အခန်း (၄) ဒေါသအိုး ထန်ဆန်း
"ထူးဆန်းတယ်... ငါတို့ရွာက ကောင်စုတ်လေး ကျူကျုံး ဘယ်ရောက်သွားပါလိမ့်။ ထွက်လာတာလည်း မမြင်မိပါလား။ ဆူယွင်ထောင်း မဟာဆရာကြီး... ကျွန်တော့်ရဲ့ ကောင်စုတ်လေးကို မြင်မိပါသလား။"
အဘိုးအိုတွမ်က ဆူယွင်ထောင်းကို ပျာပျာသလဲ မေးမြန်းလိုက်သည်။
ဆူယွင်ထောင်း၏ နှုတ်ခမ်းများ သိသိသာသာ တွန့်ကွေးသွားပြီး သူကိုယ်တိုင်လည်း ကျူကျုံး၏ ပြောင်းလဲမှုကြောင့် အံ့အားသင့်နေဆဲ ဖြစ်သည်။ သူသည် အဘိုးအိုတွမ်၏ ဘေးတွင် ရပ်နေသော ဆံပင်ပြာပြာ အသားဖြူဖြူနှင့် ချောမောလှသော ကောင်လေးကို လက်ညှိုးထိုးပြရင်း
"အဘိုးတွမ်... မင်း မျက်စိမှုန်နေတာလား။ အဲ့ဒီ... အဲ့ဒီ ကောင်စုတ်လေးက မင်းရဲ့ အနောက်တည့်တည့်မှာ ရပ်နေတာလေ။"
ဆူယွင်ထောင်းခမျာ ပါးစပ်လွန်ပြီး ထိုကလေးကို ‘ဘိုးဘေး’ ဟု မခေါ်မိရန် တံတွေးကို အနိုင်နိုင် မျိုချလိုက်ရသည်။ ဤအမည်နာမမှာ တကယ်ပင် လူကို စိတ်အနှောင့်အယှက် ဖြစ်စေလှပေသည်။
ကျူကျုံးက အဘိုးအိုတွမ်၏ အကျီအင်္ကျီစကို ဆွဲကိုင်ကာ ကလေးသံဖြင့် နှုတ်ခမ်းစူ၍ တိုင်တန်းလိုက်သည်။
"အဘိုးတွမ်ကလည်း... ကျွန်တော် ဒီမှာ ရပ်နေတာ ကြာလှပြီကို"
အဘိုးအိုတွမ်သည် သူ၏ မှုန်ဝါးနေသော မျက်လုံးအစုံကို လက်နှစ်ဖက်ဖြင့် ပွတ်သပ်ကာ သေချာကြည့်လိုက်သည်။ ဟုတ်ပါသည်... ဤအသံမှာ ထိုကောင်စုတ်လေး၏ အသံပင် ဖြစ်သည်။ အခြားသူများ၏ အသံက ဤမျှ ရင်ဘတ်ထဲအထိ ကလိထိုးသလို စိတ်တိုစရာ မကောင်းနိုင်ပေ။ သူသည် ကျူကျုံး၏ ရုပ်သွင်ကို အပေါ်အောက် အသေအချာ စစ်ဆေးကြည့်လိုက်တော့သည်။
အလိုလေး... ဘုရား ဘုရား
တကယ့်ကိုပဲ သူ မွေးထားသည့် ကောင်စုတ်လေး ဖြစ်နေပါလား။
ဆံပင်နက်တိုလေးများမှာ တောက်ပသော ပြာငွေရောင်သို့ ပြောင်းလဲကာ ရှည်လျားသွားခဲ့ပြီ။ အရပ်အမောင်းမှာလည်း တစ်ဟုန်ထိုး မြင့်မားလာပြီး မူလက (၁.၂) မီတာခန့်သာ ရှိရာမှ ယခုအခါ (၁.၃) မီတာနီးပါးအထိ ထွားကျိုင်းသွားသည်။ နှစ်ရှည်လများ အာဟာရချို့တဲ့မှုကြောင့် ပိန်လှီခြောက်ကပ်နေသော ပုံစံမှာ လုံးဝ ပျောက်ကွယ်သွားပြီး မြင့်မားမတ်စောက်ကာ သွယ်လျသော ကိုယ်ဟန်သို့ ကူးပြောင်းသွားခဲ့ပြီ။ မူလက ပွယောင်းနေသော လျှော်မျှင်အဝတ်အစားများမှာလည်း ယခုအခါ ခန္ဓာကိုယ်နှင့် ကွက်တိဖြစ်သွားပြီး ကျစ်လျစ်လှသော ကြွက်သားအလိုင်းများကို အထင်အရှား ပေါ်လွင်စေသည်။
ညိုညစ်ကာ ဖြူဖျော့နေသော မျက်နှာငယ်လေးမှာလည်း ယခုအခါ နို့နှစ်ရောင်အလား ဝင်းပချောမွေ့နေခဲ့ပြီ။ မူလ ရုပ်ရည်အသွင်အပြင် အနည်းငယ် ကျန်ရှိမနေပါက အဘိုးအိုတွမ်တစ်ယောက် ဆူယွင်ထောင်း မိမိကို လိမ်ညာနေသည်ဟု ဧကန်မုချ ထင်မှတ်မိပေလိမ့်မည်။
အဘိုးအိုတွမ်က အံ့သြတုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်မိတော့သည်။
"တောကကျီးကန်းကနေ ရွှေရောင်ဥဒေါင်း ဖြစ်သွားတာမျိုး တကယ်ရှိတာပဲဟေ့"
အဘိုးအိုတွမ်သည် သူ၏ ကတုံးခေါင်းကို ပွတ်သပ်ရင်း ရင်ဘတ်ကို မတ်ကာ တမင်တကာပင် အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည်။
"ဟေး... ဒါ တကယ့်ကို ငါတို့ ဧကရာဇ်ဝိညာဉ်ရွာက ကောင်စုတ်လေးပဲကွ။ မြေးလေး... မင်း ဘာတွေ ဖြစ်သွားတာလဲ။ တစ်ရွာလုံး အံ့သြအောင် လုပ်နိုင်တာပဲ။ ဟို သူတော်စင်ဝိညာဉ်ရွာက ကောင်လေးထက် အများကြီး ပိုပြီး ခန့်ညားထွက်မြက်လာတာပဲဟေ့။ ပြောစမ်းပါဦး... အဘိုးကို မင်း ဘယ်လို ဝိညာဉ်မျိုး နိုးထလာတာလဲ။"
အဘိုးအိုတွမ်၏ စကားအပြောအဆို အမူအရာများကို ကြည့်ပါဦး။ စောစောက အဘိုးအိုဂျက် ကြွားဝါခဲ့သည်ထက် ဆယ်ဆမက သာလွန်လှပေရာ ဘေးမှ အဘိုးအိုဂျက်မှာမူ ဒေါသကြောင့် မျက်လုံးပြူး မျက်ဆန်ပြူး ဖြစ်နေရှာသည်။
ကျူကျုံးသည် ရင်ဘတ်ပေါ်တွင် လက်နှစ်ဖက်ကို ပိုက်ကာ ခေါင်းကို အထက်သို့ ပင့်မြှောက်လျက် အလွန်ပင် မောက်မာလှသော အမူအရာကို ဖော်ဆောင်လိုက်သည်။
{ဒင် ထန်ဆန်းသည် ပိုင်ရှင်အပေါ် မနာလိုစိတ်များ တောက်လောင်နေပါသည်။ မုန်းတီးမှုအဆင့် (၉%) သို့ တိုးမြင့်သွားပြီး မုန်းတီးမှုအမှတ် (၁၀၀) ရရှိပါသည်။}
ထန်ဆန်း စိတ်ထဲမှ ကြုံးဝါးနေမိသည် 'ဘာဖြစ်လို့လဲ... သူလည်း ငါ့လို ငွေပြာမြက်ချင်း တူတူပဲကို ဘာလို့ တစ်ကိုယ်လုံး အသွင်ပြောင်းပြီး ချောမောသွားရတာလဲ။ ငါကတော့ ဘာလို့ အခုထိ ဒီလို ရုပ်ဆိုးဆိုး ပုံစံအတိုင်း ရှိနေရသေးတာလဲ။'
ကျူကျုံးသည် မျက်လုံးကို ကစားလိုက်ရင်း ထန်ဆန်းကို တစ်ချက် စောင်းငဲ့ကြည့်လိုက်သည်။ ဤအခြေအနေကို အခွင့်ကောင်းယူ၍ မုန်းတီးမှုအမှတ်များ ပိုမိုရှာဖွေရန် သူ ဆုံးဖြတ်လိုက်သည်။ ဤအမှတ်များမှာ နောင်တစ်ချိန်တွင် စကြာဝဠာအနှံ့ မင်းမူရန် သူ၏ အဖိုးတန် လက်မှတ်များ မဟုတ်ပါလား။
ကျူကျုံးက လူလည်ပြုံး ပြုံးလိုက်ရင်း ခပ်ရွဲ့ရွဲ့ ဆိုလိုက်သည်။
"အဘိုးတွမ်... ကျွန်တော်ကတော့ အသုံးမဝင်တဲ့ အမှိုက်ဝိညာဉ်ကြီး နိုးထလာတဲ့ ‘ထန်ဆန်းလေး’ နဲ့ မတူဘူးဗျ။ ဆူယွင်ထောင်း မဟာဆရာကြီး ပြောပြချက်အရဆိုရင် ကျွန်တော့်ရဲ့ ငွေပြာမြက်က အကောင်းဘက်ကို ‘ဗီဇပြောင်းလဲ’ သွားတာတဲ့။ ငွေပြာမြက်တွေရဲ့ ဘုရင်... ‘ငွေပြာဧကရာဇ်’ အဖြစ် အဆင့်မြင့်မားသွားတာပေါ့။ ဒါကြောင့်မို့ ကျွန်တော့်ခန္ဓာကိုယ်ကလည်း လိုက်ပြီး ပြောင်းလဲသွားတာ ပိုပြီးတော့လည်း ခန့်ညားလာသလို ပိုပြီးတော့လည်း သန်မာလာတယ်။ အော်... ဒါနဲ့ ကျွန်တော့်မှာ မွေးရာပါ ဝိညာဉ်စွမ်းအား အပြည့် (အဆင့် ၁၀) တောင် ပါတယ်လေ"
ပြောပြောဆိုဆိုနှင့် သူသည် မိမိ၏ သန်မာလာသော ကြွက်သားများကို ပြသလိုက်ရင်း လက်ဝါးပြင်ပေါ်မှ ငွေပြာဧကရာဇ် ဝိညာဉ်ကို ထုတ်ဖော်ပြသလိုက်ရာ ဘေးပတ်ဝန်းကျင်ရှိ လူအများထက်မှ အံ့သြမနာလိုသော အကြည့်များကို ဖမ်းစားလိုက်တော့သည်။
ဆူယွင်ထောင်း : 'ငါက အဲ့ဒီလောက်တောင် ပြောခဲ့လို့လား...။ အကောင်းဘက်က ဗီဇပြောင်းလဲခြင်းဆိုတာ ဘာကြီးလဲ။'
ထန်ဆန်း : 'ထန်ဆန်းလေး ဟုတ်လား...။ ငါက မင်းရဲ့ အငယ်မို့လို့ လာခေါ်နေတာလား'
အဘိုးအိုဂျက် : 'ကြည့်ရတာ ငါတို့ သူတော်စင်ဝိညာဉ်ရွာက ဧကရာဇ်ဝိညာဉ်ရွာကို တကယ်ပဲ ရှုံးနိမ့်သွားခဲ့ပြီပေါ့။ စိတ်ပျက်စရာကောင်းလိုက်တာ...။'
အဘိုးအိုတွမ် : 'လုပ်နိုင်တယ်... ကောင်စုတ်လေး တကယ် တော်တယ်'
ကျူကျုံးက ထန်ဆန်းကို မျက်လုံးထောင့်မှနေ၍ စောင်းကြည့်လိုက်သည်။
'လာလေ... လာတိုက်လိုက်စမ်းပါ။ မင်းသာ လက်ပါလာရင် ငါက ဆူယွင်ထောင်းရဲ့ အနောက်မှာ ဝင်ပုန်းလိုက်ရုံပဲ။ မင်းရဲ့ အခုလက်ရှိ လက်ဗလာခြေဗလာ အခြေအနေနဲ့ ဝိညာဉ်မဟာဆရာကို ယှဉ်နိုင်မယ်လို့ ငါ လုံးဝမယုံဘူး။'
မျှော်လင့်ထားသည့်အတိုင်းပင်... ကျူကျုံး၏ ငွေပြာဧကရာဇ် ဝိညာဉ်ကို မြင်တွေ့လိုက်ရသောအခါ ထန်ဆန်း၏ ရင်ထဲတွင် မနာလိုစိတ်နှင့် မုန်းတီးမှုများ အရှိန်အဟုန်ဖြင့် တောက်လောင်လာတော့သည်။ အကြောင်းရင်းကို မသိရသော်လည်း သူ၏ ရင်ဘတ်တစ်ခုလုံး လေးလံပိတ်ဆို့လာပြီး အသက်ရှူသံများ စိပ်လာခဲ့သည်။ မူလက မိမိနှင့်သာ ထိုက်တန်သင့်သော ကြီးမြတ်လှသည့် အခွင့်အရေးတစ်ခုကို ဤကောင်စုတ်လေးက အဓမ္မ လုယူသွားခဲ့သလိုမျိုး ခံစားချက်က ပိုမိုထင်ရှားလာသည်။
နောက်ဆုံးတွင်... ထန်ဆန်းသည် ဒေါသကို မထိန်းချုပ်နိုင်တော့ဘဲ ကျူကျုံးကို ပညာပေးရန် ခြေလှမ်းပြင်တော့သည်။
{ဒင် ထန်ဆန်းသည် ပိုင်ရှင်အပေါ် ပြင်းထန်သော မနာလိုစိတ်နှင့် မုန်းတီးမှုများ ဖြစ်ပေါ်နေပြီး ပိုင်ရှင်အား ကိုယ်ထိလက်ရောက် ရိုက်နှက်လိုစိတ်များ ပြင်းထန်နေပါသည်။ မုန်းတီးမှုအဆင့် (၁၀%) သို့ ရောက်ရှိသွားပြီး မုန်းတီးမှုအမှတ် (၁၀၀) ရရှိပါသည်။}
စနစ်၏ သတိပေးသံကို ကြားလိုက်ရသည်နှင့် ကျူကျုံးက ပြုံးလိုက်မိသည်။ 'နောက်ဆုံးတော့ မအောင့်နိုင်တော့ဘူးပေါ့လေ... ဟုတ်လား။' သူသည် တစ်ခဏချင်းမှာပင် ဆူယွင်ထောင်း၏ အနောက်ဘက်သို့ တိုးကပ်၍ ပုန်းကွယ်လိုက်တော့သည်။
ထန်ဆန်း၏ လက်မောင်းကို ဆွဲကိုင်ထားသော အဘိုးအိုဂျက်သည် ကလေးငယ်၏ အခြေအနေ မဟန်သည်ကို ချက်ချင်း သတိပြုမိလိုက်သည်။
အဘိုးအိုဂျက် စိတ်ထဲတွင် တွေးမိသည်
'ဒီကလေးက ဘာဖြစ်လို့ မျက်နှာတစ်ခုလုံး နီမြန်းပြီး အသက်ရှူသံတွေ ပြင်းထန်နေရတာလဲ။ သွားတွေကို ကြိတ်ပြီး အားစိုက်နေတာ... ကလေးမွေးတော့မယ့်အတိုင်းပဲ။ အင်း... သူက ဆူယွင်ထောင်း မဟာဆရာကြီးရဲ့ ဘက်ကို စိုက်ကြည့်နေတာလား (ကျူကျုံးက ဆူယွင်ထောင်းအနောက်မှာ ပုန်းနေခြင်းဖြစ်သည်)။ နေပါဦး... သူက မဟာဆရာကြီးကို မကျေမနပ် ဖြစ်နေတာလား။ မဟာဆရာကြီးက သူ့ကို ကောင်းမွန်တဲ့ ဝိညာဉ် မပေးလို့ စိတ်ဆိုးနေတာလား။ အဲ့ဒါတော့ မဖြစ်ဘူးလေ... ဆူယွင်ထောင်း မဟာဆရာကြီးက ဝိညာဉ်နန်းတော်ရဲ့ လူ မြင့်မြတ်လှတဲ့ ဝိညာဉ်သခင်ကြီးပဲ ဘယ်လိုလုပ် သွားပြီး စော်ကားလို့ ရပါ့မလဲ။ ပုံမှန်ဆို အလွန် သိတတ်နားလည်တဲ့ ကလေးက ဒီလောက်အထိ မုန်းတီးမှုတွေ ပြည့်နှက်နေတာ အံ့သြစရာပဲ။'
အဘိုးအိုဂျက်သည် မိမိတို့ သူတော်စင်ဝိညာဉ်ရွာက ဧကရာဇ်ဝိညာဉ်ရွာကို ရှုံးနိမ့်သွားသဖြင့် စိတ်မကောင်းဖြစ်ရသော်လည်း ထန်ဆန်းတစ်ယောက် မိုက်ရူးရဲဆန်သော အပြုအမူမျိုး လုပ်ဆောင်ပြီး ဘေးဒုက္ခမကြုံစေရန်အတွက် ထန်ဆန်း၏ လက်မောင်းကို ပိုမိုတင်းကြပ်စွာ ဆွဲကိုင်ထားလိုက်သည်။
ဤအခြင်းအရာကြောင့် ထန်ဆန်းမှာ အကာအကွယ်မဲ့သွားပြီး ချက်ချင်း ရုန်းမထွက်နိုင် ဖြစ်သွားရသည်။ သို့သော် ဒေါသကို မအောင့်နိုင်တော့သဖြင့် သူသည် လက်မလျှော့ဘဲ ပြင်းထန်စွာ ရုန်းကန်တော့သည်။
ထန်ဆန်း : 'ဒီနေ့တော့ ငါ ဒီကောင်စုတ် ကျူကျုံးကို မသေမချင်း ထုပစ်မယ်။ ‘ရှောင်ဝူ’ လာတားရင်တောင် မရဘူး... ငါ ပြောလိုက်မယ်။ အော်... နေပါဦး ရှောင်ဝူဆိုတာ ဘယ်သူလဲ။'
အဘိုးအိုဂျက် : 'ဒီကလေးက တကယ့်ကို မဟာဆရာကြီးကို သွားပြီး တိုက်ခိုက်တော့မလို့ပဲ။ တော်သေးတာပေါ့... ငါ မျက်စိရှင်လို့ အချိန်မှီ တားဆီးနိုင်ခဲ့တာ မဟုတ်ရင်တော့ ကြီးလေးတဲ့ ပြစ်မှုကြီး ဖြစ်တော့မှာ။'
အဘိုးအိုဂျက်သည် ပုံမှန်အားဖြင့် လိမ္မာရေးခြားရှိသော ကလေးများကို အလွန် ချစ်ခင်တတ်သူ ဖြစ်သည်။ ယခင်က ထန်ဆန်းတို့ သားအဖကို အဝတ်အထည်နှင့် အစားအသောက်များ ထောက်ပံ့ပေးခဲ့သည်မှာ ထန်ဆန်းလေးက လိမ္မာနားလည်သောကြောင့် မဟုတ်ပါလား။ သို့သော် ကလေးငယ်တစ်ဦး မိုက်ရူးရဲဆန်လာပါက သူသည်လည်း ဘယ်သောအခါမှ လျှော့ပေးမည့်သူ မဟုတ်ချေ။
ထို့ကြောင့် ထန်ဆန်းတစ်ယောက် ဆူယွင်ထောင်း (အမှန်စင်စစ် ကျူကျုံး) ဆီသို့ ပြေးဝင်ရန် ပြင်းပြင်းထန်ထန် ရုန်းကန်နေစဥ် အဘိုးအိုဂျက်က ကန့်ကွက်သည့်အနေဖြင့် သူ၏ (၁၀) ပေါင်ခန့် လေးလံသော ‘မုန်လာဥဖြူကြီး’ ကိုယ်ပိုင်ဝိညာဉ်ကို ဆင့်ခေါ်လိုက်ပြီး ထန်ဆန်း၏ ဦးခေါင်းတည့်တည့်သို့ ဒေါက်ခနဲနေအောင် ဆော်ထည့်လိုက်လေတော့သည်။
ဂုန်း...
ထန်ဆန်းမှာ ကြိုတင်ပြင်ဆင်ထားခြင်း မရှိသဖြင့် မြေပြင်ပေါ်သို့ ဖရိုဖရဲ လဲကျသွားရှာသည်။
"မင်းက ဘာလို့ ဒီလောက်တောင် အသိတရားမဲ့ရတာလဲ ကလေးရယ်။ ဆူယွင်ထောင်း မဟာဆရာကြီးက ငါတို့ သူတော်စင်ဝိညာဉ်ရွာအထိ လာပြီး ဝိညာဉ်ကို အခမဲ့ နိုးထပေးတာလေ။ မင်းမှာ အသုံးမဝင်တဲ့ ဝိညာဉ် ပါလာတာကို ဘာလို့ ဆရာကြီးကို သွားအပြစ်ပုံချရတာလဲ။ အပြစ်တင်ချင်ရင် မင်းရဲ့ အသုံးမကျတဲ့ အဖေ ‘ထန်ဟောက်’ ကိုပဲ သွားအပြစ်တင်စမ်း"
အဘိုးအိုဂျက်၏ အော်ဟစ်သံကို ကြားလိုက်ရသောအခါ အနောက်မှ အဘိုးအိုတွမ်ကလည်း အခြေအနေကို ချက်ချင်း သဘောပေါက်သွားသည်။ အဘိုးအိုဂျက်တစ်ဦးတည်း ထန်ဆန်းကို အနိုင်နိုင် ထိန်းထားရသည်ကို မြင်သောအခါ သူသည်လည်း ကူညီရန် အမြန် ရှေ့သို့ တိုးလာခဲ့သည်။ အဘိုးအိုနှစ်ဦး ပေါင်းစပ်ကာ ထန်ဆန်းကို မြေပြင်ပေါ်သို့ မှောက်လျက်သား ဖြစ်အောင် ဖိနှိပ်၍ အတင်းအကြပ် ချုပ်ကိုင်ထားလိုက်ကြတော့သည်။
အရေးကြီးသော အချိန်တွင်မူ အဘိုးအိုတွမ်သည် အဘိုးအိုဂျက်အပေါ် သံယောဇဉ် ရှိနေဆဲ ဖြစ်ပေသည်။
ဆူယွင်ထောင်းသည် ထန်ဆန်းတစ်ယောက် မြေပြင်ပေါ်တွင် ရုန်းကန်နေသည်ကို ကြည့်ကာ ကြောင်အမ်းအမ်း ဖြစ်နေမိသည်။ ကလေးငယ်တစ်ဦး ကလေးကလား စိတ်ကောက်နေသည်ဟုသာ သူ ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော် ရွာလူကြီး၏ စကားအရ ဤကလေးငယ်က မိမိအား ကောင်းမွန်သော ဝိညာဉ် နိုးထမပေးဟုဆိုကာ ရန်ငြိုးဖွဲ့နေသည်ကို ကြားလိုက်ရသောအခါ...
(ဦးလေးဖြစ်သူက သည်းခံနိုင်သော်လည်း ဒေါ်လေးဖြစ်သူကမူ လုံးဝ သည်းမခံနိုင်တော့ချေ။)
ဆူယွင်ထောင်းသည် ချက်ချင်းပင် ဒေါသတကြီး အော်ဟစ်ဆဲဆိုတော့သည်။
"မင်းကောင်စုတ်လေး...။ ရုပ်ကလေး သနားကမားနဲ့မို့ လိမ္မာတဲ့ကလေးလို့ ငါ ထင်နေတာ။ ငါက အဝေးကြီးကနေ မင်းတို့အတွက် ဝိညာဉ်ကို အခမဲ့ လာပြီး နိုးထပေးတာလေ။ ကျေးဇူးတင်ရကောင်းမှန်း မသိတဲ့အပြင် ငါ့ကိုတောင် ပြန်ပြီး ရန်မူချင်သေးတယ်ပေါ့။ ဒီလောက် ရိုင်းစိုင်းပြီး တောဆန်တဲ့ ကလေးမျိုး ငါ တစ်ခါမှ မမြင်ဖူးဘူး"
ဆူယွင်ထောင်း၏ အနောက်တွင် ပုန်းနေသော ကျူကျုံးမှာ အခြေအနေများ ဤမျှအထိ ထူးခြားဆန်းပြားစွာ ပြောင်းလဲသွားလိမ့်မည်ဟု မထင်မှတ်ထားသဖြင့် ရယ်ချင်စိတ်ကို အနိုင်နိုင် အောင့်ထားရသည်။ သူကပါ မီးလောင်ရာလေပင့်သည့်အနေဖြင့် ဝင်ရောက် ပြောဆိုလိုက်သည်။
"ဟုတ်ပ... ထန်ဆန်းလေးရာ မင်းက ဘာဖြစ်လို့ ဆူယွင်ထောင်း မဟာဆရာကြီးကို သွားပြီး အပြစ်တင်ရတာလဲ။ ဒါက လွန်လွန်းရာကျတာပေါ့။ လူတိုင်းရဲ့ ဝိညာဉ်ဆိုတာ မွေးရာပါ ပါလာတာလေ။ နဂါးကမွေးရင် နဂါးဖြစ်ပြီး ဖီးနစ်ကမွေးရင် ဖီးနစ်ဖြစ်တာပဲ ကြွက်ကမွေးတဲ့ အကောင်ကတော့ မြေကြီးတူးတတ်တာပေါ့။ အော်... ငါက မင်းကို ကြွက်ကမွေးတယ်လို့ ပြောတာ မဟုတ်ပါဘူးနော်... မဟုတ်ဘူး မင်းက ကြွက်ကမွေးတာ... အာ... မဟုတ်ပြန်ဘူး မင်းက ကြွက်ကမွေးတာ မဟုတ်ပါဘူး... အားလုံး ရှုပ်ကုန်ပြီ"
ထန်ဆန်းသည် မျက်နှာတစ်ဝက် မြေပြင်နှင့် ကပ်လျက်သား အချုပ်ခံထားရရင်း ကျူကျုံးကို မျက်လုံးအစုံ သွေးရောင်လွှမ်းလျက် ရက်စက်သော သားရဲတစ်ကောင်ကဲ့သို့ စိုက်ကြည့်နေမိသည်။ သူ စကားကောင်းကောင်း မပြောနိုင်တော့ဘဲ ပါးစပ်မှ အသံတစ်သံသာ ထွက်ပေါ်လာတော့သည်။
"မင်း... ငါ မင်းကို သတ်ပစ်မယ်။"
{ဒင် ထန်ဆန်းသည် ပိုင်ရှင်အပေါ် မုန်းတီးမှုများ ပိုမိုပြင်းထန်လာပြီး ပိုင်ရှင်၏ အသားကို အစိမ်းလိုက် ဝါးစားပစ်ချင်စိတ်များ ဖြစ်ပေါ်နေသည်။ မုန်းတီးမှုအဆင့် (၁၁%) သို့ ရောက်ရှိသွားပြီး မုန်းတီးမှုအမှတ် (၁၀၀) ရရှိပါသည်။}
{ဒင် ထန်ဆန်းသည် ပိုင်ရှင်အပေါ် မုန်းတီးမှုများ အထွတ်အထိပ်သို့ ရောက်ရှိနေပြီး ချက်ချင်းပင် ‘အသံတိတ် လက်စွပ်မြှား’ ကို တည်ဆောက်ကာ ပိုင်ရှင်၏ ညီငယ်လေး (လိင်အင်္ဂါ) ကို ပစ်ခတ်ဖျက်ဆီးပစ်ချင်စိတ်များ ပြင်းထန်နေပါသည်။ မုန်းတီးမှုအဆင့် (၁၂%) သို့ ရောက်ရှိသွားပြီး မုန်းတီးမှုအမှတ် (၁၀၀) ရရှိပါသည်။}
စိတ်ထဲတွင် ပဲ့တင်ထပ်လာသော စနစ်၏ သတိပေးသံကြောင့် ဆူယွင်ထောင်းအနောက်တွင် ပုန်းနေသည့် ကျူကျုံးတစ်ယောက် ကျောရိုးထဲအထိ စိမ့်ခနဲ အေးစက်သွားရသည်။
'အမလေး... ဘုရားရေ ဒီကောင် တကယ့်ကို ရက်စက်တာပဲ။ ငါ့ကို မျိုးပြုတ်အောင် လုပ်ဖို့အထိ တွေးနေတာလား။ တော်သေးတာပေါ့... သူ အခုထိ အသံတိတ် လက်စွပ်မြှားကို မတည်ဆောက်ရသေးလို့ မဟုတ်ရင် ငါ သခင်လေး ဒုက္ခလှလှ တွေ့တော့မှာ။ ထားလိုက်ပါတော့... လုပ်မှလုပ်တော့လည်း အဆုံးအထိ သွေးထိုးပေးလိုက်တာပေါ့ မီးလောင်ရာ လေပင့်ပေးလိုက်ဦးမယ်။'