အခန်း (၅) ထန်ဆန်းကို ငိုအောင်လုပ်နိုင်ခဲ့တဲ့ ကျူကျုံး
ကျူကျုံး၏ လျှာစွမ်းပြမှုနှင့် မျက်ကန်းဝံပုလွေ၏ ဆုတ်ခွာခြင်း
အခြေအနေ မဟန်သည်ကို ရိပ်မိလိုက်သည်နှင့် တစ်ပြိုင်နက် ကျူကျုံးသည် ဆူယွင်ထောင်း၏ လက်မောင်းကို လှမ်းဆွဲလိုက်ပြီး မျက်ရည်ဥအချို့ကို အနိုင်နိုင် ညှစ်ထုတ်ကာ သနားစရာမျက်နှာလေးဖြင့် အသနားခံတော့သည်။
"ဆူယွင်ထောင်း မဟာဆရာကြီး... ကျွန်တော် ဆရာကြီးအပေါ် ကြည်ညိုလေးစားမိတာဟာ တဟုန်ထိုး စီးဆင်းနေတဲ့ မြစ်ရေအလား ဘယ်လိုမှ တားဆီးလို့ မရနိုင်ပါဘူး။ ဒါပေမဲ့... ဆရာကြီး အခုပဲ အရင်ပြန်လိုက်ပါတော့။ ဒီမှာကြည့်ဦး... ထန်ဆန်းလေးက ဒေါသမျက်စိ ဖုံးနေပြီ။ သူက ဆရာကြီးရဲ့ ပြိုင်ဘက် မဟုတ်တာ မှန်ပေမယ့်... ဆရာကြီးလို မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တစ်ယောက်က ဒီလို တောသားကောင်လေးတစ်ယောက်ကို လက်ပါမိရင် ဆရာကြီးရဲ့ သိက္ခာကို ညှိုးနွမ်းစေပါလိမ့်မယ်။ အဲ့ဒီလိုဆိုရင်... ဆရာကြီး စိတ်ကူးယဉ်နေရတဲ့ (စီစီ) ကလေးကို ဘယ်လိုလုပ် စွဲမက်အောင် စွမ်းဆောင်နိုင်တော့မှာလဲ ..."
ဆူယွင်ထောင်းသည် ကျူကျုံး၏ ကောင်းကင်အထိ မြှောက်တင်ထားသော မြှောက်ပင့်စကားများကြောင့် ပထမတွင် သဘောကျသွားပြီးနောက်... သူ မျှော်လင့်နေရသော ကောင်မလေး (စီစီကို မရမှာ) စိုးရိမ်သည့် စကားကြောင့် စိတ်လှုပ်ရှားသွားကာ ချက်ချင်းပင် ခေါင်းညိတ် သဘောတူလိုက်တော့သည်။
အတွေ့အကြုံရင့်ကျက်သော အချစ်ရူးကြီးတစ်ယောက်အဖို့— အဟမ်း နှလုံးသားပိုင်ရှင်ကြီးတစ်ယောက်အဖို့... အချစ်ရူးဖြစ်ရသည်မှာ ကိစ္စအသေးအဖွဲသာ ဖြစ်သော်လည်း စီစီ၏ နှလုံးသားကို မသိမ်းပိုက်နိုင်ခြင်းကသာ ကမ္ဘာပျက်မည့် ကိစ္စကြီး မဟုတ်ပါလား။
ဆူယွင်ထောင်းက နှာခေါင်းတစ်ချက်ရှုံ့ကာ အေးစက်စွာ ဆိုလိုက်သည်။
"ဟွန့် ထန်ဆန်း... မင်းရဲ့ သူငယ်ချင်းက မင်းအတွက် အသနားခံပေးလို့သာ ဒီနေ့တော့ ငါ ချမ်းသာပေးလိုက်မယ်။ အဘိုးအိုဂျက်... မင်း ပြန်ရောက်ရင် သူ့မိဘတွေကို သေချာဆုံးမခိုင်းလိုက်ဦး။ ဒီကလေးက အရမ်း မောက်မာလွန်းတယ်။ ငါ့လို စကားပြောရလွယ်တဲ့သူ နောက်တစ်ခေါက် ထပ်တွေ့ဖို့ မလွယ်ဘူးနော်။"
ဆူယွင်ထောင်းက ကိစ္စကို ဆက်မစွဲလိုတော့ကြောင်း ကြားလိုက်ရသဖြင့် အဘိုးအိုဂျက်သည် အလွန် ဝမ်းသာသွားပြီး ပျာပျာသလဲ ကျေးဇူးတင်စကား ဆိုတော့သည်။
"မဟာဆရာကြီး ဆူယွင်ထောင်းကို တကယ်ပဲ ကျေးဇူးတင်ပါတယ်...။ တကယ်ပဲ ကျေးဇူးတင်ပါတယ်"
ထို့နောက် သူက အဘိုးအိုတွမ်၏ ဘေးတွင်ရပ်နေသော ကျူကျုံးကို ကြည့်ကာ ဆက်ပြောပြန်သည်။
"ဒါက မင်းတို့ရွာက... (ဘာမျိုးနွယ်စုလဲ မသိဘူး... မေ့တောင်မေ့နေပြီ) ကောင်စုတ်လေးပဲ။ တကယ့်ကို အသိတရားရှိတဲ့ ကလေးလေးပဲ။ ဟို ထန်ဆန်းရဲ့ အရက်သမားအဖေကတော့ သူ့ကို ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့ဘူး အခုတော့ ကလေးက လမ်းမှား ရောက်ကုန်ပြီ"
အဘိုးအိုတွမ်ကလည်း အားကျမခံ ဝမ်းသာအားရ ထောက်ခံလိုက်သည်။
"ဟုတ်ပ... ဟုတ်ပ ငါလည်း ဒီကောင်စုတ်လေးကို အမြဲတမ်း အသိတရားရှိတဲ့ ကလေးလို့ ထင်နေတာ"
ကျူကျုံးတစ်ယောက် စိတ်ထဲတွင် ကျိန်ဆဲနေမိသည် 'ငါက အဲ့ဒီလောက် အသိတရားရှိတာကို... အဘိုးကြီးက ဘာလို့ ငါ့ကို တွေ့ရင် ထမ်းပိုးနဲ့ အမြဲတမ်း လိုက်ရိုက်နေရတာလဲ'
ထန်ဆန်းသည် ပတ်ဝန်းကျင်ကို ဝေဝေဝါးဝါး ကြည့်လိုက်မိရာ... လူတိုင်းက သူ့ကို အပြစ်တင်ဝေဖန်နေကြပြီး ဘေးမှ ရွာသားများကပင် လက်ညှိုးထိုးကာ တိုးတိုးတိုးတိုးနှင့် အတင်းတုတ်နေကြသည်ကို မြင်လိုက်ရသည်။
ရွာသားတစ်ဦးက "ဒီကလေးက ပုံမှန်ဆို တော်တော် လိမ္မာတယ် အောက်မေ့တာ... အခုတော့ စိတ်ပျက်စရာပဲ။"
ရွာသူမလေးတစ်ဦးကလည်း "ထန်ဆန်း... မင်း တကယ်ကို အရှက်မရှိတာပဲ"
......
ထန်ဆန်းသည် ကျူကျုံး၏ ဘက်သို့ တဖန် လှည့်ကြည့်လိုက်ပြန်သည်။ ထိုကောင်စုတ်လေးက သရော်ပြုံး ပြုံးနေပြီး... မိမိအား ဗြောင်ကျကျပင် လှောင်ပြောင် သရော်နေခဲ့သည်။
ဤအချိန်တွင် ထန်ဆန်းတစ်ယောက် မိမိအား လူတိုင်းက အထင်လွဲသွားကြပြီဖြစ်ကြောင်း ကောင်းကောင်း သဘောပေါက်သွားခဲ့ပြီ။ ကံဆိုးချင်တော့ ထိုကောင်စုတ်လေး၏ အမည်ရင်းကို သူ မသိပေ။ မသိသဖြင့်... ထိုသူ၏ အမည်နာမ (ကျူကျုံး တရုတ်လို ဘိုးဘေး) ကို ‘ဘိုးဘေးကြီး’ ဟု ခေါ်ပြီး မဆဲနိုင်ချေ။ သူ သေလျှင်သေသွားပါစေ... ထိုအမည်ကိုတော့ လျှာဖျားမှ ထွက်ခွင့်ပေးမည် မဟုတ်။
ထန်ဆန်းမှာ အဘိုးအိုတွမ်တို့ ခေါ်သလိုသာ အတုယူကာ ဒေါသတကြီး ကြုံးဝါးလိုက်ရတော့သည်။
"ကောင်စုတ်လေး... ငါ မင်းကို သတ်ပစ်မယ်"
ဤစကားကို ကြားလိုက်ရသောအခါ ဆူယွင်ထောင်းမှာ ထိတ်လန့်သွားရသည်။ ဤကလေးငယ်က မိမိအား သတ်ပစ်မည်ဟု ကြုံးဝါးနေရုံတင်မကဘဲ... အသက် (၂၀) ကျော်မျှသာ ရှိသေးသော မိမိကဲ့သို့ အနာဂတ်အလားအလာရှိသည့် လူငယ်တစ်ဦးကို ‘ကောင်စုတ်လေး’ ဟု ခေါ်ဝေါ်ကာ ရိုင်းစိုင်းစော်ကားနေသည် မဟုတ်ပါလား။ စောစောက စီစီ၏ မျက်နှာကို ထောက်ထား၍ လွှတ်ပေးရန် ကြံရွယ်ထားသော်လည်း ယခုမူ သေဒဏ်မှ ကင်းလွတ်သော်လည်း ပြစ်ဒဏ်ကတော့ မလွဲမသွေ ခံရပေလိမ့်မည်။
ချက်ချင်းပင် ဆူယွင်ထောင်းက ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။
"မင်းကတော့ တကယ်ကို ပြုပြင်လို့မရတဲ့ ကောင်ပဲ ဒါဆိုရင်လည်း မင်းရဲ့ ဝိညာဉ်သခင် အသိအမှတ်ပြု လက်မှတ်ကို မရဘူးလို့သာ မှတ်ထားလိုက်။ အကယ်၍ မင်းသာ ‘နော့တင်းအခြေခံ ဝိညာဉ်သခင် အကယ်ဒမီ’ မှာ ပညာသင်ချင်သေးတယ်ဆိုရင်... နော့တင်းမြို့ကို လာပြီး ငါ့ကို ဒူးထောက် အသေအချာ တောင်းပန်လိုက်စမ်း"
ထို့နောက် ဆူယွင်ထောင်းသည် ကျူကျုံး၏ ဘက်သို့ လှည့်ကာ သူ၏ ဝိညာဉ်သခင် အသိအမှတ်ပြု လက်မှတ်ကို ကမ်းပေးလိုက်ပြီး လေသံမှာ များစွာ နူးညံ့သွားခဲ့သည်။
"ဒါက မင်းရဲ့ လက်မှတ်ပဲ... မြေးလေး။ မင်းက ပါရမီရှင်တစ်ယောက်ပဲ။ နောင်တစ်ချိန် ဝိညာဉ်နန်းတော်ကို ဝင်ရောက်ချင်တယ်ဆိုရင်... အချိန်မရွေး ငါ့ဆီကို လာခဲ့လို့ ရတယ်နော်။"
ကျူကျုံးသည် ဒေါသကြောင့် သွေးရူးသွေးတန်း ဖြစ်နေသော ထန်ဆန်းကို တစ်ချက် ကြည့်လိုက်သည်။ ဤမြင်ကွင်းမှာ မူရင်းဇာတ်လမ်းထဲက ယုန်မလေး ‘ရှောင်ဝူ’ ဒဏ်ရာရရှိချိန်တွင် ထန်ဆန်းတစ်ယောက် ရူးသွပ်သွားသည့် ပုံစံနှင့် အလွန်ပင် ဆင်တူလှပေသည်။
{ဒင် ထန်ဆန်းသည် ပိုင်ရှင်အပေါ် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ဖြစ်ပေါ်နေပါသည်။ မုန်းတီးမှုအဆင့်မှာ (ယာယီ) ၈၀% သို့ မြင့်တက်သွားပြီး မုန်းတီးမှုအမှတ် (၆၈၀၀) ရရှိပါသည်။}
ကျူကျုံး စိတ်ထဲတွင် ရေရွတ်မိသည် 'အားပါးပါး... ငါ့ကို သတ်ချင်နေတာလား။ ငါ့ရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုက အများကြီး တိုးတက်လာတယ်ဆိုပေမယ့် တိုက်ခိုက်ရေး စွမ်းရည်ကတော့ အခုထိ မရှိသေးဘူး။ အခုအချိန်မှာ မပြေးရင်... နောက်မှ ပြေးလို့ ရမှာ မဟုတ်တော့ဘူး။'
ကျူကျုံးသည် ဆူယွင်ထောင်း ကမ်းပေးလာသော လက်မှတ်ကို အမြန်လှမ်းယူလိုက်ပြီး မြှောက်ပင့်စကား အချို့ကို ထပ်မံဆိုကာ မဟာဆရာကြီးကို ရွာပြင်အထိ လိုက်လံ ပို့ဆောင်ပေးရန် ကမ်းလှမ်းလိုက်တော့သည်။
ထန်ဆန်းတစ်ယောက် မိုက်ရူးရဲဆန်သော အပြုအမူများ ထပ်မံလုပ်ဆောင်မည်ကို စိုးရိမ်နေကြသော ရွာသားများမှာလည်း ဤကမ်းလှမ်းချက်ကို မည်သို့ ငြင်းပယ်နိုင်ပါမည်နည်း။
ဆူယွင်ထောင်းနှင့် ကျူကျုံးတို့ ထွက်ခွာသွားပြီးနောက်...
ထန်ဆန်းသည် နောက်ဆုံးတွင် ဒေါသအရှိန်များ လျော့ကျသွားပြီး မျက်နှာတစ်ခုလုံး ကြောင်အမ်းအမ်း ဖြစ်ကာ မျက်ဝန်းအစုံမှ မျက်ရည်ပူနှစ်စက် စီးကျလာတော့သည်။ သူသည် တိုးတိုးလေး ရေရွတ်မိသည်။
"ငါ... ငါ ခုနက ဘာတွေ ဖြစ်သွားတာလဲ..”
ရယ်စရာ ဇာတ်လမ်းကြီး ပြီးဆုံးသွားသဖြင့် ဘေးမှ ကြည့်နေကြသော ရွာသားများလည်း မိမိတို့ အိမ်ဆီသို့ အသီးသီး ပြန်သွားကြတော့သည်။
အဘိုးအိုဂျက်သည် ထန်ဆန်း၏ လက်ကို ဆွဲကိုင်ထားသော်လည်း သူ၏ မျက်နှာပေါ်တွင် ယခင်ကကဲ့သို့ ကြင်နာတတ်သော အမူအရာမျိုး လုံးဝမရှိတော့ဘဲ အလွန်ပင် တည်တံ့လေးနက်နေခဲ့သည်။
ထန်ဆန်း၏ မျက်နှာငယ်လေးမှာမူ အရှက်ရမှုများကြောင့် နီမြန်းတွန့်ကွေးနေပြီး ရင်ဘတ်တစ်ခုလုံး ပိတ်ဆို့ကာ မျက်ရည်များဖြင့် ဝေဝါးနေခဲ့သည်။ သူ၏ နှာခေါင်းဝတွင်လည်း မျက်ရည်ကြောင့် စပ်ဖျင်းဖျင်း ခံစားနေရသည်။ သူသည် ကြီးမြတ်လှသော { ထန်ဂိုဏ်း၏ တုနှိုင်းမဲ့ ကိုယ်ခံပညာပိုင်ရှင် + အမြွှာဝိညာဉ် ပါရမီရှင်} တစ်ဦး ဖြစ်ပါလျက်နှင့် ယခုကဲ့သို့ လူအများအပြား၏ ရှေ့မှောက်တွင် ကလေးတစ်ယောက်လို ငိုကြွေးမိလိမ့်မည်ဟု အိပ်မက်ပင် မက်မထားခဲ့ဖူးချေ။
ဒါတွေ အားလုံးက... ထိုကောင်စုတ်လေးကြောင့် ဖြစ်ရတာ
'နေပါဦး... ဟုတ်သားပဲ ငါ့မှာ နောက်ထပ် ကိုယ်ပိုင်ဝိညာဉ် တစ်ခု ရှိသေးတာပဲ။ အဲ့ဒီ ဝိညာဉ်က ငါ့ရဲ့ ညာဘက်လက်ထဲက အမှိုက်မြက်ထက် အများကြီး ပိုပြီး သန်မာတာ သေချာတယ်။ အဲ့ဒီတော့... ငါက ဘာလို့ ထိုကောင်စုတ်လေးကို မနာလို ဖြစ်နေရမှာလဲ။' ဤသို့ တွေးမိမှသာ ထန်ဆန်း၏ စိတ်အခြေအနေက အနည်းငယ် ပြန်လည် ကောင်းမွန်လာတော့သည်။
အဘိုးအိုဂျက်သည် ထန်ဆန်းကို ထန်ဟောက်၏ အိမ်သို့ ခေါ်ဆောင်လာခဲ့ပြီး ပျက်စီးယိုယွင်းနေသော သစ်သားတံခါးကြီးကို ခြေထောက်ဖြင့် ကန်ဖွင့်ကာ အိမ်ထဲသို့ ဝင်လျှင် ဝင်ချင်း ဆဲဆိုတော့သည်။
"ထန်ဟောက်... မင်းလို အသုံးမကျတဲ့ကောင် တစ်နေ့တစ်နေ့ ပျင်းရိပြီး အရက်သောက်တာကလွဲရင် ဘာမှ မလုပ်တတ်ဘူး။ ထန်ဆန်းလေး လမ်းမှား ရောက်နေတာကိုရော မင်း သိရဲ့လား။ မင်းက ဘယ်လို အဖေမျိုးလဲ... @¥%..."
အတိုချုပ်ရလျှင်... နားမခံသာသော ဆဲရေးတိုင်းထွာသံများ အိမ်တစ်ခုလုံး ဖုံးလွှမ်းသွားတော့သည်။
တန်ဖိုးနည်း အရက်ကြမ်းများကို သောက်သုံးပြီးကာစ ဖြစ်သဖြင့် ခေါင်းမူးကာ အိပ်ပျော်လုနီးပါး ဖြစ်နေသော ထန်ဟောက်သည် အဘိုးအိုဂျက်၏ အော်ဟစ်ဆဲဆိုသံကြောင့် အနည်းငယ် ကြောင်အမ်းသွားရသည်။ သို့သော် နှစ်ပေါင်းခြောက်နှစ်တိုင်တိုင် အဘိုးအိုဂျက်၏ ဆဲဆိုမှုကို ခံလာခဲ့ရသူဖြစ်သဖြင့် သူ၏ နားထဲတွင် ထိုဆဲသံများကို အလိုလို ပယ်ဖျက်လိုက်သော်လည်း... "ထန်ဆန်းလေး လမ်းမှား ရောက်နေတယ်" ဟူသော စကားစုကိုမူ အသေအချာ ကြားလိုက်ရသည်။
ဒါက မဖြစ်နိုင်တာ ထန်ဟောက်က ဘယ်သူလဲ။ သူက သမိုင်းတစ်လျှောက် အသက်အငယ်ဆုံးနှင့် အစွမ်းထက်ဆုံး ‘တိုက်တန်ဒိုလော့’ တစ်ဦး မဟုတ်ပါလား။ သူသည် မိမိ၏ ဇနီးသည်ဖြစ်သော ငွေပြာဧကရာဇ်နွယ်ပင်အတွက် ဝိညာဉ်နန်းတော်၏ ပုပ်ရဟန်းမင်းကြီးကိုပင် တစ်ကိုယ်တည်း ထိပ်တိုက်ရင်ဆိုင်ခဲ့သူ ဖြစ်သည်။
"ခမ်းနားကြီးကျယ်လှတဲ့ ဟောက်ထျန်းတူကြီး... တစ်လောကလုံးကို တုန်လှုပ်စေတဲ့ ဟောက်ထျန်းတူကြီး" ကို ပိုင်ဆိုင်ထားပါလျက်နှင့်... သူ၏ ဝိညာဉ်ကွင်းပင် မရှိသေးသော အသုံးမကျသည့် သားဖြစ်သူက လမ်းမှားသို့ ရောက်ရှိကာ မကောင်းမှုများကို သင်ယူနေသည် ဟု ဆိုပါလား။ ဒါက တကယ့်ကို သေတွင်းကို ရှာနေခြင်းပင် ဖြစ်သည်။
ဤသို့ဆိုလျှင် ကွယ်လွန်သွားခဲ့ပြီဖြစ်သော ဇနီးသည် ‘အာယင်’ ကို သူ မည်သို့ မျက်နှာပြဝံ့တော့မည်နည်း။
ဟေး... ဟောက်ထျန်း တူကြီးရဲ့ အစွမ်းကို မြည်းစမ်းကြည့်စမ်း
ထန်ဟောက်သည် ရှေ့သို့ တစ်လှမ်း တိုးလိုက်ပြီး ထန်ဆန်း၏ ပါးပြင်တည့်တည့်သို့ ပြင်းထန်လှသော လက်ဝါးချက်တစ်ချက် လွှဲရိုက်လိုက်တော့သည်။
ဖြန်း
ရိုက်ချက်အသံမှာ အိမ်အပြင်အထိ ထွက်ပေါ်သွားလောက်အောင် ကျယ်လောင်လှပေသည်။
ထန်ဟောက်က ဒေါသတကြီး ကြိမ်းမောင်းလိုက်သည်။
"မင်းက ငယ်ငယ်ကတည်းက အမေမရှိတဲ့ကလေး... အဖေဖြစ်တဲ့ငါက မင်းကို ဆန်ပြုတ်တိုက် အနှီးလဲပေးပြီး ဒုက္ခခံ မွေးမြူလာခဲ့တာ။ မင်းက ဘယ်လိုသတ္တိနဲ့ လမ်းမှားကို လျှောက်ရဲတာလဲ"
(စာရေးသူ၏ မှတ်ချက် ဆန်ပြုတ်တိုက် အနှီးလဲပေးတယ် ဟုတ်လား...။ ထန်ဟောက် မင်း နည်းနည်းလေးတောင် ရှက်မနေဘူးလား။)
ထန်ဆန်း၏ ပါးပြင်ပေါ်တွင် နီရဲနေသော လက်ဝါးရာကြီးတစ်ခု ထင်ရှားစွာ ပေါ်ထွက်လာခဲ့သည်။ သူသည် ရိုက်ချက်ကြောင့် အံ့အားသင့်သွားပြီး ခေါင်းတစ်ခုလုံး ဝူးဝူးဝါးဝါးဖြင့် အသံများ မြည်ဟည်းနေခဲ့သည်။
ထန်ဆန်းသည် စိတ်ထဲတွင် အလွန်ပင် ဝမ်းနည်းကြေကွဲရပြီး မခံမရပ်နိုင် ဖြစ်သွားရသည်။ ယခင်ဘဝ နှစ်ဘဝစလုံးတွင်... မိမိ၏ ဖြူစင်မှုကို သက်သေပြရန် ‘တစ္ဆေငိုတောင်ကုန်း’ မှ ခုန်ချခဲ့စဥ်ကပင် ယခုကဲ့သို့ မတရားသဖြင့် စွပ်စွဲခံရကာ ဝမ်းနည်းရခြင်းမျိုး မရှိခဲ့ဖူးချေ။
"ဝါး..." ဆိုကာ ထန်ဆန်းတစ်ယောက် ကလေးငယ်တစ်ဦးကဲ့သို့ အော်ဟစ်ငိုချလိုက်တော့သည်။
"အဖေ... အဖေကအစ ကျွန်တော့်ကို နှိပ်စက်တယ် ဝါး..."
ထန်ဟောက် : 'နေပါဦး... ငါက ဘယ်သူလဲ ငါ အခု ဘာတွေ လုပ်လိုက်မိတာလဲ...'
သူတော်စင်ဝိညာဉ်ရွာတွင် ဆူယွင်ထောင်းကို ပို့ဆောင်ပေးပြီးနောက် ကျူကျုံးသည် ဧကရာဇ်ဝိညာဉ်ရွာဆီသို့ တန်းတန်းမတ်မတ် ပြန်လာခဲ့သည်။
ရွာအဝင်သို့ ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက်... ပုံမှန်အားဖြင့် ကျူကျုံးကို လှည့်ပင်မကြည့်ကြသော ရွာမှ မိန်းကလေးငယ်များမှာ ယခုအခါ ရှေ့သို့ ပြိုင်တူတိုးလာကြပြီး အမြီးနန့်နေကြသော ခွေးကလေးများပမာ ဝန်းရံလာကြတော့သည်။
အချစ်ရူးမလေး အေ က "ဒါ ဘယ်အိမ်က သားလေးလဲ... အိုမောင် တကယ်ကို ချောမောလွန်းတယ်"
ပန်ကာမလေး ဘီ က "သူ့ရဲ့ အသားအရေက တကယ်ကို ချောမွေ့တာပဲ ငါ့ထက်တောင် ပိုပြီး ဖြူဝင်းနေသေးတယ်"
ပန်ကာမလေး စီ က "ဒီ ဆံပင်ပြာပြာလေးက ဆိုးထားတာလား မသိဘူးနော်... အရမ်း ချစ်စရာကောင်းတာပဲ"
အသက်ကြီးကြီး အမျိုးသမီးကြီးတစ်ဦးကမူ "ငါ့သမီးအတွက် သမက်လောင်း ရှာတွေ့ပြီဟေ့..."
......
ပတ်ဝန်းကျင်မှ လူအများ၏ တိုးတိုးတိုးတိုးနှင့် ချီးမွမ်းပြောဆိုသံများကို ကြားလိုက်ရသောအခါ ကျူကျုံး၏ နှုတ်ခမ်းများ တွန့်ကွေးသွားရသည်။
'ဟွန့်... ရုပ်ရည်ကိုပဲ ကြည့်တတ်တဲ့ အပေါ်ယံလူတွေ။ မင်းတို့အားလုံးက ငါ သခင်လေးရဲ့ ခန္ဓာကိုယ်ကိုပဲ မက်မောနေကြတာ မဟုတ်လား။ တကယ်ကို အောက်တန်းကျလွန်းတယ်...။'
သူသည် မိမိ၏ ပျက်စီးယိုယွင်းနေသော သစ်သားအိမ်ငယ်လေး—မဟုတ်သေးပါ သက်ကယ်မိုး အိမ်အိုလေးဆီသို့ ပြန်ရောက်သောအခါ တံခါးကို ဂျက်ထိုး၍ အသေအချာ ပိတ်လိုက်သည်။ သူသည် အဖိုးတန်ပစ္စည်းများကို ‘ခိုးယူ’ ရန် ပြင်ဆင်တော့မည် မဟုတ်ပါလား။
{ဒင် ထန်ဟောက်၏ ဆုံးမမှုကို ခံရပြီးနောက် ထန်ဆန်းသည် ဟောက်ထျန်းတူကြီး၏ အစွမ်းကို သဘောပေါက်သွားခဲ့ပြီး ပိုင်ရှင်အား ကောင်းမွန်စွာ တိုက်ခိုက်ရန် ပြင်ဆင်နေပါသည်။}
မုန်းတီးမှုအဆင့် : ၂၀% သို့ လျော့ကျသွားပါသည်။ ထန်ဆန်းသည် သတ်ဖြတ်လိုစိတ်ကို စွန့်လွှတ်လိုက်ပြီဖြစ်သော်လည်း ပိုင်ရှင်အား ပြင်းထန်စွာ ရိုက်နှက်လိုစိတ် ရှိနေဆဲ ဖြစ်သည်။
မုန်းတီးမှုအမှတ် (၆၀၀၀) လျော့ကျသွားပါသည်။
စနစ်၏ သတိပေးသံကို ကြားလိုက်ရသောအခါ ကျူကျုံးသည် မိမိကိုယ်မိမိ ပါးတစ်ချက် ဖွဖွ ရိုက်လိုက်မိတော့သည်။ (စာရေးသူ၏ မှတ်ချက် အသံတောင် မထွက်ပါဘူး... ဟန်ဆောင်နေတာ သက်သက်။)
"တောက် သောက်ကျိုးနည်း... ငါ အပင်ပန်းခံပြီး လုပ်ခဲ့သမျှ အားလုံး အလကား ဖြစ်သွားပြီ"