်းထက်လှသော ထန်ဟောက်သာ ရှိမနေလျှင် ထိုရွာဘက်ကိုပါ အချိန်မရွေး လှမ်း၍ ထောက်လှမ်းနိုင်စွမ်း ရှိပေသည်။
သူသည် ရင်ထဲမှ ညစ်ညမ်းသော လေပူများကို သက်ပြင်းတစ်ချက်နှင့်အတူ မှုတ်ထုတ်လိုက်ရာ နှုတ်ခမ်းထောင့်တွင် အလိုကျသော အပြုံးတစ်ခု ပေါ်လာသည်။ လွန်ခဲ့သော တစ်လအတွင်း မိမိကိုယ်မိမိ သိသိသာသာ သန်မာလာကြောင်း ခံစားနေရသည်။
"စနစ်... ငါ့ရဲ့ အချက်အလက်ပြကွက်ကို ဖွင့်ပြစမ်း။"
{ဒင် ပိုင်ရှင်၏ ကိုယ်ရေးအချက်အလက်ပြကွက်ကို ဖွင့်လှစ်ပေးလိုက်ပါသည်။}
{ဒင် ပိုင်ရှင်၏ ဝိညာဉ်အဆင့်တွင် မူလအခြေခံ နယ်ပယ် ဖွဲ့စည်းမှုတစ်ခုကို စနစ်က စုံစမ်းသိရှိရသဖြင့် နယ်ပယ်ကဏ္ဍကို အချက်အလက်ပြကွက်ထဲသို့ ထည့်သွင်းပေးလိုက်ပါသည်။}
ပိုင်ရှင် : ကျူကျုံး
ကျား/မ : ကျား
အသက် : ၆ နှစ်နှင့် ၂ လ (ယခင်ဘဝ အသက် ၂၅ နှစ်)
ကိုယ်ပိုင်ဝိညာဉ် : ငွေပြာဧကရာဇ် (နိုးထပြီး)
မွေးရာပါ ဝိညာဉ်စွမ်းအား : အဆင့် ၁0
ဝိညာဉ်စွမ်းအားအဆင့် : အဆင့် ၁၀ (အမှန်စင်စစ် အဆင့် ၁၀ ထက် ကျော်လွန်နေသော်လည်း ဝိညာဉ်ကွင်းအား စုပ်ယူခြင်းမရှိသေးသဖြင့် အဆင့်တက်၍ မရသေးပါ)
အခြေခံခွန်အား : ၁၀၀ (သာမန်အရွယ်ရောက်ပြီး အမျိုးသားတစ်ဦး၏ ခွန်အားမှာ ၁၀ ဖြစ်သည်)
စနစ်သိုလှောင်ရုံ : ရှာရင်ဂန် မျက်ဝန်း ×၁ စုံ၊ ရွှေဒင်္ဂါး ×၅၀ ပြား၊ ကူနိုင်းလွှတ်ဓားမြှား ×၉ စင်း၊ ဝတ်စုံ ×၁ စုံ
ခြုံငုံသုံးသပ်ချက် : ဂုဏ်ယူပါသည်... ပိုင်ရှင်သည် အသုံးမဝင်သော ဘဝအဆင့်မှ ရုန်းထွက်နိုင်ခဲ့ပြီ ဖြစ်သည်။
ကျန်ရှိသော ခိုးယူခွင့်အရေအတွက် : ၀ ကြိမ်
မုန်းတီးမှုအမှတ် : ၄၀၀၀ မှတ်
ခိုးယူပြီးသော ကမ္ဘာ : ဝိညာဉ်ကုန်းမြေတိုက်ကြီး၊ နရူတိုကမ္ဘာ (ခိုးယူခြင်းခံရသူ သေဆုံးသွားသဖြင့် ပိုင်ရှင်အနေဖြင့် ထိုကမ္ဘာသို့ ကူးပြောင်း၍ မရပါ)
နယ်ပယ် : ငွေပြာနယ်ပယ် (အခြေခံအဆင့်)
ကျူကျုံးသည် ကျေနပ်အားရစွာဖြင့် ခေါင်းညိတ်လိုက်ပြီး စိတ်ထဲမှ ရေရွတ်လိုက်သည်။ 'မဆိုးဘူးဟ။ အခြေခံခွန်အားတစ်ခုတည်းကို ကြည့်ရင်တောင် နတ်ဘုရား အိတာချီရဲ့ ကိုယ်ခံပညာကို စပြီး ရရှိတုန်းက ငါ့ခွန်အားက ၄၀ ဝန်းကျင်ပဲ ရှိတာ။ နှစ်လလောက်ပဲ ကျင့်ကြံပြီး ရင်းနှီးအောင် လုပ်လိုက်တာ အခု ၁၀၀ တောင် ဖြစ်သွားပြီ။'
{ဒင် စနစ်သိုလှောင်ရုံအတွင်း၌ ရှာရင်ဂန်မျက်ဝန်းတစ်စုံကို တွေ့ရှိရပါသည်။ ပိုင်ရှင်အနေဖြင့် ၎င်းကို ဒုတိယမြောက် အမြွှာဝိညာဉ် အဖြစ် ပေါင်းစပ်လိုပါသလား။}
ဒုတိယဝိညာဉ်အဖြစ် ‘ရှာရင်ဂန်’ ကို ပေါင်းစပ်ခြင်း
'ရှာရင်ဂန်ကို ပေါင်းစပ်ရမယ် ဟုတ်လား။ ငါ့ကို မျက်စိကန်းအောင် လုပ်မလို့လားဟ'
အမှန်အတိုင်းပြောရလျှင် ကျူကျုံးတစ်ယောက် ဝေခွဲမရ ဖြစ်နေခဲ့သည်။ သူ အိတာချီထံမှ ရှာရင်ဂန်ကို ခိုးယူစဉ်က အိတာချီသည် မျက်စိကန်းလုနီးပါး ဖြစ်နေခဲ့သည် မဟုတ်ပါလား။ မူရင်းဇာတ်လမ်းထဲတွင်လည်း အိတာချီ၏ မျက်ဝန်းများကို ဆာဆကေးထံသို့ အစားထိုးပြီး မျက်ဝန်းစွမ်းအားများ ပေါင်းစပ်သွားမှသာ အမြင်အာရုံက ထာဝရ ပွင့်လင်းသွားခဲ့ခြင်း ဖြစ်သည်။ ဤအချက်ကြောင့်ပင် ကျူကျုံးသည် ရှာရင်ဂန်ကို မိမိကိုယ်ထဲသို့ မပေါင်းစပ်ရဲဘဲ ထားခဲ့ခြင်း ဖြစ်သည်။
{ဒင် ပိုင်ရှင်အနေဖြင့် စိုးရိမ်ရန်မလိုပါ။ စနစ်က ခိုးယူပေးထားသော ရှာရင်ဂန်မျက်ဝန်းသည် ‘ကော်ပတ်သုံးခု’ အဆင့်ရှိပြီး မည်သည့်ဘေးထွက်ဆိုးကျိုးမျှမရှိ မျက်စိကန်းမည့် အန္တရာယ်လည်း လုံးဝမရှိပါ။ နောင်တစ်ချိန်တွင်လည်း ‘မန်ဂေကျူ ရှာရင်ဂန် ’ အဖြစ် ဒုတိယအကြိမ် ထပ်မံနိုးထနိုင်ပါသေးသည်။}
"တောက်... မင်းကလည်း စောစောက ပြောရမှာပေါ့ သောက်ကျိုးနည်း စနစ်... ကဲ... အခုချက်ချင်း ပေါင်းစပ်ပေးစမ်း"
{ဒင် ရှာရင်ဂန်မျက်ဝန်း ပေါင်းစပ်ခြင်းကို စတင်နေပါပြီ... သတိပေးချက် ဝိညာဉ်တစ်ခုအဖြစ် ပေါင်းစပ်ပြီးပါက နောက်ပြန်ပြင်၍ မရနိုင်ပါ။}
{ဒင် ရှာရင်ဂန် ပေါင်းစပ်ခြင်း အောင်မြင်သွားပါပြီ။ ဂုဏ်ယူပါသည် ပိုင်ရှင်... ဒုတိယမြောက် အမြွှာဝိညာဉ် ‘ရှာရင်ဂန်’ နိုးထလာခဲ့ပါပြီ။}
ကျူကျုံးသည် မျက်လုံးများကို အသာအယာမှိတ်လိုက်ပြီး တဖန် ပြန်လည် ဖွင့်ကြည့်လိုက်သောအခါ... သူ၏ မျက်ဝန်းအစုံသည် သွေးကဲ့သို့ ရဲရဲနီသွားပြီး သူငယ်အိမ်အတွင်းရှိ ကော်ပတ်သင်္ကေတ သုံးခုသည် နာရီလက်တံပြောင်းပြန်အတိုင်း တရိပ်ရိပ် လည်ပတ်နေတော့သည်။
သူသည် ကူနိုင်းလွှတ်ဓားမြှားတစ်စင်းကို ထုတ်ယူကာ ပြောင်လက်နေသော ဓားမျက်နှာပြင်ပေါ်တွင် မိမိ၏ ပုံရိပ်ကို ပြန်ကြည့်လိုက်မိသည်။ ဖြူဝင်းချောမောသော မျက်နှာလေး အပြာနုရောင် ဆံနွယ်ရှည်များနှင့်အတူ နီမြန်းတောက်ပနေသော မျက်ဝန်းအစုံမှာ သူ၏ ခန့်ညားမှုအပေါ် လျှို့ဝှက်ဆန်းကြယ်သော ဆွဲဆောင်မှုတစ်မျိုးကို ထပ်လောင်း ဖြည့်စွက်ပေးထားသကဲ့သို့ ရှိနေတော့သည်။
ကျူကျုံးသည် မိမိ၏ ပေါင်ကို ဖြန်းခနဲ ရိုက်လိုက်ပြီး အော်ဟစ်မိတော့သည်။ "အမလေး... သေစမ်း။ ဒါက တကယ့်ကို တိုင်းပြည် ပျက်လောက်မယ့် ရုပ်ရည်ပဲဟေ့"
{ဒင် စုံစမ်းချက်များအရ ပိုင်ရှင်သည် လက်ရှိတွင် ‘ငွေပြာဧကရာဇ်’ နှင့် ‘ရှာရင်ဂန်’ ဟူသော ဝိညာဉ်နှစ်ခုကို ပိုင်ဆိုင်ထားပြီးဖြစ်ရာ ခန္ဓာကိုယ်ကြံ့ခိုင်မှု ကန့်သတ်ချက်ကြောင့် တတိယမြောက် ဝိညာဉ်ကို ထပ်မံပေါင်းစပ်၍ မရနိုင်တော့ပါ။}
"ဝိညာဉ် နှစ်ခုပဲလား... ကိစ္စမရှိပါဘူး" ကျူကျုံးက ဂရုမစိုက်ဟန်ဖြင့် ရေရွတ်လိုက်သည်။
အစွမ်းထက်ခြင်း မထက်ခြင်းက ခဏတာမျှသာ ဖြစ်သော်လည်း ချောမောခန့်ညားခြင်းကမူ တစ်သက်လုံးစာ မဟုတ်ပါလား။
ထို့အပြင် သာမန် ကော်ပတ်သုံးခုအဆင့် ရှာရင်ဂန်သည်ပင် သာမန်လူများကို စိတ်ညှို့ထိန်းချုပ်နိုင်သည်။ အကယ်၍ ဒုတိယအကြိမ် ‘မန်ဂေကျူ ရှာရင်ဂန်’ အဖြစ် ထပ်မံနိုးထလာပါက ၎င်း၏ စွမ်းအားမှာ အတိုင်းအဆမရှိ ကြီးမားလာမည်ဖြစ်ပြီး ပို၍ ကြောက်မက်ဖွယ်ကောင်းသည်မှာ မည်သူမျှ ခန့်မှန်း၍မရသော ထူးခြားသည့် မျက်ဝန်းအာရုံခံ အတတ်ပညာများကို ပိုင်ဆိုင်ခွင့်ရရှိလာမည့် အချက်ပင် ဖြစ်သည်။
ကိုတိုအာမတ်ဆူကာမိ: တကယ့်ကို အစွမ်းထက်လွန်းတယ် မဟုတ်လား။ လူတစ်ယောက်ရဲ့ စိတ်ဆန္ဒကို ထာဝရ ပြောင်းလဲပစ်နိုင်တာ... နာကျင်ရဲ့လား ကောင်းရဲ့လား။ လိမ္မာတယ်... ငါ့ကို အဖေလို့သာ ခေါ်လိုက်တော့။
ကိုတိုအာမတ်ဆူ: အတိုက်အခိုက်ရော အကာအကွယ်ပါ စုံလင်တဲ့ ဟင်းလင်းပြင်စွမ်းရည်... နှာခေါင်းရှုံ့စရာပဲ မင်းကို အရင်ဆုံး မီတာ ၄၀ လောက် အဝေးပြေးခွင့်ပေးမယ် ငါ မင်းကို လိုက်မခုတ်ဘူးလို့ အာမခံတယ်။
ဆူကူယိုမိ: ဒါကလည်း တကယ့်ကို အံ့မခန်းပဲ။ စစ်ဆေးမေးမြန်းတဲ့နေရာမှာ အစွမ်းထက်လွန်းလို့ ရန်သူကို နာကျင်လွန်းလို့ အဖေတိုင် အမေတိုင် အော်ဟစ်ငိုယိုအောင် လုပ်နိုင်စွမ်း ရှိတယ်။
အာမာတာရာစု : ဒါကတော့ အစွမ်းထက်တယ်လို့ပဲ ဆိုရမလား။ ‘အစွမ်းထက်ဆုံး ရုပ်ပိုင်းဆိုင်ရာတိုက်ကွက်’ လို့ လူသိများတဲ့ ထာဝရ အမည်းရောင်မီးတောက်ကြီး... ဒါပေမဲ့ အဲ့ဒီမီးနဲ့ အမြဲတမ်း လူတစ်ယောက်မှ သေအောင် အမြဲအရှို့မခံရဖူးသလိုပဲ ဒါကြောင့် အမှတ်မပေးချေ။
......
ပြီးတော့ တခြားသော အစွမ်းထက် မျက်ဝန်းပညာရပ်တွေ ရှိသေးတယ်...။ အရေးကြီးဆုံးကတော့ အမြင့်ဆုံးအဆင့် မျက်ဝန်းပညာရပ်ဖြစ်တဲ့ ‘ဂန်ဒမ်’... အို... မဟုတ်ပါဘူး ‘ဆူဆာနူး’ ပဲ ဖြစ်သည်။ အကယ်၍ ၎င်းကို ပြီးပြည့်စုံတဲ့ ပုံသဏ္ဌာန်အထိ ဆင့်ကဲပြောင်းလဲနိုင်ရင်... ဟွန့် ‘ခြောက်တောင်ပံ ကောင်းကင်တမန်’ ဝိညာဉ်နဲ့တောင် ငါ မလဲနိုင်ဘူး။
{ဒင် ရှာရင်ဂန်မျက်ဝန်း ဒုတိယအကြိမ် နိုးထရန် လိုအပ်ချက်မှာ သက်တမ်း နှစ်တစ်သိန်းကျော်ရှိသော ဝိညာဉ်ကွင်းကို စုပ်ယူရမည် ဖြစ်ပါသည်}
ထိုအချိန်တွင် ကိုယ့်စိတ်ကူးနှင့်ကိုယ် သာယာနေသော ကျူကျုံးသည် ထိုစကားကို သိပ်ပြီး သတိမထားမိလိုက်ချေ။
သူက စိတ်ထဲမှ ခပ်ပေါ့ပေါ့ပင် ပြန်ပြောလိုက်သည်။ "ကိစ္စမရှိပါဘူး... နှစ်တစ်သိန်း ဝိညာဉ်ကွင်းပဲဥစ္စာ။"
ဂလွင်... ကျူကျုံး လက်ထဲမှ ကူနိုင်းဓားမြှား မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ နေပါဦး... သူ တစ်ခုခုကို လွဲချော်သွားသလိုပဲ
"စနစ်... ငါ မေးပါရစေဦး နှစ်တစ်သိန်း ဝိညာဉ်ကွင်းကိုရော ခိုးယူလို့ ရနိုင်မလား။"
{ဒင် ပိုင်ရှင်... ကြိုးစားအားထုတ်နေဆဲ ဖြစ်ပါသည်}
ထိုစကားကို ကြားမှပဲ ကျူကျုံးတစ်ယောက် သက်ပြင်းချနိုင်တော့သည်။
"တော်သေးတာပေါ့... တော်သေးတာပေါ့"
ဒါမှပဲ ဟန်ကျမှာ... မဟုတ်ရင် လာမယ့် ဆယ်နှစ်အတွင်းမှာ ငါ့ရဲ့ ရှာရင်ဂန်မျက်ဝန်းက ‘ခရမ်းရောင် မိစ္ဆာမျက်ဝန်း’ ရဲ့ အောက်ခြေအဆင့်လောက်ပဲ ဖြစ်နေတော့မှာပေါ့။ အဲ့ဒါဆိုရင် ဝိညာဉ်တစ်ခုကို အလကား ဖြုန်းတီးပစ်သလို ဖြစ်သွားမှာ။ သူ ရှင်သန်ဖို့ ဆယ်နှစ်ပဲ လိုတော့တာ... နှစ်တစ်သိန်း ဝိညာဉ်သားရဲကို သူ ဘယ်လိုလုပ် အနိုင်တိုက်နိုင်မှာလဲ။ အဲ့ဒီလိုမှ မဟုတ်ရင် သူ ဘယ်လိုလုပ် လူစွမ်းပြပြီး ကောင်မလေးတွေကို ဆွဲဆောင်ကာ ထန်ဆန်းကို နှိပ်စက်နိုင်တော့မှာလဲ။
{ဒင် ပိုင်ရှင်အနေဖြင့် ဝိညာဉ်သားရဲ၏ ‘စတေးခြင်း’ လုပ်ဆောင်မှုအတွင်း၌သာ ဝိညာဉ်ကွင်းကို ခိုးယူနိုင်ခွင့် ရှိပါသည် (တခစ်ခစ်)။}
"ဟင်... သောက်ကျိုးနည်း။ စနစ်... မင်း ငါ့ကို ထောင်ချောက်ဆင်လိုက်တာပဲ"
တစ်နေကုန်လုံး ကျူကျုံးတစ်ယောက် ရှာရင်ဂန်မျက်ဝန်း၏ စွမ်းရည်များကို လေ့ကျင့်ရင်း အချိန်ကုန်လွန်ခဲ့သည်။ အမှန်အတိုင်း ဝန်ခံရလျှင် ၎င်းတွင်ပါဝင်သော စိတ်မှော်ရိပ်ယောင် အချို့မှာ အလွန်ပင် ကောင်းမွန်လှပေသည်။ သာမန်လူများကို အလွယ်တကူ စိတ်ညို့နိုင်ပြီး မိမိနှင့် အဆင့်တူ ပြိုင်ဘက်များကိုပင် ခဏမျှ ကြောင်အမ်းသွားအောင် ပြုလုပ်နိုင်စွမ်း ရှိသည်။
ကျူကျုံးတစ်ယောက် ကျင့်ကြံခြင်းကို အဆုံးသတ်ပြီး ဧကရာဇ်ဝိညာဉ်ရွာသို့ ပြန်ရောက်သောအခါ ညနေစောင်းနေပြီ ဖြစ်သည်။
အဘိုးအိုတွမ်၏ အိမ်သို့ ရောက်သောအခါ အဘိုးအိုတွမ်က ညစာကို အဆင်သင့် ပြင်ဆင်ထားပြီး ဖြစ်သည်။
အဘိုးအိုတွမ်သည် ကျူကျုံးအတွက် ပူပူနွေးနွေး ထမင်းနှင့် ဟင်းကို ပြုံးရွှင်စွာ ခတ်ပေးနေပြီး စိတ်ထဲတွင်လည်း အလွန်ပင် ပီတိဖြစ်နေခဲ့သည်။
အဘိုးအိုတွမ်က ရယ်မောရင်း ဆိုသည်။ "ကောင်စုတ်လေး... မင်း ဝိညာဉ်နိုးထပြီးကတည်းက တကယ်ကို ပြောင်းလဲသွားတာပဲ။ နေ့တိုင်း ကျင့်ကြံဖို့ ဒီလောက်တောင် ကြိုးစားနေတာ ဒါပေမဲ့လည်း အလုပ်နဲ့ အနားယူမှုကိုတော့ မျှတအောင် လုပ်ဦးနော်"
ကျူကျုံးက စိတ်ထဲမှနေ၍ ‘မျက်ဖြူစိုက်ပြ’ လိုက်မိသည်။ 'အကယ်၍ ငါသာ တကယ် ပျင်းနေရင် အဘိုးကြီးက ငါ့ကို ထမ်းပိုးနဲ့ ထပ်လိုက်ရိုက်ဦးမှာ မဟုတ်လား။ ဒီအဘိုးကြီးက တကယ့်ကို လည်တဲ့သူပဲ။'
ထို့ကြောင့် ကျူကျုံးက ဝတ္တရားအရသာ ပြန်ပြောလိုက်သည်။ "ဟုတ်ကဲ့... ဟုတ်ကဲ့ စိတ်မပူပါနဲ့ အဘိုးကြီးရဲ့ ကျွန်တော် သတိထားပါ့မယ်။"
ထို့နောက် ကျူကျုံးသည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သည်။ အခန်းတစ်ခုလုံးကို သေချာ ပြုပြင်မွမ်းမံထားပြီး ပရိဘောဂများကိုလည်း အသစ်လဲလှယ်ထားပြီး ဖြစ်သည်။ ဤအရာများသည် ကျူကျုံးက ဖလန်ဒါထံမှ ခိုးယူ—အဟမ်း... ‘ချေးငှား’ ထားသော ရွှေဒင်္ဂါးအိတ်ကြီး အိတ်ငယ်များဖြင့် အဘိုးအိုတွမ်အတွက် ဝယ်ယူပေးထားခြင်း ဖြစ်သည်။
အဘိုးအိုတွမ်၏ သံသယကို ရှောင်ရှားရန်အတွက် ကျူကျုံးသည် (ပေါင် ၃၀၀ ရှိသော ဆိုင်ရှင်မထံမှ ချေးငှားထားသည့်) တန်ဖိုးကြီး အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ကာ နော့တင်းမြို့သို့ တိတ်တဆိတ် သွားရောက်ပြီး သူဌေးသားလေးတစ်ဦးအသွင် ဆောင်ခဲ့သည်။ ထို့နောက် အလှဆင်ဆိုင်ငယ်တစ်ခုမှ ဆိုင်ရှင်ကို ရွှေဒင်္ဂါး ၂၀ ပိုပေးကာ (မိမိပိုက်ဆံ မဟုတ်သဖြင့် ဖောဖောသီသီ သုံးစွဲခြင်း ဖြစ်သည်) မိမိနှင့်အတူ သရုပ်ဆောင်ခိုင်းခဲ့ခြင်း ဖြစ်သည်။
အစီအစဥ်မှာ... ရဲဘော် ကျူကျုံးသည် နောင်တစ်ချိန်တွင် ဝိညာဉ်နန်းတော်သို့ ဝင်ရောက်မည်ဖြစ်ရာ ဤပရိဘောဂများနှင့် အလှဆင်စရိတ်များကို ဝိညာဉ်နန်းတော်က "ကြင်နာတတ်ပြီး သဘောကောင်းလှသော" ရွာလူကြီး အဘိုးအိုတွမ်အတွက် ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း လိမ်လည်ပြောဆိုခိုင်းခဲ့သည်။
အခြားနည်းလမ်း မရှိချေ... ကျွန်ုပ်တို့၏ ကျူကျုံးလေးသည် တကယ့်ကို သိတတ်လိမ္မာပြီး မိဘရိုသေသော ကလေးကောင်းလေးတစ်ဦး မဟုတ်ပါလား။
ခဏအကြာတွင် ထမင်းဝိုင်းလေးစတင်ပြီး မြေးအဘိုးနှစ်ဦး ပျော်ရွှင်စွာ စားသောက်ကြတော့သည်။
"အဘိုးတွမ်... ဒီနေ့ညစာက ဘာဟင်းလဲ။"
"နော့တင်းအကယ်ဒမီက ကျောင်းဖွင့်တော့မယ် မဟုတ်လား... အဲ့ဒါကြောင့် အဘိုးက မင်းအကြိုက်ဆုံး လိပ်စွပ်ပြုတ်ကို အထူးချက်ပေးထားတာဟေ့"
............