အပိုင်း (၄၀) ကြယ်တာရာတောအုပ်က ‘နတ်မိမယ်လေး’ ကို မှတ်မိသေးရဲ့လား
‘ကျူးကျူးချင်း’ ဟူသော အမည်နာမကို ကြားလိုက်ရသည့်ခဏတွင် ထိုနက်မှောင်သော လူရိပ်ကလေးမှာ သိသိသာသာ တုန်ရင်သွားခဲ့သည်။ ချက်ချင်းဆိုသလိုပင် သူမ၏ရင်ထဲ၌ ဒေါသတရားများ တောက်လောင်လာပုံရကာ လှုပ်ရှားမှုများမှာလည်း မသိမသာ ပိုမိုသွက်လက်ချက်ချာလာတော့သည်။
ထိုအမူအရာကို မြင်လိုက်ရရုံဖြင့် ကျူကျုံးတစ်ယောက် စိတ်ထဲကနေ ကျေနပ်စွာ ခေါင်းညိတ်လိုက်မိသည်။ ‘ကြည့်ရတာ တကယ်ပဲ ကျူးကျူးချင်း ဖြစ်နေတာပဲ။ ဒီနေ့ ဘာတွေ စိတ်နောက်နေလို့ ညကြီးမင်းကြီး လာတိုက်ခိုက်နေရတာလဲမသိဘူး။ ငါသာ သူမရဲ့ ကောက်ကြောင်းအလှကို... (ကျူကျုံး အဟွတ် အဟွတ်... လျှောက်မကြည့်ကြနဲ့ဦး) ကြိုတင်ပြီး ရိပ်မိမထားမိရင် စောစောက လက်နက်ပုန်းနဲ့ သူမရဲ့ လည်ပတ်ကို လှီးမိနေလောက်ပြီ’
ကျူကျုံးသည် ကျူးကျူးချင်း၏ တိုက်ကွက်ကို နောက်တစ်ကြိမ် တိမ်းရှောင်လိုက်ရင်း အားနာနာဖြင့် လှမ်းပြောလိုက်သည်။ "ဟေ့... ကျူးကျူးချင်း မင်းက ဘာဖြစ်လို့ အကြောင်းပြချက်မရှိဘဲ ငါ့ကို လာတိုက်နေရတာလဲ။ ငါ မင်းကို ဘာပြစ်မှု ပြုမိလို့လဲဟ"
သူမ၏အမည် ‘ကျူးချင်း’ ကို အပိုင်ခေါ်လိုက်သံ ကြားရသည့်အခါတွင်မူ အနက်ရောင်ဝတ်စုံဝတ် ဆရာသမားလေးမှာ လှုပ်ရှားမှုများကို ရုတ်တရက် ရပ်တန့်လိုက်သည်။ သူမ၏ လေသံမှာ ရေခဲမျှမက အေးစက်လှ၏။ "ငါ့ကို နိုင်အောင် တိုက်နိုင်ရင် ပြောပြမယ်"
“ပထမဝိညာဉ်စွမ်းရည် ငရဲလှံစိုက်ချက်”
“ဒုတိယဝိညာဉ်စွမ်းရည် ငရဲလက်သည်းရာပြား”
"ကဲ... ဟုတ်ပြီ ဒါဆိုလည်း အလိုက်သင့်လေး ဆော့ပေးရတာပေါ့" ကျူကျုံးလည်း မတတ်သာတော့သဖြင့် သူ၏ ‘အပြာရောင်ငွေဧကရာဇ်’ ဝိညာဉ်ကို ဆင့်ခေါ်လိုက်ရတော့သည်။ ဝိညာဉ်စွမ်းအားများကို သူ၏ညာဘက်လက်ဖဝါးတွင် စုစည်းလိုက်သည်နှင့် တစ်ပြိုင်နက် လူတစ်ကိုယ်စာမက တုတ်ခိုင်လှသော အပြာရောင်ငွေဧကရာဇ် နွယ်ရှင်အမြောက်အမြားသည် မြေပြင်မှ ရုန်းကြွလာပြီး ကျူးကျူးချင်းထံသို့ ဦးတည်ကာ ပစ်ခတ်သွားခဲ့တော့သည်။
သို့သော် ကျူကျုံးသည် မိန်းကလေးများ အထူးသဖြင့် လှပသော မိန်းကလေးများအပေါ်တွင်မူ လွန်စွာ သဘောထားကြီးတတ်သူ ဖြစ်သည်။ သူမသည် မူရင်းဝတ္ထုထဲကကတည်းက သူ သဘောကျခဲ့ရသော မိန်းကလေးတစ်ဦး ဖြစ်နေသည်မဟုတ်ပါလား။ မိမိကို အသက်အန္တရာယ်ပြုရန် ရည်ရွယ်ချက်မရှိသရွေ့ သူက ကြင်နာတတ်စမြဲ ဖြစ်သည်။ ထို့ကြောင့် ယခုအကြိမ်တွင် သူသည် သာမန် ‘အပြာရောင်ငွေနွယ်ရှင် တုတ်နှောင်ခြင်း’ အကွက်ကိုသာ သုံးလိုက်သည်။
မျှော်လင့်ထားသည့်အတိုင်းပင်... မူရင်းဇာတ်လမ်း၌ ထန်ဆန်း၏ သာမန်အပြာရောင်ငွေမြက်ပင်ကိုပင် မယှဉ်နိုင်ခဲ့သော ကျူးကျူးချင်းသည် ကျူကျုံး၏ ‘အပြာရောင်ငွေဧကရာဇ်’ ရှေ့မှောက်တွင် ဘယ်လိုမှ မခုခံနိုင်ခဲ့ချေ။
ကျူးကျူးချင်း၏ ပထမနှင့် ဒုတိယဝိညာဉ်စွမ်းရည်များသည် ကျူကျုံး၏ အဝတ်စွန်းကိုပင် မထိနိုင်ခဲ့ဘဲ နွယ်ရှင်အချို့ကိုသာ ဖြတ်တောက်နိုင်ခဲ့ပြီးနောက်... ခဏချင်းအတွင်းမှာပင် ကျူကျုံး၏ နွယ်ရှင်များက သူမ၏ လက်ခြေများကို တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ကာ နံရံတွင် ကတ်ကြေးကောင်ပုံသဏ္ဌာန်ဖြင့် အမိအရ ရိုက်ကပ်ဖမ်းဆီးလိုက်တော့သည်။
"ကဲ... အခုတော့ အကြောင်းရင်းကို ပြောလို့ရပြီမလား ကျူးချင်း"
ကျူးကျူးချင်းသည် ကျူကျုံးကို မီးပွင့်မတတ် စိုက်ကြည့်လိုက်ရင်း "တောက်... ကျူကျုံး ငါ မင်းကို လူမှားကြည့်ခဲ့မိတယ်။ မင်းလည်း တိုက်မုပိုင်လို လူရှုပ်လူပွေအမျိုးအစားထဲကပဲလို့ ငါ မထင်ထားခဲ့ဘူး"
‘ဘုရားရေ... ဒါက ဘာကံကြမ္မာဆိုးကြီးလဲ’
‘သူမက ငါ့ကို ရှောင်ဝူ ရဲ့လင်လင်တို့နဲ့အတူ နှင်းဆီဟိုတယ်ထဲ ဝင်သွားတာကို မြင်ပြီးတော့ ဟိုတယ်ခန်းထဲမှာ နဂါးနဲ့ဖီးနစ် ကခုန်ပွဲ (အပျော်အပါးပွဲ) ဆင်နွှဲတော့မယ်လို့ ထင်နေတာလား’
ကျူကျုံးသည် လည်ချောင်းတစ်ချက် ရှင်းလိုက်ပြီး "အဟမ်း... နေဦး နေဦး... အရင်ဆုံး ငါ အခြေအနေကို ရှင်းပြပါရစေဦး။ ရှောင်ဝူ လင်လင်နဲ့ ငါက ကျောင်းတော်တစ်ခုတည်းက သူငယ်ချင်းတွေသက်သက်ပါ။ ငါတို့ကျောင်းက ကျောင်းသား ကိုးယောက်လုံး ဆော့တိုမြို့ကို ရောက်နေကြတာ။ ဟိုတယ်တွေက လူပြည့်နေလို့ အဖွဲ့ခွဲပြီး ဟိုတယ်ရှာကြရင်း ငါတို့သုံးယောက်က တစ်ဖွဲ့တည်း ကျသွားတာလေ။ ပြီးတော့ ငါက ကိုယ်ပိုင်အခန်းတစ်ခန်းတည်းမှာ တစ်ယောက်တည်း အိပ်တာပါ။ မင်းထင်သလို ညစ်ပတ်စုတ်ပဲ့တဲ့ ကိစ္စမျိုး လုံးဝမရှိပါဘူး"
ကျူကျုံး၏ ပျာပျာသလဲ ရှင်းပြချက်ကြောင့် ကျူးကျူးချင်း၏မျက်ခုံးတန်းလေးများက အနည်းငယ် ပြေလျော့သွားကာ "တကယ်ပဲလား..." ဟု မေးရှာသည်။
"ငါက မင်းကို ဘာကိစ္စနဲ့ လိမ်ရမှာလဲ။ မယုံရင် နှင်းဆီဟိုတယ်က ကောင်တာကလူကို သွားမေးကြည့်လို့ရတယ်"
ဟုတ်ပေသည်... ကျူကျုံးတစ်ယောက် ရင်ထဲက စကားတစ်ခွန်းကိုတော့ အပြင်ထုတ်မပြောခဲ့ချေ။ ‘မိန်းကလေးရယ်... ငါကပဲ နဂါးနဲ့ဖီးနစ် ကခုန်ပွဲ ဆင်နွှဲဆင်နွှဲ ဘာပဲလုပ်လုပ် မင်းနဲ့ ဘာဆိုင်လို့လဲ’
ကျူးကျူးချင်းသည် ကျူကျုံး၏ မျက်ဝန်းများကို အကဲခတ်သည့်အလား အတန်ကြာ စိုက်ကြည့်နေပြီးနောက် တစ်ဖက်လူ လိမ်ညာနေခြင်းမဟုတ်မှန်း သေချာသွားသည့်အခါမှ ရင်ထဲက သက်ပြင်းပူကြီးကို မှုတ်ထုတ်လိုက်ပြီး "ဟူး... ဒါဆိုလည်း ငါ့ကို အရင်လွှတ်ပေးဦး"
"အိုကေ... ဒါပေမဲ့ ငါ့ကို ထပ်မရိုက်ဘူးလို့ ကတိပေးရမယ်နော်" ကျူကျုံးတစ်ယောက် ကမ္ဘာပေါ်မှာ ဘာကိုမှမကြောက်သော်လည်း ဤကဲ့သို့သော ဇွတ်တရွတ်နိုင်လှသည့် မိန်းကလေးမျိုး အထူးသဖြင့် မိမိရင်ထဲရှိသော သူမျိုးကိုမူ အလွန်အမင်း အလျှော့ပေးတတ်စမြဲ ဖြစ်သည်။
စာရေးဆရာ "ဟွန့်... ကြောက်လို့ပါတဲ့လား။ မင်းက ထိုမိန်းကလေးရဲ့ ကောက်ကြောင်းအလှကို မက်မောနေတာ သက်သက်ပါကွာ"
ကျူးကျူးချင်းသည် စိတ်ထဲကနေ မျက်လုံးတစ်ချက် လှန်ပြလိုက်ပြီးနောက် တိုးညှင်းသော လေသံဖြင့် "ငါ့ကို... ဒီလောက်တောင် ရွံရှာနေတာလား..." ဟု ရေရွတ်လိုက်သည်။
"ကဲ... အဆင်ပြေပြီ" ကျူကျုံးက လက်ဖျစ်တစ်ချက် တီးလိုက်သည်နှင့် လမ်းကြားလေးအတွင်းရှိ အပြာရောင်ငွေနွယ်ရှင်များ အားလုံး ချက်ချင်းပင် အငွေ့ပျံ ပျောက်ကွယ်သွားတော့သည်။
လွတ်လပ်သွားသော ကျူးကျူးချင်းသည် ချုပ်နှောင်ခံထားရမှုကြောင့် တောင့်တင်းနေသော ညောင်းညာမှုများကို ပြေလျော့စေရန် မိမိ၏ ခန္ဓာကိုယ်အလှကို ဆန့်ထုတ်လိုက်သည်။ သူမ ခေါင်းငုံ့လိုက်သည့်အချိန်တွင် ပေါ်လွင်သွားသော ရင်သားအစုံ၏ ကောက်ကြောင်းအလှက ကျူကျုံးအတွက်တော့ မျက်စိပွဲတော်ကြီးတစ်ခုအလား ဖြစ်သွားရတော့သည်။
ကျူကျုံး၏ ခိုးကြည့်နေသော အကြည့်ကို သတိပြုမိသွားသည့်အခါတွင်မူ ကျူးကျူးချင်း၏ အေးစက်လှသော မျက်နှာလေးမှာ အနည်းငယ် ရှက်သွေးဖြာကာ နီမြန်းသွားပြီး "ပြောစမ်း... ဒီနေ့ ဆော့တိုမြို့မှာ ဘာဖြစ်ခဲ့တာလဲ။ ဘာဖြစ်လို့ တိုက်ခိုက်ရေးကွင်းအဝင်ဝတုန်းက ငါ့ကို မြင်လျက်သားနဲ့ မသိချင်ယောင်ဆောင်နေရတာလဲ" ဟု မေးခွန်းထုတ်လိုက်သည်။
"ဘာ..."
ကျူကျုံးတစ်ယောက် ဆွံ့အသွားရသည်။ ‘ငါက ဒီမိန်းကလေးကို သိတာတော့ သိပါတယ်... ဒါပေမဲ့ အဲဒါက ယခင်ဘဝက ကာတွန်းတွေ ဝတ္ထုတွေထဲမှာ ဖတ်ဖူးတာလေ။ ဘာဖြစ်လို့ သူမက ငါ့ကို နှစ်ပေါင်းများစွာ သိကျွမ်းလာခဲ့တဲ့ အရင်းနှီးဆုံးလူတစ်ယောက်လို လာပြောနေရတာလဲ’
ကျူးကျူးချင်းသည် သူမ၏ ချယ်ရီသီးလို နှုတ်ခမ်းလေးကို စူလိုက်ရင်း မကျေမနပ်ဖြင့် "ဘာလဲ... အရင်တစ်ခေါက်ကလိုပဲ ငါနားမလည်တဲ့ စကားလုံးတွေ လျှောက်ပြောပြီး လှည့်စားဦးမလို့လား။ စကားလမ်းကြောင်းမလွှဲနဲ့ ငါ့ကို မြန်မြန်ပြန်ဖြေ"
ကျူကျုံးသည် နဖူးကမရှိသော ချွေးများကို သုတ်လိုက်ရင်း စိတ်ထဲကနေ အသည်းအသန် စဉ်းစားနေမိသည်။ ‘ငါ နောင်အနာဂတ်မှာ အတိတ်ကို အချိန်ခရီးသွားပြီး ပြန်သွားခဲ့လို့လား။ မဖြစ်နိုင်တာ... ကျူးကျူးချင်းက ငါ့ထက် အသက်ခွဲနှစ်လောက် ငယ်တာပဲ ပြီးတော့ ငါ့ရုပ်ရည်ကို မြင်ရတာလည်း ထူးဆန်းအံ့ဩမနေဘူး။ ဒါဆို အဲဒီအချက်ကို ပယ်ဖျက်လို့ရတယ်’
"ဟေ့... ကျူးချင်း ငါ့ကို နည်းနည်းလောက် အရိပ်အမြွက် ပေးလို့မရဘူးလား"
ဤစကားကို ကြားလိုက်ရသည့်အခါတွင်မူ ကျူးကျူးချင်း၏ တည်ငြိမ်စပြုလာသော မျက်နှာလေးမှာ ချက်ချင်းပင် ရေခဲတမျှ ပြန်လည်အေးစက်သွားတော့သည်။ သူမက ရင်နာနာဖြင့် မေးခွန်းထုတ်လိုက်သည်။ "မင်းက မှောင်မည်းနေတဲ့ ဒီလမ်းကြားထဲမှာတောင် ငါ့ကို ချက်ချင်းမှတ်မိနေတာပဲ။ ဒါဆိုရင် စောစောက မီးရောင်တွေ လင်းထိန်နေတဲ့ တိုက်ခိုက်ရေးကွင်းအပြင်ဘက်မှာကျတော့ မမှတ်မိဘူးလို့ ပြောချင်တာလား။ ပြောစမ်းပါ... အဲဒီ ရှောင်ဝူနဲ့ ရဲ့လင်လင်တို့ကြောင့်မလား"
ဤနေရာသို့ ရောက်သောအခါ ကျူးကျူးချင်း၏ မျက်ဝန်းအစုံမှာ နီမြန်းလာပြီး မျက်ရည်များက ဝဲတက်လာခဲ့ကာ ရှိုက်ကြီးတငင်ဖြင့် ဆိုရှာသည်။ "ကျူကျုံး... မင်း ကြယ်တာရာတောအုပ်ထဲက ‘နတ်မိမယ်လေး’ ကို မှတ်မိသေးရဲ့လား"
‘ဘုရားရေ... ဘုရားရေ... သွားပြီ’
ကျူကျုံး စိတ်ထဲကနေ ‘သွားပြီ’ ဟု သုံးကြိမ်တိုင်တိုင် အော်ဟစ်လိုက်မိသည်။
သူမကို ပထမဆုံး မြင်တွေ့ခဲ့ရသည့်အချိန်ကစပြီး ဘာဖြစ်လို့ သူမ၏မျက်ဝန်းတွေက လွမ်းမောဖွယ် အချစ်ရုပ်ရှင်တွေထဲကအတိုင်း ဖြစ်နေရသလဲဆိုသည်ကို သူ အခုမှ ကောင်းကောင်းကြီး သဘောပေါက်သွားတော့သည်။
‘အရှင်မင်းကြီး... ဒါမင်ရေကန်ကြီးရဲ့ ဘေးက ရှမိန်ဟယ်လေးကို မှတ်မိသေးရဲ့လား’ ဆိုသည့်အတိုင်း...
"ကျူကျုံး... မင်း ကြယ်တာရာတောအုပ်ထဲက ‘နတ်မိမယ်လေး’ ကို မှတ်မိသေးရဲ့လား"
ကြည့်စမ်း... တကယ့်ကို ရင်းနှီးလွန်းလှသော စကားစုလေး မဟုတ်ပါလား။ ဒိုလော့ဗားရှင်း ‘မင်းသမီးလေး ပုလဲ’ ဇာတ်လမ်းအတိုင်းပင်။
ကျူကျုံး သူမကို မမှတ်မိသည်မှာလည်း မဆန်းချေ။ လွန်ခဲ့သော နှစ်နှစ်က ကျူးကျူးချင်းသည် ‘နတ်မိမယ်လေး’ဟူသော နာမည်ဝှက်ကို အသုံးပြုခဲ့ပြီး ထိုစဉ်က သူမ၏ ရင်သားအလှမှာ ကြက်ဥကြော်တစ်လုံးစာမျှသာ ရှိသေးသည်။ အချိန်နှစ်နှစ်အတွင်းမှာပင် ငှက်ကုလားအုတ်ဥနီးပါး ကြီးထွားဖွံ့ဖြိုးလာမည့် ကျူးကျူးချင်း ဖြစ်လာလိမ့်မည်ဟု ဘယ်သူက ကြိုတင်တွေးဆထားနိုင်မည်နည်း။ ဤသည်ကပင် မိမိကိုယ်ပိုင် အတွေးအမြင်များကြောင့် အမှားအယွင်း ဖြစ်သွားရခြင်းပင်။
အခြေအနေကို လွန်ခဲ့သော နှစ်နှစ်ခန့်က အချိန်ဆီသို့ ပြန်လည်ရွှေ့ပြောင်းကြည့်လိုက်လျှင်...
ထိုစဉ်က ကျူးကျူးချင်းသည် အဆင့် ၂၀ သို့ စတင်ချိုးဖျက်နိုင်ခဲ့ချိန် ဖြစ်သည်။
မိသားစု၏ ကိုယ်ရံတော်များ၏ လမ်းပြမှုဖြင့် အသက်တစ်ဆယ်အရွယ် ကျူးကျူးချင်းလေးသည် သူမ၏ ဒုတိယဝိညာဉ်ကွင်းကို ရှာဖွေရန် ကြယ်တာရာတောအုပ်အတွင်းသို့ ခရီးဆန့်ခဲ့သည်။
မိသားစုကိုယ်ရံတော်က ပြုံးရွှင်စွာဖြင့် လှမ်းမေးသည်။ "သခင်မလေး... သခင်မလေးရဲ့ ဒုတိယဝိညာဉ်ကွင်းအတွက် ဘယ်လို သားရဲမျိုးကို အလိုရှိပါသလဲခင်"
ထိုအချိန်က ကျူးကျူးချင်းလေးမှာ အရွယ်မရောက်သေးသဖြင့် ယခုထက် ပိုမိုနုပျိုကာ ချစ်စရာကောင်းသော လိုလီမလေးတစ်ဦးအလား ရှိသေးသည်။
သို့သော် သူမ၏မျက်နှာပေးမှာ အနည်းငယ် အေးစက်စပြုနေပြီ ဖြစ်သည်။ ထိုအေးစက်မှုမှာ ဟန်ဆောင်ခြင်းမဟုတ်ဘဲ ရင်ထဲကလာသော အေးစက်မှုမျိုး ဖြစ်သည်။ သူမ၏ နက်မှောင်သော မျက်ဝန်းအစုံတွင် အသက်ဓာတ် ကင်းမဲ့နေသကဲ့သို့ ခံစားရပြီး နီမြန်းသော ပါးပြင်လေးများနှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်။ "ဦးလေးကျူး... သမီးက အရှိန်အဝါနဲ့ တိုက်စစ်ဆင်တဲ့ လမ်းစဉ်ကို သွားမှာမို့လို့ သမီးအတွက် ကျင့်ကြံခြင်းသက်တမ်း ခုနစ်ရာဝန်းကျင်ရှိတဲ့ ‘လေမုန်တိုင်းကျားသစ်နက်’တစ်ကောင်ကို ရှာပေးပါ"
ဦးလေးကျူးဟု ခေါ်တွင်သော ကိုယ်ရံတော်ကြီးက ခေါင်းညိတ်လိုက်သည်။ လေမုန်တိုင်းကျားသစ်နက်မှာ အရှိန်အဟုန်ပြင်းလှသော ဝိညာဉ်သားရဲတစ်ကောင်ဖြစ်ပြီး ဝိညာဉ်ဆရာသခင်က ၎င်းကို စုပ်ယူပြီးပါက အရှိန်နှင့်ပတ်သက်သော ဝိညာဉ်စွမ်းရည်ကို ရရှိရန် ရာခိုင်နှုန်း လွန်စွာများပြားသည်။ အထူးသဖြင့် ‘ငရဲကြောင်ရိုင်း’ ဝိညာဉ်ကို ပိုင်ဆိုင်ထားသော ကျူးကျူးချင်းအတွက်တော့ အကောင်းဆုံး ရွေးချယ်မှုပင် ဖြစ်သည်။
ဦးလေးကျူးမှာ ကျူးကျူးချင်း၏ မိခင်ဖြစ်သူက အထူးတာဝန်ပေးအပ်ထားသော ကိုယ်ရံတော် ဖြစ်သည်။ အဆင့် ၅၁ ရှိသော ‘ဝိညာဉ်ကျားသစ်’ ဆရာသခင်ဖြစ်ပြီး အရှိန်အဟုန် လမ်းစဉ်၏ ထိပ်တန်းကျွမ်းကျင်သူ ဝိညာဉ်ဘုရင်တစ်ဦး ဖြစ်ကာ သခင်မလေး၏ ဘေးကင်းလုံခြုံရေးကို အဓိက တာဝန်ယူထားရသူ ဖြစ်သည်။
ကျူးကျူးချင်းသည် ကြယ်လုအင်ပါယာ၏ မွန်မြတ်လှသော ကျူးမိသားစုတွင် မွေးဖွားလာခဲ့သည်။ ချမ်းသာကြွယ်ဝသော မိသားစုတွင် မွေးဖွားလာသဖြင့် အပြင်ပန်းတွင် စည်းစိမ်ချမ်းသာများကို ခံစားနေရသည်ဟု ထင်ရသော်လည်း ကျူးမိသားစု၏ ‘ငရဲကြောင်ရိုင်း’ ဝိညာဉ်နှင့် ကြယ်လုအင်ပါယာ တော်ဝင်မိသားစုဖြစ်သော ဒိုင်မိသားစု၏ ‘ကျားသစ်ဖြူ’ ဝိညာဉ်တို့သည် ပေါင်းစပ်လိုက်ပါက ‘ငရဲကျားသစ်ဖြူ’ဟူသော အလွန်အစွမ်းထက်သည့် ဝိညာဉ်ပေါင်းစပ်စွမ်းရည်ကို ထုတ်ဖော်နိုင်ကြသည်။
ထို့ကြောင့် ထိုမိသားစုနှစ်ခုသည် မျိုးဆက်ပေါင်းများစွာ သွေးစည်းနှောင်ဖွဲ့ကာ လက်ထပ်ထိမ်းမြားမှုများ ပြုလုပ်ခဲ့ကြပြီး ကျူးကျူးချင်းသည်လည်း ငယ်စဉ်ကတည်းက တိုက်မုပိုင်နှင့် လက်ထပ်ရန်ရွေးချယ်ခြင်း ခံခဲ့ရသည်။
သို့သော် ကျူးကျူးချင်းသည် မိသားစုစည်းမျဉ်းများအရ သူမ၏အစ်မဖြစ်သူ ‘ကျူးကျူးယွမ်’ နှင့် မိသားစုအမွေဆက်ခံသူနေရာအတွက် အသက်လုကာ ပြိုင်ဆိုင်ရမည် ဖြစ်သည်။ ရှုံးနိမ့်သူမှာ မိသားစုအတွင်း သွေးချောင်းစီးမှုကို ကာကွယ်ရန်အတွက် ဖျက်ဆီးခြင်း သို့မဟုတ် ထာဝရအကျဉ်းချခြင်းကိုသာ ခံရမည် ဖြစ်သည်။
ဤသည်ကား ကျူးကျူးချင်း မွေးဖွားလာကတည်းက ပါရှိလာခဲ့သော ရှောင်လွှဲမရသည့် ကံကြမ္မာဆိုးကြီးပင် ဖြစ်တော့သည်။