အပိုင်း (၃၆) ထန်ဆန်းနှင့် ပြန်လည်ဆုံတွေ့ခြင်း
"ကျုံးကလေး... ကျုံးကလေးရေ မြန်မြန်လုပ်ပါဆို" ရှောင်ဝူက ရဲ့လင်လင်၏ လက်ကိုဆွဲကာ လှမ်းအော်လိုက်သည်။
ရှောင်ဝူ၏ စိတ်အားထက်သန်လွန်းလှသော အမူအရာကို မြင်ရသောအခါ ကျူကျုံးတစ်ယောက် စောစောက အပြင်ထွက်ပြီး ဈေးဝယ်ခဲ့မိသည်ကို စိတ်ထဲကနေ တိတ်တဆိတ် နောင်တရမိတော့သည်။ အပြင်ထွက်ရင်လည်း ထွက် ပြန်ရောက်တဲ့အခါ သူတို့အခန်းဘက်ကို သွားပြီး နှုတ်မဆက်ခဲ့သင့်ချေ။ ရှောင်ဝူတစ်ယောက် အိပ်ရာကနိုးလာချိန်တွင် ကျူကျုံး အပြင်ထွက်သွားကြောင်း ရဲ့လင်လင်ထံမှ ကြားသိရသဖြင့် စိတ်ကောက်နေခဲ့ခြင်း ဖြစ်သည်။ ယခု သူပြန်လာသည်နှင့် တစ်ပြိုင်နက် သူမက အပြင်သို့ ပြန်လည်ခေါ်ဆောင်ရန် ဇွတ်အတင်း ပူဆာနေတော့သည်။
ကျူကျုံးက နဖူးပေါ်က ဆံပင်စလေးကို သပ်လိုက်ရင်း အားအင်ချို့နဲ့စွာဖြင့် ပြန်လည်ဖြေကြားလိုက်သည်။ "ဟုတ်ပါပြီ... ဟုတ်ပါပြီ ငါသိပါတယ်"
သူ ပြန်ရောက်လာကတည်းက ရှောင်ဝူက နှုတ်ခမ်းလေးစူကာ စိတ်ကောက်နေပြီး မကြာခဏဆိုသလို ကျူကျုံးကို မျက်စောင်းတောက်တောက်လေးများ ထိုးနေခဲ့သည်။ ၎င်းမှာ မိမိ၏ ရည်ရွယ်ချက် အောင်မြင်သွားကြောင်း ပြသနေသည့်အလားပင်။
"အစ်မကြီးရာ... ငါလည်း အခုတင်ပဲ ပြန်ရောက်သေးတာလေ။ ပြီးတော့ မင်းအတွက် လက်ဆောင်လည်း ဝယ်လာပေးတယ် မဟုတ်လား"
"ဟွန့်... ငါ့ကိုမခေါ်ဘဲ တစ်ယောက်တည်း ထွက်သွားတာကိုး။ ပြီးတော့ မင်းပေးတဲ့ လက်ဆောင်ကိုလည်း ငါက နည်းနည်းမှ မကြိုက်ဘူး"
သူမက မကြိုက်ဟု နှုတ်ကဆိုသော်လည်း လက်ထဲတွင်မူ ကျူကျုံးဝယ်ပေးခဲ့သော ယုန်ရုပ်မျက်နှာဖုံးလေးကို အလွန်အမင်း သဘောကျနှစ်သက်စွာဖြင့် မြတ်နိုးတန်ဖိုးထားသလို ဆုပ်ကိုင်ထားခဲ့သည်။
ကျူကျုံးက စိတ်ထဲကနေ မျက်လုံးဝေ့ယမ်းလိုက်ရင်း ‘မကြိုက်ဘူးလည်းဆိုသေးတယ်... ယုန်ရုပ်လေးကို အသည်းအသန် ဖက်ထားတာကျတော့ ဘာသဘောလဲ’ ဟု တွေးကာ ရယ်ချင်သွားရသည်။
ဝတ်စုံနက်နှင့် မျက်နှာဖုံးစွပ်ထားသော ရဲ့လင်လင်ကမူ ဘေးနားတွင် ငြိမ်သက်စွာ ရပ်နေရင်း သူမ၏ လက်ကောက်ဝတ်တွင် ဝတ်ဆင်ထားသော ဝိညာဉ်လက်နက်ကိရိယာလေးကို မျက်လုံးထောင့်ကနေ ငုံ့ကြည့်လိုက်ရာ သူမ၏ နှုတ်ခမ်းပါးထက်တွင် ရှားရှားပါးပါး ပြုံးယောင်လေးတစ်ခု ဖြတ်သန်းသွားခဲ့သည်။
ကျူကျုံးက ဤမြင်ကွင်းကို တိုက်ဆိုင်စွာ မြင်တွေ့လိုက်ရသဖြင့် ‘ကြည့်ရတာ သူမလည်း ဒီမျက်နှာဖုံးလေးကို တကယ် သဘောကျပုံရတယ်’ ဟု တွေးလိုက်မိသည်။
မူရင်းဇာတ်လမ်းထဲတွင် ရဲ့လင်လင်သည် အစကတည်းက ကြေကွဲဝမ်းနည်းစရာ ကောင်းလှသော ဇာတ်ကောင်တစ်ဦး ဖြစ်သည်။ သူမသည် ‘နှလုံးသားကိုးခုပန်း’ မျိုးနွယ်စုမှ ဖြစ်ပြီး ထိုဝိညာဉ်မျိုးဆက်သည် တစ်ဆက်လျှင် ဆက်ခံသူတစ်ဦးတည်းသာ ရှိတတ်သည့် ထူးခြားဆန်းပြားသော စနစ်ရှိသည်။ ကမ္ဘာပေါ်တွင် နှလုံးသားကိုးခုပန်း ဝိညာဉ်ဆရာသခင်သည် တစ်ချိန်တည်း၌ နှစ်ယောက်တည်းသာ သက်ရှိထင်ရှား ရှိနိုင်သည်။ တစ်ဦးသေဆုံးသွားမှသာ အခြားမျိုးဆက်သစ်တစ်ဦး ပေါ်ထွက်လာခွင့် ရှိပေသည်။
၎င်းသည် အရှားပါးဆုံးသော ဝိညာဉ်မျိုးနွယ်စုများထဲက တစ်ခုဟု ဆိုနိုင်သည်။ မပျက်သုဉ်းနိုင်သော တိုက်ခိုက်ရေးဝိညာဉ် ‘ဓားခုနစ်စင်’ ထာဝရမီးတောက် ‘ကိုးမိုးကောင်းကင်ဖီးနစ်’ တို့နှင့်အတူ မြေကမ္ဘာ၏ ကြီးမားသော ဂိုဏ်းကြီးသုံးခု၏ အဓိက ဆက်ခံသူ သုံးဦးအဖြစ် လူသိများကြသည်။ မိမိချစ်ရသူများ တစ်ဦးပြီးတစ်ဦး သေဆုံးပျက်စီးသွားရသည်ကို စောင့်ကြည့်ရသည့် ခံစားချက်မှာ အလွန်ပင် ခံရခက်လှသဖြင့် မည်သူမဆို ထိုကဲ့သို့သော အခြေအနေမျိုးတွင် စိတ်ပျက်အားငယ်ကြရမှာ အမှန်ပင်။
သူသည် ရှောင်ဝူကို တစ်ချက်ကြည့်လိုက်ပြီး "ဒါနဲ့... ငါတို့ အပြင်မှာ ညစာပဲ စားကြမှာနော်။ စားပြီးရင် ကျင့်ကြံခြင်းအလုပ်ကို ပြန်လုပ်ရမယ်။ မနက်ဖြန် ဝိညာဉ်တိုက်ခိုက်ရေးပြိုင်ပွဲမှာ ပါဝင်ရမှာမို့လို့" ဟု သတိပေးလိုက်သည်။
"ငါကတော့ မုန်လာဥနီအစုံလိုက် အစားအသောက်ကိုပဲ စားမယ်။ လင်လင်... မင်းကော ဘာစားမလဲ..."
သူတို့သုံးဦးသည် ကောင်းမွန်သပ်ရပ်သော စားသောက်ဆိုင်တစ်ခုကို ရွေးချယ်ကာ ညစာစားသောက်လိုက်ကြပြီးနောက် ဆိုင်ပြင်ပသို့ ထွက်လာခဲ့ကြချိန်တွင်မူ ကောင်းကင်ယံတစ်ခုလုံး မှောင်မိုက်နေခဲ့ပြီ ဖြစ်သည်။
ညဘက်အချိန်အခါ၏ ဆော့တိုမြို့တော်သည် လွန်စွာ စည်ကားသိုက်မြိုက်လှပြီး နေ့ဘက်ထက်ပင် ပိုမိုသက်ဝင်လှုပ်ရှားနေသကဲ့သို့ ခံစားရသည်။
ရုတ်တရက် ရှောင်ဝူက အံ့သြတုန်လှုပ်စွာဖြင့် လှမ်းအော်လိုက်သည်။ "ဝါး... ကျုံးကလေး ဟိုးအရှေ့ကို ကြည့်လိုက်ဦး။ အဆောက်အအုံအကြီးကြီးတစ်ခု ရှိနေတယ် ကြည့်ရတာ တောင်ပူစာအလတ်ကြီးတစ်ခုအတိုင်းပဲ"
ကျူကျုံး အရှေ့သို့ လှမ်းမျှော်ကြည့်လိုက်သောအခါ မီတာ ၁၂၀ ခန့် မြင့်မားပြီး ဘဲဥပုံသဏ္ဌာန် ရှိလှသော ကြီးမားထည်ဝါလှသည့် အဆောက်အအုံကြီးတစ်ခုကို မြင်တွေ့လိုက်ရသည်။
"ဒါက ဆော့တိုမြို့တော်ရဲ့ ဝိညာဉ်တိုက်ခိုက်ရေးကွင်းကြီးလေ" အစကတည်းက စကားတစ်ခွန်းမှ မဆိုဘဲ ငြိမ်သက်နေခဲ့သော ရဲ့လင်လင်က ဝင်ရောက်ပြောဆိုလိုက်ခြင်း ဖြစ်သည်။ သူမ၏ လေယူလေသိမ်းအရ ဤနေရာနှင့် အတော်ပင် ရင်းနှီးကျွမ်းဝင်နေပုံရသည်။
ကျူကျုံးက ဇဝေဇဝါမျက်နှာပေးဖြင့် "လင်လင်... မင်း ဒီနေရာကို ရောက်ဖူးတာလား" ဟု မေးလိုက်သည်။
ရဲ့လင်လင်က အေးစက်စက် အမူအရာဖြင့်ပင် ခေါင်းငြိတ်ပြလိုက်သော်လည်း သူမ၏ အသံထဲတွင်မူ နွေးထွေးမှုအချို့ ကိန်းအောင်းနေကာ "မနှစ်က ဆရာချင်းမင်က ငါတို့ကို ဒီနေရာကို တစ်ခေါက် ခေါ်လာဖူးတယ်" ဟု အတည်အလင်း ဆိုလိုက်သည်။
"ဒါဆိုရင်လည်း အထဲဝင်ပြီး လေ့လာကြည့်ကြတာပေါ့။ ဘာပဲဖြစ်ဖြစ် မနက်ဖြန် ငါတို့ ဒီနေရာကို လာရမှာဆိုတော့ ကြိုတင်ပြီး ပတ်ဝန်းကျင်ကို လေ့လာထားတာ ပိုကောင်းတာပေါ့" ကျူကျုံးသည်လည်း ဆော့တိုမြို့တော်၏ ဝိညာဉ်တိုက်ခိုက်ရေးကွင်းကြီးကို မြင်တွေ့ချင်နေခဲ့ခြင်း ဖြစ်သည်။ ယခင်က နျူးဒင်းမြို့တွင် သူသည် အသေးစား တိုက်ပွဲများကိုသာ ဆင်နွှဲခဲ့ဖူးခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် နျူးဒင်းမြို့ငယ်လေးတွင် ဝိညာဉ်သက်ကြီးဝါရင့် အဆင့်ရှိသူများကိုပင် ရှာဖွေရန် ခက်ခဲလွန်းလှသောကြောင့် ဖြစ်သည်။ ယခုမူ သူသည် မိမိ၏ အစွမ်းအစများကို အပြည့်အဝ ထုတ်ဖော်ပြသကာ စိန်ခေါ်မှုအသစ်များကို ဆင်နွှဲနိုင်တော့မည် မဟုတ်ပါလား။
ကလေးဆန်လှသော ရှောင်ဝူမှာမူ အဆောင်သို့ စောစောစီးစီး ပြန်စရာမလိုဘဲ လမ်းလျှောက်လည်ပတ်ခွင့် ရရှိတော့မည်ကို သိလိုက်ရသဖြင့် ဝမ်းသာအားရဖြင့် ခုန်ပေါက်ကာ "အုန်း... တကယ့်ကို ကောင်းတာပဲ" ဟု အော်ဟစ်လိုက်တော့သည်။
ထို့နောက် သူတို့သုံးဦးသည် ဝိညာဉ်တိုက်ခိုက်ရေးကွင်းကြီးဆီသို့ ခြေလှမ်းမှန်မှန်ဖြင့် ဖြည်းညှင်းစွာ လျှောက်လှမ်းလာခဲ့ကြသည်။
တစ်ချိန်တည်းမှာပင်... ဆော့တိုမြို့တော်၏ ဝိညာဉ်တိုက်ခိုက်ရေးကွင်းကြီး၏ အဝင်ဝတွင် ရှရက်ခ်ကျောင်းတော်က အဖွဲ့သားများသည် သူတို့၏ ဝိညာဉ်တိုက်ပွဲကို ဆင်နွှဲပြီးစအချိန်ဖြစ်၍ လူစုလျက် ရှိနေကြသည်။
မူရင်းဇာတ်လမ်းအတိုင်းပင် ထန်ဆန်းသည် ဂရုစိုက်တတ်သော ဆရာကြီး ယွီရှီယကန်း၏ အကြံပြုချက်အရ ရှရက်ခ်ကျောင်းတော်သို့ ဝင်ရောက်ခဲ့သော်လည်း ကျောင်းစတက်သည့်နေ့တွင် ကျောင်းတံခါးစောင့်၏ လှည့်စားမှုကြောင့် အခန်းမှောင်ထဲသို့ ရောက်ရှိသွားခဲ့ရသဖြင့် ရှောင်ဝူနှင့် ဆုံတွေ့ခွင့် လွဲချော်ခဲ့ရသည်။ ထို့ကြောင့် သူသည် ဤနေရာသို့ တစ်ယောက်တည်း ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
ယခုအချိန်တွင် ထန်ဆန်း တိုက်မုပိုင် မာဟုန်ကျွင်းနှင့် ကျူးကျူးချင်းတို့သည် တံခါးဝတွင် စုဝေးနေကြပြီး မူရင်းဇာတ်လမ်းထဲက အခင်းအကျင်းအတိုင်း ဖြစ်ပျက်နေသည်။
"မင်းတို့ အရင်ပြန်နှင့်ကြပါ။ ကျောင်းအုပ်ကြီးက ငါ့ကို ဆိုင်ကိုခေတ္တလာခဲ့ဖို့ လှမ်းပြောထားလို့" မာဟုန်ကျွင်းက ရုတ်တရက် ဆိုလိုက်သည်။ သူ၏ သေးငယ်သော မျက်ဝန်းအစုံတွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်များ ဖြာထွက်နေခဲ့သည်။
တိုက်မုပိုင်၏ မျက်နှာထက်တွင်မူ မပြုံးတပြုံး အမူအရာတစ်ခု ပေါ်လာပြီး "ဒါဆိုရင်လည်း ငါတို့ အရင်ပြန်နှင့်မယ်။ လမ်းမှာ သတိထားဦး"
"အစ်ကိုကြီးတိုက်... မင်းကော လိုက်ဦးမလား"
"မလိုက်ပါဘူးကွာ... စကားမများဘဲ မြန်မြန်သွားစမ်းပါ" တိုက်မုပိုင်က သူ့ကို စိမ်းစိမ်းဝါးဝါး စိုက်ကြည့်လိုက်သော်လည်း သူ၏ မျက်ဝန်းအစုံကမူ ကျူးကျူးချင်းထက်သို့ တိတ်တဆိတ် ဝေ့ဝဲကြည့်ရှုနေခဲ့သည်။
ထိုလူဝတုတ်ကြီး မာဟုန်ကျွင်း၏ တုံ့ပြန်မှုက အနည်းငယ် နှေးကွေးလှသဖြင့် တိုက်မုပိုင်၏ အကြည့်ထဲက အဓိပ္ပာယ်ကို သဘောမပေါက်ချေ။ သူ၏ ဝိုင်းစက်သော မျက်နှာကြီးက စိတ်လှုပ်ရှားမှုကြောင့် နီမြန်းနေကာ "သွားရအောင်လေ... အတူတူသွားကြတာပေါ့။ မင်းပဲ ပြောဖူးတယ် မဟုတ်လား... မိန်းမတွေဆိုတာ လူဦးရေစာရင်းထဲမှာ မပါဘူး သူတို့က အသုံးချရမယ့် ရင်းမြစ်တွေ သက်သက်ပဲဆိုတာ"
တိုက်မုပိုင် နောက်ဆုံးတွင် စိတ်မရှည်တော့ဘဲ ဒေါသတကြီးဖြင့် "ထွက်သွားစမ်း။ ငါက မင်းလို အောက်တန်းကျတဲ့ အရသာမျိုးကို မကြိုက်ဘူး" ဟု နှင်ထုတ်လိုက်သည်။
မာဟုန်ကျွင်းက မကျေမနပ်ဖြင့် နှာမှုတ်လိုက်သော်လည်း တိုက်မုပိုင်၏ ခက်ထန်လှသော မျက်ဝန်းအစုံနှင့် ရင်ဆိုင်လိုက်ရသည့်အခါတွင်မူ နှုတ်ခမ်းလှုပ်ရုံသာ တုံ့ပြန်ရဲပြီး ထိုထိတ်လန့်ဖွယ် သားရဲကြီးကို ဆက်လက်ဆန့်ကျင်ရန် မဝံ့ရဲတော့ဘဲ လှည့်ထွက်သွားခဲ့တော့သည်။
"မုပိုင်... မာဟုန်ကျွင်းက အဲဒီနေရာမှာ ဘာသွားလုပ်မလို့လဲ" ထန်ဆန်းက လှမ်းမေးလိုက်သည်။
တိုက်မုပိုင်က ရယ်မောလိုက်ပြီး "သူက ဘာလုပ်နိုင်ဦးမှာလဲ။ သူ ခန္ဓာကိုယ်ထဲက မကောင်းတဲ့ ရာဂမီးတွေကို မထိန်းချုပ်နိုင်တော့လို့ပေါ့။ သူက လေလွင့်ဖီးနစ်ငှက်တစ်ကောင် ဖြစ်နေပြီလေ" ဟု ဆိုလိုက်သည်။
ထိုသို့ပြောဆိုနေစဉ် တိုက်မုပိုင်သည် ကျူးကျူးချင်းကို တမင်တကာ ဝေ့ကြည့်လိုက်မိပြီးမှ မိမိ အမှားကြီးတစ်ခု ပြုလုပ်မိသွားကြောင်း သတိပြုမိလိုက်သည်။ ဝတုတ်ကြီးက လိုက်မလားဟု မေးစဉ်က သူက "ငါက မင်းလို အောက်တန်းကျတဲ့ အရသာမျိုးကို မကြိုက်ဘူး" ဟု သာမန်ကာလျှံကာ ပြန်ပြောခဲ့မိသော်လည်း ၎င်းက မိမိသည်လည်း ထိုကဲ့သို့သော နေရာမျိုးသို့ အမြဲတစေ သွားလာတတ်သော ဖောက်သည်တစ်ဦးဖြစ်ကြောင်း သက်သေပြနေသည့်အလား ဖြစ်သွားရသည်။ သို့သော်လည်း အကယ်၍ သူမသာ မိမိကို စိတ်ဝင်စားပါက အနည်းဆုံးတော့ ဗျစ်တောက်ဗျစ်တောက် ပြောဆို ဆဲရေးသင့်သည် မဟုတ်ပါလား။
သို့သော် တိုက်မုပိုင်တစ်ယောက် အလွန်အမင်း တွေးတောလွန်နေခြင်းသာ ဖြစ်သည်။ ကျူးကျူးချင်းကမူ တစ်လျှောက်လုံး အေးစက်တည်ငြိမ်နေခဲ့ပြီး တိုက်မုပိုင်က ထိုကဲ့သို့သော နေရာမျိုးအကြောင်း ပြောဆိုနေသည့်တိုင် သူမ၏ မျက်နှာထက်တွင် မည်သည့် ခံစားချက်အရိပ်အယောင်မျှ ပေါ်ထွက်မလာခဲ့ချေ။
ရုတ်တရက် သူမ၏ အကြည့်များက ရွေ့လျားသွားပြီးနောက် သူမ၏ မျက်နှာထက်တွင် ရှားရှားပါးပါး လှပလှသော အပြုံးယောင်လေးတစ်ခု ပေါ်ထွက်လာခဲ့သည်။
ဤသည်က ကျူးကျူးချင်းထံသို့သာ အကြည့်မခွာဘဲ စိုက်ကြည့်နေသော တိုက်မုပိုင်ကို အံ့အားသင့်သွားစေသည်။ ကျူးကျူးချင်း၏ အကြည့်နောက်သို့ လိုက်လံကြည့်ရှုလိုက်ရာ တိုက်မုပိုင်၏ မျက်ဝန်းအစုံက တောက်ပသွားရတော့သည်။
သူမတို့သည် လှပသော မိန်းကလေးနှစ်ဦးဖြစ်ပြီး တစ်ဦးမှာ အသက်ငယ်ရွယ်ကာ ကျူးကျူးချင်းလောက် မလှပသော်လည်း အခြားမျက်နှာဖုံးစွပ်ထားသော မိန်းကလေးမှာမူ တကယ့်ကို ထူးခြားဆန်းပြားလှသည်။ သူမ၏ ခန္ဓာကိုယ်မှ ဖြာထွက်နေသော ဆန်းကြယ်လှပသည့် အရှိန်အဝါနှင့် အေးစက်တည်ငြိမ်သော အမူအရာက သူမကို လူအုပ်ကြားထဲတွင် ထင်ရှားပေါ်လွင်စေသည်။
‘စောင်းကိရိယာကို ရင်ဝယ်ပိုက်ပြီး မျက်နှာကို တစ်ဝက်ခန့် ကွယ်ဝှက်ထားသည်’ ဆိုရိုးအတိုင်း တကယ့်ကို လှပလွန်းလှသော ပန်းချီကားတစ်ချပ်ကဲ့သို့ပင်။ သူ၏ ယခင်ရည်းစားဟောင်းများသည် ဤမိန်းကလေးနှင့် ယှဉ်လိုက်ပါက ဘာမှမဟုတ်တော့ချေ။
တိုက်မုပိုင်တစ်ယောက် စိတ်အာရုံများ လှုပ်ရှားသွားရကြောင်း ဝန်ခံလိုက်ရသည်။ အကယ်၍ ကျူးကျူးချင်းသာ ဤနေရာတွင် ရှိမနေပါက သူသည် စကားစမြည်ပြောဆိုရန် ထိုမိန်းကလေးထံသို့ သွားရောက်နေလောက်ပြီ ဖြစ်သည်။
သူသည် ဘေးနားက နက်မှောင်သော ဆံပင်နှင့် လူငယ်လေးကိုမူ လုံးဝ ဥပေက္ခာပြုထားလိုက်သည်။
‘ကျူးချင်းက အဲဒီမိန်းကလေးနှစ်ယောက်ကို သိနေတာလား’ တိုက်မုပိုင် စိတ်ထဲကနေ မတွေးဘဲ မနေနိုင်တော့ချေ။
သူမ၏ အကြည့်များက ကျူးကျူးချင်းထံသို့ ပြန်လည်ရောက်ရှိလာသည်။ ‘နေဦး... မဟုတ်သေးပါဘူး သူမက ဘေးနားက နက်မှောင်တဲ့ ဆံပင်နဲ့ ကောင်လေးကို ကြည့်နေတာလား။ အဲဒီအပြုံးမျိုးကို ငါတောင် တစ်ခါမှ မမြင်ဖူးပါဘူး။ အဲဒီဆံပင်နက်နဲ့ မျက်နှာဖြူကောင်က ဘယ်သူလဲ’
တိုက်မုပိုင်သည် မိမိ၏ ‘စေ့စပ်ထားသူ’ က အခြားသော ယောကျာ်းတစ်ဦးကို မကြုံစဖူး ထူးခြားလှသော ပျော်ရွှင်သည့် အပြုံးမျိုးဖြင့် စိုက်ကြည့်နေသည်ကို မြင်လိုက်ရသဖြင့် စိတ်ထဲတွင် လွန်စွာ မကျေမနပ် ဖြစ်သွားရသည်။
ဘေးတွင်ရပ်နေသော ထန်ဆန်းသည်လည်း အံကြိတ်ထားရလောက်အောင် ပြင်းထန်သော ဒေါသတရားများ စိတ်ထဲတွင် လောင်မြိုက်နေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူသည် အသက်ခြောက်နှစ်အရွယ်ကတည်းက ရင်ထဲတွင် နာကျည်းစွာဖြင့် အမုန်းဆုံးဖြစ်ခဲ့ရသော လူတစ်ယောက်ကို မြင်တွေ့လိုက်ရသောကြောင့် ဖြစ်သည်။
ကျူကျုံးသည် ထန်ဆန်းနှင့် အခြားသူများကို သတိပြုမိလိုက်သဖြင့် သူ၏ နှုတ်ခမ်းပါးထက်တွင် ဆန်းကြယ်သော အပြုံးတစ်ခု ပေါ်ထွက်လာခဲ့သည်။
ရှောင်ဝူသည် တစ်စုံတစ်ယောက်က မိမိတို့ဘက်သို့ စိုက်ကြည့်နေသည်ကို သတိပြုမိသွားသဖြင့် ကျူကျုံးဘက်သို့ လှည့်ကာ "ကျုံးကလေး... မင်း ဟိုးဘက်ကလူတွေကို သိလို့လား" ဟု လှမ်းမေးလိုက်သည်။
ကျူကျုံးက ထိုဘက်သို့ လက်ညွှန်းထိုးပြရင်း "အော်... ဟိုးအလယ်က ရုပ်အဆိုးဆုံးနဲ့ သာမန်ကာလျှံကာ ရုပ်ရည်ရှိတဲ့သူက ငါမင်းကို အမြဲပြောပြနေကျ ထန်ဆန်းလေ။ ကျန်တဲ့ ရိုင်းစိုင်းကြမ်းတမ်းတဲ့ ပုံစံနဲ့လူနဲ့ သူစိုက်ကြည့်နေတဲ့ အဝတ်စုံနက်နဲ့ မိန်းကလေးကိုတော့ ငါမသိဘူး" ဟု ဆိုလိုက်သည်။
စကားဆိုရင်း ကျူကျုံးတစ်ယောက် စိတ်ထဲကနေ တွေးတောမိသည်။ ‘ထန်ဆန်းကတော့ ငါ့ကို တကယ်ပဲ မုန်းတီးနေတဲ့ပုံပဲ။ ထိုရိုင်းစိုင်းတဲ့ပုံစံနဲ့လူက တိုက်မုပိုင် ဖြစ်ရမယ် သူက ကျူးကျူးချင်းကို စိုက်ကြည့်နေတာ သဘာဝကျပါတယ်။ ဒါပေမဲ့ ကျူးကျူးချင်းက ဘာဖြစ်လို့ ငါ့ကိုပဲ စိုက်ကြည့်နေရတာလဲ။ ဒါက... ငါ့ရဲ့ ဆွဲဆောင်မှုတွေက တကယ်ပဲ ပြင်းထန်လွန်းနေလို့လား’ ဟု ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်နေမိတော့သည်။